Thursday, April 26, 2012

ရေသောက်နည်း အထိုင်များသော နေ့စဉ်ဘ၀နှင့် ဆီးကျောက်တည်ရောဂါ



ဆီးကျောက်ဆိုတာ (urethral stone)

ဆီးကျောက်တည်ခြင်းဆိုတာ ဆီးထဲမှာပါတဲ့ သတ္ထုဓာတ်ဆားတွေစုဖွဲ့ပြီး ကျောက်ခဲသေးသေးလေးတွေအဖြစ် အနည်ကျဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သဲမှုန့်လောက်ကနေ ဂေါက်သီးလုံးလောက်အရွယ်အထိ အမျိုးမျိုးရှိနိုင်ပါတယ်။ ကျောက်ကပ်ထဲမှာ (သို့)ဆီးလမ်းကြောင်းထဲမှာ ရှိနေနိုင်ပါတယ်။

ရောဂါလက္ခဏာများ

ကျောက်ကပ်ထဲမှာ ဖြစ်လာတဲ့ ဆီးကျောက်ဟာ ကျောက်ကပ်ထဲမှာပဲ ဆက်ရှိနေတယ် (သို့) အရမ်းသေးတယ်ဆိုရင် နာကျင်တဲ့ဝေဒနာ များသောအားဖြင့် မပေါ်ပါဘူး။ ဆီးစွန့်ထုတ်တဲ့ ဆီးပြွန်လမ်းကြောင်း တစ်နေရာရာမှာ ရှိနေတယ်၊ နည်းနည်းလည်းကြီးတယ်ဆိုရင်တော့ ပြင်းထန်တဲ့နာကျင်မှုတစ်ရပ် ခါး၊ နံပါး၊ ၀မ်းဗိုက်၊ ပေါင်ကြားနဲ့ လိင်အင်္ဂါစတဲ့ နေရာအနှံ့မှာ ရုတ်တရက်ပေါ်ပေါက်လာတတ်ပါတယ်။ အရမ်းကိုနာတာပဲ၊ တစ်ခါမှ မခံစားဖူးဘူးလို့ လူနာအများစုက ပြောဆိုစမှတ်ရှိတာတွေ့ရပါတယ်။ အစာအိမ်နေရာလောက်ကပါ အောင့်သလိုလို၊ ပျို့ချင် အန်ချင်သလိုလိုပါ ခံစားရတတ်ပါတယ်။

ဆီးသွားရင် သွေးပါလာတတ်တယ်။ ဆီးဟာ သွေးပါရင် သွေးနီရောင်ဖြစ်နိုင်သလို မီးခိုးရောင်၊ နီညိုရင့်ရောင်ဆီးလည်း ဖြစ်နိုင်တာကို သတိပြုရပါမယ်။ ပြီးတော့ ဆီးသွားရင် နာတတ်တယ်။ ခဏခဏလည်း သွားချင်မယ်။ ဒီလိုခံစားရတာဟာ ဆီးအိမ်(သို့) ဆီးစွန့်ပြွန်ထဲမှာ ကျောက်ရောက်လာလို့ဖြစ်နိုင်သလို အဲဒီကျောက်ရှိနေလို့ နောက်ဆက်တွဲအနေနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ရောဂါခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာဖြစ်တဲ့ဝေဒနာတွေဟာ အူအတက်ရောင်ခြင်း၊ အူကျ အူကျွံခြင်း၊ နေရာမှားပြီး သန္ဓေတည်ခြင်း၊ အမျိုးသားဆီးကျိတ်ရောင်ခြင်းစတဲ့ ရောဂါများရဲ့ လက္ခဏာတွေနဲ့သွားတူနေတတ်တာ သတိပြုရပါမယ်။

ဆီးကျောက်တည်စေတဲ့အကြောင်းများ

ဆီးကျောက်တည်စေတဲ့ နောက်ခံအကြောင်းတရား အတော်များများရှိပါတယ်။ ၄င်းတို့ကိုကျွန်တော်တို့ ထိန်းချုပ်နိုင်သော အကြောင်းတရားများနဲ့မထိန်းချုပ်နိုင်သောအကြောင်းတရားများရယ်လို့ နှစ်မျိုးခွဲခြားနိုင်ပါတယ်။

ထိန်းချုပ်နိုင်တာတွေကတော့

(၁) နေ့စဉ်ရေသောက်သော ရေပမာဏ - ဆီးကျောက်တည်ခြင်းရဲ့ အဖြစ်ရဆုံး အကြောင်းတရားကတော့ နေ့စဉ်လုံလောက်တဲ့ ရေပမာဏဖြစ်အောင် မသောက်ခြင်းကြောင့် ဓာတ်ဆားတွေ စုဖွဲ့ကာကျောက်ဖြစ်သွားခြင်းပါပဲ။ ဆီးအရောင်ဟာ အ၀ါဖျော့ဖျော့ (သို့)ရေလို ကြည်လင်နေလောက်အောင် တစ်နေ့ကို ရေဖန်ခွက်နဲ့ ဂခွက်ကနေ ၁၀ခွက်ခန့်သောက်ပေးရပါမယ်။ ထို့အတူ ဆီးအောင့်ထားပြီး အလုပ်ဆက်လုပ်နေတာမျိုး၊ ဆီးသွားဖို့ မေ့နေတတ်တာမျိုး မရှိရလေအောင် ဆီးကို သတိပြုပြီး သွားပေးတဲ့အကျင့် မွေးမြူပါ။

(၂) နေ့စဉ်အစားအစာ - အသားများများ၊ အငန်များများ အစားအစာတွေ၊ အောက်ဆဲလိတ် (Oxalate) ဒြပ်ပေါင်းကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေနဲ့ မြေပဲစတဲ့ စားစရာတွေနေ့တိုင်းနီးပါးစားရင် အရွယ်ရလာချိန်မှာ ကျောက်တည်ဖို့ အတော်လေးနီးစပ်ပါတယ်။

(၃) အ၀လွန်နေခြင်း - အ၀လွန်ရင် အင်ဆူလင်ဟော်မုန်း အာနိသင်လျော့့ကျခြင်း (Insulin Resistance) နဲ့ဆီးထဲမှာ ကယ်လိစီယမ်ခေါ် ထုံးဓာတ်တွေများနေခြင်း ဖြစ်လာစေပါတယ်။ ဒီနှစ်ခုပေါင်းရင် ဆီးကျောက်တည်ဖို့ အတော်လေးနီးစပ်ပါတယ်။(အ၀လွန်သူတွေဟာ ဆီးကျောက်သာမက သည်းခြေကျောက်ပါ တည်နိုင်ပါတယ်)

မထိန်းချုပ်နိုင်တာတွေကတော့....

(၁) အသက်အရွယ် - အသက်ကြီးလာလေလေ ဆီးကျောက်ဖြစ်ဖို့ နီးစပ်လေဖြစ်ပါတယ်။ ဒါဟာ ၁၀၀%တားဆီးလို့ မရနိုင်ပါ။

(၂) ကျား/မ ကွာခြားမှု - အသက်၃၀နဲ့ ၅၀ကြားအမျိုးသားတွေဟာ ဆီးကျောက်တည်ဖို့ အနီးစပ်ဆုံးသူများဖြစ်ပါတယ်။ အမျိုးသမီးတွေကျတော့ သွေးဆုံးပြီးလို့ မဟော်မုန်း အီစထရိုဂျင်နည်းလာတော့မှ နီးစပ်ပါတယ်။ အသက်ငယ်ငယ်ပေမဲ့ ရောဂါတစ်ခုခုကြောင့် သားဥအိမ်တစ်ဖက်(သို့)နှစ်ဖက်စလုံး ထုတ်ပစ်လိုက်ရသူတွေလည်း ဆီးကျောက်တည်ခြင်း အန္တရာယ်ရှိပါတယ်။

(၃) မျိုးရိုး - မိဘမျိုးရိုးမှာ ဆီးကျောက်တည်ဖူးသူတွေဟာလည်း ခံစားရဖို့သူများတွေထက်စာရင် ပိုနီးစပ်ပါတယ်။

(၄) ဆီးလမ်းကြောင်းပိုးဝင်ရောဂါ - ခဏခဏ ဆီးပူ၊ ဆီးအောင့်၊ဆီးကျင်ဖြစ်ရသူတွေဟာ ဆီးကျောက်တည်ခြင်း ၀င်လာနိုင်ပါတယ်။ ဒါဟာထိန်းချုပ်လို့ရတဲ့ အချက်လို့ပြောရင်လည်း ရတာပါပဲ။

(၅) ရောဂါအချို့ရှိနေခြင်း - ကူးစက်ရောဂါမဟုတ်ဘဲ ကိုယ်ထဲကဖြစ်တဲ့ ရောဂါတွေဟာ ဖြစ်လာပြီးရင် မပျောက်တော့ဘဲ ဆီးကျောက်တည်ခြင်းကို သွယ်ဝိုက်အားပေးပါတယ်။ ဥပမာ Crohn ရောဂါ ပါရာသွိုင်းရွိုက်ဟော်မုန်းများသော ရောဂါ၊ ဂေါက် ခေါ် ဒူလာရောဂါ၊ ဆီးချိုရောဂါ စသဖြင့်ပေါ့။

(၆) အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်မှုလုပ်ထားခြင်း - ရောဂါတစ်ခုခုကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းတစ်နေရာရာမှာ မဖြစ် မနေခွဲစိတ်မှု ခံယူလိုက်ရသူများ ဆီးကျောက်ကို ပုံမှန်လူတွေထက် ပိုသတိထားရပါမယ်။

ဘယ်အခြေအနေမှာ ဆရာဝန်ပြရမလဲ....

အောက်ပါ လက္ခဏာတွေဟာ ဆီးကျောက်တည်နေပြီလို့ အကြမ်းဖျဉ်း ညွှန်ပြနေတဲ့အတွက် တစ်ခုခု စပေါ်လာပြီဆိုတာနဲ့ အမြန်ဆုံးဆရာဝန်ပြပါ။

- ခါးနဲ့ ခါးပတ်လည်၊ ၀မ်းဗိုက်၊ပေါင်ခြံ၊ လိင်အင်္ဂါ(ဆီြး့ပွန်) စသည်တို့မှာ ရုတ်တရက် ပြင်းထန်စွာ နာကျင်မှု ပေါ်လာခြင်း

- ဆီးထဲသွေး(သို့) သွေး၏နောက်ဆက်တွဲဟု သံသယဖြစ်ဖွယ်ရှိသည့် မီးခိုးရင့်ရောင်၊ အရောင်မှိုင်းမှိုင်း အနှစ်များ ပါလာတတ်ခြင်း

- ဆီးပူ၊ဆီးအောင့်၊ ဆီးကျင်ခြင်း

ဆီးကျောက်ရှိကြောင်း စမ်းသပ်စစ်ဆေး သိရှိပြီးသူတွေကျတော့.....

- အလွန်အမင်း ပျို့ခြင်း၊ အန်ခြင်း

- ချမ်းတုန်ဖျားခြင်း

- ခါးနှင့်ပတ်လည်မှာ မခံမရပ်နိုင်အောင်နာကျင်ခြင်းစတဲ့ ဝေဒနာတွေပေါ်လာရင်ချက်ချင်း ဆရာဝန်ပြန်ပြပါ။

အချို့ကျတော့ ဘယ်လိုဝေဒနာမျိုးမှ မရှိခဲ့ဘဲ ဆီးသွားရင်းကျောက်ပါလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ကျောက်ကိုသိမ်းထားပြီး ဆရာဝန်ပြပါ။ ဝေဒနာမပေါ်တဲ့ ကျောက်အမျိုးအစားတွေရှိတတ်လို့ မပေါ့သင့်ပါ။

ဆီးကျောက်ဟုတ်မဟုတ် ဘယ်လိုစစ်ဆေးမလဲ....

ဝမ်းဗိုက်ဓာတ်မှန် (KUB X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (Ultrasound) ခေါ် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း၊ CT Scan ကို ခါးတစ်ပတ်လှည့်ရိုက်ခြင်း၊ ကျောက်ရဲ့အရွယ်အစား၊ ပုံသဏ္ဌာန်၊တည်နေရာ တိတိကျကျ သိနိုင်ဖို့ ဆေးထိုးပြီးရိုက်တဲ့ IVP ၊ ကျောက် အမျိုးအစားသိရဖို့ သွေးဓာတုအဖြေ စစ်ဆေးခြင်း၊ ၁၄နာရီ ဆီးခံယူစစ်ဆေးခြင်း၊ ဆီးကို ဓာတ်ခွဲစစ်ဆေးခြင်း စတဲ့စစ်ဆေးမှုတွေ အဆင်ပြေသလို လိုအပ်သလိုလုပ်ရပါတယ်။

ဘယ်လို ကုသမလဲ....

ကုသမှုအနေနဲ့ကတော့ အရမ်းသေးတဲ့ဆီးကျောက်ဟာ ဘာနည်းနဲ့မှကုစရာမလိုဘဲ နာကျင်မှုသက်သာတဲ့ဆေးတွေပေးပြီး အရည် များများသောက်စေကာ ကျသွားအောင် ကုသပါတယ်။ ဒါကတော့ အနည်းစုမှာပဲ အဆင်ပြေတာတွေ့ရပါတယ်။ အကိုက်အခဲပျောက် ဆေးခေါ် စတီးရွိုက်မဟုတ်တဲ့ အရောင်ကျဆေးများပေးပြီး အနာသက်သာစေရင်း အရည်များများသောက်စေတဲ့နည်းဖြစ်ပါတယ်။

ကျောက်က အရွယ်ကြီးနေပြီး ဆီးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်နေလို့ နာကျင်မှုဆိုးတယ်၊ ပိုးခဏခဏ၀င်နေတယ်ဆိုရင်တော့ Lithotripsy ခေါ် ခွဲစိတ်မှုလုပ်ဖို့ ဆရာဝန်ကအချက်တွေအများကြီးအပေါ် အခြေခံပြီး စဉ်းစားပါလိမ့်မယ်။ အခုခေတ်စားနေတဲ့ နည်းက တော့ ESWL (Extracorporeal Shock Wave Lithotripsy) ခေါ် စက်နဲ့ကျောက်ချေတဲ့နည်းပါပဲ။ သူကတော့ ကျောက်အရွယ်အစားသေး မှ လုပ်လို့ရတဲ့ ကန့်သတ်ချက်ရှိပါတယ်။ သတ်မှတ်ထားတဲ့ အရွယ်အစားထက်ကြီးနေရင် စက်နဲ့ချေလို့မရဘဲ ခွဲစိတ်ဖို့ဦးစားပေးစဉ်စား ရပါမယ်။ Ueteroscopy ခေါ် စက်နဲ့ကြည့်ပြီး ချေတဲ့၊ဖယ်ရှားတဲ့နည်း လည်းသုံးနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ....

အထက်မှာဖော်ပြခဲ့တဲ့ ရေများများသောက်ခြင်း၊ ဆီးအောင့်အညောင်းထိုင်ခြင်းကို လျှော့ချ၍ဆီးသွားပေးခြင်း၊ နေ့စဉ်အစားအသောက်၌ အသားလျှော့စားခြင်း၊ ဆီးကျောက်တည်ရောဂါဝင်လာစေမယ့် ရောဂါတွေရှိရင် စနစ်တကျကုသထိန်းချုပ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။

ဆက်ပိုင်လင်းခန့် (ဆေး ၂ )

Credit: www.people.com.mm

No comments: