Sunday, October 27, 2013

ဌာနေပျောက် တိုင်းရင်းသား နဲ့ တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးတို့၏ ဓလေ့လေးမျိုး


(၁) ဌာနေပျောက် တိုင်းရင်းသား


''ကယန်းဆိုတာ 'ကန်'နဲ့ 'ယန်း'နဲ့ ပေါင်း စပ်ထားတာ။ 'ကန်'ဆိုတာ ပိုင်နက်နယ်မြေ၊ 'ယန်း'ဆိုတာလူမျိုး။ပိုင်နက်နယ်မြေရှိတဲ့လူမျိုး''
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် လေးခု၏အစွန်ဒေသများ၌
နေထိုင်လျက်ရှိသည့် ကယန်းလူမျိုးများအကြောင်းကို ၁၉၉၇ခုနှစ်မှ ယနေ့အထိ လေ့လာသုတေသနပြုစုနေသူ ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနမှ ကထိက ဒေါ်မိုးသီတာထွေးက ပြောသည်။

ကယန်းလူမျိုးများသည် ယခင်ကအနောက် ကရင်ပြည်နယ်ဟု လူသိများသောဒေသ၌နေထိုင် ကြသော်လည်း နယ်ချဲ့အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သောကြောင့်
အနောက်ကရင်ပြည်နယ် ကို ၁၈၉၃ခုနှစ်တွင် အင်္ဂလိပ်တို့က လေးပိုင်း ပိုင်းပြီး အုပ်ချုပ်ခဲ့ကြသည်။

ထို့ကြောင့် ကရင်နီနယ်ဟုလူသိများသော ထိုဒေသသည် ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့၏ အစွန်အဖျားဒေသများ၊ အစွန်အဖျားမြို့နယ်များ အဖြစ် သတ်မှတ်ခဲ့သောကြောင့် ကယန်းလူမျိုး များသည်လည်း ပျံ့နှံ့သွားခဲ့ကြသည်။
ထိုတိုင်းရင်းသားများသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ထောင်ချီကတည်းက နေထိုင်လာခဲ့ကြပြီးတိဗက်မြန်မာအုပ်စုမှဆင်းသက် လာပြီး တိဗက်တရုတ်နွယ်ဝင် ကရင်ဘာသာ စကားပြောဆိုသူများဖြစ်သည်။

၁၉၆၉ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီက တက္ကသိုလ် ဆရာ ဆရာမများအား ကွင်းဆင်းလေ့လာစေပြီးနောက် ကြေးပတ်သည့် ပဒေါင်လူမျိုးများက ကယန်းလူမျိုးဟုဆိုသည့် အတွက် ထိုခေတ်စာအုပ်များထဲ၌ စတင်သုံးစွဲခဲ့ ပြီး ပဒေါင်ကို ကယန်းလူမျိုးအဖြစ် လူသိများခဲ့ ကြသည်။

ကယန်းတိုင်းရင်းသားများတွင် မျိုးနွယ် လေးမျိုးရှိပြီး လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေများရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် ကယန်း ပဒေါင်၊ လည်ပင်းတွင် ငွေပြားများချိတ်ဆွဲဝတ် ဆင်လေ့ရှိသည့် ယင်းဘော်(ခေါ်)ကယန်းကငံ၊ တောင်ပေါ်ဒေသများတွင်အနေများသည့် ကေခို၊ ကေဘား(ခေါ်)ကယန်းကေခိုနှင့် ကျောက်တုံး ကျောက်စိုင်များကြားတွင် အိမ်များဆောက်ကာ နေထိုင်ပြီး အမျိုးသားများက ကတုံးတုံးသည့် ဓလေ့ရှိသော ဇရိမ်(ခေါ်)ကယန်းလထာတို့ဖြစ် ကြသည်။

လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေ များ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် ကယန်းပဒေါင် လူမျိုးများကိုသာ ကယန်းတိုင်းရင်းသားများ အဖြစ် သိရှိထားကြသော်လည်း အမှန်တကယ်၌ မူ မျိုးနွယ်စုလေးမျိုးဖြစ်ပြီး ဂေဘားဟူသော မျိုးနွယ်တစ်စုကို ကယန်းမျိုးနွယ်ထဲ၌ထည့်သွင်း ရန်မှာ မနုဿဗေဒပညာရှင်များ ဝိဝါဒကွဲပြား လျက်ရှိသည်။

အင်္ဂလိပ်နယ်ချဲ့၏ ခွဲခြားအုပ်ချုပ်မှုကြောင့် ကယားပြည်နယ် ဒီမောဆိုးမြို့နယ်၊ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ကရင်ပြည်နယ် သံတောင်မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ် တို့တွင် နေထိုင်ကြသည့် ကယန်းတိုင်းရင်းသား များ၏ လူဦးရေသည် ၂၅ဝဝဝဝ မှ ၃ဝဝဝဝဝ အထိ ရှိနေကြောင်း ကယန်းအဖွဲ့အစည်းများက ခန့်မှန်းကြသည်။

သို့သော်လည်း ကယားပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၌ နေထိုင်သော ကယန်း ပဒေါင်မျိုးနွယ်တစ်ခုတည်း၏ လူဦးရေသည် ၂၅ဝဝဝ ကျော်ခန့်ရှိကြောင်း သုတေသနပြုစုနေ သူ မနုဿဗေဒမှ ကထိကဒေါ်မိုးသီတာထွေးက ပြောသည်။

ဒေသလေးခု၌ ပျံ့နှံ့နေထိုင်သည့်အတွက် ၄င်းတို့၏မှတ်ပုံတင်၌ ကယန်းလူမျိုးဟုဖော်ပြမှု မရှိဘဲ နီးစပ်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ လူမျိုးများဖြစ်သွားကြကြောင်း၊ တစ်ဖန် ထိုအချိန် က တိုင်းရင်းသားတို့ ပညာရေးနိမ့်ပါးမှုကြောင့် လည်းဖြစ်နိုင်ကြောင်း၊ ထို့အပြင် ဘာသာစကား မှားယွင်းမှုကြောင့်လည်း မှတ်ပုံတင်၌ တိုင်းရင်း သားလူမျိုးမှားယွင်းရခြင်းများ ဖြစ်နိုင်သည်ဟု ၄င်းကသုံးသပ်သည်။

၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ရာတွင် ကယန်းလူမျိုးအမှန်ဖြစ်စေရန်အတွက် ကယန်းအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေး မည်ဖြစ်ပြီး လူမျိုးအမှန်အဖြစ် ပြန်လည်ဖော်ပြ ခွင့်ရပါက ကယန်းတိုင်းရင်းသားများသည် ငါးသိန်းမှ
ခြောက်သိန်းကြားရှိမည်ဟု ကယန်း အမျိုးသားပါတီ အတွင်းရေးမှူး ဦးနန်းရီက ခန့်မှန်းသည်။

ပါတီအနေဖြင့် ပျံ့နှံ့နေသော ကယန်းတိုင်း ရင်းသားများအား စုစည်းကာ ကယားပြည်နယ် အတွင်း၌ပါရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ထူထောင်ချင်သော်လည်း လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။

ကယန်းတိုင်းရင်းသားများသည် မိမိတို့ဖြစ် ပေါ်လာပုံကို 'ကာကောင်း'ဟုခေါ်သော လင်္ကာ ရှည်ကြီးများဖြင့် ဘိုးစဉ်ဘောင်ဆက်နှုတ်တိုက် ရွတ်ဆိုမှတ်သားလာခဲ့ကြကာ စကားထာ၊ စကား ဝှက်၊ ကဗျာ၊ သံပေါက

ရဲထွဋ် - The Union Daily

(၂) တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးတို့၏ ဓလေ့လေးမျိုး
မန်မာနိုင်ငံရှိ ထင်ရှားသောနေရာများ၊ သမိုင်းဝင်နေရာများ၊ အများစု စိတ်ဝင်တစား သွားရောက်လေ့ ရှိသည့် နေရာများ၊ သိမှတ်ဖွယ် အကြောင်းအရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကို The Voice Daily သတင်းစာတွင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်ခြား ဖော်ပြသွားမည် ဖြစ်ပါသည်။

ချင်းပြည်နယ် တီးတိန်နယ်အတွင်း နေထိုင်ကြသော ချင်းမျိုးနွယ် တီးတိန်ဇိုမီး (Tedim Zomi) လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာတင်ပြရလျှင် လူနေမှုစရိုက်ပုံစံ (Nisim Nuntakna) မှာ မျိုးသားဦးစားပေးဖြစ်သည်ဟု ဆိုနိုင်သည်။

ယောက်ျားမှန်လျှင် အမဲလိုက်ကာ သားကောင်ဖမ်းဖူးရမည်ဟု ယူဆပြီး ဖမ်းမိသည့်အကောင်ရေကို မူတည်ကာ နေထိုင်ရာ အရပ်ဒေသတွင် အရှိန်သြဇာကြီးမားသည်။
မိမိတို့နေအိမ်တွင်လည်း ဖမ်းဆီးထားသော တိရစ္ဆာန်၏ ဦးခေါင်းခွံများကို ဂုဏ်ယူစွာ ချိတ်ဆွဲလေ့ရှိသည်။

အမျိုးသမီးများမှာမူ လူလွတ်ဖြစ်လျှင် ခေါင်ရည်ကောင်းစွာ ပြုလုပ်တတ်သူ၊ အိမ်ထောင်သည်ဖြစ်လျှင် သားယောက်ျား များများမွေးဖွားသူမှာ မြင့်မြတ်ဂုဏ် ရှိလေသည်။ မျိုးနွယ်စုအမည် မှည့်ခေါ်ပုံကို လေ့လာလျှင်လည်း အမျိုးသားဦးစားပေး ဖြစ်သည်ကို တွေ့နိုင်သည်။ ၄င်းတို့၏ လူမှုဘဝ အတွင်းမှ ရိုးရာဓလေ့လေးမျိုးကို ဖော်ပြလိုက်ပါသည်။

အမဲလိုက်ခြင်း (Sa Beng)

အမဲလိုက်ခြင်း နှစ်မျိုးရှိသည်။ သမားရိုးကျ နေ့စဉ်အမဲလိုက်ခြင်းနှင့် သာရေး၊ နာရေးကိစ္စများ အတွက် အမဲလိုက်ခြင်း ဖြစ်သည်။ သာရေးကိစ္စများတွင် အကောင်ကြီးငယ်မရွေး ရရာလိုက်လေ့ရှိပြီး နာရေး ကိစ္စများတွင်မူ ကွယ်လွန်သွားသူအား မည်မျှ ချစ်ခင်သည်ကို ပြသသည့်အနေနှင့် အကောင်ကြီးများ (ဥပမာ-ဆင်၊ ကျား) ကို ရွေးချယ် လိုက်လေ့ရှိကြသည်။ တစ်ခါတစ်ရံ တောတောင်ထဲတွင် တစ်လကိုးသီတင်း သွားရောက်ကာ သားကောင် ရှာလေ့ရှိသည်။ ၄င်းတို့ အမဲလိုက်ရာတွင် ရရှိလာသော သားကောင်အားဖျက်ကာ တစ်ရွာလုံးသို့ ဝေငှကြသည်။ ပွဲလမ်းသဘင်များ အတွက် စုပေါင်းအမဲလိုက်ကြပြီး ပျော်ရွှင်စွာ စားသောက်ကြသည်။
ယခုခေတ်အခါတွင်မူ အဆိုပါ သားကောင်များကို ဝယ်ယူ၍သာ ပြုလုပ်လေ့ရှိသည်။

မင်္ဂလာဆောင်ဓလေ့ (Mo Pawi)

မင်္ဂလာဆောင်ဓလေ့တွင် လူငယ်ချင်း ချစ်ကြိုက်သည်ထက် မိဘများက ပေးစားသူ ကိုသာ လက်ထပ်တတ်ကြသည်။ နားဖောက်ရာတွင် သတို့သားဘက်မှ ခေါင်ရည်အိုးဖြင့် လာရောက်ကာ စကားကြောင်းလမ်းရပြီး သဘောတူပါက ခေါင်ရည်အတူသောက်ကာ စကားလက်ခံ ပြောရသည်။ သဘောမတူလျှင် သတို့သမီး ဘက်မှ ခေါင်ရည်အိုး ပြန်တည်ပေးရသည်။ နောက်တစ်နေ့မှ သတို့သားအိမ်သို့ ခေါင်ရည်အိုးဖြင့် သွားရောက် စကားပြောခြင်းဖြင့်လည်း လက်မခံကြောင်း ပြသနိုင်သည်။ သဘောတူ လက်ခံပါက နေ့ရက်အချိန် ရွေးကြသည်။

မင်္ဂလာပွဲပြုလုပ်ရာတွင် ထာမန် (Tha Man) ခေါ် ရွှေလမ်းငွေလမ်း ခင်းပေးသူတို့အတွက် ပူးမန် (Pu Man) ခေါ် သတို့သမီး၏ ဖခင်ဘက်မှ အဘိုးအတွက် (၄င်းမှာ သတို့သမီး အိမ်ထောင်မပြုခင် သေဆုံးခဲ့လျှင် ကောင်းချီး ဆုတောင်းပေးရမည့်သူ ဖြစ်ပြီး ယခု အိမ်ထောင်ကျသွားသည့် အတွက် နှုတ်ဆက်သည့်အနေနှင့် ပေးရခြင်း ဖြစ်သည်) မန်ပီး (Man Pi) ခေါ် တင်တောင်းစရိတ် (၄င်းကို အကြွေးထား၍ ရသည်။ ထိုအကြွေးမပေးဘဲ သတို့သမီး သေဆုံးခဲ့လျှင် အလောင်းအား သတို့သမီး၏ ဆွေမျိုးများမှ ပြန်ယူနိုင်သည်) ဘန်ကွာ့မန် (Bang Kua Man) ခေါ် မျိုးနွယ်စုကြေး (ထိုကြေးမှာ မိဘကို ပေးရသည် ဖြစ်သော်လည်း ၄င်းတို့မျိုးနွယ်စု တာဝန်ခံက ရရှိသည်)၊ မင်မန် (Min Man) ခေါ် နာမည်ကြေး သတို့သမီးမှ နာမည်ယူ မှည့်ခေါ်ထားသော သက်ကြီးပုဂ္ဂိုလ်အား ပေးရသည်။ မွာလ်ခုပ် (Mual Khup) ခေါ် နယ်ပြောင်းကြေး (ရပ်ခြားဒေသမှ ပုဂ္ဂိုလ်နှင့် အိမ်ထောင်ကျလျှင် သတို့သားဘက်က ပေးရခြင်းဖြစ်သည်၊ မိမိရပ်ရွာဒေသတွင် နေထိုင်သူနှင့် အိမ်ထောင်ကျလျှင် ပေးစရာမလို) နူးမန် (Nu Man) ခေါ် အမေကြေး (မိခင်၏ မေတ္တာကို အောက်မေ့ကာ ပေးရခြင်းဖြစ်သည်။) တို့ကို ပေးရသည်။

ယင်းတို့အားလုံးကို သတို့သားဘက်က ပေးရပြီး နွားနောက်၊ ဝက်၊ စောင်၊ တဘက် စသည်တို့ကို ပေးနိုင်သည်။ သတို့သမီးဘက်မှ ပြန်ပေးသည်လည်း ရှိသည်။ ပလိုင်း၊ ပေါက်တူး၊ ပေါက်ပြား၊ ရေအိုး စသဖြင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို သတို့သားအိမ်ရောက်လျှင် ထပ်မလိုစေရန် ပေးခြင်းဖြစ်သည်။
ယနေ့ခေတ်တွင်မူ နွားနောက်အစား အခြားပစ္စည်း (ဥပမာ-ငွေစက္ကူ) ဖြင့် အစားထိုးကြသည်။

အမွေခွဲဓလေ့ (Gamh Cuah)

အမွေဆက်ခံခြင်းတွင် ဆက်ခံသူက ပိုင်ဆိုင်မှုနှင့်အတူ တာဝန်ယူမှုကိုပါ ပူးတွဲလက်ခံရသည်။ အမွေဆက်ခံရာတွင် အကြီးဆုံးသားမှ လက်ခံခြင်းနှင့် အငယ်ဆုံးသားမှ လက်ခံခြင်း နှစ်မျိုးရှိပြီး တီးတိန်ဇိုမီးများတွင် အကြီးဆုံးသားမှ ဆက်ခံသည်က များသည်။

အကြီးဆုံးသားမှာ ဖခင်၏ နေရာကို ဆက်ခံရပြီး ဖခင်သေဆုံးလျှင် ပိုင်ဆိုင်မှု ပစ္စည်းအမွေကို ၄င်းက လက်ခံရသည်။ သူ့အောက်ရှိ ညီ၊ ညီမများ၏ ဝေယျာဝစ္စကို ၄င်းက လုပ်ပေးရသည်။ အမွေနှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှုကို ယူရသည်။ အမွေဆိုရာတွင် ရုပ်ဝတ္ထု အမွေရှိသလို အကြွေးအမွေလည်း ရှိသည်။ ဖခင်မဆပ်နိုင်သော အကြွေးကိုလည်း ဆပ်ရသည်။ မျိုးနွယ်စုထဲရှိ အမျိုးသမီးများ၏ ကိစ္စအဝဝကိုလည်း ၄င်းက တာဝန်ယူပေးရသည်။

အငယ်ဆုံးသား မှာလည်း ဖခင်နှင့် နေရပြီး ဖခင်ကိစ္စရပ်များကို လုပ်ဆောင်ပေးရသဖြင့် အမွေကို ဆက်ခံရသည်။ တာဝန်ယူမှု အပိုင်းမှာမူ အတူတူပင်ဖြစ်သည်။

အမွေဆက်ခံရာတွင် သမီးမိန်းကလေးက မရရှိသော်လည်း သူ၏ကိစ္စအဝဝကို အမွေဆက်ခံသူက တာဝန်ယူပေးရသည်။ မိမိ၏ မိသားစုဘက်က အမွေမရရှိသော်လည်း မိမိခင်ပွန်းဘက်က အမွေရရှိနိုင်သည်။ ယောက်ျားနှင့် ကွဲကွာခဲ့လျှင်လည်း အမွေဆက်ခံသူက ဆက်လက် တာဝန်ယူ ရသည်။ သမီးမိန်းကလေးချည်းပဲ မွေးဖွားခဲ့လျှင်လည်း မျိုးနွယ်စုတာဝန်ခံက အမွေဖြင့် တာဝန်ယူပေးရသည်။

ရိုးရာပွဲတော်(ခွါဒိုပွဲ) (Khua Do)

တီးတိန်ဇိုမီး လူမျိုးများ၏ ရိုးရာပွဲများစွာ ရှိသည့်အနက် အထင်ရှားဆုံးမှာ ခွါဒိုပွဲပင် ဖြစ်သည်။
ယင်းပွဲမှာ အေဒီ ၁၄ ရာစုနှစ်ခန့်မှ စတင်ပေါ်ပေါက်ခဲ့ပြီး ကောက်သစ်စား နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ ခွါဒို၏ အဓိပ္ပာယ်မှာ ခွါ (Khua) လူပြည့်လူရွာ၊ ဒို (Do) တစ်ဦးနှင့်တစ်ဦး ဖော်ရွေပျူငှာစွာ ကျွေးမွေးဧည့်ခံခြင်း(သို့) တိုက်ခိုက်၊ နှင်ထုတ်၊ ချေမှုန်းခြင်းဟု အဓိပ္ပာယ်ရသည်။ ကျန်းမာရေး၊ စီးပွားရေးများ ကောင်းမွန်စေရန် နတ်ကောင်းနတ်မြတ်များအား ပူဇော်ပသခြင်းနှင့် ဘေးဒုက္ခပေးတတ်သော နတ်ဆိုးများအား နှင်ထုတ်ချေမှုန်းကာ ရပ်ရွာသန့်ရှင်းစေခြင်း၊ ကွယ်လွန်ပြီးသော မိဘဘိုးဘွားများ၏ ဝိညာဉ်အတွက် အလှူ မင်္ဂလာဆုတောင်းပွဲ ကျင်းပခြင်း ဖြစ်သည်။

ယခင်က ခွါဒိုပွဲကို တောင်ယာသီးနှံများ ရိတ်သိမ်းပြီးသော အချိန်တွင် ကျင်းပလေ့ရှိပြီး စိုက်ပျိုးသည့် သီးနှံအမျိုးအစားနှင့် ရာသီဥတု သဘာဝကိုလိုက်၍ ဒေသတစ်ခုနှင့်တစ်ခု ကျင်းပချိန် မတူညီပေ။ ကျင်းပမည့်ရက်ကို တူးလ်ပီး (Thlpi) ခေါ် နတ်ဆရာက သတ်မှတ်ပေးသည့် မင်္ဂလာနေ့ရက် သို့မဟုတ် ရွာလူကြီးက သတ်မှတ်ပေးသည့် နေ့ရက်တွင် ကျင်းပပြီး အနည်းဆုံး သုံးရက်မှ ခုနစ်ရက်ထိ ကျင်းပတတ်သည်။

များသောအားဖြင့် ပွဲတော်ကာလမှာ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ကျင်းပတတ်ပြီး ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ချင်းရေးရာ ဦးစီးအဖွဲ့မှ ချင်းလူမျိုးများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့အရ ခွါဒိုပွဲတော်အား အခါကြီးရက်ကြီးအဖြစ် သတ်မှတ်ကာ ကျင်းပမည့် နေ့ရက်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း ၁၄ ရက်၊ လပြည့်နေ့၊ လဆုတ် ၁ ရက်နေ့တို့တွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။

ခွါဒိုပွဲတော် ကျင်းပမည့်နေ့ နံနက်တွင် ကျေးရွာအတွင်းရှိ လူငယ်များမှ ခေါင်ရည်အိုးများဖြင့် ဘိုးဘွားများအား လိုက်လံကန်တော့ကြသည်။ ဘိုးဘွားများမှ ဆုမွန်ကောင်းများ တောင်းပေးပြီး လက်ဆောင်ပစ္စည်းများ ပြန်ပေးသည်။ ပွဲတော်ရက်အတွင်း ဆွေမျိုးစုလိုက် လက်ဆုံထမင်း စားပွဲများပြုလုပ်သည်။

သင်္ချိုင်းသို့သွားကာ ကွယ်လွန်ပြီးသော ဘိုးဘေးများ၏ဝိညာဉ်ကို ခေါင်ရည်၊ ဟင်းမျိုးစုံတို့ဖြင့် ဆက်သကြသည်။ ပွဲတော် စတင်ကျင်းပသော ပထမနေ့ ညနေတွင် နတ်ဆရာ၏ နေအိမ်မှ စတင်ကာ တစ်အိမ်ပြီး တစ်အိမ် နတ်ဆိုး နှင်ထုတ်ပွဲ ပြုလုပ်ကြသည်။ ယင်းနှင်ထုတ်ပွဲကို နတ်ဆရာနှင့် ရွာလူကြီးများက ဦးဆောင်သည်။

ညနေ မှောင်ရီပျိုးစ အချိန်တွင် နတ်ဆရာအပါအဝင် တစ်ရွာလုံးမှ အိမ်ထောင်ဦးစီးများက ပေါက်တူးရိုးများအား လက်တွင် ကိုင်ဆောင်ထားကြသည်။ ငှက်ပျောဖက်များ ပေါ်တွင် ထင်းရှူးချောင်းများ ထိုးစိုက်ထားသည်။ နတ်ဆရာမှ အချိန်ကျပြီဟုဆိုကာ အိမ်ပေါက်ဝမှ အိမ်ပတ်လည်နံရံများကို ကိုင်ထားသော ပေါက်တူးရိုးဖြင့် လိုက်လံရိုက်ပုတ်သည်။ နှုတ်မှလည်း လိပ်ပြာဆိုးတွေပြေးပါ၊ လိပ်ပြာဆိုးတွေ ပြေးပါဟု အဓိပ္ပာယ်ရသော စကားအား ရွတ်ဆိုရသည်။ ယင်းကဲ့သို့ ရွတ်ဆိုကာ တစ်အိမ်လုံးရိုက်ပြီးပါက ငှက်ပျောဖက်ပေါ်တွင် စိုက်ထားသော ထင်းရှူးချောင်းများကို မီးထွန်းညှိရသည်။

ခွါဒိုပွဲ၏ အဓိက လက္ခဏာဖြစ်သော ပျားအုံဖွပ်ခြင်းနှင့် ပျားအုံ နိမိတ်ဖတ်ခြင်းကို ဒုတိယနေ့တွင် ပြုလုပ်ကြသည်။ နံနက် စောစောတွင် ရွာမှ လူကြီးလူငယ်များမှာ မွာလ် (Mual) ခေါ် ရွာအဝင်လမ်းမှ ဖွပ်ကာ ယူဆောင်လာသော ပျားအုံကို အတီးအမှုတ်များဖြင့် သယ်ဆောင်ပြီး ရွာအတွင်းသို့ ဝင်လာကြသည်။ အမျိုးသမီးများမှ ခေါင်ရည်အိုးများဖြင့် စောင့်ကြိုပြီး တပျော်တပါး သောက်သုံးကြသည်။ ယင်းနောက် နတ်ဆရာနှင့် သက်ကြီးရွယ်အိုတို့မှ ပျားအုံကို ခွဲဖျက်ကာ လာမည့်နှစ်သစ် အတွက် နိမိတ်ဖတ်ပေးကြသည်။
ပျားအုံတွင် ပျားသလက်ကောင်များ ကွက်လပ်မရှိ ပြည့်နေမည်၊ ညီညီ ညာညာဖြစ်နေမည် ဆိုပါက လာမည့်နှစ်တွင် ရပ်ရွာ အေးချမ်းသာယာပြီး ရောဂါ ကင်းဝေးမည်။ အသီးအနှံ ဖြစ်ထွန်းပြီး စားနပ် ရိက္ခာဖူလုံမည်ဟု ယုံကြည်ကြသည်။

အကယ်၍ ပျားသလောက်ကောင်များ မပြည့်ဘဲ မညီမညာဖြစ်မည်၊ သေကျေ ပျက်စီးနေမည်ဆိုပါက အသီးအနှံ အထွက်တိုးမည်၊ အနာရောဂါများ ကျရောက်ပြီး ရပ်ရွာတွင် အသေအပျောက် များမည်၊ တိုင်းပြည် မငြိမ်မသက်ဖြစ်မည်ဟု ယုံကြည် ကြသည်။

ပွဲတော် နောက်ဆုံးနေ့တွင် နတ်ကွန်းများကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဆွေမျိုးစုလိုက်၊ မိသားစုလိုက်၊ အိမ်နီးချင်းလိုက် ဝိုင်းဖွဲ့ပြီး လက်ရည်တစ်ပြင်တည်း စားသောက်ကြခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများ ပြုလုပ်ကြသည်။ အချို့ဒေသများတွင် စစ်ရေးလေ့ကျင့်ခြင်းပါ ပြုလုပ်ကြကြောင်း သိရသည်။

ပွဲတော်ပြီး နောက်တစ်ရက်တွင် နှစ်သစ်ကူး(သို့) နှစ်ဆန်းတစ်ရက်နေ့ဟု သတ်မှတ်ကာ အိမ်တွင်းတွင် အနားယူကြသည်။ တောင်ယာသွား၊ ခရီးထွက်ခြင်းများ လုံးဝ ရှောင်ကြဉ်ရကာ သွားမိ၊ လုပ်မိလျှင် ကျိန်စာသင့်သည်ဟု ယူဆကြသည်။ ကျိန်စာသင့်သည် ဆိုရာတွင် လမ်းခရီးတွင် ဒုက္ခရောက်ခြင်း၊ အလုပ်အကိုင်အဆင် မပြေဖြစ်ခြင်း၊ မကျန်းမမာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု ယုံကြည်ကြသည်။

မြတ်(ကလေး)

The Voice Weekly

No comments: