Monday, April 30, 2012

လူပျိုကြီးဖြစ်ခါစ ဒုက္ခများ


အင်း... ခေါင်းစဉ်ကြည့်တာနဲ့တင် ဘာရေးတော့မယ်ဆိုတာ ရိပ်မိလောက်ရောပေါ့နော့်။ ဘ၀ကံခေလေသူမို့ ရုပ်ရည်လေးသနားကမားရှိတာတောင် မစွံ့နိုင်ရှာသေးသူလေးပါခင်ဗျာ။ တကယ်ပါ၊ အရင်ကတည်းက ကလေးလိုလိုခွေးလိုလို မလောက်လေးမလောက်စား ဘ၀ကို ဖြတ်သန်းနေတတ်သူဆိုလေတော့ လူကြီးတို့ဘာသာဘာဝ ချစ်ကြင်ထိမ်းမြားလက်ထပ်... အိမ်ထောင်တည်သားမွေးဆိုတာ ခေါင်းထဲတောင် ထည့်ခဲ့တာမဟုတ်ဘူးလေ။ မေးကြပါလိမ့်မယ်၊ ဒါဆို ရည်းစားစကားတွေ ပြောတုန်းက အတည်မကြံပဲ အပျော်ကြံတာလားပေါ့။ မဟုတ်ရေးချ မဟုတ်ရပါခင်ဗျ။ အဲဒီအချိန် အဲဒီတုန်း(တွေ)ကတော့ ချစ်ချစ်ချစ်ချစ်နဲ့ ဓာတ်ဆီဆိုင်ရှေ့ဖြတ်မလျှောက်ရဲလောက်အောင် ဒိန်းတလိန်းနတ်မီးတွေ ဟုန်းဟုန်းတောက်နေခဲ့သကိုး။
ဆိုတော့ကာ... ခေါင်းစဉ်ကို ပြန်ကောက်ပါဦးမယ်။ အသက်ကလေးကလည်း နှစ်ဆယ်ကျော် အစိတ်ပိုင်းထဲ ဝင်လာပြီးမဟုတ်လား။ ကိုရွာသားတို့ ကိုလင်းဒီပတို့အမှူးပြုတဲ့ လူပျိုသိုးအုပ်စုကြီးထဲကို ဝင်မJoinလောက်သေးပေမယ့် အများအမြင်မတော့ လူပျိုကြီးတပိုင်းဖြစ်လာပြီပေါ့လေ။ တကယ်ပါ၊ ကိုယ့်ကိုယ်ကို လူပျိုကြီးနေနေသာသာ လူပျိုလေးလို့တောင် သတ်မှတ်ချင်သေးတာမဟုတ်ဘူးရယ်။ ခုထိ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ ၁၀တန်းအောင်ခါစကောင်လေးတစ်ယောက်လိုပဲ ခံစားနေရတုန်းပဲလေ။ အရင်ကဆို အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတစ်ယောက်များလာရင် ကျွန်တော်တို့အုပ်လိုက် ဝိုင်းတွယ်နေကျပေါ့။ ခုတော့ ရွာထဲမှာလည်း ဂျိုထောင်မရှိသလောက်ဖြစ်ကုန်ပါပြီလေ။

ကိုယ့်ဖာသာမသတ်မှတ်ချင်သေးပေမယ့် ပတ်ဝန်းကျင်ဆိုတာကြီးက သတ်မှတ်ပေးလိုက်တော့လည်း ခံယုံပဲပေါ့။ အိမ်ထောင်ကျ ရည်းစားရတာ ဘယ်လိုနေလဲဆိုတာတော့ တခါမှမကြုံဘူးလို့ ဘာမှပြောနိုင်မှာမဟုတ်ပါဘူး။ တခါတလေ အချစ်ဝတ္ထုလေးရေးဖို့တောင် ကုန်ကြမ်းစိတ်ကူး ဖမ်းရတာမဟုတ်။ အဲ.. လူပျိုကြီးဖြစ်ရတဲ့ ဒုက္ခတွေကိုတော့ တော်တော်ပြောနိုင်ပါလိမ့်မယ်။ အကြီးဆုံးနဲ့ ခဏခဏ ကသိကအောက်ဖြစ်ရတာက ရည်းစားမရသေးဘူးလားလို့ အမေးခံရတာပါပဲ။ ရည်းစားမထားဖူးတာကိုပဲ လူဖြစ်ရှုံးသလိုလို၊ တခုခုပဲ ချို့ယွင်းနေသလိုလို အထင်ခံရသဗျို့။ ခဏခဏအမေးခံရတော့လည်း ကိုယ့်ဖာသာကိုယ်တောင် သံသယ ဝင်ဝင်လာလို့ မနည်းအားတင်းထားရသဗျာ။

ဒီထဲမှာ အောင်သွယ်လာလုပ်ပေးသူတွေလည်း ရှိသဗျ။ ကိုကြီးရေ ဒီကောင်မလေးတော့ လွတ်နေသေးတယ်၊ ဖမ်းထားလိုက်.. ရော့ သူ့အကောင့်ဆိုတဲ့ပို့လုံးတွေ၊ သူငယ်ချင်းအချင်းချင်းပဲကွာ လွတ်နေသူချင်း ဖိနပ်တိုက်ဆေးနဲ့ သွားပွတ်တံ တွဲရောင်းလဲ ဖြစ်တာပါပဲဆိုတဲ့ချွန်လုံးတွေ၊ အများကြီးပေါ့လေ။ တခြားလူတွေတော့မသိဘူး။ ကျွန်တော့် အဲလိုလာလုပ်ရင်တော့ ကုသိုလ်လုပ်တယ်လို့ပဲ သဘောထားပါတယ်။ နားရှုပ်သွားလားမသိဘူး။ ဒီလိုလေဗျာ။ ကျောင်းမှာကတည်းက ဟိုကောင်မလေး မိုက်သဟဆို နောက်နေ့ ခြင်းဆွဲပေးတဲ့လူနဲ့၊ ဒီတယောက်တော့ အေးအေးလေးဟေ့ဆို သတင်းစာထဲ စေ့စပ်ကြောင်းလမ်းတာ တလအတွင်းပါလာတာတို့ ဖြစ်ခဲ့တာကိုး။ (အံမယ်... မယုံမရှိနဲ့ ခုထိမှန်တုန်း ) ဖိုးသင်္ကြန်ကြီး ချိန်ပြန်ပဟေ့ဆို ဝိုင်းအုံလိုက်လိုက်ကြတာများဗျာ။ ကျွန်တော့်မှာတော့ ထိုးလိုက်တဲ့လက်ညိုးရာတွေသာ အဖတ်တင်တယ်။ နံမည်ကတော့ ကြီးပြီးရင်းကြီးရင်းပေါ့လေ။ မတော် လမ်းမှာပြန်တွေ့ရင်တောင် အဲဒါ မင်းချိန်ခဲ့တဲ့ တယောက်လေကွာတဲ့... ကြည့်၊ ဖြစ်ပုံများပြောပါတယ်။

နောက်တခုက အထင်မှားခံရတာပါ။ ကိုယ့်ဖာသာ အကြောင်းတခုခုနဲ့ မိန်းကလေးတယောက်ယောက်ကို မိတ်ဖွဲ့မိရင်တောင် ဒီကောင်ကြီးတော့ လုံးပြီဟေ့လို့ ထင်ကြပြန်ရော။ ပတ်ဝန်းကျင်က ထင်ယုံဆိုတော်သေး။ ကာယကံရှင်ကပါ တဖက်သက်ကြီးစိတ်ကူးတွေယဉ်လိုက်ပြီဆိုရင်တော့ ဆက်ဆံရေးတွေက ကမောက်ကမတွေဖြစ်ကုန်တာပေါ့။ ဒါမျိုးတွေဆို ဘဝတူ အပျိုကြီးတွေက ပိုများတယ်။ သူတို့နဲ့စကားပြောရင် သတိထားနေရတယ်။ ခပ်ငယ်ငယ်လေးတွေကျပြန်တော့လည်း ဘေးက ဝိုင်းနောက်တာနဲ့ ကြောက်ကန် ကန်ကုန်ကြရော။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။ မိန်းကလေးတွေနဲ့ အပေါင်းအသင်းမလုပ်ဘူးကွာ၊ စိတ်တူကိုယ်တူ ဘော်ဒါတွေနဲ့ပဲ ဟေးလားဟားလား နေမယ်ဆိုပြန်တော့လည်း Gay ဖြစ်သွားပြီလို့ သရိုးသရီလုပ်ကြပြန်ရော။ အဲလောက်ဆိုးတဲ့ ဘဝပါခင်ဗျာ။

ရှိပါသေးတယ်။ သာမန်လူတစ်ယောက် ပြုမူလှုပ်ရှားပုံနဲ့ လူပျိုကြီးလို့ အသတ်မှတ်ခံလိုက်ရသူ လှုပ်ရှားပုံ တန်ဖိုးဖြတ်ပုံချင်းလည်း မတူတော့ဘူးဗျ။ ကိုယ့်အဖေအမေဖို့ရှာတာတောင် ကျိတ်စုနေတာတဲ့။ ကိုယ့်ဖာသာမူးပြန်တော့လည်း အဆက်ဟောင်းကို သတိရလို့တဲ့။ သီချင်းလေးညည်းပြန်တော့ တခုခုတော့ တခုခုပဲတဲ့။ ပိုသီပတ်သီနေတော့ လူပျိုသိုးကြီးမို့ ဒီလို၊ သန့်သန့်ပြန့်ပြန့်နေပြန်တော့ လမ်းကြောင်းရှာပြန်ပြီ.. တဲ့။

မင်းတို့အပြောတော့ မခံဘူးဟေ့၊ ထမင်းထုပ်ထမ်းပြီးရှာမယ်ဆိုရအောင်ကလည်း နဖူးပေါ်က ချွန်းရာတွေကြောင့် ဗျည်းနွဲ့မြင် သတ်ချင်နေတော့တာနဲ့ပဲ အဆင်ကိုမပြေပါဘူးလေ။ လူပျိုကြီးဖြစ်တာ အားငယ်နေတာမဟုတ်ပါ။ လူတွေထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူလိုနေ နေသူတွေသာ ဖြစ်ပါတယ်ခင်ဗျာ။ များသောအားဖြင့် ကျွန်တော်တို့ဟာ အများထင်ကြသလို လူ့မလွန်မသားတွေ မဟုတ်ရပါ။ ခံဖူးတဲ့သင်ခန်းစာတွေကြောင့် သို့မဟုတ် တွေးကြောက်မိတဲ့ ထောင်အချုပ်တွေကြောင့် သို့မဟုတ် ဖူးစာမှင်ရေခမ်းနေကြတာကြောင့်သာ အေးအေးဆေးဆေး နေနေကြသေးသူတွေပါ။ ဒီစာတွေရေးနေလို့ စာဖတ်သူတို့ ကျွန်တော်တို့လူသိုက်ကို သနားလာမယ်လို့ မမျှော်လင့်ပါဘူး။ စာနာပေးရင်ပဲ ကျေနပ်ပါပြီ။ နောက်နောင်များ လူပျိုကြီးများတွေ့ရင် ကျေးဇူးပြု၍ ကျွန်တော်တို့ရဲ့ လွတ်လပ်သော နေထိုင်မှုကြီးများကို မနှောင့်ယှက်ကြပါနဲ့၊ မယိုးစွတ်ကြပါနဲ့လို့ တောင်းပန်ရင်းနဲ့ပဲ....

No comments: