Monday, July 30, 2012

အထက်တန်းစားဗုဒ္ဓဘာသာဝင်

ဗုဒ္ဓဘာသာဝင်တို့ သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော အမြတ်ဆုံးသောရတနာသုံးပါးကို ကိုးကွယ်ကြသူများ ဖြစ်တဲ့အလျောက် အမြတ်ဆုံးရတနာသုံးပါးကလည်း ကိုးကွယ်သူတို့ အား အမြတ်ဆုံးသောအကျိုးများကို ရစေနိုင်စွမ်းရှိပါတယ်။ သို့ သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ၊ အကျိုးပေးမှုအနည်း၊ အများကွာဟတဲ့အလျောက် ကိုးကွယ်သူတို့ ရဲ့ ဘဝအနိမ့်အမြင့် ခြားနားလျက်ရှိပါတယ်။ ဒါဟာ “ကိုးကွယ်ပုံ” ခြင်း၊ ရတနာသုံးပါးကို “ကြည်ညိုပုံ” ခြင်း မတူညီကြလို့ သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပုံနည်းလမ်းခြင်း ကွဲပြားနေလို့ သာဖြစ်ပါတယ်…
စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏အဆုံးအမများကို ဘဝလမ်းညွှန်အဖြစ် လိုက်နာခံယူကျင့်သုံးသူများပင် ဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓအဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများရှိသလို၊ သာမန်ကာလျှံကာ သိသူများလည်းရှိပါတယ်။ ပါရမီအနုအရင့်၊ ဝိရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက်များလည်း ရှိပါတယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” လို့  သရဏဂုံ တင်ထားပေမဲ့လည်း အခြားသော တစ်စုံတစ်ရာကို သရဏံ ဂစ္ဆာမိချင်သူများဆိုလျှင် ရတနာသုံးပါးကိုးကွယ်သူရယ်လို့  ဆိုရန်ပင်ခက်လှပါတယ်။ ဘုရားစင်အနီးအပါးမှာ အာသဝေါမကုန်ခမ်းသေးတဲ့ ပြည်တွင်းဖြစ် ဘိုးတော်၊ မယ်တော်၊ ပြည်ပမှ ဘိုးတော်၊ မယ်တော်ရဲ့ ပုံများကို ချိတ်ဆွဲသူများဟာ ရတနာသုံးပါးမှတပါး အားထားစရာမရှိပြီလို့  ခံယူထားတဲ့သူများ မဟုတ်ပါဘူး။ အကြောက်တရားနဲ့  မျှော်လင့်တောင့်တမှုပေါ် အခြေခံပြီး ဓါတ်ရိုက်ဓါတ်ဆင်၊ ယတြာချေ၊ ဂါထာမန္တန် ရွတ်သူများဟာ(ဗုဒ္ဓဘာသာဝင်တို့ အဖို့  အရေးကြီးဆုံးဖြစ်တဲ့) ကံ-ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူများ မဟုတ်ပါဘူး။ အတ္တနှင့် အတ္တနိယအပေါ် အခြေစိုက်တဲ့ ၎င်းအပြုအမူတွေဟာ မြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းကြောင်းနဲ့  ဖီလာဆန့် ကျင်လျှက်ရှိပြီး၊ ဥုံ မဏိပဒ္မေဟုံ ကဲ့သို့  မဟာယနဂိုဏ်းရဲ့ထိုးဖောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ မှာ ထေရဝါဒဗုဒ္ဓဘာသာ ကိုယ်ခံအားနည်းပါးရှာသူတွေ ဖြစ်လာကြပါတယ်။

မြတ်ဗုဒ္ဓရဲ့ဓမ္မမှာ လောဘ၊ ဒေါသ၊ မောဟတို့ ကို ငြိမ်းစေသော နည်းလမ်းများညွှန်ပြထားသလို၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့ မှ လွတ်မြောက်စေတဲ့ကျင့်စဉ်တွေလည်း အမြောက်အမြားရှိပါတယ်။ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူပြီး လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောနေပါလျှင်၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿတို့  ပူလောင်ဆူပွက်နေပါလျှင် (အဖြေကားရှင်းပါတယ်။) ဗုဒ္ဓ၏ ဓမ္မကို လိုက်နာကျင့်သုံးမှုမှာ အားနည်းလို့ သာ ဖြစ်ပါတယ်။

ဘုရားရှင်က ရတနာသုံးပါးအပေါ် ကြည်ညိုမှုသဒ္ဓါတရား အနည်းအများပေါ်အမှီပြုပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အညံ့စားဗုဒ္ဓဘာသာဝင်လို့ နှစ်မျိုးကွဲပြားကြောင်းနဲ့  ၎င်းတို့ ရဲ့လက္ခဏာများကို ဟောကြားတော်မူခဲ့ပါတယ်။

အထက်တန်းစားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ-


၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း
၃။ကောတုဟတ မင်္ဂလာကိုမယုံကြည်ခြင်း
၎။လောကီမင်္ဂလာတို့ ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သောအလှူခံပုဂ္ဂိုလ် ရွေးချယ်စိစစ်၍ ဦးစွားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ဖြစ်၏။

ဤလက္ခဏာများနှင့်ပြည့်စုံသူကို ဘုရားရှင်က ဗုဒ္ဓဘာသာဝင် ရတနာ၊ဗုဒ္ဓဘာသာဝင် ပဒုမာ၊ဗုဒ္ဓဘာသာဝင် ပုဏ္ဏရိက် လို့ ဂုဏ်ပြုတော်မူပါတယ်။

အညံ့စားဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ-

၁။ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာမယုံကြည်ခြင်း
၂။ကိုယ်ကျင့်သီလမရှိခြင်း
၃။ကောတုဟတ မင်္ဂလာကိုယုံကြည်ခြင်း
၎။ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာကိုသာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျက် ဦးစားပေးလှူ ကြည်ဖြူ၊ မြတ်နိုးခြင်းတို့ ဖြစ်သည်။

ယင်းလက္ခဏာတို့ နှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်မျိုးကို ဗုဒ္ဓဘာသာဝင် အောက်တန်းစား၊ ဗုဒ္ဓဘာသာဝင် အညစ်အကြေး၊ ဗုဒ္ဓဘာသာဝင်ဒွန်းစဏ္ဍားဟု ဘုရားရှင်ကမိန့်ဆိုတော်မူခဲ့ပါတယ်။

ဤသို့လျင် မိမိသည် အထက်တန်းစား ဗုဒ္ဓဘာသာဝင်လား၊ အညံ့စားဗုဒ္ဓဘာသာဝင်လား ဟူသည်ကို ဘုရားရှင်၏ အထက်ပါစံညွှန်းများကို အမှီပြု၍ ဆုံးဖြတ်နိုင်ပါတယ်။ ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ကြည်ညိုမှုသဒ္ဓါ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ခိုင်မာလျှင် လောကီမင်္ဂလာ၊ ကောတုဟတမင်္ဂလာတို့ မှာ စိတ်ညွှတ်မှုမရှိနိုင်ပါ။

ဗေဒင်၊ ယတြာ၊ အင်း၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်တို့ ကို ယုံကြည်ခြင်း၊ မည်သည့်ရုပ်ပွားတော်ကို ကိုးကွယ်လျှင်မည်သို့  စီးပွားတက်မည်ဟု ယုံကြည်ခြင်းတို့သည် ကောတုဟတမင်္ဂလာကို ယုံကြည်ခြင်းဖြစ်ပါတယ်။ ဒီလိုယတြာချေလျှင် ဒီလိုအောင်မြင်သတဲ့၊ ဒီအဆောင်ကြောင့် ဒီလိုကြီးပွားသတဲ့၊ ဒီရုပ်ပွားမျိုးကိုးကွယ်လျှင် အန္တရယ်ကင်းသတဲ့ စတဲ့ ရုတ်တရက်ပေါ်ထွက်လာတဲ့ လောကီစီးပွား တက်ကြောင်းများကို (ဗုဒ္ဓ၏ အဆုံးအမများနှင့် လျော်ညီမှုရှိ၊မရှိ) မစစ်ဆေးဘဲ မျက်ကန်းယုံကြည်လက်ခံခြင်းတို့ ဟာ အတွေးအခေါ်သူတောင်းစားတို့ရဲ့ အမူအကျင့်သာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမနှင့် ဆန့် ကျင်ဘက် ဤအမူအလေ့မျိုးကား ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ မှာ မရှိသင့်၊ မရှိအပ်သင့်ပါ။

စင်စစ်ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဥပါသကာဟူသည်မှာ အတိတ်၊ နိမိတ်၊ ကိန်းခန်း၊ တဘောင်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိပ်မက်တိတ္တုံ၊ ရက်ရာဇာ ၊ပြဿဒါးစတဲ့ ဒိဋ္ဌ၊ သုတ၊ မုတ မင်္ဂလာများကို မယုံကြည်ပါ။ ၎င်းလောကီမင်္ဂလာတို့ ကို ယုံကြည်လိုက်တဲ့ ဥပါသကာကို ဥပသကာအညံ့စား၊ ဒွန်းစဏ္ဍးဥပသကာလို့ ခေါ်ဝေါ်ပါတယ်။
(ပဉ္စက အဂုင်္တ္တရ စဏ္ဍာလသုတ်ကို လေ့လာပါ။)

"ရဟန်းတို့ ၊ အကြင်သတ္တဝါတို့ သည် နံနက်အခါ ကိုယ်ဖြင့်သုစရိုက်ကို ကျင့်ကြကုန်၏။ နှုတ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏။
စိတ်ဖြင့်သုစရိုက်ကိုကျင့်ကြကုန်၏။
ထိုသတ္တဝါတို့ အား ကောင်းသောနံနက်ဖြစ်၏။
ထို့ အတူမွန်းတည့် ညချမ်းအခါတို့ ၌ သုစရိုက်ကျင့်သူတို့ အား ကောင်းသောမွန်းတည့်အခါ၊
ကောင်းသောညချမ်းအခါ ဖြစ်၏"
ဟု ဘုရားရှင်ဟာ (တိအဂုင်္တ္တရပါဠိတော်-၂၉၈) မှာ ဟောတော်မူခဲ့ပါတယ်။

ဆိုလိုရင်းမှာ သုစရိုက်တရားကျင့်သူတို့ အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း အားလုံးအကောင်းချည်းဖြစ်၍ မကောင်းသော နက္ခတ်၊ မင်္ဂလာမရှိ။ နက္ခတ်မင်္ဂလာ အကောင်းကြုံရန် ဓါတ်ရိုက်၊ ဓါတ်ဆင်၊ ယတြာ စသည်တို့ကိုပြုလုပ်ရန်မလိုပါ။ ကိုယ်ကျင့်တရားမြဲမြံရန်နှင့် သူတော်ကောင်းတရား ပွားများရန်သာလိုသည်ဟု ဆိုလိုရင်းဖြစ်ပါတယ်။ ကမ္မနိယာမ ချည်မျှင်ရှည်ကြီးမှာ သီတန်းထားတဲ့ လူသားတို့ ရဲ့ သုခ၊ ဒုက္ခများကို မည်သည့်ဂါထာ၊ မန္တန်၊ အင်း၊ ယတြာ၊ အဆောင်လက်ဖွဲ့ ၊ သဒ္ဓိဆိုင်ရာအစီအမံကမျှ ကပြောင်းကပြန်လုပ်လို့ မရပါ။

ကိုယ်စိုက်ပျိုးသောအပင်ကို ကိုယ်ပဲရိတ်သိမ်းရပါတယ်။အဆိပ်ပင်စိုက်ပျိုးထားပါလျက် ဂါထာ၊မန္တန်၊ ယတြာအားကိုးနဲ့  ဩဇာပင်ရိတ်သိမ်းချင်၍မရပါ။ ကမ္မနိယာမမြစ်ကြောင်း အတိုင်းသာ ဘဝစီးကြောင်း ရေအလျဉ်ဟာ စီးဆင်းနေပါတယ်။

ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် ကံ-ကံ၏အကျိုးကိုမယုံကြည်ဘဲ၊ လောကီမင်္ဂလာများနှင့် အပေါ်ယံအကာအလွာ ကိုးကွယ်မှုအမျိုးမျိုးနောက်လိုက်နေသူများဟာ အညံစား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

အလျဉ်းသင့်၍ သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ “ဗုဒ္ဓဝါဒ အခြေခံသဘောတရား” စာအုပ်မှ စာပိုဒ်တစ်ပိုဒ်ကို တင်ပြလိုက်ပါတယ်။

“ ဗုဒ္ဓဟောကြားတဲ့အတိုင်း၊သင်ထားတဲ့အတိုင်း၊ဆုံးမထားတဲ့အတိုင်း ကျင့်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း အောက်တန်းမကျ၊ အထက်တန်းရောက်အောင် ဘယ်သူကခေါ်ဆောင်သွားမှာလဲ၊အဲဒီကျင့်တဲ့တရားက ခေါ်ဆောင်သွားမှာ။ ဗုဒ္ဓကခေါ်ဆောင်သွားမှာမဟုတ်ဘူး။ ကိုယ်ကျင့်တဲ့တရားက ကိုယ့်ကိုခေါ်ဆောင်သွားမှာ။ အဲဒါကိုယုံကြည်ထားဖို့ပါဘဲ။ ဗုဒ္ဓဝါဒအရ ကိုးကွယ်ခြင်းဟာ အဲဒီအထိရောက်ရမယ်၊ ဒါမှအဆင့်အတန်းမြင့်တာ။ ကိုယ့်ကိုခေါ်သွားမယ့်ပုဂ္ဂိုလ်၊ သယ်ဆောင်သွားမယ့်ပုဂ္ဂိုလ်၊ ကယ်တင်သွာမယ့်ပုဂ္ဂိုလ်ဆိုတာ အခြားမှာမရှိပါဘူး။ ကိုယ့်ကိုအထက်ရောက်အောင် သယ်ဆောင်သွားမှာ၊ ခေါ်ဆောင်သွားမှာ၊ အဆင့်အတန်းမြှင့်ပေးလိုက်မှာ ဘယ်သူတုန်းဆိုရင် ကိုယ်ကျင့်သုံးထားတဲ့ တရားပါပဲ ”

ဗုဒ္ဓဘာသာမှာ ကိုးကွယ်ခြင်းဆိုတာ အကျင့်စရဏ ပြဋ္ဌာန်းပါတယ်။ မိမိကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူလိုလျင် ဗုဒ္ဓ၏ဓမ္မ နဲ့ လျော်တဲ့ ကိုယ်ကျင့်သိက္ခာ ကိုတည်ဆောက်ဖို့ လိုပါတယ်။ ရတနာသုံးတန်နှင့် ကံ-ကံ၏အကျိုးကိုသာ တစိုက်မတ်မတ်၊ စဉ်းငယ်မျှပင် အယိမ်းအယိုင်မရှိ၊ ပကတိငုတ်စိုက်ကျောက်ချထားသည့်နှယ် ယုံကြည်ဖို့လိုပါတယ်။ ၎င်းယုံကြည်မှုကို ထိပါးတိမ်းစောင်းစေတဲ့ ကောတုဟတ မင်္ဂလာ၊ လောကီမင်္ဂလာတို့မှာ အားကိုးရှာခြင်းမျိုးကို အတွင်းအဇ္ဈတ္တမှာ လုံးဝ ဝင်ရောက်ခွင့်မပြုသင့်ပါဘူး။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာ အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ သံဃံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။

ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်၏ အညစ်အကြေးဖြစ်တဲ့၊ အတွင်းရန်သူဖြစ်တဲ့ တန္တရယာန၊ မန္တရယာန၊ ယန္တရယာနများ၏ အန္တရယ်စက်ကွင်းမှလွတ်အောင်ရှောင်ပြီး မြင့်မြတ်သန့်စင်သော အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ်(အကျင့်စရဏ)ဖြင့်ခံယူနိုင်ကြပါစေ။ ။

မင်းနန်(မော်ကျွန်း)
Credit: ၁၉၉၁ ဧပြီလထုတ်၊ အမှတ်-၁၆ ဓမ္မရံသီပေါင်းချုပ်မှ
..........................
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:231935 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments: