Wednesday, November 15, 2017

သဒ္ဓါဖျက်ပိုး


**********
                                           #ယဉ်ယဉ်နု (မန္တလေး)

                          ရီရီချို အိပ်ရာမှ ထလာတော့ မနက် ၆ နာရီ ထိုးတော့မယ်။ မီးသွေးမီးဖို ပေါ်မှာ တရှူးရှူး မြည်နေတဲ့ ရေနွေးအိုးကို အောက်ချပြီး ကော်ဖီ ဖျော်လိုက်တယ်။ ရိုက်စ်ကွတ်ကာနဲ့ တည်ထားတဲ့ ထမင်းအိုးလည်း ကျက်နေပြီ။ ဖေဖေ ဘယ်သွားပါလိမ့်လို့ စိတ်ထဲက တွေးရင်း မျက်စိက ရှာကြည့်တယ်။ သေချာတာ တစ်ခုက ဖေဖေ ခြံထဲမှာ မရှိဘူး။ လမ်းလျှောက် ထွက်သွား ပြန်ပြီနဲ့ တူတယ်။ စစ်မှုထမ်းဟောင်း ဖေဖေဟာ သူ့ထုံးစံအတိုင်း အစောကြီး နိုးနေတာ။ ထမင်းအိုး တစ်အိုး တည်ပြီး ရေနွေးအိုး ဆူအောင် တည်သွားသေးတယ်။ လူငယ်တွေကို လုံ့လဝီရိယ အရာမှာ ယှဉ်နိုင်တယ်။ အသက် ၆၀ ကျော်နေတဲ့ အဖေကြီး တစ်ယောက်ပဲ ကျန်တော့တဲ့ ရီရီချိုတို့က ဖအေကို အရိပ်ာကည့် မပြုစု ရဘူး။ သူက သူနိုင်တဲ့ တာဝန် ယူနေတုန်း။ ဌာနကြီး တစ်ခုရဲ့ အကြီးအကဲ ဖြစ်ခဲ့လို့ စီးပွါးရေး အရာမှာလည်း မပူရ မပင်ရ။ စုမိဆောင်းမိ ရှိတော့ ဖေဖေက ဆုံးသွားပြီ ဖြစ်တဲ့ မေမေ့ထက်တောင်မှ အလှူအတန်း ရက်ရောတယ်လို့ ရီရီချိုက ထင်တယ်။ တစ်နေ့ တစ်နေ့ ဖေဖေ လမ်းလျှောက် ပြန်လာရင် ဖေဖေ့မှာ ပြောပြစရာ ပုံပြင်တွေက တစ်ပုဒ်ပြီး တစ်ပုဒ် မပျင်းရိအောင် ပါလာတတ်တာမျိုးမို့ ရီရီချို ဆိုရင် ဖေဖေ့ကို လမ်းလျှောက်ပြန် မသိမသာ မျှော်တတ်နေပြီ။

“သမီးရေ ... ဒီနေ့ စောစောစီးစီး ကိုရင်လေး ငယ်ငယ်လေးနဲ့ သပိတ်ကြီး မနိုင်မနင်း ပိုက်လာတာ တွေ့လို့ ဖေဖေ ငါးရာ လှူခဲ့တယ်ကွယ်”

“သမီးရေ ... ဒီနေ့တော့ ကိုရင်လေးများ ထပ်တွေ့မလားလို့ မျှော်နေတာ ... လမ်းလျှောက်တာတောင် မဖြောင့်ဘူး ... ဟိုကြည့် ဒီကြည့်နဲ့ လုပ်မိတာ ... သမီးရယ် လမ်းထောင့်မှာ ခွေးမလေး မွေးနေတာ ခွေးကလေး ငါးကောင်တောင် ပိန်ကပ်နေတာပဲ ... ဒါနဲ့ ဟိုဘက်လမ်းက လက်ဖက်ရည် ဆိုင်ကို ပြန်လျှောက်ပြီး လက်ဖက်ရည်နဲ့ ပေါင်မုန့် ထောပတ်သုတ် ဝယ်လာပြီး ကျွေးလိုက်တာ စားလိုက်ကြတာ သမီးရယ် ... သာဓုသာ ခေါ်ပေတော့”

“ဒီနေ့တော့ လမ်းဘေးမှာ မြက်နုတ်နေတဲ့ ယောဂီဝတ် အဘိုးကြီးကို ငွေငါးရာ လှူခဲ့တယ် သမီးရယ်”

ဖေဖေ့ရဲ့ အလှူဒါနတွေက ဝန်မလေး ဒါနလေးတွေ ပေမယ့် တကယ် လိုအပ်တဲ့ လူတွေလည်း တကယ် ရတယ်။ ဘဝမှာ နေဝင်ချိန် ရောက်လုနီး ဖေဖေ့ရဲ့ တစ်နေ့တခြား အစပြုတဲ့ မနက်ခင်းလေး လမ်းလျှောက်ထွက်ရင်း သဒ္ဓါတရား ဒါနခန်းလေးနဲ့ စ,လိုက်တော့ တစ်နေ့လုံး ဖေဖေ ရွှင်ကြည်နေတာ တွေ့ပြီး ရီရီချိုမှာ ဝမ်းသာရသေးတယ်။ ဒါပေမယ့် ယောဂီ အဘိုးအိုက ဖေဖေ့ရဲ့ မနက်ခင်းတွေမှာ တဖြည်းဖြည်းနဲ့ တော်တော် နေရာယူလာတာ တွေ့ရတယ်။

“သမီးရေ ... ဒီနေ့လည်း အဲဒီ ဘိုးဘိုးကို ငါးရာ ပေးခဲ့တယ်”

“သမီးရေ ... ဖေဖေလည်း လမ်းထိပ်ရောက်ရော ယောဂီဘိုးဘိုးလည်း လမ်းထဲက ထွက်လာတော့တာပဲ ... ဖေဖေလည်း ငါးရာ လှူလိုက်ပါတယ်”

“သမီးရေ ... ဒီနေ့တော့ ယောဂီဘိုးဘိုးက ဆင်းရဲရှာတဲ့ သူ့မြေးလေး ရှင်မပြုနိုင် လို့တဲ့ ... စုပေါင်း ရှင်ပြုပွဲမှာ ထည့်ချင်လို့တဲ့ ဆိုပြီး သုံးထောင် အလှူခံတယ် ... ဖေဖေလည်း ရှင်ပြုတာ ကောင်းတဲ့ အလုပ်ပဲ ဆိုပြီး ကုသိုလ် ပါဝင်ခဲ့ ပါတယ်ကွယ်”

ဖေဖေပြောတဲ့ ယောဂီဘိုးဘိုး ပုံပြင်တွေ ထပ်လာတော့ ရီရီချို မျက်မှောင် နည်းနည်း ကုတ်စ ပြုလာတယ်။ ဒါပေမဲ့ ဖေဖေကတော့ မပြောင်းလဲဘူး။ လေကလေး တချွန်ချွန်နဲ့ တပျော်ပြုံးပြုံး တွေ့ရတော့ ရီရီချို ဖေဖေ ဝမ်းသာနေရင် ပြီးတာပါပဲလေ ဆိုပြီး မေ့တောင် မေ့သယောင် ရှိနေပြီ။

ဒီနေ့တော့ အိမ်မှာ နို့ဆီ၊ သကြားကလည်း ကော်ဖီ ဖျော်လိုက်တာ နောက်ဆုံး။ ကြက်သွန်နီ၊ ကြက်သွန်ဖြူလည်း ဝယ်ရမယ်။ တစ်ပတ်စာလောက်ပဲ ကြာဆံ၊ အာလူး၊ ငါးခြောက် ကုန်ခြောက်တွေလည်း ဝယ်ချင်တာမို့ ဖေဖေ ပြန်အလာကို မစောင့်တော့ဘဲ ဈေးဘက် ထွက်လာခဲ့တယ်။

ရီရီချိုလည်း အသက် လေးဆယ် ကျော်ပြီမို့ သုတ်သုတ် သွက်သွက် လျှောက်လိုက်ရင် နည်းနည်း မောတတ်နေပြီ။ ပြီးတော့ တစ်ခုဝယ်၊ တစ်ခုဝယ်နဲ့ ဆွဲခြင်းကြီးကလည်း လေးလိုက်တာ။ မနက်ကလည်း ကော်ဖီလေးပဲ မော့ခဲ့တာ ဆိုတော့ ဈေးထောင့်က အစားအသောက် အစုံရတဲ့ ခေတ်မီ လက်ဖက်ရည်ဆိုင် ထဲမှာ ရန်ကုန် မုန့်ဟင်းခါးလေး ဝင်စားဦးမှပါပဲ ဆိုပြီး ဝင်လိုက်မိတယ်။ ပိုက်ဆံအိတ်ထဲ ဖွင့်ကြည့်တော့ ထောင့်ငါးရာ လောက်ပဲ ကျန်တော့တယ်။ ရီရီချို မှာထားတဲ့ မုန့်ဟင်းခါး မလာခင် ရီရီချို့ ရှေ့မှာ အသက် ခပ်ကြီးကြီး အမျိုးသမီးကြီး တစ်ယောက်က ဝင်ထိုင်တော့ လှမ်းကြည့်မိပြီး ဝမ်းသာအားရနဲ့ ရီရီချိုက “ဆရာမ” လို့ နှုတ်ဆက်မိတယ်။

သူတို့ တက္ကသိုလ်တုန်းက ကထိက ဆရာမကြီး ဒေါ်ကြည်ကြည်မြင့် ရယ်။ ၁၆၊ ၁၇ လောက် ဝဝတုတ်တုတ် ဖွေးဖွေး ယောက်ျားလေး တစ်ယောက်က တွဲလို့။ ရီရီချို နှုတ်ဆက်မှ ဆရာမက မျက်မှန်လေး ပင့်ကြည့်ပြီး ပြန်ပြုံးပြ နှုတ်ဆက်တော့ ရီရီချိုက ...

“ထိုင်ပါ ဆရာမ ... ဘာသောက်မှာလဲ ဆရာမ ... လက်ဖက်ရည် မှာလိုက်မယ် ဆရာမ” လို့ ပျာပျာသလဲ ပြောလိုက်မိတယ်။ ဆရာမက စားပွဲခုံမှာ ဖြည်းဖြည်းသာသာ ဝင်ထိုင်တယ်။

“မှာပါ ဆရာမ ... လက်ဖက်ရည်လား ...” လို့ မေးတဲ့အထိ ရီရီချို့ရဲ့ မုန့်ဟင်းခါးကလည်း မလာသေးဘူး။

ဆရာမက “ပုံဆိမ့်” လို့ မှာပြီးတဲ့ အချိန် “ဟေ့ ချို” ဆိုပြီး ခါးကို လာဖက်လို့ ကြည့်လိုက်တော့ အရပ်ထဲက စိန်စိန့်ကို တွေ့လိုက်တယ်။ စိန်စိန်တို့ စားပွဲက ဆရာမနဲ့ ကပ်လျက်။ အဲဒီ အချိန်မှာ ရီရီချိုတို့ စားပွဲပေါ် ရီရီချိုရဲ့ ဆွဲခြင်း၊ ကျွတ်ကျွတ်အိတ်၊ ဆရာမရဲ့ ခြင်းနဲ့ ရှုပ်ယှက်ခတ် နေတယ်။ စားပွဲထိုးလေး လာပေးတဲ့ မုန့်ဟင်းခါး ပန်းကန်ကို စိန်စိန်က ဆွဲပြီး “ချို ဒီဘက် လာခဲ့” ဆိုတော့ ရီရီချိုလည်း ဆရာမတို့ လွတ်လွတ်လပ်လပ် စားပါစေ ဆိုတဲ့ သဘောနဲ့ ဟိုဘက်စားပွဲ ရွှေ့ထိုင်ပြီး “ဆရာမ သောက်နှင့်နော် သူငယ်ချင်းနဲ့ ထိုင်လိုက်မယ်” လို့ မှာခဲ့တယ်။ စိန်စိန်တို့ စားပွဲမှာ ထိုင်နေရင်းက ဆရာမ ခေါ်လာတဲ့ ကောင်ကလေး မှာနေတဲ့ အစားအသောက်တွေကို နားက ကြားနေရတဲ့ ရီရီချိုဟာ အံ့ဩလွန်းလို့ လှည့်ကြည့်မိတယ်။

“ဟေ့ ဟေ့ ... ဒံပေါက်တစ်ပွဲ ချပေးစမ်းပါ ... ဆိတ်သားကြော်ပွဲ အလွတ် ထပ်ပေးနော် ... ကြီးမေ ဘာစားမှာလဲ”
“ဟဲ့ ... နင် ဘာတွေ မှာနေတာလဲ”
“အို ... ကြီးမေကလည်း မှာလို့ ပြောသွားတဲ့ ဥစ္စာ ... ဟေ့ ... လက်ဖက်ရည် ရှယ်တစ်ခွက် ထပ်ပေးပါဦး ... ကြီးမေဖို့ ကြက်သား ကြာဆံတစ်ပွဲ”

စကားတွေ ကြားနေရတဲ့ ရီရီချို ချွေးပြန်လာတယ်။ မှားပြီ။ ငါ့အိတ်ထဲမှာလည်း ထောင့်ငါးရာတည်းနဲ့ ဆရာမကို သဒ္ဓါပေါက်ပြီး လောကွတ်ပြုမိတာ။ ဒုက္ခပဲ။ ဘယ်လိုမှ မလောက်တော့ဘူး ဆိုပြီး ...

“စိန်စိန် ... နင့်မှာ ပိုက်ဆံပါရင် ငါ့ကို သုံးထောင်လောက် ပေးစမ်းပါ” လို့ ကျိတ်တောင်းရတော့တာပေါ့။

“ဘာဖြစ်လို့လဲ” လို့ စိန်စိန်က မေးတော့ တိုးတိုးသက်သာ ရှင်းပြလိုက်တာနဲ့ စိန်စိန်က ...

“အံ့ ... အံ့ပါ့တော် ... မှာ မှာ ဆိုတာနဲ့ တန်ဖိုးကြီးတာတွေ ဇွတ်မှာတော့တာပဲနော်” ဆိုတာနဲ့ ရီရီချို့ ရင်ထဲမှာ အစာမကြေသလို မအီမလည် ဆို့နင့်နင့်ကြီး ဖြစ်လာတယ်။

အဲဒီနေ့က ဆရာမ ထသွားတော့ သူ့တူလေးက ရှမ်းခေါက်ဆွဲ တစ်ပွဲ ပါဆယ် ဆွဲသွားသေးတယ်။ အားလုံး နှစ်ထောင့်ရှစ်ရာကျော် ရှင်းလိုက်ပြီး ပြန်လာခဲ့တဲ့ ရီရီချို့ စိတ်ထဲမှာ ပုထုဇဉ်ပီပီ ဘယ်လိုမှ ရင်မရှင်းတော့ဘူး။ တစ်ပိုင်းက တစ်ခါတလေ တွေ့ရတဲ့ ဆရာမကို ကျွေးရတာပဲလေ၊ ငါကျွေးတာ ငါသဒ္ဓါ ပေါက်တာ။ စားရှာတာကလည်း ဆရာမ အမျိုးလေးလို့ စိတ်ကို ဖြေကြည့်တယ်။ တစ်ပိုင်းကလည်း တော်သေးတာပေါ့၊ စိန်စိန် ကယ်ပေလို့။ နို့မဟုတ်ရင် အရှက်ကွဲပေါက်။ ဒီလိုပဲ ပါးဖြဲနားဖြဲ စားမှ စားရက်ပလေတော်လို့ တွေးမိပြန်တယ်။

အတွေးတွေနဲ့ ရစ်ခွေပြီး ဘယ်လို ခြေလှမ်းတွေနဲ့ လျှောက်လို့ ဘယ်လို အိမ်ရှေ့ ပြန်ရောက်လာမှန်း မသိဘူး။ အိမ်ကို လှမ်းမြင်လိုက်တဲ့ အချိန်မှာ “ဗုဒ္ဓေါ” လို့ ပါးစပ်က ထွက်ရအောင် ရီရီချို အံ့အားသင့် သွားတယ်။

အိမ်ခြံဝင်းကို အပြည့် ကာထားတဲ့ လူတစ်ရပ်လောက်က ဗိုလ်ကတော် မျက်ခုံးပင်တွေ လက်နဲ့ ဖြဲပြီး အိမ်ထဲကို ကုန်းကုန်းကြီး ချောင်းကြည့်နေတဲ့ အညိုရောင်ဝတ် လူတစ်ယောက်ကို တွေ့လိုက်ရ လို့ပေါ့။ ခပ်မြန်မြန် လျှောက်လာတဲ့ ရီရီချို့ရဲ့ ဖိနပ်သံကို ကြားတော့ ဟိုလူက ခါးဆန့်ပြီး တစ်ဘက်ကို ထွက်သွားတာနဲ့ ရီရီချိုမှာ မျက်နှာတောင် မမြင်လိုက်ရဘူး။ ရီရီချိုလည်း ရင်တုန် မပျောက်ဘဲ ဝင်းတံခါးဖွင့် အိမ်ထဲဝင်၊ ဝင်းတံခါးကို သော့ပြန်ချ၊ အမော မပြေသေးခင် တိုက်ထဲကို ဝင်လိုက်တော့ ရုတ်တရက် လန့်ပြီး ...

“အမလေး ... ဖေဖေ ဘာလုပ်နေတာလဲ” လို့ အော်မေးလိုက် မိတယ်။

နှစ်ယောက်ထိုင် ဆိုဖာကြီးရဲ့ နောက်မှာ လေးဘက်ကုန်းပြီး ပုန်းနေတဲ့ ဖေဖေက ...

“အမလေး ... တိုးတိုး သမီး တိုး တိုး ... ခြံရှေ့မှာ ဘယ်သူ့ကို တွေ့ခဲ့လဲ ဟင် ...” လို့ ကသောကမျော မေးတာနဲ့ ရီရီချိုလည်း ...

“အညိုရောင် ဝတ်ထားတဲ့ လူတစ်ယောက်တော့ တွေ့ခဲ့တယ် ဖေဖေ ... သမီးကိုလည်း မြင်ရော ဟိုဘက် ထွက်သွားပြီ ... ပြောပါဦး ဖေဖေရဲ့ ဘာဖြစ်နေတာလဲ” လို့ ဆိုတော့မှ ဖေဖေလည်း ပုန်းနေရာက ထွက်ပြီး ဆိုဖာပေါ်ကို ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ ဟင်းခနဲ သက်ပြင်းတစ်ချက် ချလိုက်တယ်။

“သမီးရယ် ... ဖေဖေ မှားတာလားဟင် ... ကောက်ချက် ချပေးစမ်းပါ၊ ဖေဖေလေ တကယ်ကို အဲဒီလူအပေါ် သဒ္ဓါ ပေါက်ခဲ့ပါတယ် ... ဆင်းရဲရှာတယ် ဆိုပြီး ကြုံသလို လှူခဲ့တယ် ... သူက အချဉ် ထင်သလား မသိဘူး သမီးရယ် ... နေ့တိုင်း စောင့်တော့တာပဲ ...။ တစ်နေ့ ငါးရာ ...။ ဖေဖေ ကြာတော့ စိတ်ညစ်လာတယ် သမီးရဲ့ ... သဒ္ဓါကို ဖျက်တဲ့ပိုးဟာ သဒ္ဓါတရားထဲကပဲ ဖြစ်လာတယ် ... စကတည်းက သဒ္ဓါတရားကို မပြမိရင် အဖျက်ပိုးလည်း ပေါ်လာစရာ မရှိဘူး ... ဖေဖေ တဖြည်းဖြည်း သဒ္ဓါ ပျက်လာတဲ့ အချိန်နှာ သူက ရွာပြန်ပြီး ဘုရားတည်မှာမို့ ငွေသုံးသောင်းလောက် လှူပါလို့ တောင်းတော့တာ ...။ ဖေဖေ ငြင်းလိုက်တာ ... အဲဒါ တကျည်ကျည်နဲ့ အိမ်ထိ လိုက်လာပြီး အပြင်ဘက်က ချောင်းနေတာ အလစ်မှာ အိမ်ထဲ ဝင်ပြီး သူမမြင်အောင် ပုန်းနေရတာ ... ပစ်ပစ်ခါခါ နစ်နစ်နာနာ ပြောရမှာလည်း အားနာတယ်လေကွယ် ... ဒါပေမဲ့ ဖေဖေ သူ့အပေါ်မှာ အစက တကယ့်ကို သဒ္ဓါတရား ထားခဲ့တာ ... အဲဒီ သဒ္ဓါတရားကို ဖေဖေ နှမြောလိုက်တာကွယ်”

ဆွဲခြင်း အလေးကြီးကို အခုထိ မချမိသေးဘဲ ဧည့်ခန်း အလယ်မှာ တောင့်တောင့်ကြီး ရပ်နေမိတဲ့ ရီရီချိုလည်း “သမီးလည်း နှမြောလိုက်တာ ဖေဖေရယ်” လို့ ညည်းလိုက်မိတယ်။

ဖေဖေ့အတွက် နှမြောတာလား၊ ကိုယ့်အတွက်ကိုယ် နှမြောမိတာလား ခွဲခြား မသိနိုင်တော့ဘဲ မီးဖိုဆောင်ထဲကို ဝင်လာတဲ့ ရီရီချိုဟာ ဆွဲခြင်းကို ဗုန်းခနဲ ပစ်ချလိုက်ပြီး ပါးစပ်က စကားတိုးတိုး တစ်ခွန်း ထွက်သွားသေးတယ်။

“ဒီအချိန်ဆို ရှမ်းခေါက်ဆွဲ စားနေရောပေါ့ ... တယ်လေ ငါ ...”

------------------------
ယဉ်ယဉ်နု (မန္တလေး) 
ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၇။

No comments: