Saturday, November 25, 2017

လစာတိုးတောင်းတော့မယ်ဆိုရင်


---------------------------------
ရာထူးတိုးတို့၊ လစာတိုးတို့ဆိုတာ ရှောင်လွှဲလို့မရတဲ့ လုပ်ငန်းခွင်အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ်။ ရာထူးတိုး၊ လစာတိုးနဲ့ပတ်သက်လာရင် တချို့လုပ်ငန်းခွင်တွေမှာ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ တိတိကျကျသတ်မှတ်ပြဌာန်းတာရှိသလို တချို့လုပ်ငန်းခွင်တွေမှာတော့ အဆင်ပြေသလိုဆိုတဲ့စကားနဲ့ ဘက်လိုက်ဆုံးဖြတ် နေတာတွေရှိနေတတ်ပါတယ်။ စာဖတ်သူဟာ ဘယ်လိုလုပ်ငန်းမျိုးမှာပဲ ရောက်နေလဲ ဆိုတာမသိရပေမဲ့ လစာတိုးတောင်းတော့မယ်ဆိုရင် ကြိုတင်နားလည်သင့်တဲ့ အချက်တွေကိုဖေါ်ပြပေးလိုက်ပါတယ်။

• Make sure you deserve it. ပထမဆုံးသတိထားဆင်ခြင်သင့်တာကတော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရရှိနေတဲ့ လစာခံစားခွင့် တွေဟာ ထိုက်တန်မျှတမှုရှိရဲ့လားဆိုတာပါပဲ။ ဆိုလိုရင်းက Input-Output ရဲ့ ချိတ်ဆက်မှုကို Analysis လုပ်တဲ့သဘောဖြစ်ပါတယ်။ တခါတလေမှာဖြစ်တတ်တာက ၀န်ထမ်းက အလုပ်အရမ်းကြိုးစားတယ်၊ ရလဒ်ကောင်းတွေဖန်တီးပေးနိုင်တယ်။ ဒါပေမဲ့ရပိုင်ခွင့်ကြတော့ သူ့လောက်မှ အလုပ်မကြိုးစားသူလောက်မရတာတွေအများကြီးရှိနေတတ်ပါတယ်။ ဒါကြောင့် လစာတိုးတောင်းတော့မယ်ဆိုရင် မိမိဟာ လက်ရှိရနေတဲ့ လစာခံစားခွင့်ထက် ပိုမိုတဲ့ လုပ်အားကိုပေးစွမ်းနိုင်တယ်ဆိုတာသေချာပါစေ။

• Keep taps on your own performance. မိမိရဲ့လုပ်ငန်းတာဝန်တွေ၊ စွမ်းဆောင်နိုင်ရည်တွေကို ပိုမိုကောင်းမွန်အောင်ကြိုးစားရင်း ဆက်ထိမ်းထားပါ။ အထူးသဖြင့် မိမိအထက်လူကြီးက အရေးကြီးတယ်လို့သတ်မှတ်တဲ့ လုပ်ငန်းတာဝန်တွေမှာ ထူးချွန်ပြောင်မြောက်အောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရ တချို့အားကိုးရတဲ့ ၀န်ထမ်းတွေဟာ သူတို့စွမ်းဆောင်ရည်ရှိသလောက် လစာနဲ့ခံစားခွင့်တွေ မရသေးရင် စိတ်ဓါတ်ရေးရာပျက်ပြားပြီး မကြိုးစားတော့ပါဘူး၊ ကြိုးစားလည်း ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ စိတ်ထားတွေဖြစ်သွားတတ်ပါတယ်။

အကြံပြုလိုတာကတော့ ကြိုးစားရမှာ မိမိကိစ္စပဲဖြစ်ပါတယ်။ ဆက်ကြိုးစားမြဲ ကြိုးစားပါ။ ကြိုးစားသူအတွက် အခွင့်အလမ်းတွေကအမြဲရှိတယ်ဆိုတာကို မေ့မထားဖို့ပါပဲ။ ကြိုးစားမှုဟာ အချည်းအနှီးမဖြစ်စေပါဘူး။ လက်ရှိအလုပ်မှာ ထိုက်တန်တဲ့ ရာထူး၊ လစာနဲ့ခံစားခွင့်တွေမရရင်တောင် မိမိရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ၊ မိမိကိုယ်ကိုယုံကြည်မှုတွေတိုးလာပြီး အခြားအလုပ်တွေမှာ ကောင်းမွန်တဲ့အခွင့်အလမ်းတွေရမှာသေချာပါတယ်။

• Keep a record of your achievements. လက်ရှိရာထူးတာဝန်ထမ်းဆောင်တဲ့ အချိန်မှာ ထူးထူးခြားခြားဘာတွေအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တယ် ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေ စုဆောင်းထားပါ။ ဒီမှတ်တမ်းမှတ်ရာတွေဟာ လစာတိုးဖို့ တောင်းဆိုတဲ့နေရာမှာ ဘာကြောင့်တိုးသင့်တဲ့အကြောင်း သက်သေအဖြစ်ရပ် တည်နေပါလိမ့်မယ်။ တကယ်တော့ ဒီမှတ်တမ်းတွေဟာ လက်ရှိအလုပ်မှာသာ မက အခြားအလုပ်လျှောက်ခဲ့မယ်ဆိုရင်တောင် အင်တာဗျူးမေးခွန်းထဲမှာ အမြဲတမ်းနီးပါးမေးတတ်တဲ့ အကြောင်းအရာတွေဖြစ်လို့ စုဆောင်းထားပါ။

• Promote yourself. ဒီကိစ္စအတော်အရေးကြီးပါတယ်။ တချို့ဝန်ထမ်းတွေက သူတို့ကြိုးစားနေဖို့အဓိကပဲ လူသိတာမသိတာအရေးမကြီးဘူးဆိုတဲ့ သဘောထားတွေရှိတတ်ပါတယ်။ တကယ်တော့ဒီကိစ္စက Marketing ရဲ့ သဘောတရားတွေပါပဲ။ မိမိဘာတွေကိုထူးထူးချွန်ချွန်လုပ်နိုင်ကြောင်း၊ ဘယ်နေရာတွေမှာ အားသန်ကြောင်းတွေကို အထက်လူကြီးတွေ သိအောင် တနည်းနည်းနဲ့စွမ်းဆောင်ရပါလိမ့်မယ်။ လုပ်ငန်းတာဝန်တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်လာတဲ့သူတိုင်းရရှိတဲ့ သြဇာတစ်မျိုးရှိပါတယ်။

အဲဒါကတော့ Expert Power ဖြစ်ပါတယ်။ Expert Power ဟာ ရာထူးနဲ့မဆိုင်ပါဘူး။ တစ်ခုခုမှာ ကျွမ်းကျင်နေရင် အခြားသူတွေကိုလွှမ်းမိုးနိုင်တဲ့ သြဇာရှိတယ် ဆိုတဲ့သဘောပါ။ Expert Power ရတဲ့ဝန်ထမ်းတွေအလုပ်ထွက်သွားရင်တောင် သူသာရှိရင် ဒီအလုပ်ကိုခဏလေးနဲ့ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တယ်။ သူရှိရင်ကောင်းမှာပဲဆိုတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိကျွမ်းကျင်ပိုင် နိုင်တဲ့အရာတွေကို မိမိအထက်လူကြီးနဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ သိနေအောင် Promote လုပ်ထားဖို့လိုပါတယ်။

ဒီနေရာမှာ သတိထားသင့်တဲ့အချက်ကတော့ Promote လုပ်ဆိုလို့ အရမ်းကာရော ကျွန်တော်ကဟိုဟာ အရမ်းတော်တာ၊ ဒီဟာအရမ်းတော်တာဆိုပြီး ပေါ်တင်ကြီးပြောခိုင်းတာတော့မဟုတ်ပါဘူး။ အထက်လူကြီးနဲ့ အခြားလုပ်ဖေါ်ကိုင်ဘက်တွေသိလာအောင်လုပ်လို့ ရနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ရှာကြည့်ပါ။ နောက်ဆုံး လူတိုင်းနီးပါး Facebook သုံးကြပါတယ်။ Facebook မှာ အခြားအဓိပ္ပါယ်မဲ့အကြောင်းအရာတွေ၊ ဘီယာ၊ အရက်သောက်နေတာတွေတင်နေမယ့်အစား သင်တန်းတက်နေတဲ့ အကြောင်းတွေ၊ သင်တန်းမှာဘာတွေသင်တယ်၊ ဘယ်ဟာတွေက အလုပ်မှာ လက်တွေ့ကြုံတွေ့နေရပြီး ပြန်လည်အသုံးချနေတဲ့အကြောင်းအရာမျိုးတွေကို တင်တာတွေဟာ Facebook သုံးရင်း မိမိအတွက် အကျိုးရှိစေမှာပဲဖြစ်ပါတယ်။

• Hold regular meeting with your boss. မိမိရဲ့အထက်လူကြီးနဲ့ ပုံမှန်တွေ့ဆုံမှုမျိုးလုပ်ပါ။ လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုစနစ် Performance Management System (PMS) ကျင့်သုံးတဲ့လုပ်ငန်းတွေမှာတော့ ၀န်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး (၃) လတစ်ကြိမ်ပဲဖြစ်ဖြစ် (၆) လ တစ်ကြိမ်ပဲဖြစ်ဖြစ် လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး ၀န်ထမ်းနဲ့ အထက်လူကြီးတွေ့ဆုံဆွေးနွေးတိုင်ပင်မှုတွေလုပ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ မိမိရဲ့အထက်လူကြီးနဲ့ မိမိရဲ့စွမ်းဆောင်နိုင်ရည်တွေကို အကောင်းဆုံးဆွေးနွေး ရမှာဖြစ်ပါတယ်။

• Do your research. လက်ရှိအလုပ်ထဲမှာ လစားတိုးတာနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ထုံးလုပ်နည်း၊ မူဝါဒတွေရှိတယ်ဆိုတာလေ့လာပါ။ အလားတူပဲ အခြားလုပ်ငန်းတွေမှာ မိမိနဲ့ရာထူးတူ၊ တာဝန်တူထမ်းဆောင်ရတဲ့သူတွေရဲ့ လစာနဲ့ခံစားခွင့်တွေဘယ်လိုရှိလဲစုံစမ်းပါ။ ဒီလိုစုံစမ်းလို့ရလာတဲ့ရလဒ်တွေ အပေါ်အခြေခံပြီး လစာတိုးတောင်းတဲ့အခါမှာ လုပ်ငန်းသဘာဝနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးနဲ့တောင်းဆိုနိုင်ဖို့ဖြစ်ပါတယ်။

• Put yourself in your boss’s shoes. အထက်လူကြီးနဲ့လစာတိုးကိစ္စ မဆွေးနွေးခင် သူ့နေရာက၀င်ပြီး တိုးသင့်မတိုးသင့်စဉ်းစားကြည့်ပါ။ တခါတလေမှာ ရှိတတ်တယ်။ ၀န်ထမ်းက သူ့ကိုယ်သူတိုးသင့်တယ်လို့ ယူဆတယ်။ အထက်လူကြီးကတိုးပေးလို့မရသေးဘူးလို့ပြောတယ်။ ဒီလိုကိစ္စတွေအမြဲတမ်းရှိပါတယ်။ အထက်လူကြီးဘက်ကပြန်လည် ပြောဆိုလေ့ ရှိတာလေးတွေကတော့
 ဒီအချိန်ဟာ ရာထူးတိုး၊ လစာတိုးအချိန်မဟုတ်ဘူး။
 ခင်ဗျားကိုတိုးပေးလို့မရသေးဘူး။ (တချို့လုပ်ငန်းတွေက လုပ်သက်ကိုလည်းထည့်သွင်းစဉ်းစားတတ်လို့ဖြစ်ပါတယ်။)
 ခင်ဗျားထက်စွမ်းဆောင်နိုင်သူတွေရှေ့မှာရှိသေးလို့ တိုးပေးလို့မရသေးဘူး။
 လုပ်ငန်းဒီနှစ်အရှုံးပေါ်နေလို့ လစာတိုးတွေ မရှိသေးဘူး စတဲ့ ပြောဆိုမှုတွေရှိလာနိုင်ပါတယ်။ ဒီပြောဆိုမှု မေးခွန်းတွေအတွက် အဖြေတွေကြိုတင်စဉ်းစားထားဖို့လိုအပ်ပါတယ်။

• Meet with your boss and make your request. အပေါ်မှာဖေါ်ပြခဲ့တဲ့ ပြင်ဆင်မှုတွေသေချာအောင်ပြင်ဆင်ပြီးရင် လစာတိုးတောင်းဖို့ အထက်လူကြီးနဲ့ တွေ့လို့ရပါပြီ။ ဒီနေရာမှာတစ်ခုရှိတာကတော့ အထက်လူကြီးအလုပ်တွေအရမ်းရှုပ်နေတဲ့အချိန်မျိုး၊ ဖိအားများနေတဲ့ အချိန်မျိုး၊ နေမကောင်းတဲ့အချိန်မျိုးတွေကိုတော့ ရှောင်ပြီးတွေ့ဆုံဖို့ လိုအပ်ပါတယ်။

• Don’t despair if you’re turned down this time. တကယ်လို့ ဒီတစ်ကြိမ် လစာတိုးပေးဖို့ငြင်းဆိုခံရရင် စိတ်ဓါတ်မကျပါနဲ့။ ငြင်းဆိုခံရတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ မိမိရဲ့လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် မဟုတ်ဘဲအခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့အားမလျှော့ပါနဲ့။ ဒီလိုအခြေအနေကို စာရေးသူကိုယ်တိုင် ကြုံဖူးပါတယ်။ တခါတလေမှာအခွင့်အလမ်းကနောက်ကျမှ အလုံးအရင်းနဲ့ ရောက်လာတတ်ပါတယ်။ ဒီလိုငြင်းဆိုခံရပြီးတဲ့နောက်မှာ မိမိဘက်က လိုအပ်ချက်လေးတွေပြင်ဆင်ထားပြီး အခွင့်အလမ်းပေါ်လာတဲ့အချိန်မှာ အမိအရဖမ်းယူတတ်ဖို့လိုအပ်ပါတယ်။ တခါတလေနည်းနည်းသည်းခံလိုက်တာ စာရေးသူအတွက် ရာထူး (၄) ဆင့်အထိ တစ်လအတွင်းမှာပဲ တိုးခဲ့ဖူးတယ် ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေနဲ့ ပေါင်းစပ်ရေးသားလိုက်ပါတယ်။ အားလုံးပဲလစာတိုးတက်ကြပါစေ!

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Ref; The Management Bible by Neil Flanagan & Jarvis Finger

Credit: ဆရာပိုင်စိုးရဲ့ Page

No comments: