Monday, February 12, 2018

အလုပ်နှင့် လေလွင့်မှုများ


🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
ရေးသူ   -   ဒေါက်တာမြင့်ဆန်း

၁။ လူတိုင်း အလုပ်လုပ်နေ ကြသော်လည်း အမှန်တကယ် အလုပ်ဖြစ်အောင် လုပ်နေသလား၊ အလုပ်ရလဒ် မရှိဘဲ အချိန်ကုန်သွားတဲ့ အလုပ်ဖြစ်နေသလား လေ့လာဆန်းစစ်ရန် အရေးကြီးပါသည်။ အထက်တန်းကျောင်းသုံး ရူပဗေဒ ဘာသာရပ်တွင် သင်ကြားခဲ့ရသည့်အတိုင်း ကျောက်တုံးကြီး တစ်တုံးကို ချွေးဒီးဒီးကျအောင် တွန်းနေသော်လည်း ကျောက်တုံးကြီး ရွေ့လျားခြင်း မရှိပါက အလုပ်လုပ်တယ်ဟု မခေါ်ဆိုနိုင်ပါ။ ထိုအခါ အလုပ်၏တန်ဖိုးသည် သုည ဖြစ်ပေမည်။ မြန်မာနိုင်ငံတွင်လည်း အလုပ်တန်ဖိုး သုညဖြစ်နေသော နေရာများနေလျှင် တိုင်းပြည် တိုးတက်မည်မဟုတ်ပါ။ ယခုအခါ စီမံခန့်ခွဲမှုဘာသာရပ်တွင် 'ရလဒ် အခြေပြုစီမံခန့်ခွဲမှု (Resultbased Management) သည် ခေတ်စားနေပြီ ဖြစ် သည်။ အလုပ်လုပ်ရာတွင် အလုပ်တန်ဖိုး မြင့် မားအောင် ဆောင်ရွက်ရမည့် အပြင်၊ လေလွင့် ဆုံးရှုံးမှုများ (Waste) ကိုလည်း အနည်းဆုံး ဖြစ်အောင် ဆောင် ရွက်ရမည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အလုပ်တန်ဖိုး တက်အောင် ဆောင်ရွက်ကြ သလို လေလွင့် ဆုံးရှုံးမှုများ ကိုလည်း သုညဖြစ်အောင် လုပ်ကိုင်နိုင်မှု အကျိုး ကျေးဇူး ကြောင့် ကမ္ဘာ့ထိပ်တန်း စီးပွားရေး တိုင်းပြည်ကြီး ဖြစ်နေကြောင်း တွေ့ရ သည်။

၂။ လေ့လာချက်များအရ လူတစ်ယောက် လှုပ်ရှား အလုပ်လုပ်ရာတွင် အသားတင် အလုပ်လုပ်မှု (Net Work) မှာ ၁၀ ရာခိုင်နှုန်း ခန့်သာရှိပြီး၊ ကျန် ရှိသော လှုပ်ရှားမှုများမှာ အဆွယ်အပွားအလုပ် (Incidental Work) နှင့် လေလွင့်ဆုံးရှုံးမှု များဖြစ်သည်။ အသားတင် အလုပ်လုပ်မှုဆို သည်မှာ ထပ် ဆင့်တိုးတန်ဖိုး ဖန်တီးပေးနိုင်သော အလုပ် (Value-added Work) ကို ဆိုလို သည်။ ဥပမာအားဖြင့် ပုံသဏ္ဌာန် ပြောင်းလဲအောင် ပြုလုပ်သော ကုန်ထုတ် လုပ်မှုဖြစ်စဉ်များ (Processing) နှင့် ထုတ် ကုန်စစ်ဆေးခြင်း (Inspection) အလုပ် များဖြစ်သည်။ အဆွယ်အပွား အလုပ်ဆို သည်မှာ ထပ်ဆင့်တိုး တန်ဖိုး ဖန်တီးခြင်း မရှိ သော်လည်း အသားတင် အလုပ်ဖြစ်မြောက်ရေးအတွက် လိုအပ်သော အလုပ်ဖြစ်သည်။ ဥပမာ- ကုန်ကြမ်းနှင့် ကုန်ချောပို့ ဆောင်ခြင်း၊ စက်ပစ္စည်း အစိတ်အပိုင်းများ လဲလှယ် တပ်ဆင်ခြင်းတို့ဖြစ်သည်။ လေလွင့် ဆုံရှုံးမှုများဆိုသည်မှာ မလိုအပ်သော အလုပ်များ (Unnecessary Work) ကိုဆိုလိုသည်။

ဥပမာအားဖြင့် မလိုအပ်ဘဲ စောင့်ဆိုင်းရခြင်း၊ မလိုအပ်ဘဲ သယ်ယူပို့ဆောင် ရခြင်း၊ ပျက်စီးမှုဖြစ်ခြင်း စသည်တို့ဖြစ်သည်။ မော်တော်ကားကျပ်လို့ စောင့်ဆိုင်း ရခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်အစည်း အဝေးသွားခြင်း၊ အပြင်သွားခြင်းတို့ကြောင့် စောင့်ဆိုင်းရ ခြင်း၊ ဝန်ထမ်းမလုံလောက်၍ စောင့်ဆိုင်းရ ခြင်းတို့သည်လည်း လေလွင့် ဆုံးရှုံးမှုများဖြစ်သည်။ ထို့ပြင် စိုက်ပျိုးနိုင်သော မြေယာ များရှိသော် လည်း မစိုက်ပျိုးနိုင်ခြင်း၊ အသုံးပြုနိုင်သော ရုံး၊ကျောင်း၊ အဆောက်အအုံများ ရှိသော်လည်း အသုံးမပြုဘဲ ထားခြင်း စသည် တို့သည်လည်း လေလွင့်မှုများဖြစ် သည်။ အဆိုပါ လေလွင့် ဆုံးရှုံးမှုများကို မြန်မာနိုင်ငံ နေရာတော်တော် များများ တွင် တွေ့မြင်နိုင်သည်။

၃။ ဂျပန်လူမျိုးတို့သည် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ရာ တွင် လေလွင့် ဆုံးရှုံးမှုကို အထူးဂရုပြုကြောင်း တွေ့ရသည်။ လေလွင့်ဆုံးရှုံး မှု များကို ဂျပန်ဘာသာဖြင့် '3Ms' ဆိုပြီး ခေါ်ဆိုလေ့ရှိသည်။ ပထမ Mမှာ 'Muda' ဖြစ်ပြီး၊ လေလွင့်ဆုံးရှုံးမှုဟု အဓိပ္ပာယ်ရရှိသည်။ ဂျပန်တို့၏အဆိုအရ အောက် ဖော်ပြပါ အတိုင်း လေလွင့်ဆုံးရှုံးမှု ရှစ်မျိုးရှိကြောင်း တွေ့ရ သည်။

၁။ ကုန်ထုတ်လုပ်မှုပိုလျှံခြင်း (Overproduction)

၂။ စောင့်ဆိုင်းရခြင်း (Waiting)

၃။ မလိုအပ်ဘဲ သယ်ယူပို့ဆောင်ခြင်း (Unnecessary Transport)

၎။ ကုန်ထုတ်လုပ်မှုဖြစ်စဉ် ပိုလျှံခြင်း (Over-processing)

၅။ ကုန်ကြမ်းသိုလှောင်မှု များပြားခြင်း (Excess Inventory)

၆။ မလိုအပ်ဘဲရွေ့လျားခြင်း (Unnecessary Movement)

 ၇။ ပျက်စီးမှုများ (Defects)

 ၈။ ဝန်ထမ်းများ၏ တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးမပြုခြင်း (Unused Employee Creativity)

အထက်ပါ ရှစ်မျိုးကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံတွင် ထိုကဲ့သို့သောလေလွင့် ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း တွေ့ရ သည်။

၎။ ဒုတိယ M မှာ ဂျပန်ဘာသာဖြင့်  'Muri' ဟုခေါ်ဆိုပြီး အဓိပ္ပာယ်မှာ ဝန်ထုပ် ဝန်ပိုးပိုဖြစ်ခြင်း (Over-burderning) ဖြစ်သည်။ လူနှင့်ပစ္စည်း ကိရိယာတို့တွင် သဘာဝ သတ်မှတ်ချက် အတိုင်းအတာအထိသာ လုပ်ကိုင်နိုင်သည်။ ၄င်းအဆင့် ထက် ကျော်လွန်ပါက ဆက်လုပ်ကိုင်ရန်ခ က်ခဲသောကြောင့် အဆိုပါလူပုဂ္ဂိုလ်၊ သို့မဟုတ် စက်ပစ္စည်း အတွက် ပိုမိုသောဝန်ထုပ်ဝန် ပိုးဖြစ်လာ သည်။ ဥပမာ အားဖြင့် လူတစ်ယောက် အလုပ်ချိန်ကို ရှစ်နာရီသာ လုပ်နိုင်ပါက၊ ၄င်းအချိန် ထက်ကျော်လွန်ပါလျှင် ၄င်းပုဂ္ဂိုလ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်။ ထို့အတူ ငါးတန်တင်နိုင်သော ကုန်တင်ထရပ်ကားကို ဆယ်တန်တင်ပါက အဆိုပါကား အတွက် ဝန်ထုပ် ဝန်ပိုးဖြစ်လာမည်။ ထို့ကြောင့် သဘာဝ သတ်မှတ်ချက် ထက် ကျော်လွန်သော အလုပ်ကို လူပုဂ္ဂိုလ်၊ သို့မဟုတ် စက်ယန္တရားကိုခိုင်း စေပါက လုံခြုံစိတ်ချမှုနှင့် အရည်အသွေးပိုင်း တွင် ပြဿနာဖြစ်ပေါ်လာမည်။ လူတစ် ယောက် လုပ်နိုင်သော အလုပ်ချိန်ထက် ပိုမို ခိုင်းစေပါက အဆိုပါ လူပုဂ္ဂိုလ် အတွက် ဘေးအန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်မှုဖြစ်နိုင် သလို ၄င်းလုပ်ကိုင် သော အရည်အသွေး လည်း ကျဆင်းလာမည်ဖြစ်သည်။ ဥပမာအားဖြင့် အိပ်ရေး မဝသော ယာဉ်မောင်းတစ် ဦး၊ သို့မဟုတ် နားရက်မရှိသော ယာဉ်မောင်း တစ်ဦး ကို ခရီးသည်တင် ကားမောင်းနှင်စေပါက ခရီးသည်များအတွက် အသက် အန္တရာယ် ဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံတွင် ယာဉ်မောင်းအိပ်ငိုက်၍ ဘတ်စ်ကား နှင့် ကိုယ်ပိုင်ကား တိမ်းမှောက်ခြင်းသတင်းများ ကြားသိရသည်မှာ ပိုမိုသော ဝန်ထုပ်ဝန်ပိုး ထမ်းဆောင်စေခြင်းကြောင့် ဖြစ်နိုင်သလို ဝန်ထမ်းများ စည်းကမ်း မလိုက်နာခြင်း (ဥပမာ- အရက်သေစာသောက်စားခြင်း၊ သတ်မှတ်ယာဉ် စည်း ကမ်းမလိုက်နာခြင်း) လည်းဖြစ်နိုင်ပါသည်။ ကလေးသူငယ်များကို အရွယ် မရောက်မီ ကြမ်းတမ်းသော အလုပ်များ ခိုင်းစေခြင်း သည်လည်း ၄င်းကလေးများ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပေသည်။ စက် ကိရိယာများကိုလည်း အသုံးပြုနိုင် သည် ထက် ပိုမိုခိုင်းစေပါက စက်ပျက်ခြင်း၊ စက် ချို့ယွင်းခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။

 ၅။ တတိယ M မှာ ဂျပန်ဘာသာဖြင့် 'Mura' ဟုခေါ်ဆိုပြီး မညီမျှမှု (Uneven-ness) ဟုအဓိပ္ပာယ်ရသည်။ မညီမျှမှုသည် ပုံမှန်မဟုတ်သော ကုန်ထုတ်လုပ်မှု အစီအစဉ်များ (Irregular Production Schedule) ၊ သို့မဟုတ် အတွင်းပိုင်း ပြဿနာများ (Internal Problems) ဖြစ်သည်။ ပစ္စည်း အစိတ်အပိုင်းများ ပျောက် ဆုံးခြင်း၊ ပျက်စီးခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှု ပမာဏ အတက်အကျဖြစ်ခြင်း (Fluctua-tion Production Volume) တို့ဖြစ်သည်။ ဆိုလိုသည်မှာ အလုပ်တွင် မညီမျှမှု၊ ကွဲလွဲ မှုများရှိနေခြင်း၊ တစ်ဦးနှင့် တစ်ဦး လုပ်ဆောင်ပုံမတူညီခြင်း၊ လုပ်သား များကြားတွင် အလုပ်ချိန်နှင့် လုပ်ရသော အလုပ်များတူညီ မှုမရှိခြင်း တို့ဖြစ်သည်။

 ၆။ ထို့ကြောင့် အလုပ်တွင် အလေအလွင့်ဖြစ်နေမှုများကို လျှော့ချရန် အရေးကြီးသည်။ အလေအလွင့်သည် ဖောက်သည် ၏ ရှုထောင့်မှကြည့်လျှင် မည်သည့် ထပ်ဆင့်တိုး တန်ဖိုးမျှ မရှိသော အရာဖြစ်သည်။ ပစ္စည်းအပို သိုလှောင်ထားခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ နှောင့်နှေးခြင်း၊ မလိုအပ်ဘဲ စောင့်ဆိုင်းရခြင်း၊ ထုတ် ကုန် ပျက်စီးမှု ဖြစ်ခြင်းတို့သည် ၁၀ဝ ရာခိုင်နှုန်း လေလွင့်ဆုံး ရှုံးမှုများဖြစ်သည်။ မြန်မာနိုင်ငံတွင် စီးပွား ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခွင့်ပြု ချက်ရရှိရန် စောင့်ဆိုင်းရခြင်း၊ ဝန်ထမ်း များ၏ လုပ်ဆောင်ချက်များ နှောင့်နှေးခြင်း တို့သည် နေရာတကာတွင် တွေ့မြင်ရသည်။ ထို့ပြင် အသုံးမပြုဘဲထားသော အစိုးရ အဆောက်အအုံများ၊ ရုံးများ၊ စက်ရုံများ၊ ယာဉ်ယန္တရားများ (ယာဉ်အို/ ယာဉ် ဟောင်း) အားလုံးတို့သည် လေလွင့်မှု များဖြစ်သည်။ ရန်ကုန်မြို့တွင် မီးပွိုင့် အသစ်များ တပ်ဆင်ပြီး မီးပွိုင့် အဟောင်းများကို ဖြုတ်ပစ်ခြင်းမရှိခြင်း၊ အခြား လို အပ်သော နေရာများတွင် ပြောင်းလဲတပ်ဆင်မှု မရှိခြင်းတို့သည်လည်း လေလွင့် ဆုံးရှုံးမှုများဖြစ်သည်။ ထိုသို့သော လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေး အတွက် လျင်မြန်စွာ ပို့ဆောင်ခြင်း၊ ကုန်ထုတ်လုပ်မှုဖြစ်စဉ်များ လျှော့ချခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

ဂျပန်နိုင်ငံတွင် လေလွင့်မှုလျှော့ ချရန်နှင့် ကုန်ထုတ်လုပ်မှုဖြစ်စဉ် မြန်ဆန် သွက် လက်စေရေးအတွက် အချိန်နှင့်တစ် ပြေးညီ ဆောင်ရွက်ခြင်း Just in Time (JIT)  စနစ်ကိုကျင့်သုံးကြောင်းတွေ့ရသည်။ ကုန်ကြမ်းပစ္စည်းများလျှော့ချခြင်းဖြင့် ရပိုင် ခွင့်များ (Assets) တိုးပွားလာပြီး ၄င်းရပိုင်ခွင့်များဖြင့် အခြားကုန် ထုတ်လုပ်မှု လုပ်ငန်း များတွင် အသုံးပြုနိုင်ပါသည်။ ဥပမာ- ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု တွင် ဘိလပ်မြေ ဝယ်ယူရသည်ဆိုပါစို့။ ဝန်ထမ်းက ဂရုစိုက်မှုမရှိဘဲ၊ မြေကြီး အစို အပေါ်တွင် ဘိလပ်မြေအိတ်များ ချထားပါက ရေစိုပြီး ဘိလပ်မြေအိတ်များ ပျက်စီး မည်ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းသည် အလကားရခြင်း မဟုတ်ဘဲ ငွေကြေးဖြင့် ဝယ်ယူရသော အရာ ဖြစ်သည်။ ၄င်းအရာများသည် မိမိကုမ္ပဏီ၏ ရပိုင်ခွင့်များ ဖြစ်သည်။

၇။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် လေ လွင့်ဆုံးရှုံးမှု ရှစ်ချက်နှင့် 'Ms' တို့ကို သေချာ စွာ စစ်ဆေးကြသည်။ ထို့ကြောင့် အစိုးရ လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများ သည် မိမိတို့ အဖွဲ့အစည်းတွင် မည်သည့် လေလွင့်ဆုံးရှုံးမှုများ ရှိနေသနည်း။ မညီမျှမှုများ ရှိနေ သလား၊ မဖြစ်နိုင်မှုများ ရှိသလား စစ်ဆေး ရန် လိုအပ်ပါသည်။ ထိုသို့သေချာစွာ စစ်ဆေး ပါက ကုန်ကျစရိတ်၊ အချိန်နှင့် အခြားဆုံးရှုံး မှုများ လျော့ နည်း သွားပြီး ကုန်ထုတ်လုပ်မှု စွမ်းအား (Productivity) တိုးပွားလာမည် ဖြစ် သည်။ လူတိုင်း မမြင်နိုင်သော လေလွင့် ဆုံးရှုံးမှုမှာ ဝန်ထမ်းများ၏ တီထွင် ဖန်တီးနိုင် စွမ်းအား (Creativity) ကို အသုံးမပြုခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဝန်ထမ်းများကို ခိုင်းစရာသက်သက်ဟုမယူဆဘဲ၊ ၄င်းတို့၏ ဝန်ထမ်းများကို 'ရတနာ' ဟုယူဆသည်။ အကြောင်းရင်းမှာ အဖွဲ့အစည်း၏ရည်မှန်း ချက်များကို လက်တွေ့အကောင်အထည် ဖော်ရသူမှာ ဝန်ထမ်းများဖြစ်ပြီး၊ ၄င်းတို့၏ ကြိုးပမ်း အား ထုတ်မှုကြောင့် ရောင်းရငွေ တက်ခြင်း၊ အမြတ်ရရှိခြင်း စသည့်အဖွဲ့ အစည်း၏ တိုးတက်အောင်မြင်မှုရရှိခြင်း ဖြစ်သည်။ လက်တွေ့အောက်ခြေ အလုပ်များ ကိုလုပ်ကိုင်ရသောကြောင့် အလုပ်နှင့်ပတ်သက်သောအခက်အခဲ၊ အတားအဆီးများ၊ ဖောက်သည်များ၏ လိုအပ်ချက်များကို နားလည်ခြင်းကြောင့် မိမိအဖွဲ့အစည်းကို ပိုမို ကောင်းမွန်အောင် ဖန်တီးပေးနိုင်သော ပုဂ္ဂိုလ်များ ဖြစ် သည်။

ထို့ကြောင့် ၄င်းတို့သည် အဖွဲ့အစည်း၊ ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက် ရေး အတွက် ကောင်းမွန်သော အကြံဥာဏ် များပေးနိုင်ပါသည်။ အဖွဲ့အစည်းအကြီး အကဲနှင့် ကုမ္ပဏီ ဥက္ကဋ္ဌတို့သည် ဝန်ထမ်း များနှင့် တသီးတခြားမဖြစ်ဘဲ အတူတကွ လုပ် ကိုင်ရင်း ၄င်းဝန်ထမ်းများ တီထွင်ဖန် တီးနိုင်စွမ်းအားကို အသုံးပြုရမည် ဖြစ် သည်။ သို့သော်လည်း အဖွဲ့အစည်းများ၊ ကုမ္ပဏီများသည် ၄င်းအခွင့် အရေး ကောင်းကို အသုံးပြုခြင်း မရှိခြင်းကြောင့် လေလွင့် ဆုံးရှုံးမှုများ စွာဖြစ်ရသည်။ ခေါင်းတစ်လုံးတည်း စဉ်းစား လုပ်ကိုင်ခြင်းထက် ခေါင်းတစ်ရာဖြင့် စဉ်းစား လုပ်ကိုင်ခြင်းက ပိုမိုကောင်းမွန်ကြောင်း ဂျပန်လူမျိုးများ ယူဆကြသည်။ ထို့ကြောင့် ဂျပန်နိုင်ငံရှိ အဖွဲ့အစည်းတိုင်း (အစိုးရနှင့်ပုဂ္ဂလိက) သည် တစ်ဦး တစ်ယောက်ကောင်း လုပ်ကိုင်ဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့ပုံစံ (Teamwork) ဖြင့် လုပ်ကိုင် ဆောင်ရွက်ကြောင်း တွေ့ရသည်။ အသင်းအဖွဲ့ ဖွဲ့ စည်းရာတွင်လည်း လူစုရုံဖြင့် အသင်းအဖွဲ့မဖြစ်ပါ။ မိမိအသင်းအဖွဲ့၏ ရည်မှန်း ချက် (Goal) ကိုအားလုံးက သိရှိနားလည်ခြင်း၊ ၄င်းရည်မှန်းချက်အောင် မြင်စေ ရေးအတွက် အဖွဲ့ဝင်တိုင်းက မိမိပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်း (Contribution) ကို နားလည် ခြင်းနှင့် လုပ်ငန်းအောင်မြင်စေရန်အတွက် မိမိတို့အချင်းချင်း ပြန်လှန်ဆက်သွယ်ခြင်း (Communication) တို့သည် အရေးကြီး သောအချက်များဖြစ်ပါသည်။ အသင်းအဖွဲ့ဟုဆိုရာတွင် ဘောလုံးအသင်းသည် အကောင်းဆုံးနမူနာဖြစ်သည်။

 ဘောလုံး အသင်း၏ရည်မှန်းချက်သည် တစ်ဖက်အသင်းဘက်သို့ ဂိုးသွင်းရေးနှင့် မိမိအသင်း ဘက်သို့ ဂိုးအသွင်းမခံရရေးဖြစ်သည်။ ၄င်းရည်မှန်းချက် အောင်မြင် ရန် အတွက် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးဖမ်းသမားတို့သည် မိမိပါဝင်ရမည့်အခန်း ကဏ္ဍကို သေချာစွာ နားလည်ရမည်။ အရေး ကြီးဆုံးမှာ ရှေ့တန်းနှင့် နောက်တန်းကို ပေါင်းစပ်ဆောင်ရွက်ပေးမည့် အလယ်တန်း လူ၏ အခန်းကဏ္ဍဖြစ်သည်။ ထို့နည်းတူ စီးပွားရေးလုပ်ငန်းတွင် အလယ်တန်း လူမှာ 'မန်နေဂျာများ' ဖြစ်သည်။ မန်နေဂျာများ သည် ထိပ်ပိုင်းစီမံခန့်ခွဲရေးနှင့် အောက် ခြေဝန်ထမ်းများကို ပေါင်းစပ်ညှိနှိုင်းပေးရ သည်။ မန်နေဂျာကောင်းများ ရှိလျှင် အဆင် ပြေသော်လည်း မန်နေဂျာများညံ့လျှင် အခက်အခဲများစွာရင်ဆိုင်ရသည်။ မြန်မာ နိုင်ငံတွင် မန်နေဂျာအများစုသည် အတွေ့ အကြုံနှင့် အသိပညာပိုင်းတွင် အားနည်း ကြောင်း လေ့လာချက်များတွင် တွေ့ရှိရ သည်။ ထို့ကြောင့် ဝန်ထမ်း ကောင်း များပြုစု ပျိုးထောင်ရေးအရေးကြီးသလို မန်နေဂျာ ကောင်းများ (Good Managers) ရရှိရေး၊ ပြုစုပျိုးထောင်ရေးသည်လည်း အရေးကြီးသည်။

၈။ လေလွင့်ဆုံးရှုံးမှုများကို လျှော့ချရေးနှင့် မိမိအဖွဲ့အစည်း တိုးတက်ရေး အတွက် ဆောင်ရွက်နိုင်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အလေအလွင့်များကိုဖယ်ရှားခြင်း (Elimination)
မလိုအပ်သော အလုပ်များကို မလုပ်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးမှုများမလုပ် ခြင်း၊ မလိုအပ်ဘဲ စာရွက်စာတမ်း တောင်း ခြင်းမပြုခြင်း၊ အပိုအလျှံလုပ်မှုကို ရပ်စဲခြင်း၊ အဖန်တလဲလဲ လုပ်နေခြင်းကို ရပ်စဲခြင်း၊ ရည်ရွယ်ချက်မရှိသော အလုပ်ကို မလုပ်ဘဲ နေခြင်း၊ အလုပ်ကြောင့်ဖြစ်မည့် ဆုံးရှုံးမှုများကို ရှောင်ရှားခြင်း တို့ဖြစ် သည်။

၂။  ပေါင်းစပ်လုပ်ကိုင်ခြင်း (Combination)
............................................................
မလိုအပ်သော ဌာနများ၊ အစိတ် အပိုင်းများကို ပေါင်းစပ်လုပ်ကိုင်ခြင်း၊ အလုပ် တစ်မျိုးမျိုးကို ပူးပေါင်းလုပ်ကိုင်ခြင်း၊ နေ့စဉ် ဆောင်ရွက်မှုများကို သုံးရက်တစ်ခါ၊ ငါးရက်တစ်ခါ၊ တစ်ပတ်တစ်ခါ ပြောင်းလဲ လုပ်ကိုင်ခြင်း၊ ဝန်ထမ်းများ၏ အလုပ် များကို ပူးတွဲတာဝန်ယူ လုပ်ကိုင်စေခြင်းများ ဖြစ်သည်။

၃။ အလုပ်လုပ်ပုံကို ပြန်လည်စီစဉ်ခြင်း (Rearrangement)
အလုပ်လုပ်သည့်ပုံစံကို ပြန်လည်စစ်ဆေးပြီး၊ ကြန့်ကြာသည့် နေရာများကိုမြန် ဆန်သည့်စနစ် ပြောင်းလဲကျင့်သုံးခြင်း၊ အလုပ်၏ လုပ်ထုံးလုပ်နည်းများ ပြောင်း လဲခြင်း၊ အလုပ်၏ လုပ်ငန်းစဉ်များ ပြောင်းလဲခြင်း၊ တာဝန်ခံ ဆောင်ရွက်သူကို ပြောင်းလဲ ခြင်း၊ အသုံးပြုသောနည်းစနစ်၊ သတင်း အချက်အလက်များကို ခေတ်မီအောင် ဆောင်ရွက်ခြင်းတို့ဖြင့် ဖြေရှင်းဆောင်ရွက် နိုင်သည်။

၎။ အလုပ်များကို လွယ်ကူရှင်းလင်းအောင် လုပ်စေခြင်း

မည်သို့ပင် ခက်ခဲသည့်အလုပ်ဖြစ် ပါစေ၊ လူတိုင်းနားလည် လုပ်ကိုင်ဆောင် ရွက်နိုင်ရန် ရှင်းလင်းသောပုံစံ၊ လွယ်ကူ သောပုံစံဖြင့် ဆောင်ရွက်ထား သင့်ပါ သည်။ တစ်ခါတစ်ရံ စာများဖြင့် ရေးသားခြင်းထက် ရုပ်ပုံကားချပ်များဖြင့် ရှင်းပြ ခြင်းက ပိုမိုထိ ရောက်ကြောင်း တွေ့ရသည်။ တစ်ခါတစ်ရံ ဘာသာရပ်ဆိုင်ရာ ဝေါဟာရများ (ဥပမာ-ဆေးပညာ၊ ကွန်ပျူတာပညာနှင့် အင်ဂျင်နီ ယာပညာ ရပ် များ) ကို ကျွမ်းကျင်သူ ပညာရှင်သာမက၊ လူတိုင်း သိရှိနားလည်နိုင်မှုပုံစံဖြင့် ရေးသား တင်ပြခြင်းဖြစ်သည်။ ဂျပန်နိုင်ငံတွင် စွယ်စုံကျမ်းလို စာအုပ်များကိုပင် ကလေးသူငယ်များ ဖတ်ရှုလေ့လာနိုင်ရန် လွယ်ကူ ရှင်းလင်းသောပုံစံ၊ ရုပ်ပုံ ကားချပ်များဖြင့် 'ကလေးစွယ်စုံကျမ်း' ထုတ်ဝေပါသည်။ ထို့ပြင် စီးပွားရေးလို ခက်ခဲသော ဘာသာရပ်ကို 'ကာတွန်းရုပ်ပုံ' များဖြင့်လွယ်ကူအောင် ထုတ်ဝေကြောင်း တွေ့ရသည်။

၉။ ထို့ကြောင့် မြန်မာနိုင်ငံရှိ အဖွဲ့ အစည်းအားလုံး (အစိုးရ၊ ပုဂ္ဂလိက) တို့သည် အလုပ်နှင့် လေလွင့်မှုသဘောတရား များကိုသေချာစွာလျှော့ချပြီး အထက်ဖော်ပြ ပါ အလုပ်အကိုင် တိုးတက်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်ပါက အဖွဲ့အစည်း တစ် ခုချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားပြီး၊ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

#MyanmarB2BManagementMagazine,February2018

No comments: