Tuesday, October 22, 2013

ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ




ကွန်ဒုံး သုံးကြပါဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရင်နင့်ဖွယ် အမှာစကား
 မိန်းမသားတို့၏ သဘာဝမှာ ဟိုစပ်စပ် သည်စပ်စပ်နှင့် လူရာဝင်တတ်သော၊ စကားကြွယ်သော၊ ဖော်ရွေသော ယောက်ျား သူငါများကို ခံတွင်းတွေ့ တတ်ကြပါသည်။ ထို့ကြောင့် အရောတ၀င် ကြည်ဖြူ တတ်ကြ ပါသည်။ ထိုအခါ ယောက်ျားများ အကြိုက်ကို တစ်ခါတစ်ရံ အလိုက်ပေး ပေါင်းသင်း တတ်ကြရာက မမှားသင့်သည်များ မှားယွင်း သွားတတ်ကြပါသည်။ အခွင့်အရေးသည် နေရာတကာ မပေးကောင်းပေ။ အခွင့်အရေး ယူတတ်သူများနှင့် ကြုံလျှင်သာ ဆိုးတတ်ပါသည်။

အောက်ဖော်ပြပါ ဖြစ်ရပ်ကလေးတစ်ခုကို ဖတ်ကြည့်စေချင်ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း လက်လုပ်လက်စား မိန်းမ တစ်ဦး၏ ကိုယ်တွေ့ ရင်ဖွင့် ပြောပြ ချက်ဖြစ်ပါသည်။ ဒုက္ခသည်များ ကို စောင့်ရှောက်ရင်း သူတို့ ရင်ဖွင့် စကားများ ရေးသော စာတိုကလေးများကို စုဆောင်း၍ Japan International Cooperation Agency မှ ဓမ္မဒါနအဖြစ် ဘာသာပြန်ဆို ပေးထားပါသည်။

ကျွန်မမှာ ခုလဆို ဖောက်သည်ချခွင့် ရတဲ့အတွက် (စာအုပ်စီစဉ်သူများကို) အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်ရပါတယ်ရှင်။ ကျွန်မဟာ ကုရာနတ္တိ ရောဂါ အေ့ဒ်(စ်) ကြောင့် ကြေကွဲ ၀မ်းနည်းမှုတွေ ဘ၀မှာ ဖြစ်လာ ရတယ်ဆိုတာ ပြောပြချင်ပါတယ်။
ကျွန်မအသက် (၂၃) နှစ်ပါ။ ကျွန်မမှာ ညီမငယ် တစ်ယောက်နဲ့ ကျပ်မပြည့်တဲ့ မောင် တစ်ယောက် ရှိပါတယ်။ ညီမကတော့ အိမ်ထောင်ကျသွားပါပြီ။ ကျွန်မက မောင်လေးကို ပြုစုရင်း ကျပန်းအလုပ် လုပ်ကိုင် စားသောက်နေသူပါ။ မိဘတွေကတော့ ကျွန်မ အသက် နှစ်ဆယ့်နှစ်နှစ်မှာ ဆုံးပါးကုန်ကြပါပြီ။

ကျွန်မ ဘန်ကောက်မြို့ကြီးပေါ်မှာ အိမ်ဖော် အလုပ်လုပ်ပါတယ်။ ဂုဏ်ကြီးရှင်တွေရဲ့ အိမ်မှာပဲ ပေါ့လေ။ အဲဒီမှာ ကိုးလပဲ အလုပ်လုပ်ပြီး ကျွန်မ အလုပ်က ထွက်လိုက်ပါတယ်။ အကြောင်းကတော့ ကျွန်မရဲ့ အိမ်ကြီးရှင် အမျိုးသားရဲ့ အမူအရာတွေကို မကြိုက်လို့ပါ။ သူ့အပြုအမူတွေက ထူးခြားပါတယ်။ ကျွန်မကိုယ် ကျွန်မ မလုံလဲဘူးပေါ့။ ဒါနဲ့ တခြားအိမ်တစ်အိမ်မှာ ကလေးထိန်းအဖြစ် ပြောင်းလုပ်ပါတယ်။ တစ်လ ဘတ် (၃၀၀၀) ရတော့ အိမ်ကိုလည်း ပြန်ပို့ နိုင်တာပေါ့လေ။

ကျွန်မတို့ အိမ်နားမှာ ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခု ရှိပါသည်။ ကျွန်မဟာ ညနေတိုင်းဆိုရင် အိမ်ရှင်ရဲ့ ကလေးနဲ့အတူ လမ်းလျှောက် ထွက်ရပါတယ်။ အဲဒီမှာတင် လူတစ်ယောက်နဲ့ တွေ့ဆုံတော့တာပါပဲ။ သူက ပန်းရံ အလုပ်သမား ဆိုပါတော့။ ရင်းနှီး ခင်မင် သွားကြတော့လည်း သူ့ရဲ့ အပြောအဆို သူ့ရဲ့ လူရည်လည်မှုတွေ အပေါ် သဘောကျမိတာ ၀န်ခံပါတယ်။ တစ်နေ့ အလုပ်အားလပ်ရက် ရတာနဲ့ (သူလည်း အလုပ်အားတာမို့) ကျွန်မတို့ အလည်ခရီး ထွက်ဖြစ် သွားကြပါတယ်။

အဲဒီနေ့မှာပဲပေါ့။ ကျွန်မရဲ့ မဆင်မခြင်မှုကြောင့် ပါပဲလေ။ ကျွန်မဟာ သူ့ရင်ခွင်ထဲ ရောက်သွားမိပါတယ်။ သူ့ကို ယုံမိတာကိုး။ သူက လည်လည်ဝယ်ဝယ် ရှိတယ် မဟုတ်လား။ ဒီတော့လည်း အကာအကွယ်တွေ ဘာတွေ မယူခဲ့မိဘူးပေါ့။ ဒီနောက်ပိုင်း ကျတော့လည်း ကျွန်မဟာ သူ့ကို ရှောင်နေမိ ပြန်ပါတယ်။ သူကလည်း ကျွန်မနဲ့ ခပ်ဝေးဝေး ရှောင်နေလေ့ ရှိပါရဲ့။ သူ့မှာက ကျွန်မကို လှည့်ဖျားစရာတွေ အများသားလေ။ ကျွန်မကလည်း တော်တော် ရူးရူးမိုက်မိုက် လုပ်ခဲ့မိတာကိုး။ ကျွန်မမှာ ကိုယ်ဝန် နှစ်လ ရပြီဆိုတော့မှ နေရပ်ပြန်ပြေး ရတော့တာပါပဲ။

အဲဒီအချိန်မှာတော့ ကျွန်မဟာ သူ့ကို အရမ်း မုန်းနေပါပြီ။ သတ်ပစ်ချင်လောက်အောင် ကိုပါပဲရှင်။ သူနဲ့ ဆုံပါသေးတယ်။ သူကတော့ ကျွန်မကိုယ်ဝန်ဟာ သူနဲ့ရတာ မဟုတ်ဘူးလို့ ဇွတ်ငြင်း နေတော့တာပါပဲ။ ကိုယ်ဝန် ကိုးလရတော့ ကျွန်မ ဆရာဝန်နဲ့ ပြကြည့်ပါတယ်။ ဆရာဝန်က ကျွန်မကို ပြောတယ်။ ကျွန်မရဲ့ သွေး စစ်ချက်မှာ ပြဿနာ ရှိနေတယ်တဲ့။ ပြီးတော့ သားသမီး ရလာရင်လည်း ကလေးကို မိခင်နို့ မတိုက်ရဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မမှာ ....ကျွန်မ မှာလေ... အေအိုင်ဒီအက်(စ်) ရောဂါ စွဲကပ်နေလို့ ပါပဲတဲ့ရှင်။

ကျွန်မကမ္ဘာလေး ပျက်စီးသွားပါပြီ။ မျှော်လင့်ချက်တွေ ပျောက်ကုန်ပါပြီ။ တုန်လှုပ်ချောက်ချားမှု၊ ၀မ်းနည်းကြေကွဲမှု တွေသာ အထပ်ထပ် ရစ်ပတ်နေပါတော့တယ်။ ဒီဘ၀ ရောက်မှတော့ ကျွန်မအနေနဲ့ မိန်းမသားတွေ အပေါ်မှာ ကျေးဇူးပြုနိုင်တာ တစ်ခုပဲ ရှိပါတယ်။

“ကျွန်မလို စိတ်အလို မလိုက်မိ ကြပါစေနဲ့”

“ကျွန်မလို မစူးစမ်း မဆင်ခြင်မိ ကြပါစေနဲ့”

“အို ယောက်ျားတွေရဲ့ စကားတွေ၊ သူတို့ရဲ့ .... လူရည်လည်မှုတွေကို အထင်မကြီး မိကြပါစေနဲ့”

တကယ်လို့ စိတ်အလိုလိုက်မိမယ် ဆိုရင်လည်း ကြိုတင်ကာကွယ်ကြပါ။ ကွန်ဒုံးသုံးကြပါ။ ကျွန်မတို့ မိန်းမသားတွေဟာ ရိုးသားတယ်။ ယုံလွယ်တယ် ဆိုတော့ ကွန်ဒုံးသုံးလေ့ မရှိကြဘူး မဟုတ်လား။

သုမောင် - ကျေးဇူးပဲAIDS


မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး ဟုဆို

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင်တွင် HIV/AIDS ရောဂါပိုး ကူးစက်ခံရ၍ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူသူမှာ တစ်လလျှင် ပျမ်းမျှ ၅၀ ဦးခန့် တိုးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးအေးကျော်က The Voice သို့ ပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရ၍ ဆေးကုသမှုခံယူသူ လူဦးရေသည် ၂၀၁၁ ခုနှစ်အတွင်းက ၉၀ ဦးခန့်သာရှိခဲ့ရာမှ လက်ရှိ ၂၀၁၃ ခုနှစ်တွင် အဆိုပါမြို့နယ်တွင် ဆေးကုသမှု ခံယူသူ လူဦးရေ ၁၉၄၀ ခန့်ထိ ရှိလာကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် များအတွင်းက နယ်စပ်နှင့် ရွှေတောများသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ များတွင် အဆိုပါ ရောဂါပိုးကို အများဆုံးတွေ့ရှိခဲ့ရာမှ ယခုနှစ်တွင် လူထုလူတန်းစား အသီးသီးတွင် တွေ့ရှိလာရကြောင်း မိတ္ထီလာမြို့ ပြည်သူ့ ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရောဂါဝေဒနာရှင် များအတွက် ART ဆေးများကို ဒေသကန့်သတ်ချက်မရှိ ပေးလျက်ရှိရာ မည်သည့်မြို့နယ်တွင် နေထိုင်သည်ဖြစ်စေ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ရုံးသို့ လာရောက် ဆက်သွယ်ပါက ဆေးထုတ်ပေးမည် ဖြစ်ပြီး အဆိုပါ ART ကာကွယ်ဆေးများ ပေးရန် အလုံအလောက်ရှိကြောင်း ဒေါက်တာအေးအေးကျော်က ဆိုသည်။

လက်ရှိ မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရသူ ၄၅၀ ဦးရှိပြီး ART ဆေးသောက်သုံးသူ ၃၈၁ ဦး၊ သာစည်မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၂၈ ဦးရှိ၍ ART ဆေးသောက်သူ ၁၁၁ ဦး၊ ဝမ်းတွင်း မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၂၈ ဦး အနက် ဆေးသောက်သူ ၁၁၀ ဦး၊ မလှိုင် မြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၄၀ ဦးတွင် ဆေးသောက်သူ ၃၅ ဦး၊ ပျော်ဘွယ်မြို့နယ်၌ ရောဂါကူးစက်ခံရသူ ၁၂၄ ဦးရှိပြီး ဆေးသောက်သူ ၁၁၂ ဦး၊ ရမည်းသင်းမြို့နယ်တွင် ရောဂါကူးစက်ခံရသူ ၁၀၀ ဦးရှိပြီး ဆေးသောက်သူ ၇၀ ဦးရှိကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာ၊ အောက်တိုဘာ ၁၅


ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ

 လက်ရှိ သိရှိထားပြီးဖြစ်သည့် HIV ဗိုင်းရပ်စ်များထက် ပိုမိုပြင်းထန်သော မျိုးကွဲ တစ်မျိုးကို မိမိတို့ ဖော်ထုတ် တွေ့ရှိထားပြီဟု ယုံကြည်ရကြောင်း ရုရှားနိုင်ငံမှ သုတေသီများက ပြောကြားခဲ့သည်။ HIV မျိုးကွဲတစ်ခု အဖြစ် ယူဆရသော 02_AG/A ဗိုင်းရပ်စ်သည် ယခုအခါ ရုရှားနိုင်ငံ တဝှမ်းတွင် လျင်မြန်စွာ ပျံ့နှံ့လာနေပြီဟု ယုံကြည်ရသည်။ အထူးသဖြင့် ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀) ရာခိုင်နှုန်းသည် ယခု ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထားကြသည်။ 02_AG/Aသည် ဗိုင်းရပ်စ် အမျိုးမျိုး၏ မျိုးကွဲများအနက် ရုရှားတွင် တွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး၊ ဒုက္ခ အပေးနိုင်ဆုံး ပုံစံမျိုး ဖြစ်နေကြောင်းလည်း သိရှိရသည်။

ယခု HIV ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ချေချင်းညာ၊ ကာဂျစ်စတန်နှင့် ကာဇက်စတန်တို့တွင် ကူးစက်နေကြောင်းလည်း တွေ့ရှိထားသည်။ ယခုမျိုးကွဲ ဗိုင်းရပ်စ်ကို (၂၀၀၆) ခုနှစ်က နိုဗိုဆီဘာ့စ်ခ်မြို့တွင် ပထမဆုံး အကြိမ် တွေ့ရှိခဲ့သည်။ ဆိုက်ဘေးရီးယားရှိ ရုရှား အစိုးရ ဗိုင်းရပ်စ်ဗေဒနှင့် ဇီဝသုတေသနဌာန (VECTOR) မှ ပညာရှင်များက 02_AG/A ကို အမျိုးအစား ခွဲထုတ်နိုင်ခဲ့ပြီးနောက် အသေးစိတ် သုတေသနပြု လေ့လာလျှက် ရှိသည်။ နိုဗိုဆီဘာ့စ်ခ်တွင် (၂၀၀၇) ခုနှစ်မှ (၂၀၁၂) ခုနှစ်အတွင်း HIV ပိုး ရှိနေသူ အရေအတွက်သည် (၂၀၀၀) မှ (၁၅၀၀၀) သို့ ခုန်တက်လာခဲ့ပြီး ယင်းတို့အနက် ထက်ဝက်မျှသည် 02_AG/A ဗိုင်းရပ်စ်ကြောင့်ဟု သိရသည်။

HIV သည် သာမန်အားဖြင့် HIV-1 နှင့် HIV-2 ဟူ၍ နှစ်မျိုးသာ ကွဲပြားလေ့ ရှိပြီး HIV-1 က သက်ရောက်မှု ပိုမိုပြင်းထန် သည်။ ထို့ကြောင့်လည်း AIDS ရောဂါ ဖြစ်ပွားစေပြီး လူကို သေကြေသည်အထိ အန္တရာယ်ပေးသော အဓိက ဗိုင်းရပ်စ် အဖြစ် ယူဆထားကြသည်။ 02_AG/A က သေစေလောက်သည့် သက်ရောက်မှု အပိုင်းတွင် ပိုမိုပြင်းထန်ပြီး ကူးစက်မှုတွင်လည်း ပို၍လွယ်ကူကြောင်း သိရှိရသည်။ ယင်း၏ ကူးစက်ပုံသည် အခြား HIV ဗိုင်းရပ်စ်များ ကဲ့သို့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ် ဝေမျှသုံးစွဲခြင်း အစရှိသည့် အခြေအနေများ အတိုင်းပင် ဖြစ်သည်။ သုတေသီများက ရုရှားတွင် ကျောင်းတွင်း လိင်ပညာပေး လုပ်ငန်းများ အားနည်းခြင်းသည် HIV ကူးစက်မှု ကျယ်ပြန့်လာခြင်း၏ အခြေခံ အကြောင်းတရား တစ်ခုဟု အပြစ်တင်ထားသည်။

(၂၀၀၁) ခုနှစ် နောက်ပိုင်း ကတည်းက ကမ္ဘာအနှံ့တွင် HIV ရောဂါပိုး ကူးစက်မှုသည် (၃) ပုံ (၁) ပုံမျှ ကျဆင်းသွားသော်လည်း ကလေးငယ် အများအပြား ကူးစက်ခံနေရဆဲ ဖြစ်သည်။ ယမန်နှစ်က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် AIDS ဖြစ်ပွားစေသည့် ရောဂါပိုး ကူးစက်ခံရသူ (၂.၃) သန်း ရှိခဲ့ပြီး (၂၀၀၁) ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၃၃) ရာခိုင်နှုန်း နည်းပါးသွားခဲ့သည်။ ကလေးငယ်များ ရောဂါပိုး ကူးစက်မှု အရေအတွက် (၂၆၀၀၀၀) မျှ ရှိခဲ့ပြီး (၂၀၀၁) ခုနှစ်နှင့် ယှဉ်လျှင် (၅၂) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကုလသမဂ္ဂ စစ်တမ်းအရ သိရှိရသည်။


No comments: