Tuesday, July 3, 2012

ခေတ်စားလာသော မျက်နှာအလှပြုပြင်ခြင်း တစ်ခု


ပြည်ပမှာသာမက ပြည်တွင်းမှာပါ ခေတ်စားလာနေသော Facial Peeling လုပ်ခြင်းအကြောင်းကို ဆောင်းပါးတစ်ပုဒ်အဖြစ်ရေးသား တင်ဆက်လိုက် ပါတယ်။

Facial Peeling ဆိုသည်မှာ လူသားမျက်နှာအရေပြား၏ ဆဲလ်အသေများကို ဖယ်ရှားပေးမည့်ပစ္စည်းများ၊ ဆဲလ်အနုအသစ်ထွက်ခြင်းကို အထူးအားပေးသည့် ပစ္စည်းများပါဝင်သည့် ဆေးရည်ဖြင့် မျက်နှာကို ကုသမှုပေးခြင်းဖြစ်သည်။ ကုသမှုမှာ မိနစ်ပိုင်းသာ ကြာမြင့်ပြီး သုံးရက်မှ ငါးရက်အကြာ၌ ဆဲလ်အသေများ မျက်နှာအပေါ်ယံအလွှာမှ သူ့အလိုလို ကွာကျသွားပြီး တစ်ပတ်ကျော်တွင် ဆဲလ်အသစ်များ အားလုံးနီးပါး အစားထိုးနေရာယူပြီးသား နုနယ်ပျိုမျစ်ဝင်းပသော မျက်နှာဖြစ်လာစေမည့် ကုသမှုဖြစ်သည်။

(၁)
တင်းတိပ်၊အမည်းစက်၊ နေလောင်ကွက်၊အမာရွတ်၊ ပါးရေတွန့်ခြင်း၊ ၀က်ခြံစသည့် ချို့ယွင်းချက်တစ်စုံတစ်ရာ မျက်နှာမှာရှိနေလျှင် မှန်မှာ မြင်ရတိုင်း၊ လူအများနှင့် ဆုံရတိုင်းစိတ်ဒုက္ခ အနည်းနှင့်အများ ခံစားရတတ်သည်။ ချို့ယွင်းချက်မကင်းခြင်းသည် လူ့သဘာဝတစ်ခုဟု ဆိုပါလျှင် ချို့ယွင်းချက်ကင်းလိုခြင်းသည်လည်း လူ့သဘာဝများထဲက တစ်ခုသာဖြစ်ပါသည်။

မျက်နှာသည် လူတစ်ဦးချင်းစီအတွက် အထင်ရှားဆုံး ၀ိသေသအမှတ်အသား (Identity) ဖြစ်ပါသည်။ လူတစ်ယောက်ကို သင်အမှတ်ရ လျှင် မျက်နှာကိုသာ ၉၁%ခန့်အမှတ်ရတတ်သည်ဟု စိတ်ပညာရှင်များက ဆိုသည်။အခြားသူများက သင့်ကို အာရုံမှာ အမှတ်ရလျှင် လည်း ထိုနည်းနှင့်ပင်။ ထို့ကြောင့် မျက်နှာပေါ်က ချို့ယွင်းချက်တစ်ခုသည် နှလုံးအိမ်ထဲမှာ စိုက်ဝင်နေသော ဆူးတစ်ချောင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ (ဘယ်လောက်အနက်အထိ စိုက်ဝင်နေသလဲ ဆိုတာကတော့ တစ်ဦးချင်းစီ၏ ခံယူနှလုံးသွင်းမှုကိုလိုက်၍ ကွာခြားမည်ဖြစ် သော်လည်း ဆူးကတော့ ဆူးသာဖြစ်ပါသည်။)
နေရောင်ခြည်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ နေ့စဉ်စိတ်ဖိစီးမှုများ၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အသက်အရွယ်ရလာခြင်းစသော အကြောင်း တရားမျိုးစုံတို့ကြောင့် မျက်နှာအသားအရေသည် အပြစ်အနာအဆာများ ရှိလာသည်။ 

ထိုချို့ယွင်းချက်တို့ကို ပြုပြင်ရန်၊ ထိန်းသိမ်းရန် လူတိုင်း ကိုယ်သိမှတ်ရာ၊ လက်လှမ်းမီရာ နည်းလမ်းမျိုးစုံတို့ဖြင့် ကြိုးစားကြသည်။ သို့ရာတွင် ၀က်ခြံတွေပျောက်အောင် ကုနေဆဲမှာပင် တင်းတိပ်တွေပိုကြီးလာ၏။ တစ်ခုကို ဖျောက်ဖျက်ကုစားဖို့ ကြိုးစားဆဲမှာပင် နောက်တစ်ခုက ပြဿနာပေးလာသလို ၄င်းကိုဆက်ကု၍ သက်သာသလိုရှိချိန်မှာ သံသရာက အစကပြန်လည်တတ်သည်ကို အသားအရေ ဂရုစိုက်ကြသူတိုင်း ကြုံဖူးကြမည်။ ကြာလာတော့ ငွေကုန်၊ အားကုန်နှင့် စိတ်ပါကုန်လာတတ်သည်။

ချို့ယွင်းချက်မကင်းခြင်းသည် လူ့သဘာဝတစ်ခုဟုဆိုပါလျှင် ချို့ယွင်းချက်ကင်းလိုခြင်းသည်လည်း လူ့သဘာဝများထဲက တစ်ခုသာ ဖြစ်ပါသည်။

(၂)  ငယ်နုစဉ် ကလေးဘ၀က အသားအရေလို တင်းရင်းမှု၊ ၀င်းပတောက်ပြောင်မှု၊ အစွန်းအထင်းကင်းမှုတို့၌ ချို့ယွင်းချက်ကင်းသော အသားအရေမျိုး ပြန်ရချင်ပါသည်။ လူတို့သည် အရှက်တကွဲအချိန်မှာ မျက်နှာကို ဓားနှင့်လှီးပစ်ချင်သည်ဟု ပြောဆိုတတ်ကြပါသည်။ ကလေးဘ၀က အသားအရေကို ချို့ယွင်းချက်တွေ မကင်းတော့သော အချိန်မှာ (အကယ်၍သာ မနာမကျင်ဘူးဆိုပါလျှင်) မျက်နှာကို အချပ်လိုက်လွှာ၍ အသစ်လဲပစ်ချင်သည်မှာ လူတိုင်းဖြစ်ပါမည်။
စာရှုသူ သင်ရော....။

ချို့ယွင်းချက်တွေ ရှိနေသော မျက်နှာကို ငယ်နုစဉ်က ပကတိအသစ်အတိုင်း တစ်ဖန်ပြန်လည်မွေးဖွားနိုင်သော နည်းလမ်းရှိလျှင် ခံယူလို ပါသလား....။

(၃)
ကျွန်တော်တို့ နှလုံးသားထဲ စိုက်ဝင်နေသည့်ဆူးများကို ဆွဲနှုတ်ပေးမည့်သူမှာ တခြားသူမဟုတ်ပါ။ လူ့သမိုင်းအစကတည်းက သာလွန် ကောင်းမွန်တိုးတက်မှု (Betterment)ဆီသို့ စဉ်ဆက်မပြတ် ခရီးနှင်နေခဲ့သော ဆေးပညာပင်ဖြစ်ပါသည်။ လူ့သက်တမ်းတွေ တိုးလာ သောအခါ၊ လူနေမှုအဆင့်တွေ မြင့်မားပြောင်းလဲလာသောအခါ အနာရောဂါကင်းရှင်းရေး၊ ကျန်းမာကြံ့ခိုင်ရေးမှာတင် ဆေးပညာက နားခိုနေ၍ မဖြစ်တော့။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များအားလုံးကို တတ်နိုင်သမျှပြင်ဆင်၍ လှပနှစ်လိုဖွယ်ကောင်းအောင် ပြုပြင်ကုသ ပေးနိုင်သော သုခုမဆေးပညာ(Aesthetic Medicine) ဟူ၍ ပေါ်ထွန်းလာရေလေသည်။

ချို့ယွင်းချက်တွေရှိနေသော မျက်နှာအရေပြားဟောင်းကို တဖြည်းဖြည်းဖယ်ရှား၍ ဆဲလ်အသစ်များဖြင့် တည်ဆောက်ထားသော နုနယ် ပြစ်ကင်းသည့် မျက်နှာဖြစ်အောင် မွေးဖွားသန့်စင်ပေးသော Facial Peeling ကုသမှုသည် သုခုမဆေးပညာ၏ အရေးပါသော ကုထုံးများ ထဲက တစ်ခုဖြစ်ပါသည်။

(၄)
Facial Peeling ခေါ် မျက်နှာအသစ်မွေးဖွားခြင်းကုထုံးကို ကမ္ဘာ့ပထမဆုံးအဖြစ် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက အီဂျစ်၊ ဂရိ၊ အီတလီစသည့်လူမျိုးများက စတင်အသုံးပြုခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ရှေးရှေးဆေးကျမ်းထဲက အမှန်းအဆနှင့် လုပ် ကြခြင်းဖြစ်ပြီး ယခုလို ခေတ်မီတိကျသော တိုင်းတာတွက်ချက် စမ်းသပ်မှုများစွာကို အခြေမခံသဖြင့် ယနေ့ခေတ်နှင့် ယှဉ်လျှင်တော့ စိတ်ကျေနပ်စရာ ရလဒ်အပိုင်း၊ ဘေးကင်းမှုအပိုင်းမှာ မယှဉ်သာသော်လည်း တစ်ခေတ်တစ်ခါက အထက်ဆုံးအလွှာက လူတန်းစား (Elite)တွေသာ လုပ်နိုင်ခဲ့သည့် လှပမှု အသရေတစ်ပါးဖြစ်ခဲ့ပါသည်။

(၅)
အမေရိကန် အရေပြားရောဂါဗေဒတက္ကသိုလ်(American Academy of Dermatology) က Peels များကို သုံးမျိုးခွဲခြားဖွင့်ဆိုပါသည်။

(၁) အပေါ်ယံလွှာခြင်း (Superficial Peel)

(၂) အပေါ်ယံအလွှာအောက်လွှာခြင်း (Medium Peel) နှင့်

(၃) အရေပြားအလယ်လွှာအထိ လွှာခြင်း (Deep Peel) ဟူ၍ဖြစ်ပါသည်။

တော်ရုံအစက်အပြောက်၊ ကြမ်းတမ်းမှုမျိုးဆိုလျှင် Superficial Peel လောက်နှင့်ပြီး၏။ အသက်အရွယ်ကြောင့် ပေါ်လာသော အမည်း စက်များ၊ အရေးကြောင်းများ၊ ပါးရေတွန့်ခြင်းများ၊တင်းတိပ်၊ နေလောင်ကွက်၊အမာရွတ် စသည်တို့ပျောက်ချင်လျှင်တော့ အနည်းဆုံး Medium Peel လောက်လုပ်ရသည်။ အဆိုပါ ချို့ယွင်းချက်များကများလျှင်တော့ ဆရာဝန်ညွှန်ကြားချက်အရ Deep Peel လုပ်သင့်လျှင် လုပ်ရသည်။ ချောမွေ့တောက်ပြောင် တင်းရင်းစေသော အာနိသင်ကို အကောင်းဆုံး ပေးစွမ်း၏။
ဤနေရာတွင် ပထမဆုံး စဉ်းစားရမည်မှာ ဘေးကင်းမှုဖြစ်သည်။ ဘေးကင်းမှုကို မည်သည့်ရလဒ်နှင့်မျှ လဲမယူနိုင်ပါ။ 

သုံးမည့်ထုတ်ကုန် များ၏ ဘေးကင်းမှုကို အဓိကထား ဆန်းစစ်ရမည်ဖြစ်သည်။ Facial Peeling လုပ်သော ထုတ်ကုန်များတွင်တော့ Texas Institute of Functional Medicineနှင့် American Academy of Cosmetic Surgery တို့မှ ဆေးပညာရှင်များ ဖန်တီးထုတ်လုပ်လိုက်သော Apothe' Peel မှာ ကမ္ဘာတစ်လွှားရလဒ်အကောင်းဆုံးနှင့် ဘေးအကင်းဆုံးဟုဆိုနိုင်သည်။ မျက်နှာသာမက လည်ပင်း၊ရင်ဘတ်၊လက်စသည့်အပိုင်း များကိုပါ ကုသနိုင်သည်ဟု သိရသည်။ မည်သည့်အရေပြား အမျိုးအစားနှင့်မဆို အန္တရာယ်မရှိကြောင်း သုတေသနရလုပ်နေစဉ်အချိန် အတွင်း၌လည်း နာကျင်ခံခက်မှုတစ်စုံတစ်ရာ မရှိပါ။

Apothe' Cure အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းနှင့် သူ၏ထုတ်ကုန် Apothe' Peel ကို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်မိတော့ စိတ်ကျေနပ်စရာ ရလဒ်များဖြင့် ကမ္ဘာအနှံ့အတော်လေး အောင်မြင်နေသည်ကို တွေ့ရသည်။ အဓိက တီထွင်ခဲ့သူ American Academy of Cosmetic Surgery မှ Dr. Kevin Light ကို Apothe' Peelနှင့် ပတ်သက်၍ လှည့်လည်ကုသရန်၊ ဟောပြော ပွဲပြုလုပ်ရန် နိုင်ငံအနှံ့မှ ဖိတ်ကြားနေသည်ဟူ၏။

(၆)
Facial Peel ကုထုံးဖြင့် ကုသမှုစနစ်တကျ ခံယူလျှင် တင်းတိပ်၊ မှဲ့ခြောက်၊ အမည်းစက်၊ နေလောင်ကွက်များ၊ ၀က်ခြံများ၊ အမာရွတ်များ၊ ပါးရေတွန့်ခြင်းများကို ထိရောက်စွာ ပျောက်ကင်းစေပြီး နောက်ပိုင်း Sun Cream, Moisturizer စသည်တို့ဖြင့် ဆက်လက်ထိန်းသိမ်း သွားရုံသာ ဖြစ်သည်။ ဤကဲ့သို့ပင် လွယ်ကူရိုးရှင်းသလို စိတ်ကျေနပ်စရာလည်း ကောင်းလှပါသည်။ အရေပြားကင်ဆာဖြစ်တော့မည့် ဆဲလ်အများစုကိုပင် facial peel ကုထုံးနှင့် ကုသမှုခံယူလိုက်လျှင် ဖယ်ရှားပြီးသားဖြစ်သွားသည်ဟု လေ့လာတွေ့ရှိထားရခြင်းကလည်း ထူးခြားမှုတစ်ရပ်ဖြစ်သည်။

(၇)
Facial Peeling နှင့်ပတ်သက်၍ အမေရိကန်ရုပ်ပြုပြင်ခွဲစိတ်မှုအသင်း(American Society of Plastic Surgery) မှ အရေးကြီးဆုံး လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ဓာတုပစ္စည်းများအသုံးပြု၍ Peel လုပ်သောအခါ မျက်နှာအရေပြားဆိုင်ရာ ကုသမှုများ၌ ကျွမ်းကျင်သောဆရာဝန်ကသာ ကုသမှုပေးရမည်ဟု ဖြစ်သည်။ ပြိုင်ဘက်ကင်းရလဒ်ပေးနိုင်သော Facial Peel သည်အလှပြင်ဆိုင်မှာ ပေါင်းတင် ချေးချွတ်တာမျိုးနှင့်မတူပါ။ ၀ါရင့်သမားတော်တစ်ဦးဦး၏ ကြည့်ရှုကုသမှု၊ဆက်လက်စောင့်ကြည့် ဖြည့်ဆည်းပေးမှုများနှင့် ပေါင်းစပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။

(၈)
စာရှုသူရင်ထဲ၌ မေးစရာများစွာရှိကောင်းရှိနေနိုင်မည်။ ဘေးကင်းခြင်း၊ ထိရောက်ခြင်း၊ လှပအပြစ်ကင်းလာခြင်းတွေကတော့ ဟုတ်ပါပြီ။ ဈေးနှုန်းကရော ဘယ်လောက်ကျသင့်မှာလဲ။ ဘယ်နှစ်ကြိမ်ခံယူမှ စိတ်တိုင်းကျမှာလဲစသဖြင့် မေးစရာများရှိပါမည်။ လူနေမှုအဆင့်နှင့် တစ်ဦးချင်းဝင်ငွေ အလွန်မြင့်မားသော အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၃၅၀ကျော်မရှိဘဲ စဉ်းစား၍မရသော Apothe' Peel နှင့် Peeling လုပ်ခြင်းကို မြန်မာနိုင်ငံတွင် ပုံမှန်ဝင်ငွေရှိသူတိုင်း လုပ်နိုင်မည့် အလွန်နည်းသည့် ပမာဏဖြင့်၊ မိမိမျက်နှာ၏ ချို့ယွင်းချက် အနည်းအများပေါ်မူတည်၍ တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ပြီး နောက်ပိုင်း ဆက်လက်ထိန်းသိမ်းသွားနိုင်တဲ့အကြောင်း မြန်မာနိုင်ငံမှာ facial peel ၀န်ဆောင်မှုရရှိနေပြီဖြစ်တဲ့ Asia Care မှသိရှိရသည်။

(၉)
Facial Peel လုပ်ပြီးနောက် မျက်နှာအရေပြား အနုအသစ်ဖြစ်ပေါ်လာလျှင် အဓိကရှောင်ကြဉ်ရမည်မှာ နေရောင်ခြည်နှင့် မျက်နှာလိမ်း ခရင်မ်၊ မျက်နှာသစ်ဆေးပြင်းပြင်း စသည်တို့ဖြစ်သည်။ ဆရာဝန်ညွှန်ကြားသော SPF လုံလောက်စွာပါရှိသည့် သင့်တော်သော ခရင်မ် များ၊ မျက်နှာသစ်ဆေးများ အသုံးပြုပြီး ဆက်လက်ထိန်းသိမ်းသွားလျှင် အပြစ်အနာအဆာကင်းစင်သော မျက်နှာအသစ်ကို ရနိုင်ပါသည်။ အရေးကြီးဆုံးတစ်ခု သတိပြုရန်မှာ မျက်နှာပေါ်တင်မည့် ပစ္စည်းအားလုံးကို လက်ဖျံပေါ်တွင် ပွတ်ကြည့်ပြီး ၁၅မိနစ်ကြာအောင်ထား၍ ဓာတ်မတည့်ခြင်းမဖြစ်မှ ကုသမှု ခံယူသင့်သည်ဟူသော အချက်ဖြစ်ပါသည်။

Written By ဒေါက်တာ သီဟသစ်

စာကြွင်း။    ။ တစ်ဆင့်ပြန်လည်ဖောက်သည်ချသော ကျွန်တော် အဲလက်စ်အောင်က သတင်းတစ်ခုထပ်မံပေးပါရစေ။ အထက်ပါ Facial Peelings လိုအလှအပကုသမှုတွေကို စိတ်ချရသောဆေး စိတ်ချရသော ဆရာဝန်များကြီးကြပ်ဖွင့်လှစ်ထားသော Junction Square ရှိ Amara (Aesthetic Centre) ကိုသွားရောက် ကုသမှု ခံယူနိုင်ပြီဖြစ်ကြောင်းကို လက်တို့လိုက်ချင်တာပါ။ http://www.facebook.com/Amaracentre က သူတို့ရဲ့ Facebook page ပါပဲနော်။        

No comments: