Saturday, February 24, 2018

“ကလေးသူငယ်များကို ၀န်းရံပေးပါ”


“..ရူးနေအောင် အလှပြင်ထား.. ငါ့ပုံစံ လန်းနေလား..”

ဆေးခန်းရဲ့ အ၀င်ဝမှာ ၀ိုင်းစုခိုင်သိန်းရဲ့ သီချင်းသံက ခပ်တိုးတိုးလေး ထွက်ပေါ်နေတယ်။ ဆေးခန်းပြဖို့ စောင့်ဆိုင်းနေတဲ့ လူနာတွေကတော့ တီဗွီကို ငေးလိုက်၊ စာစောင်ငုံ့ဖတ်လိုက်၊ စကားစမြည် ပြောလိုက်နဲ့ပေါ့။ တီဗွီဖန်သားပြင်ထက်မှာတော့ အရမ်းကို လှပနေတဲ့ မင်းသမီးလေးတွေက မိန်းကလေးဘ၀ဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်း၊ သူတို့ ဘယ်လောက်နှစ်သက်ကြောင်းကို သီချင်းအဓိပ္ပါယ်နဲ့ လိုက်ဖက်စွာ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း သရုပ်ဖော်ပြနေလေရဲ့။

ဆွေးနွေးခန်းအတွင်းက ကျွန်တော့်ရဲ့ ရှေ့တည့်တည့်မှာတော့ အသက် ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ သူ့အမေ အမျိုးသမီးကြီးတစ်ယောက်တို့ ထိုင်နေတယ်။ ကလေးလေးက ကျွေးထားတဲ့မုန့်ကို အပူအကင်းစွာ စားနေပေမဲ့ သူ့အမေရဲ့ မျက်လုံးတွေမှာတော့ မျက်ရည်တွေက တွဲလို့ ခိုလို့။

“ဟုတ်ကဲ့၊ ဖြစ်ပုံလေး ပြောပြပါဦး”

“ဒီလိုပါ ဆရာ၊ အဲဒီလူကြီးက ကျွန်မတို့ရပ်ကွက်ထဲကပါပဲ။ ဘုရားတရား လုပ်လွန်းလို့တောင်မှ အားလုံးက လေးစားနေကြတာ၊ ကလေးတွေကိုလည်း ခေါ်ပြီးမုန့်ကျွေးလိုက်၊ မုန့်ဖိုးပေးလိုက် အမြဲလုပ်နေကျ၊ ကလေးတွေကလည်း သူ့အိမ်ကို အမြဲတမ်း ၀င်နေ ထွက်နေတာပါပဲ။ ကျွန်မတို့ကလည်း မထင်ဘူးပေါ့။ အခု သူတို့ကလေးချင်းပြောနေတာကို ကြားတော့မှပဲ သိရတာ။ သမီးကလည်း ငယ်သေးတော့ ဘာမှန်းသိတာ မဟုတ်ဘူး။ နောက်ပြီး ဘယ်သူ့ကိုမှ ပြန်မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်လိုက်သေးတာ တဲ့။ ဖြစ်တာကတော့ ၂လလောက်တောင် ရှိနေပြီ ဆရာ”

“ဟုတ်လား၊ သမီးလေးလည်း မှတ်မိသလောက် ဦးကို နည်းနည်းပြောပြပါဦး။”

“သမီးတို့က သူ့အိမ်ရှေ့မှာ ကစားနေတာ၊ အဲဒါနဲ့ မောလို့ သူ့အိမ်မှာ ရေ၀င်သောက်တုန်း အခန်းထဲကိုလိုက်ခဲ့၊ မုန့်ကျွေးမယ် ဆိုပြီး ခေါ်တယ်။ ပြီးတော့.. ..”

အဲဒီလူကြီးက သူ့ကို ဘယ်လိုလုပ်လိုက်ကြောင်း လက်ထဲမှာ ဆော့ဖို့ပေးထားတဲ့ ဘိုမအရုပ်လေးနဲ့ သရုပ်ပြပေးပါတယ်။

ခန္ဓာကိုယ်ပြင်ပမှာ ဘာဒဏ်ရာဒဏ်ချက်မှ မရှိသလို၊ ဖြစ်ခဲ့တာကလည်း ၂လလောက်တောင် ရှိနေပြီမို့ ကျန်းမာရေးကဏ္ဍအနေနဲ့ လုပ်ပေးနိုင်တာတော့ သိပ်မကျန်တော့ပါဘူး။ ကလေးကို စိတ်ပိုင်းဆိုင်ရာ အားပေးဖို့နဲ့ လူမှုရေးပိုင်း အကူအညီတွေ ရအောင် ချိတ်ဆက်ပေးဖို့ပဲ လုပ်စရာရှိပါတော့တယ်။ အဲဒီလို ကျွန်တော့်ဆီကို ရောက်လာတဲ့သူတွေ အားလုံးနီးပါးက ဖြစ်ပြီးတာ အတော်ကြာမှ ကျန်းမာရေးစောင့်ရှောက်မှု လာယူကြတဲ့ delayed care seeker တွေချည်းပါပဲ။ ဒီကလေးကကျတော့ အမေက စာမတတ်ဘူး၊ အဖေက အဝေးမှာ အလုပ်သွားလုပ်နေတယ်။ နောက်ကလေးတစ်ယောက်က မိဘမဲ့၊ အရက်သမား ဦးလေးနဲ့ အတူတူနေတယ်။ နောက်တစ်ယောက်ကျပြန်တော့ အဖေက လက်လုပ်လက်စား၊ အမေက လေဖြတ်ပြီး အိပ်ရာထဲလဲနေတယ်။ နောက်တစ်ယောက်ကျ ဥာဏ်ရည်မမီဘူး။ သူတို့အကြောင်းတွေ နားထောင်ရင်း ကိုယ်ပါ မျက်ရည်ကျချင်မိပါတယ်။ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါးဖြစ်ရုံတင်မဟုတ်ဘူး၊ လုံးဝကို မှောင်အတိကျနေတာပါ။

မီဒီယာတွေ ပိုပွင့်လင်းလာတဲ့ ခုနောက်ပိုင်းမှာ အရမ်းကို အတွေ့ရများလာတဲ့ ပြဿနာတစ်ခုကတော့ ကလေးသူငယ် အဓမ္မပြုကျင့်မှု (Child sex abuse) ပါပဲ။ ဒါတောင် မီဒီယာတွေပေါ် တက်မလာတဲ့ အဖြစ်အပျက်တွေအများကြီးပဲ ရှိဦးမှာပါ။ ကလေးဆိုတော့ ဘာမှမသိသေးတာကိုပဲ အခွင့်ကောင်းယူနေကြလား၊ ကိုယ်ဝန်မရနိုင်သေးတဲ့အရွယ်မို့ပဲ နောက်ဆက်တွဲပြဿနာ ဘာမှမရှိဘူးလို့ ထင်နေကြလားတော့ မသိပါဘူး၊ မောင်နှမသားချင်းတွေမှာလည်း ဖြစ်ရဲ့၊ လက်နဲ့ ဒါမှမဟုတ် တခြားပစ္စည်းတစ်ခုခုကို ထည့်ပြီး ကျူးလွန်ကြတာတွေလည်း ရှိရဲ့၊ စုံနေအောင်ကိုပဲ ကြားရပါတယ်။

အရင်က အဲဒီလိုကိစ္စတစ်ခုဖြစ်ရင် ပြုကျင့်ခံလိုက်ရတဲ့သူကို victim လို့ သုံးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အားပေးဖို့၊ ထပ်ပြီး စိတ်မှာ ထိခိုက်မသွားဖို့ဟာ သူတို့ကို အားပေးကူညီစောင့်ရှောက်တဲ့နေရာမှာ မဖြစ်မနေ အလေးထားရတဲ့ကိစ္စမို့ အသုံးအနှုံးကအစ သတိထားရပါတယ်။ ဒါကြောင့် victim လို့ မသုံးဘဲ survivor လို့ သုံးပါတယ်။ ဒီလိုတုန်လှုပ်စရာကောင်းတဲ့ ကိစ္စကြီးတစ်ခု ဖြစ်သွားတာတောင်မှ ပြန်လည်နိုးထနိုင်သူ၊ အသစ်တစ်ဖန် ရှင်သန်နိုင်သူရယ်လို့ အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ပါ။ အသုံးအနှုံးကတော့ အဲဒီလိုရည်ညွှန်းပေမဲ့လည်း အဲဒီကလေးမလေးတွေ တကယ်ရော ရုန်းထလာနိုင်ပါ့မလားဆိုတာကတော့ မရေရာ မသေချာပါဘူး။ မဖြစ်နိုင်ဘူးလို့တောင် ရင်နာနာနဲ့ ပြောလိုက်ချင်ပါတယ်။ အကြောင်းကတော့ ဘက်ပေါင်းစုံက ထိုးနှက်ချက်တွေက ရုန်းထလာမဲ့သူတို့လေးတွေကို အသင့်စောင့်ကြိုနေကြလို့ပါပဲ။


(၁) တရားဥပဒေစိုးမိုးမှု

တရားဥပဒေစိုးမိုးရေးဆိုတာကတော့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့မှာ မတွေ့ရလွန်းလို့ မှန်ဘီလူးနဲ့တောင် လိုက်ရှာနေရတဲ့ အရာတစ်ခုပါ။ ဒီနေရာမှာမှ မဟုတ်ပါဘူး၊ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ကို ဖြစ်နေတဲ့ ပြဿနာပါ။ လွှတ်တော်မှာ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းများလာပြီး အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ဒီထက်ပိုပေါ်ထွက်လာဖို့က ခဏထားလိုက်ပါဦး၊ လက်ရှိ ပြဌာန်ထားပြီးသား ဥပဒေတွေကိုပဲ အထက်မှာ ဘယ်သူမှ ဘာမှ မရှိအောင် အရင်လုပ်ကြရမှာပါ။

ဒီအမှုတွေဟာ ရဲအရေးပိုင်တဲ့အမှုပါ၊ သိရက်နဲ့ ရဲကို အကြောင်းမကြားရင် ထိမ်ချန်မှုနဲ့တောင် အရေးယူလို့ ရပါတယ်။ နောက်ပြီး ကျေအေးခွင့်လည်း မရှိပါဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ တခါတလေ အုပ်ချုပ်ရေးမှူးနဲ့တင် ပြီးသွားပါတယ်။ ညှိခိုင်း နှိုင်းခိုင်းလိုက်ပြီး လျော်ကြေးတစ်စုံတစ်ရာနဲ့ အဆင်ပြေသွားပါတယ်။ တရားရုံးထိ ရောက်သွားတဲ့အခါမှာလည်း လုပ်ထုံးလုပ်နည်းအရ ရုံးချိန်းတွေ အကြိမ်ကြိမ်အခါခါ တက်ရ၊ ပိုက်ဆံတွေကလည်း ကုန်တော့ ကြာကြာတောင့်မခံနိုင်ကြဘူး။ နောက်ထပ်တစ်ခါ ညှိကြနှိုင်းကြပြီး လျော်ကြေးနဲ့ပဲ ဇာတ်လမ်းက ပြတ်သွားပြန်ပါတယ်။ ကလေးဆိုတော့လည်း ရေလည်အောင် မပြောတတ်၊ တစ်ဖက်ကလည်း အကြောက်အကန်ငြင်း၊ ကျူးလွန်တဲ့သူအများစုကလည်း အခြေမဲ့အနေမဲ့တွေ မဟုတ်၊ ဘယ်လိုမှ ထင်စရာမရှိတဲ့ လူတွေ၊ အများအားဖြင့် ဖြစ်ပြီးအတော်ကြာမှ သိတတ်ကြတာဆိုတော့ ဆေးစစ်ချက်ဆိုတာကလည်း ကျူးလွန်တဲ့ကိစ္စတိုင်းမှာ ခိုင်ခိုင်မာမာ မတွေ့ရတတ်။ အကျင့်ပျက်ခြစားမှုတွေကလည်း တပုံတပင် ရှိနေပြန်သေးတယ်။ ဒီတော့ အမှုကိစ္စက မပြီးဆုံးနိုင်တော့ဘူး။ အဲဒီလိုကိစ္စတွေမှာ ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး လိုက်ပါကူညီပေးနေတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ပြောဖူးတယ်၊ ခံလိုက်ရတဲ့သူသာ ဗိုက်ကြီးပြီး ကလေးမွေးသွားမယ်၊ အမှုက ပြတ်မှာမဟုတ်ဘူး တဲ့။ အဲဒီတော့ အစကတည်းက ညှိခိုင်းလိုက်တဲ့ အုပ်ချုပ်ရေးမှူးရဲ့ အမြော်အမြင်ကိုပဲ လေးစားကြရမလိုလို။ သူတို့ကိုလည်း အပြစ်တင်လို့တော့ မရပါဘူး။ ကိုယ်ဆိုလည်း ဒီလိုအကြံပေးမိမလားပဲ။ ယိုင်နဲ့နေတဲ့ တရားစီရင်ရေးစနစ်မှာ ကိုယ့်ဟာကိုယ်ပဲ အဆင်ပြေသလို စီရင်နေကြရပါတယ်။ ဒီတော့ လျော်ကြေးဆိုတာဟာလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ (ခေတ်စကားနဲ့ပြောရင် win win ပေါ့) အညင်သာဆုံးနဲ့ အမြန်ဆန်ဆုံး စီရင်ထုံးတစ်ခု ဖြစ်လာပါတယ်။

တကယ်တော့ အဲဒီလို လျော်ကြေးကိစ္စဆိုတာ လူတစ်ယောက်ရဲ့ ဘ၀၊ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာတွေကို ငွေလေးမဖြစ်စလောက်နဲ့ အလဲအထပ်လုပ်လိုက်တာပါပဲ။ တကယ်ဆို လူသတ်မှုကမှ လူပဲသေတာပါ၊ ဒီကိစ္စက ဘ၀တစ်ခုလုံး ရစရာမရှိအောင် စုတ်ပြတ်သွားနိုင်ပါတယ်။ တစ်သက်လုံး အရိပ်ဆိုးကြီးတစ်ခုက သူတို့လေးတွေနောက်ကို လိုက်နေတော့မှာပါ၊ မထူးဇာတ်ခင်းလိုက်တော့မယ် ဆိုပြီး ပြည့်တန်ဆာဘ၀တောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်သွားနိုင်ပါတယ်။ အဲဒီလို လျော်ကြေးယဉ်ကျေးမှုရဲ့ အကျိုးဆက်ကတော့ ဒီကိစ္စတွေဟာ ပိုပိုပြီးတော့ ဖြစ်လာကြတယ်၊ ထိထိရောက်ရောက် အပြစ်ပေးမှု မရှိတဲ့အခါမှာ ကျူးလွန်သူတွေဟာ ဒီလိုလုပ်ရမှာကို မကြောက်ကြတော့ဘူး၊ ထပ်ထပ်ပြီး ကျူးလွန်ကြတယ်၊ အော် ဒါလေးများ လျော်ကြေးပေးလိုက် ပြီးတာပဲ ဆိုတာမျိုးအထိ မြင်လာကြပါမယ်။

(၂) ဆင်းရဲမွဲတေမှု

ဒါဖြင့် ပြောမှာပေါ့၊ မယူပါနဲ့လား၊ အဲဒီလျော်ကြေးကို။
ဟုတ်ကဲ့၊ မယူလို့မရပါဘူး။ ယူကိုယူရပါမယ်။
ဟုတ်လား၊ တစ်ယောက်ယောက်က အတင်းအကြပ် ယူခိုင်းလို့လား။
ဟုတ်ပါတယ်၊ ယူခိုင်းလို့ပါ။ ဒါပေမဲ့ အဲဒီလို ယူခိုင်းတဲ့သူက လူပုဂ္ဂိုလ်တော့ မဟုတ်ဘူး၊ ဆင်းရဲမွဲတေမှုပါ။ အဲဒီဆင်းရဲမွဲတေမှုကပဲ သူတို့တွေ လျော်ကြေးမယူယူအောင်ကို တွန်းအားပေးနေတော့တာပါ။

ကျွန်တော်တို့ကိုယ်တိုင်လည်း သူတို့နေရာမှာ ရောက်နေကြည့်၊ ယူမိမှာပါပဲ။ ဆက်ပြီးတော့ တရားရင်ဆိုင်နေလည်း အချိန်ကုန်မှာရယ်၊ ငွေကုန်ကြေးကျတွေ အများကြီး ရှိလာဦးမှာရယ်ကြောင့် ဒီလိုတရားရင်ဆိုင်တာဟာ နံရံကို ခေါင်းနဲ့ဆောင့်တာနဲ့ ဘာမှမခြားဘူးမဟုတ်လား။ ဒီတော့ သူထောင်ကျပြီး၊ ကိုယ်က ငွေကုန် (ဒါမှမဟုတ်လည်း ရှိသမျှ ပေါင်နှံရောင်းချလိုက်ရ) နဲ့ ဘယ်သူမှ အကျိုးမရှိဘူး။ အေးအေးဆေးဆေး လျော်ကြေးလေး ယူ၊ အိမ်လေးဘာလေး ပြင်ဆောက်၊ ကလေးတွေ ကျောင်းထား၊ မကောင်းဘူးလား။ ဟာ အဲလိုလုပ်ရင် ဒီလူတွေ ခုထက် ပိုပိုဆိုးလာကြမှာပေါ့။ ဒါတော့ မသိဘူးလေ၊ ကျွန်တော်တို့နဲ့လည်း မဆိုင်ဘူး၊ တွေးလည်းတွေးမနေနိုင်ဘူး၊ ကိုယ်ဒုက္ခရောက်၊ ငတ်ပြတ်နေတော့လည်း ဘယ်သူကမှ လာကယ်ကြတာမှ မဟုတ်တာ။

အဲဒီရဲ့ အကျိုးဆက်က ဆင်းရဲတဲ့မိသားစုတွေရဲ့အမြင်မှာ ဒါဟာ လျော်ကြေးတောင်းစရာ ကိစ္စတစ်ခု၊ လုပ်ကွက်တစ်ခုလို (မီးပွိုင့်တွေမှာ ကလေးတွေ ဗန်းပြပြီး တောင်းစားကြသလို) ဖြစ်မလာနိုင်ဘူး လို့ ဘယ်သူက ကံသေကံမ ပြောနိုင်ပါသလဲ။ အလွန်အမင်း ဆင်းရဲမွဲတေမှုတွေက တိုက်စားပါများလာတော့ မိဘမေတ္တာဆိုတာလည်း အနည်းနဲ့အများ ပွန်းပဲ့လာကြရပါတယ်။ ပိုဆိုးတာက လူတွေရဲ့အမြင်ကလည်း အဲလို မြင်လာကြပါမယ်၊ အာ ဒီလူတွေ လျော်ကြေးလိုချင်လို့ ကလေးဗန်းပြပြီး တမင်ဂွင်ဆင်တာ ဆိုပြီး။ ဒါဟာ နဂိုကတည်းကမှ ကူကယ်ရာမဲ့နေတဲ့ ကလေးလေးတွေအတွက် ပတ်ဝန်းကျင်ရဲ့ စုတ်တသပ်သပ် လုပ်ပေးမှုလေးကိုတောင် ဆုံးရှုံးကြရဦးမဲ့ အနေအထားတစ်ခုပါ။

(၃) ပညာမဲ့မှု

ဆင်းရဲတယ်ဆိုတာ ပိုက်ဆံချည်းပဲ ကွက်ပြီး မဆင်းရဲပါဘူး၊ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ အသိပညာနဲ့ လူနေမှုအဆင့်အတန်းပါ လိုက်ဆင်းရဲပါတယ်။ မြို့မှာလာကတဲ့ ဇာတ်အဖွဲ့သားတစ်ယောက်ရဲ့ လက်ထပ်ပါ့မယ်၊ အရမ်းချစ်ပါတယ်ဆိုတဲ့ အလိမ်အညာစကားတွေအောက်မှာ ခြေတော်တင်ခြင်းကို ခံလိုက်ရတဲ့ ၁၂နှစ်အရွယ်ကောင်မလေးကို ရွလိုက်တာ လို့ လူတွေအပြစ်တင်နေကြတဲ့အချိန်မှာ သူတို့မသိတာက ဒီကလေးဟာ မိဘမဲ့၊ အရက်သမားဦးလေးနဲ့ အတူနေရတယ်၊ အတန်းပညာ ၂တန်းပဲ အောင်တယ်၊ ဒါတောင် ခု မရေးတာ မဖတ်တာ ကြာတော့ စာမတတ်တဲ့သူနဲ့ ဘာမှမကွာဘူး ဆိုတာတွေပါပဲ။ အဲဒီကလေးမရဲ့ ဆင်ခြင်ဥာဏ်ဟာ ဘယ်လောက်အတိုင်းအတာထိ ရှိနေမယ်ထင်လဲ။ ဆင်းရဲတော့ ပညာမတတ်ဘူး၊ ပညာမတတ်တော့ ဆင်ခြင်နိုင်စွမ်း အားနည်းတယ်၊ အသက်မွေးဝမ်းကျောင်းအလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘူး၊ ကိုယ့်မှာ ဘာအခွင့်အေ၇းတွေ ရှိမှန်း၊ ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမှန်းလည်း မသိဘူး၊ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေ သိမနေဘူး၊ သိလည်း မသိချင်ဘူး၊ သိရကောင်းမှန်းလည်း မသိဘူး၊ ထမင်းဝဖို့သာ နံပါတ်တစ်၊ ထမင်းဝဖို့သာ နံပါတ်နှစ်၊ ထမင်းဝဖို့သာ နံပါတ်သုံး ပဲ။ အဲဒီလို အဆိုးသံသရာတွေက ပွဲဈေးက ချားရဟတ်တွေလို တစ်ကြော့ပြီးတစ်ကြော့ကို လည်နေတယ်။

လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် တဲ့၊ ရတနာ တဲ့။ ကလေးကောင်းမှ လူကြီးကောင်းတာ တဲ့။ ပြောတော့ပြောကြတာပါပဲ။ ဒီလို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေတဲ့ ကလေးတွေနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်လိုများ တည်ဆောက်ကြမှာတဲ့လဲ။

(၄) လူမှုအသိုင်းအ၀ိုင်း

နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကို ခံခဲ့ရပြီးတဲ့နောက် ပျက်စီးသွားတာတွေထဲမှာ အဆိုးတကာ့ အဆိုးဆုံးပျက်စီးမှုကတော့ စိတ်ဓါတ်ပျက်ဆီးမှုပါပဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်၊ ချမ်းသာဖို့သာ အဓိက၊ ကိုယ်ကျင့်သိက္ခာတွေ ဘာတွေအရေးမကြီးဘူး ဆိုတဲ့စိတ်တွေက ကျွန်တော်တို့အပေါ် အကြီးအကျယ် လွှမ်းမိုးလာပါတယ်။ ဒီအတွက် ကိုယ့်ရှေ့မှာ ဘာကြီးဖြစ်နေနေ ကိုယ်နဲ့မဆိုင်သရွှေ့ ကိုယ့်အကျိုးစီးပွါး မထိခိုက်သရွေ့ လက်ပိုက်ကြည့်နေတတ်ကြပါတယ်။ ဒါဟာလည်း ဒီကိစ္စတွေ မရပ်တန့်နိုင်သေးတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

ပိုဆိုးတာက ဒီလိုကိစ္စတစ်ခု ဖြစ်လာပြီဆိုရင် ကျူးလွန်သူထက် ခံရသူကို ပိုပြီး အပြစ်တင်တတ်ကြတာပါပဲ။ နင်က ဒီနေရာ ဒီလိုအချိန်မှာ အဖော်မပါဘဲ ထွက်တာကိုး၊ နင်က ဒီလိုဝတ်စားသွားတာကိုး၊ နင်က ဘာလို့ သူခေါ်တဲ့နောက် လိုက်သွားရတာလဲ၊ ခံပေါ၊့ ဖြစ်တာတောင် နည်းသေးတယ် ဆိုတာတွေက မကြားချင်မှအဆုံး ကြားနေရပါတယ်။ ရပ်ကွက်ကလည်း ပြောပါတယ်၊ ရဲတွေကလည်း ပြောပါတယ်၊ တရားရုံးမှာလည်း ပြောပါတယ်။ မိန်းကလေးတစ်ယောက် လက်မထပ်ခင် ရည်းစားနဲ့အတူနေတယ်၊ အေးဆေးပါပဲ၊ ဘယ်သူကမှ ဘာမှမပြောဘူး၊ ယူတဲ့သူကလည်း ယူကြပါတယ်။ ဒါပေမဲ့ ဒီလိုအဓမ္မပြုကျင့်ခံထားရတဲ့ မိန်းကလေးဆိုရင်တော့ ဘယ်သတို့သားကမှ မကြိုက်သလို၊ ဘယ်မိဘကမှလည်း သူတို့ သားနဲ့သဘောမတူပါဘူး။ တကယ်ဆို ကိုယ်ကျင့်တရားရှုထောင့်ကကြည့်ကြည့်၊ ယဉ်ကျေးမှုရှုထောင့်ကကြည့်ကြည့် ဒီမိန်းကလေးတွေဟာ ဘာအပြစ်မှ မရှိကြပါဘူး။ မတရားမှုရဲ့ သားကောင်ဖြစ်သွားရုံလေးတင်ပါ။ ဒါပေမဲ့ အားလုံးကတော့ စာရိတ္တပျက်ပြားနေတဲ့ အပြစ်သားတစ်ယောက်လို ၀ိုင်းဝန်းဆက်ဆံကြပါတယ်။ ဒီအတွက် မိန်းကလေးတွေဟာ ဘယ်သူ့ကိုမှ ထုတ်ဖော်မပြောရဲတော့ဘူး။ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မခံယူရဲတော့ဘူး။ ဖြစ်သမျှကြိတ်ခံကြရတယ်၊ အိမ်ထဲက အိမ်ပြင်မထွက်ရဲကြတော့ဘူး၊ ဒီလိုနဲ့ ဘ၀တစ်ခုလုံး အညွန့်တုံးသွားရပါတယ်။

ဒေါသဖြစ်စရာအကောင်းဆုံးကိစ္စကတော့ ခုနက ၁၂နှစ်သမီးလေးရဲ့ကိစ္စမှာပါ။ သူတို့နှစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ အတူထွက်သွားတာကို မြင်လိုက်တဲ့ ဆိုင်ကယ်ကယ်ရီသမားရဲ့ ယုတ်ညံ့မှုက တကယ်လုပ်သွားတဲ့သူလောက် စိတ်ပျက်စရာ ကောင်းပါတယ်။ အဲဒီလို မြင်သွားပြီး နောက်ရက်ကျတော့ အဲဒီကလေးမလေးကို ၀က်အူလှည့်နဲ့ ထောက်ပြီး အဲ့နေ့ညက ဘာဖြစ်ခဲ့တာလဲ လို့မေးတယ်၊ ကလေးက ကြောက်ကြောက်နဲ့ အကုန်ပြောပြလိုက်တော့ အဲဒီအကြောင်းတွေကို ကယ်ရီသမားအချင်းချင်း လိုက်ဖြန့်တယ်၊ ခုဆို ရပ်ကွက်ထဲမှာ အတော်များများ သိကုန်ကြပြီတဲ့။ သမီးကိုတွေ့ရင်လည်း ရိသဲ့သဲ့နဲ့ ထိကပါး ရိကပါးလုပ်တယ် တဲ့။ ခုတော့ အဲဒီ survivor ကလေးမလေးလည်း ဒီနေရာမှာ ဆက်မနေနိုင်တော့လို့ နောက်ထပ်တစ်နေရာကို အပြီးပြောင်းလိုက်ရပါပြီ။

(၅) လူမှုရေးသတ်မှတ်ချက်များ

ကျွန်တော်တို့ ငယ်ငယ်တည်းက သွန်သင်ဆုံးမခံလာကြရတဲ့ ယောကျာ်းလေးဆိုတာ ဘယ်လိုမျိုး၊ မိန်းကလေးဆိုတာတော့ ဘယ်လိုဖြစ်သင့်တယ် ဆိုတဲ့ သတ်မှတ်ချက်တွေကလည်း တခါတလေမှာ မိန်းကလေးတွေအတွက် တော်တော်လေး အတားအဆီး ဖြစ်နေပါတယ်။ မိန်းကလေးဆိုတာ အရှက်အကြောက်ကြီးရတယ်၊ လိင်နှင့်ပတ်သက်ရင် မပြောရဘူး၊ မဆိုရဘူး၊ မမေးရမမြန်းရဘူး၊ သိလည်း သိစရာမလိုဘူး လို့ သတ်မှတ်ထားကြတယ်။ ဒီတော့ လိင်နှင့်မျိုးဆက်ပွါးကျန်းမာရေးနဲ့ပတ်သက်ရင် သူတို့ဘာမှ မသိကြဘူး။ ထုတ်လည်းမပြောရဲကြဘူး၊ တစ်ယောက်ယောက်က လာပြောရင်လည်း နားမထောင်ဝံ့ကြဘူး။ ဒီလိုသွန်သင်ခံလာကြရတဲ့ မိန်းကလေးတွေအနေနဲ့ သူတို့ရဲ့အဖြစ်သနစ်ကို တခြားလူတစ်ယောက်ကို ထုတ်ပြောဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ နဂိုတည်းကမှ ရှက်ကြောက်နေရတဲ့ကြားထဲ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ပြောဆိုမှုအန္တရာယ်ကလည်း ရှိနေသေးတော့ ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးရဲ့ နောက်ဆက်တွဲဆိုးကျိုးမှန်သမျှကို တစ်ယောက်တည်းပဲ ခါးစည်းခံကြရပါတယ်။ အဲဒီအခါ ဖြစ်လာတယ်၊ အဖေနဲ့ရတဲ့ ကိုယ်ဝန် ၅လရှိနေပြီ ဆိုတာမျိုးတွေပေါ့။

(၆) အရက်၊ လျှပ်စစ်နဲ့ လူနေမှုအဆင့်

သမ္မတကြီးကတော့ အရက်အစား နွားနို့သောက်ဖို့ တခုတ်တရ မှာထားပေမဲ့လည်း လက်ရှိအနေအထားမှာတော့ အရက်က စိုင်းထီးဆိုင်သီချင်းလို ‘နေရာတိုင်းမှာ’ ရှိနေပြီး နွားနို့ကတော့ စန္ဒီမြင့်လွင်သီချင်းလို ‘ရှာမှရှား’ ဖြစ်နေဆဲပါပဲ။ Physical access လို့ခေါ်တဲ့ လက်လှမ်းမီမှုကလည်း နေရာအနှံမှာ ရှိနေတယ်၊ Economic access လို့ ခေါ်တဲ့ ဈေးနှုန်းကလည်း သက်သာတယ်၊ လျှပ်စစ်မီးတွေ ပိုလို့တောင် ရောင်းနေရပါတယ်ဆိုပေမဲ့ ခုချိန်ထိ နေ၀င်မီးငြိမ်းဘ၀က မလွတ်ကြသေးတဲ့ သူတို့ရဲ့ဘ၀မှာ ပျော်စရာဆိုလို့ ဒီအရက်ပဲ ရှိတယ်၊ ဒီတော့ သောက်တယ်။ အားလုံးကလည်း လက်ခံထားတယ်၊ သောက်သင့်တဲ့ ကိစ္စအဖြစ်။ ဒီတော့ မူးတယ်၊ ဆင်ခြင်တုံတ၇ားတွေ ကင်းမဲ့လာတယ်၊ နောက်ဆုံးမှာတော့ အဖေက သမီးကို မုဒိမ်းကျင့်တယ်ဆိုတဲ့ မကြားဝံ့ မနာသာကိစ္စတွေ ဖြစ်လာတဲ့အထိကို အရက်က တွန်းအားပေးလာပါတယ်။

မြို့လယ်ခေါင်မှာ စကဒ်အတို ၀တ်လို့ ဘယ်သူကမှ ဘာမှမလုပ်ဘူး၊ နယ်မှာတော့ ထမီကို ခြေမ ဖုံးအောင် အထပ်ထပ်ဝတ်ပြီးသွားရင်တောင် အန္တရာယ်ရှိတယ်။ ဘာလို့လဲ၊ ရှင်းပါတယ်၊ မီဒီယာဆိုတဲ့ စောင့်ကြည့်မဲ့သူ မရှိရင် အစိုးရတွေ မဟုတ်တာလုပ်တတ်ကြတာနဲ့ အတူတူပါပဲ။ လင်းချင်းနေတဲ့ နေရာမှာတော့ ဘာဝတ်ထားထား၊ ပြသနာမရှိဘူး၊ လင်းနေတာကိုး၊ ဘယ်သူက ဘာလုပ်ရဲမလဲ။ တောမှာကျ ဒီလိုမဟုတ်ဘူး၊ နေရာတိုင်းက မှောင်မည်းနေတော့ မကောင်းမှုလုပ်ဖို့က ငှက်ပျောသီးအခွံနွှာစားရသလို ဖြစ်နေတယ်။

နောက်တစ်ခု၊ ရွာတွေမှာ ဘယ်အိမ်မှ တံခါးတပ်လေ့မရှိဘူး၊ ဒီတော့ အိမ်ထဲကို ၀င်လာပြီး အဓမ္မပြုကျင့်ဖို့ဆိုတာ လွယ်လွယ်လေးလိုပါပဲ။ အိမ်ကကျဉ်းကျဉ်း၊ မိသားစုတွေကများ၊ privacy သီးခြားဖြစ်တည်မှုဆိုတာ လုံးဝမရှိ၊ ဒီလိုအနေအထားမျိုးမှာ ဆင်ဆာမဲ့ဗီဒီယိုတွေ ကြည့်ထားတဲ့ ၆တန်းအရွယ် အစ်ကိုက ၆နှစ်အရွယ် ညီမလေးကို မှောက်မှားတဲ့ကိစ္စတွေလည်း ဖြစ်လာပါတယ်။

(၇) လုပ်ထုံးလုပ်နည်း

ဒီလိုကိစ္စတစ်ခု ကြုံတွေ့ခဲ့ရပြီဆိုရင် ပထမဆုံးပြဿနာက လုပ်ထုံးလုပ်နည်းတွေနဲ့ မရင်းနှီးတဲ့အတွက် ဘယ်ကိုသွားပြီး ဘာလုပ်ရမှန်း မသိတာပါပဲ။ အုပ်ချုပ်ရေးမှူးဆီ သွားရမလိုလို၊ ရဲပဲ တန်း တိုင်ရမလိုလို၊ အမျိုးသမီးရေးရာကိုပဲ သွားသင့်တာလိုလိုနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ကြရပါတယ်၊ တစ်နေရာရောက် ကိုယ့်အဖြစ်ကို တစ်ခါပြောနဲ့ ကြာတော့ စိတ်ပျက်လာကြရပါတယ်၊ ကိုယ့်ကိစ္စ လူတွေသိကုန်တာပဲ အဖတ်တင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေမှာ သိပ်ကိုအလေးထားရတဲ့ Confidentiality ဆိုတဲ့ လျှို့ဝှက်ထိန်းသိမ်းမှုဆိုတာကိုလည်း ဘယ်သူကမှ ဂရုစိုက်လေ့ မရှိကြဘူး။

အထူးကုဆေးရုံကြီးတစ်ခုရဲ့ ရှေ့တည့်တည့်မှာ ကားတိုက်ရင်တောင် လိုအပ်တဲ့ကုသမှု မခံရဘူး၊ အ၀င်တောင်မခံဘဲနဲ့ ဆေးရုံကြီးကိုပဲ တန်းသွား ဆိုတဲ့ လွဲမှားတဲ့ထင်မြင်ယူဆမှုမျိုးက ဒီမှာလည်း ရှိပါတယ်။ ရဲအရေးပိုင်တဲ့အမှု၊ ရဲမှုခင်းဆိုတော့ ကိုယ့်ကိုအမှုလာပတ်နိုင်တာမို့လို့ ဘယ်ဆရာဝန် ဆရာမကမှ မထိကြ မကိုင်ကြဘူး။ ရဲဆီပဲ သွားခိုင်းကြတယ်။ လုပ်ထုံးလုပ်နည်းအရ မုဒိမ်းမှုမြောက်မမြောက် ဆုံးဖြတ်တာဟာ ရဲနဲ့ တာဝန်ကျဆရာဝန်ရဲ့ လုပ်ပိုင်ခွင့်ဆိုပေမဲ့ ဒီလို လိုအပ်တဲ့ ကျန်းမာေ၇းစောင့်ရှောက်မှုတွေကိုတော့ ဘယ်ဆရာဝန်၊ဆရာမမဆို ပေးလို့ရပါတယ်။

ရဲဆီရောက်လာရင်တော့ ရဲက စစ်ချက်ယူဖို့အတွက် တာဝန်ရှိတဲ့ ဆရာဝန်ဆီကို ခေါ်လာတယ်။ ကျွန်တော်တို့ဆေးကျောင်းသားဘ၀ကတော့ ဒီလိုအမှုတစ်ခု ဖြစ်ရင် rape case ဟုတ်မဟုတ် အတည်ပြုပေးဖို့၊ စစ်ဆေးပေးဖို့သာ အဓိကထား သင်ကြားခဲ့ကြရတယ်။ ခံလိုက်ရတဲ့ အမျိုးသမီးလေးမှာ ဘာတွေ ခံစားနေရမယ်၊ ဘာတွေ လိုအပ်နေမယ်ဆိုတာမျိုး မတွေးခဲ့ဖူးကြဘူး။ rape ဟုတ်မဟုတ် စစ်ပြီး၊ မေးပြီး ပြီးပြီ။ တကယ်တော့ မှုခင်းဆေးပညာအရ သင်ကြားခဲ့ရတာ ဆိုပေမဲ့ WHO က ထုတ်တဲ့ Guideline မှာတော့ clinician တစ်ယောက်ရဲ့တာဝန်ဟာ ဒီလိုစစ်ဆေးဖို့အပြင် survivor ကို အခြေတည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒီအခါမှာလည်း စမ်းသပ်စစ်ဆေးမှုကို ခံယူခွင့်၊ ဒါမှမဟုတ် ငြင်းဆန်ပိုင်ခွင့်၊ အမျိုးသမီးဆရာဝန်ကို တောင်းဆိုပိုင်ခွင့် စတဲ့သူတို့ရဲ့အခွင့်အရေးတွေကို လေးစားပေးကြရပါမယ်။ ဒီလိုအမှုတစ်ခုဖြစ်ပြီဆိုရင် ဆရာဝန်တွေအပါအ၀င် အားလုံးက မှုခင်းရှုထောင့်ကနေပဲ ကြည့်ကြတယ်။

တိုင်မယ် တန်းမယ် ဖမ်းမယ် ဆီးမယ် ဒါပဲ။ တကယ်တော့ ဒီအမျိုးသမီးတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ကြုံတွေ့ရဖို့ ရှိနေပါတယ်။ မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ အဲဒီကိုယ်ဝန်ကို ဖျက်ချရင်း အသက်ဆုံးပါးသွားနိုင်တာ၊ HIV ပိုး၊ B ပိုး၊ ကာလသားပိုးတို့လို လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားနိုင်တာ၊ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာရတာ၊ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း သတ်သေတဲ့အထိ ဖြစ်သွားနိုင်တာ စတဲ့ ပြဿနာတွေကို အကြီးအကျယ် ရင်ဆိုင်ရဦးမှာပါ။ ဒါတွေမဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးပေးဖို့ဟာလည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုပါပဲ။ ပြောရရင် Rape ဟုတ်မဟုတ် စစ်ဆေးပေးဖို့ထက်တောင်မှ ပိုလို့အရေးကြီးပါသေးတယ်။ ဒီလို ကျန်းမာရေးစောင့်ရှောက်မှုကို အချိန်မီ ခံယူဖို့ အရေးကြီးတဲ့အကြောင်းကို ကျန်းမာရေးဝန်ထမ်းတွေတင်မကဘူး၊ ပြည်သူတစ်ရပ်လုံးကပါ သတိရှိနေဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ တရားခံက ထောင်ပဲကျကျ၊ သေဒဏ်ပဲပေးပေး၊ ကိုယ်ဝန်နဲ့ကျန်ခဲ့ရမယ်ဆိုရင်၊ ရောဂါတွေ ကူးစက်ကျန်ခဲ့ရမယ်ဆိုရင် အဲဒီကောင်မလေးတစ်ယောက်အတွက်တော့ ဒါဟာ သူလိုချင်တဲ့ ဖြေရှင်းနည်းတစ်ရပ် မဖြစ်နိုင်ပါဘူး။   ။

ဒီလိုအတားအဆီးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတွေရဲ့ဘ၀၊ ကလေးလေးတွေရဲ့အဖြစ်ကို တွေးမိလိုက်ရင် အရမ်းကိုပဲ စိတ်တွေလေး လေးသွားပါတယ်။ ဒီကိစ္စတွေကို ကာကွယ်ဖို့၊ ဖြစ်လာခဲ့ရင်လည်း နောက်ဆက်တွဲပြဿနာတွေ မပေါ်ပေါက်အောင် စောင့်ရှောက်မှုပေးဖို့ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ကဏ္ဍတည်းရဲ့အားနဲ့ မရပါဘူး။ ကျန်းမာရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိတ်ပိုင်း၊လူမှုရေးပိုင်းဆိုင်ရာ ထောက်ပံ့ကူညီပေးမဲ့ကဏ္ဍ၊ ဒါတွေအားလုံး ပူးပေါင်းဆောင်ရွက်မှ ရမှာပါ။ လက်ရှိအနေအထားအထိတော့ ဒါဟာ သီအိုရီတစ်ခု၊ စိတ်ကူးယဉ်အိပ်မက်တစ်ခုဆိုတာထက် မပိုသေးပါဘူး။

ကျွန်တော့်ရှေ့မှာထိုင်နေတဲ့ ကလေးမလေးတွေ၊ နောက်လည်း လာထိုင်ကြဦးမဲ့ ကလေးမလေးတွေ လိုအပ်နေတာ ဘာများလဲ၊ လျော်ကြေးလား၊ မျှတတဲ့ တရားစီရင်မှုလား၊ ထိရောက်တဲ့ အကာအကွယ်တွေလား၊ ဒါမှမဟုတ် အပူအပင်ကင်းတဲ့ ကလေးလေးဘ၀လား၊ ကျွန်တော်လည်း မသိတော့ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီလိုမျိုး ဘယ်လိုမှမစိုးမိုးတဲ့ဥပဒေ၊ ဆင်းရဲမွဲတေမှု၊ ပညာမဲ့မှု၊ အကာအကွယ်မရှိမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေရဲ့ကြားက မိန်းကလေးတွေရဲ့ဘ၀ဟာ ၀ိုင်းစုခိုင်သိန်းသီချင်းထဲကလိုတော့ “မိန်းကလေးအလှ မိန်းကလေးဘ၀ ဒါ အပျော်ရွှင်ဆုံးပေါ့ That’s what we want” ဆိုတာမျိုး လုံးဝ လုံးဝ ဖြစ်မနေဘူးဆိုတာပါပဲ။

ဒေါက်တာ ဖြိုးသီဟ 

(မူရင်းတင်တဲ့ Page ကိုကြည့်ချင်ရင် စာရေးသူအမည်ကို Click လိုက်ပါ ခင်ဗျ Links ချိတ်ထားပါတယ်)

No comments: