Wednesday, November 1, 2017

“ရင်းနှီးသူများက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ”


ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ

၁။ ရင်းနှီးသူက ကျူးလွန်တဲ့ အကြမ်းဖက်မှုဆိုတာ ဘာလဲ

Intimate Partner Violence (IPV) လို့ သုံးနှုန်းလေ့ရှိပြီး အိမ်ထောင်ဖက်က၊ အတူနေချစ်သူက၊ တွဲနေတဲ့ရည်းစားက အကြမ်းဖက်တာမျိုးကို ဆိုလိုတာပါ။

ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်ညှင်းပန်းတာ၊ ကန်ကျောက်ရိုက်နှက်တာ၊
စိတ်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးတာ၊ ချစ်သူချင်း အတူနေထားတာကို ဓါတ်ပုံရိုက် ဗီဒီယိုရိုက်ထားပြီးမှ ခြိမ်းခြောက်တာ၊ စကားလုံးတွေနဲ့ ဆဲရေးပြစ်တင်တာ၊ ညစ်ပတ်ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေသုံးတာ၊
လူမှုရေးပိုင်းဆိုင်ရာအရ အလုပ်လုပ်ခွင့်မပေးတာ၊ ဘာသာရေးကို သူယုံကြည်တဲ့အတိုင်း ကိုးကွယ်ခွင့်မပြုတာ၊ ကိုယ်ဝန်တားလို့မရဘဲ ကလေးမွေးတဲ့စက်လို သဘောထားခံရတာ၊
နောက်ဆုံး အဓမ္မပြုကျင့်မှုအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ စတာတွေအားလုံးဟာ ဒီခေါင်းစဉ်အောက်မှာ အကြုံးဝင်ပါတယ်။

၂။ ဒီပြဿနာ ဘယ်လောက်ကြီးလဲ

နိုင်ငံတကာမှာ ဒီကိစ္စကို တော်တော်လေး အရေးကြီးတဲ့ ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ တိတိကျကျ ဘယ်လောက်အခြေအနေထိ ဖြစ်နေတယ်ဆိုတာမျိုး ပြောရခက်ပါတယ်။ ပြီးတော့ ဒီကိစ္စအပေါ် ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ဖြစ်ရိုးဖြစ်စဉ်လို သဘောထားနေကြတာမို့ ဒါကို ပြဿနာပါလို့ ထုတ်ပြောလာဖို့က မလွယ်ကူပါဘူး။

၂၀၀၅ ခုနှစ်တုန်းက မန္တလေးမှာ အဖွဲ့အစည်းတစ်ခုက လုပ်ခဲ့တဲ့စစ်တမ်းမှာတော့ ၂၈၆ ယောက်သော အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ (၆၉) ရာခိုင်နှုန်းက ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်းမှာ သူတို့အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ကြရတယ်ဆိုပြီး ဖြေဆိုခဲ့ပါတယ်။

၃။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ

ဒီလို ရင်းနှီးသူက ပြုလုပ်တဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာအနေနဲ့ပဲကြည့်ကြည့်၊ မြန်မာနိုင်ငံအနေအထားနဲ့ပဲ ကြည့်ကြည့် ကျူးလွန်ခံရသူအများစုက အမျိုးသမီးတွေ ဖြစ်နေကြပါတယ်။ မိခင်နဲ့ကလေးဆိုတာက ဆက်စပ်နေတာမို့ ကလေးမှာလည်း ဒီပြဿနာတွေရဲ့ အကျိုးဆက်ကို ခံစားကြရတယ်။

ကျူးလွန်ခံရသူ အမျိုးသမီးဟာ အတင်းအဓမ္မဆက်ဆံခံရရင်းနဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ မလိုချင်ဘဲ ကိုယ်ဝန်ရတာတွေ ဖြစ်လာမယ်။ စိတ်ကျရောဂါ ၀င်လာမယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လို့ရှိရင် ကလေးအသေ မွေးတာ၊ လမစေ့ ပေါင်မပြည့်ဘဲ မွေးတာ၊ ပျက်ကျတာတွေ ဖြစ်လာမယ်။ အမျိုးသမီးတွေရဲ့ ဘ၀တိုးတက်မှု မရှိတော့ဘူး။ အဖေက အမေ့ကို နှိပ်စက်နေတာ အမြဲမြင်နေရတဲ့ကလေးဟာ သူကိုယ်တိုင်လည်း သူတစ်ပါးကို နှိပ်စက်တတ်သူတစ်ယောက် ဖြစ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ လူဖြစ်လာရပါလိမ့်မယ်။

၎။ ဒီလိုအကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်သလဲ

အရှင်းဆုံးပြောရရင်တော့ ပါဝါ မညီမျှမှု (Power imbalance) ကြောင့် ဖြစ်တာပါပဲ။ ယောကျာ်းနဲ့ မိန်းမဟာ ရုပ်ပိုင်းဆိုင်ရာအရ ခန္ဓာကိုယ်တည်ဆောက်မှုချင်း မတူတာမို့ ခွန်အားချင်း ကွာခြားပါတယ်။ ဒီတော့ ရိုက်ရဲနှက်ရဲတယ်။

နောက်ပြီး ၀င်ငွေလည်း ကွာပါတယ်။ ကျွန်တော်တို့ဆီမှာ အမျိုးသမီးအများစုက အပြင်အလုပ်မလုပ်ကြပါဘူး။ ယောကျာ်းကပဲ ပိုက်ဆံရှာတယ်၊ မိန်းမက အိမ်ထောင်မှုထိန်းသိမ်းတယ်၊ သားသမီးတွေကို စောင့်ရှောက်တယ်။ ဒါ ကလေးဘ၀ကတည်းက ရိုက်ထည့်ခံလိုက်ရတဲ့ ပုံစံ။ ဒီတော့ ဒီယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေရတယ်။ သူပြုသမျှ နုရတယ်။ ဒီအခါ အကြမ်းဖက်ခံရဖို့ ရာခိုင်နှုန်း တအားများလာတော့တယ်။

ကျွန်တော့်ဆီကို ဟိုးလွန်ခဲ့တဲ့နှစ်တွေက အသက် ၁၈ နှစ်အရွယ်ကောင်မလေးတစ်ယောက် ဆေးခန်းလာပြဖူးပါတယ်။ ဘာဖြစ်တာလဲဆိုတော့ ကာလသားရောဂါ ကူးစက်ခံထားရတာပါ။ လာပြတာ ခဏခဏဖြစ်နေတော့ ရှင်းပြပေးတယ်။ ဒီရောဂါဆိုတာက ဆေးသောက်လိုက်ရုံနဲ့ မပြီးဘူး၊ ဒီတစ်ခါပဲ ပျောက်သွားမယ်၊ ထပ်ထပ်ဖြစ်မှာပဲ၊ အမျိုးသားကိုလည်း ဆေးကုရမယ်၊ သူကိုယ်တိုင် လိင်မှုကိစ္စ ဆင်ခြင်ရမယ်၊ ကိုယ်နဲ့အတူနေတဲ့အခါ ကွန်ဒုံးသုံးဖို့ပြောရမယ်ဆိုတော့ အဲဒီကောင်မလေးက ပြန်ပြောတယ်၊ သမီးလည်း ပြောတာပဲ၊ သူက လက်မခံဘူးတဲ့။ ဒီကောင်မလေးဟာ သူ့ယောကျာ်း ဖောက်ပြန်နေမှန်းလည်း သိတယ်၊ သူ့ကြောင့် ဒီလိုရောဂါတွေ ဖြစ်နေမှန်းလည်း သိတယ်၊ ဒါပေမယ့် ဘာမှမတတ်နိုင်ဘူး၊ ကွာဖို့ကွဲဖို့ မပြောနဲ့၊ ရန်တောင်မဖြစ်ရဲဘူး။ ဘာလို့လဲ။ ရှင်းပါတယ်၊ သူ့ယောကျာ်းရှိမှ သူရပ်တည်နိုင်မှာ ဖြစ်နေလို့ပါပဲ။ သူက ပညာမတတ်ဘူး။ အလုပ်မရှိဘူး။ ၀င်ငွေမရှိဘူး။

ယောကျာ်းနဲ့ မိန်းမအပေါ် ထားတဲ့ သတ်မှတ်ချက်တွေကြောင့်လည်း ပါဝါချင်း ကွာခြားပါသေးတယ်။ စကားပုံတွေတောင် ရှိသေးတယ်။ "အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ" တဲ့။ လောကမှာ အရိုက်ခံချင်တယ်ဆိုတဲ့လူရယ်လို့ ရှိုလို့လား။ မရှိပါဘူး။ ဘယ်သူမှ အသားမနာချင်ဘူး။ ဒါပေမယ့် မိန်းမတွေရဲ့ စိတ်သဘောက နူးညံ့ပါတယ်။ ချစ်လို့လက်ထပ်ထားတဲ့သူကို ခွင့်လွှတ်ချင်ကြတယ်။ နောက်ပြီး အိမ်ထောင်ပျက်ဘ၀ကို မခံယူချင်ကြဘူး။ ပတ်ဝန်းကျင်ကလည်း အထင်အမြင်သေးကြဦးမှာလေ။ ဒီတော့ သံသရာလည်တယ်။ ခြိမ်းခြောက်တယ်၊ အကြမ်းဖက်တယ်၊ ပြီးတော့ ခွင့်လွှတ်ဖို့ပြောတယ်၊ အိမ်ထောင်ပျက် မဖြစ်ချင်လို့ ခွင့်လွတ်တယ်၊ ပြီးရင် နောက်တစ်ခါ ထပ်လုပ်ပြန်တယ်။ တကယ်တော့ အရိုးကွဲအောင်ရိုက်လို့ အသည်းစွဲအောင် ချစ်တာမဟုတ်ဘဲ အသည်းစွဲအောင်ချစ်လို့၊ အိမ်ထောင်မပျက်ချင်လို့၊ မှီခိုနေရလို့၊ ပတ်ဝန်းကျင်က ကဲ့ရဲ့မခံနိုင်လို့သာ အရိုးကွဲအောင် အရိုက်ခံနေကြရတာသာ ဖြစ်ပါတယ်။

"ကာမပိုင်ယောကျာ်း" ဆိုပြီး သုံးနှုန်းတယ်။ ဒီတော့ လက်ထပ်ပြီးရင် ဒီအမျိုးသမီးရဲ့ ကာမကို ကိုယ်ပိုင်သွားပြီ။ ကိုယ်အလိုရှိတဲ့အခါတိုင်း အတူနေရမယ်ဆိုတဲ့အမြင်မျိုး ရှိလာတယ်။ တကယ်တော့ လင်မယားကြားထဲမှာလည်း မုဒိမ်းမှုဆိုတာရှိနိုင်ပါတယ်။ အမျိုးသမီးက ကျန်းမာရေးအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စိတ်မပါတဲ့အချိန်မျိုးမှာ အတင်းအကြပ်ပြုလုပ်ရင် အဲဒါ မုဒိမ်းမှု မြောက်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကလည်း မတိုင်ကြသလို၊ တိုင်ရကောင်းမှန်းတောင် မသိပါဘူး။ တိုင်ရင်လည်း ဘယ်သူကမှ အရေးတယူမလုပ်ပါဘူး။ လင်မယားချင်းပဲ ညှိလိုက်ပေါ့ ဆိုတာလောက်နဲ့ ပြီးသွားတာက များပါတယ်။

ပတ်ဝန်းကျင်ကရော ဘယ်လိုမြင်ကြသလဲ။ သမားရိုးကျ အဖြစ်အပျက်လိုပဲ သဘောထားကြတာပါ။ ယောကျာ်းက မိန်းမကို ရိုက်တယ်ဆိုတဲ့ အသံကြားရင် ဒီမိန်းမ ဘာတွေလုပ်လဲမှ မသိတာ၊ ရိုက်ခံရတာ နည်းတောင်နည်းသေး ဆိုတာမျိုးတွေပဲ ပြောနေကြပြီး ဘယ်သူကမှ အကြမ်းဖက်မှုလို့ မမြင်ကြပါဘူး။ ရိုက်တဲ့ယောကျာ်းက ပတ်ဝန်းကျင်အမြင်မှာ ရှက်စရာဖြစ်မနေဘဲ အရိုက်ခံရတဲ့ မိန်းမကသာ အကဲ့ရဲ့ခံ ဖြစ်နေရတာပါ။

၅။ ဘာတွေလုပ်ဆောင်သင့်သလဲ

ပါဝါမညီမျှတာကိုတော့ ဘယ်လိုမှတူအောင် လိုက်လုပ်လို့မရနိုင်ပါဘူး။ ယောကျာ်းက ခွန်အားအားဖြင့်တော့ မိန်းမထက် အမြဲတစ်ပန်းသာနေမှာမျိုးပါ။ ဒီအတွက် ဘာလုပ်ရမလဲဆိုရင် အဲဒီပါဝါကို အလွဲသုံးစားမလုပ်အောင်ပဲ ထိန်းချုပ်လို့ရမှာဖြစ်ပါတယ်။

ဒီအတွက် အမျိုးသားတွေရဲ့ ကိုယ်ကျင့်တရား ကောင်းဖို့လိုပါတယ်။ ကိုယ့်ထက် ခွန်အားနည်းတဲ့မိန်းမကို ရိုက်နှက်တာ၊ အကြမ်းဖက်တာ၊ အဓမ္မလုပ်ယူတာဟာ ယောကျာ်းကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူးဆိုတဲ့အသိ ရှိနေဖို့ လိုပါတယ်။ ဒီနေရာမှာ မဖြစ်မနေ ထည့်ပြောရမှာက မိဘတွေရဲ့ သားယောကျာ်းလေးအပေါ် ဆိုဆုံးမမှုတွေပါပဲ။ ကိုယ်က သားမွေးထားတာ၊ တစ်ပန်းသာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ မိန်းကလေးတွေအပေါ် တန်ဖိုးမထားတတ်အောင် ရှေ့ဆောင်လမ်းပြခဲ့ရင် ကိုယ့်သားဟာ ဒီလိုအကြမ်းဖက်တတ်တဲ့ ယောကျာ်းမျိုး ဖြစ်လာမှာပါပဲ။ ဒါကြောင့်မို့ သားယောကျာ်းလေးမွေးထားတဲ့ မိဘတိုင်းဟာ ကိုယ့်သားကို မြင့်မြတ်တဲ့ယောကျာ်းတစ်ယောက် ဖြစ်လာအောင် သွန်သင်ပေးကြဖို့ လိုပါတယ်။

တစ်ဖက်မှာလည်း အမျိုးသမီးတွေအနေနဲ့ လင်ယောကျာ်းအပေါ် မှီခိုမယ်ဆိုတာထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ကြိုးစားကြသင့်တယ်။ ဓါးကိုင်ထားတဲ့လူကို မခုတ်ပါနဲ့နော် တောင်းပန်နေမယ့်အစား ကိုယ့်လက်ထဲမှာ ဓါးဆောင်ထားနိုင်အောင် ကြိုးစားခြင်းက ကိုယ့်အတွက် ပိုလုံခြုံမယ်ဆိုတာ အသေအချာပဲ။

ပတ်ဝန်းကျင်ကလည်း ထိန်းချုပ်ပေးဖို့ လိုပါတယ်။ မိန်းမကိုနှိပ်စက်တဲ့ ယောကျာ်းကို အပြစ်တင်တတ်တဲ့ အလေ့အထ ထွန်းကားလာရင်၊ အကြမ်းဖက်ခံရသူကို ဖေးမကူညီတတ်တဲ့ အလေ့အထ ထွန်းကားလာရင်၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးမျိုးတွေ ပစ်ချထားခဲ့နိုင်ရင် ဒီလိုအမှုအခင်းတွေလည်း နည်းသွားလိမ့်မယ်။ ယောကျာ်းတွေအနေနဲ့လည်း တော်ရုံကျူးလွန်ရဲတော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးအနေနဲ့တော့ တရားဥပဒေပိုင်းအရ အကြမ်းဖက်ခံရသူကို အကာအကွယ်ပေးနိုင်ဖို့၊ ကျူးလွန်သူကို ထိရောက်တဲ့ပြစ်ဒဏ်ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှ ပါဝါမညီမျှမှု နည်းလာမယ်။ အသာရထားတဲ့သူတွေလည်း သူတို့ပါဝါကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်တာမျိုးတွေ ရှိမလာတော့မှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီပြဿနာဟာ ကမ္ဘာနဲ့ချီပြီး အရေးကြီးတဲ့ ပြဿနာလို့ ပြောလို့ရသလို၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တော်တော်လေး အတွေ့ရများပါတယ်။ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေ၊ သတ်မှတ်ချက်တွေအရ ဒါကို ထုတ်ဖော်ပြောကြားမှု မရှိသေးတာ၊ အကြမ်းဖက်မှုလို့ကို သိမနေကြသေးတာတွေကြောင့်သာ တိမ်မြုပ်နေတာ ဖြစ်ပါတယ်။ ဒါကို သတိထားမိပြီး တစ်ဦးတစ်ယောက်ချင်းစီအပြင် လူ့အသိုင်းအ၀ိုင်းကရော အစိုးရပိုင်းကပါ ၀ိုင်းဝန်းပြီးတော့မှ ဆောင်ရွက်နိုင်ကြဖို့ လိုပါတယ်။

၂၄.၁၀.၂၁၀၇

Ref : Situation Analysis on Gender Equality and Women’s Rights in Myanmar

Credit: ဒေါက်တာ ဖြိုးသီဟရဲ့ Page

No comments: