Tuesday, February 13, 2018

တရုတ်ယောကျာ်းလေးတစ်ယောက်ကို_ချစ်မိရင်


တရုတ်မိန်းကလေးတစ်ယောက်ကို ချစ်မိရင် သိထားသင့်တာလေးတွေ ရေးပေးတော့ ယောကျာ်လေးတစ်ယောက်နဲ့ ချစ်မိရင်ကော ဘာတွေသိထားရမလဲ မေးလာလို့ ဒါပေးပါ ထပ်ရေးပေးလိုက်ပါတယ်။ ဒါကလဲ အပျော်သဘောနဲ့ ကိုယ့်ဘာသာကိုယ် ကောက်ချက်ချဆွဲရေးထားတာဆိုတော့ အကုန်မှန်တယ် လူတိုင်းနဲ့ ကိုက်ညီတယ်ရယ်တော့ ဘယ်ရှိပါ့မလဲနော့်။

၁။ တရုတ်ယောက်ကျာ်လေးတစ်ယောက်ကို ချစ်မိရင် အားလုံးတွေးမိကြတာက Boyfriend က ကပ်စေးနဲမယ်လို့ ထင်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ တရုတ်ယောကျာ်းလေးတွေက ရိုးရှင်းပြီး အပိုဟန်ပန်တွေ မလုပ်တတ်ကြတာ များပါတယ်။ ဥပမာ လက်ဆောင်ပေးတယ် ဆိုရင်တောင်မှ ဘာပါကင်မှ ထုပ်မနေပဲ တန်းပေးလိုက်တာမျိုးတွေ တခါတလေ ဝယ်ပေးမယ့် လက်ဆောင်ကို ကြိုပြောပြထားတာမျိုးတွေ တခါတရံကျတော့ သူတို့ရဲ့ ချစ်သူကောင်မလေး မကြိုက်တဲ့လက်ဆောင် ပေးမိရင် စိတ်ဆိုးမှာ စိုးရိမ်လို့ ဘာလက်ဆောင်ဝယ်ပေးရမလဲ ဆိုတာမျိုးတွေကို မေးမြန်းလေ့ ရှိကြပါတယ်။ မိန်းကလေး အများစုကတော့ ဒါမျိုးတွေကို ဘယ်ကြိုက်ပါ့မလဲနော်။ သူတို့က Surprise ဖြစ်အောင် လုပ်ပြီး လက်ဆောင်ပေးတာမျိုးမှ ကြိုက်တာကိုး။ နောက်ပြီး အပြင်တွေဘာတွေ ထွက်မယ်ဆိုလဲ အပိုကုန်ကျမယ့် ကိစ္စမျိုးတွေမှာ ရှောင်ကြဉ်လေ့ ရှိကြတာမို့ ငွေကြေးမှာ ကပ်စေးနှဲကြတယ် ထင်ကြပေမယ့် တကယ်တမ်းတော့ ကိုယ့်ချစ်သူအပေါ်မှာ လိုအပ်သမျှကို အချိန်မရွေး ဖြည့်ဆည်းပေးနိုင်တာ တွေ့ရပါလိမ့်မယ်။ အထူးသဖြင့် သင်နဲ့ သင့်ချစ်သူ တရုတ်ကောင်လေး မင်္ဂလာဆောင်တဲ့ အချိန်ပေါ့။ သင့်ဘဝမှာ အံ့အားအသင့်ရဆုံး အချိန်လေးတစ်ခုနဲ့ တွေ့ကြုံလာရပါလိမ့်မယ်။ အဲ့အခါကျမှာ ငါ့ကောင်လေးက ကပ်စေးမနှဲတတ်ပါလားဆိုတာ သိလာရလိမ့်မယ်နော်။

၂။ တရုတ်ယောကျာ်းလေးတွေအများစုက ဟင်းချက်တတ်ကြပါတယ်။ သူတို့ဟာ ကိုယ်တိုင် ချက်ပြုတ်စားသောက်လေ့ ရှိပြီး သူတို့ချစ်သူ ကောင်မလေးတွေကိုလဲ ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးရတာကို နှစ်သက်ကြပါသေးတယ်။ အထူးသဖြင့် တရုတ်ပြည် ရှန်ဟိုင်းမြို့မှာဆို ညခင်းစာကို အိမ်အများစုမှာ ယောကျာ်းလေးတွေကသာ ချက်ပြတ်ကျွေးလေ့ ရှိပါတယ်တဲ့။ အထူးသဖြင့် တရုတ်လူမျိုးတွေဟာ ကလေးဘဝက အိမ်မှာ ချက်ပြုတ်စားသောက်ခဲ့ကြတာကို အမှတ်တရ ပြန်ပြောပြလေ့ ရှိပါတယ်။ တရုတ်လူငယ်တွေဟာ အမေနေ့စဉ် မီးဖိုချောင်ထဲဝင်ပြီး ချက်ကျွေးတဲ့ ဟင်းလျာထက် အဖေချက်ကျွေးတဲ့ ဟင်းလျာတွေကိုသာ ပိုမိုအမှတ်ရလေ့ ရှိပါတယ်။ အထူးသဖြင့် မိသားစုပြန်လည်စုံစည်းတဲ့ နေ့မျိုးတွေမှာဆို တရုတ်ယောကျာ်းလေးတွေ ဖခင်တွေက မီးဖိုချောင်ထဲ ကိုယ်တိုင်ဝင်ရောက်ချက်ပြုတ်ကာ အရသာရှိလှတဲ့ နေ့ရက်လေးတစ်ခုကို ဖန်တီးပေးလေ့ ရှိကြပါတယ်။

အလုပ်နားတဲ့ ရက်တွေမှာဆို တရုတ်ယောကျာ်လေးတွေဟာ သူတို့ရဲ့ ချစ်သူ ဒါမှမဟုတ် ဇနီးမယားကို အဲ့နေ့ တစ်နေ့လုံး ဟင်းလျာများ ချက်ပြုတ်ကျွေးလေ့ ရှိကြပါတယ်။ ဒီလိုလေးနဲ့ သူတို့ဟာ သူတို့ရဲ့ ချစ်သူကို ပျော်ရွှင်စေပြီး အတူတူ ဒီလိုချက်ပြုတ်ကြခြင်းဟာ ချစ်ခြင်းမေတ္တာကို ပိုမိုပေါ်လွင်စေပြီး ချစ်သူအပေါ်လဲ ပိုပြီး ဂရုစိုက်တတ် လာပါလိမ့်မယ်။ ချစ်သူ ၂ ဦးဟာ ဒီလိုလေးနဲ့ အမှတ်တရ နေ့ရက်လေးတွေကို ပြန်မြင်ယောင်ပြီး အချစ်တွေဟာ ခိုင်မြဲလာမယ်လို့ ယုံကြည်ထားကြပါတယ်။ မိသားစုမှာလဲ အခုလို အတူတကွ ချက်ပြုတ်ကြတာဟာ မိသားစုအတွင်း စည်းလုံးမှုကို ပိုမိုရရှိစေပါတယ်တဲ့။

၃။ တရုတ်ယောကျာ်းလေးတွေဟာ တရုတ်လူမျိုးပီပီ ငွေကို ခြစ်ကုပ်စုပြီး သုံးစွဲလေ့ရှိပါတယ်။ ဒါ့အပြင် သူတို့ဟာ သူတို့ရဲ့ ချစ်သူ သို့မဟုတ် ဇနီးမယားကိုလဲ ငွေကို ချွေတာသုံးစွဲဖို့ မှာကြားလေ့ ရှိပါတယ်။ ငွေအရမ်းသုံးတတ်ကြောင်း သူတို့ရှေ့မှာ မပြောမိပါစေနဲ့။ အဲ့ဒီနေ့ တစ်နေ့လုံး သင်ဟာ သင့်ချစ်သူရဲ့ ဆုံးမသြဝါဒစကားတွေ သင်ကြားပို့ချပေးတာကို နားထောင်နေရပါလိမ့်မယ်။ သူတို့ ငွေကြေးသုံးစွဲတာနဲ့ ပတ်သတ်ပြီး ပြောလာရင် ရှာကျွေးရမှာ ကြောက်တာလားတို့ ကပ်စေးနှဲတယ်တို့ ပြောပြီး ရန်စကားတွေတော့ ပြန်မပြောလိုက်ပါနဲ့။ သူတို့ဟာ သင့်ကို အလေးထားသလို နောင်တချိန် လက်ထပ်ပြီးတဲ့အချိန်ကျရင်လဲ အဆင်သင့်ဖြစ်အောင် ချစ်သူဘဝကတည်းက ပြုပြင်ပေးချင်တာမျိုးပါ။ ဘာပဲဖြစ်ဖြစ် ငွေကြေးဆိုတာ ချွေတာသုံးစွဲတတ်တာ ကောင်းတဲ့ ကိစ္စတရပ်ပါ။ မြန်မာမှာလဲ စကားပုံ တစ်ခု ရှိပါတယ်။ မိန်းမဆိုတာ စီးတဲ့ရေ ဆည်တဲ့ ကသင်းလို့ ဆိုကြပါတယ်။

နောက်ပြီး တရုတ်မိဘတွေ ဆုံးမလေ့ရှိတဲ့ စကားပုံတစ်ခု ရှိပါသေးတယ်။ ဖခင်လက်ထက်မှာ ချမ်းသာပြီး သားလက်ထက်ကျ အသုံးမကျရင် မြေးလက်ထက်ကျ ဆင်းရဲကြလိမ့်မယ်တဲ့။ ဒါ့ကြောင့် တရုတ်ယောကျာ်းလေးတွေဟာ သူတို့ချစ်တဲ့လူ ရှိလာခဲ့ရင် ပိုပြီး အလုပ်ကြိုးစားလာလေ့ ရှိပါတယ်။ အကြောင်းက သူတို့ရဲ့ အနာဂတ် မိသားစုလေး အတွက် ဖြည့်ဆည်းပေးမို့ လုပ်ထားရမယ်ဆိုတဲ့ အသိက ရှိနှင့်နေပြီးသား ဖြစ်နေတာမျိုးပါ။

၎။ တရုတ်လူမျိုးတွေဟာ ငယ်စဉ်ကတည်းက ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်တွေနဲ့ ကြီးပြင်းလာခဲ့ကြပါတယ်။ ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်မှာ မိသားစုအပေါ်မှာ အလေးထားရမယ့် အတွေးအခေါ်တွေက အတော်ပဲ များပြားလှပါတယ်။ တရုတ်မိဘတွေဟာ သူတို့သားသမီးကို ငယ်စဉ်ကတည်းက အကောင်းဖြစ်အောင် ပြုစုပျိုးထောင် ပေးကြသလို သားသမီးတွေဟာလဲ မိဘတွေ အိုမင်းလာတဲ့ အချိန်မှာ ပြန်လည် ပြုစုကြရမယ်လို့ ဆိုထားခဲ့ပါတယ်။ ဒါ့ကြောင့်လဲ တရုတ်လူငယ်တွေရဲ့ ဘဝမှာ သူတို့ရဲ့ မိဘတွေဟာ ငယ်စဉ်ကတည်းကစလို့ သူတို့မင်္ဂလာဆောင်တဲ့အထိ မိဘတွေဟာ အရေးပါလှပါတယ်။

တရုတ်ကောင်လေးတွေအများစုဟာ သူတို့ချစ်သူ ရလာခဲ့ရင် ချစ်သူဘဝကို မစဉ်းစားကြတော့ပါဘူး။ ချစ်သူဘဝမှာ ကြာကြာချစ်နိုင်ဖို့ထက် လက်ထပ်ကြမယ့် အရေးကိုသာ ကြိုတွေးထားလေ့ ရှိပါတယ်။

တကယ်လို့ သင့်ကောင်လေးဟာ သူ့ရဲ့ မိဘတွေနဲ့ သင့်ကို တွေ့ဆုံစေတယ်ဆို မကြောက်လိုက်ပါနဲ့။ သတ္တိရှိစွာနဲ့ သူ့မိဘတွေနဲ့ တွေ့ဆုံမယ့်ပွဲကို သွားတက်လိုက်ပါ။ ဒါဟာ သင့်ကို သူ့ဘဝအတွက် ရည်ရွယ်ထားတဲ့လူဆိုတာ တနည်းအားဖြင့် ထုတ်ဖော်ပြသလိုက်တာပါပဲ။ သူ့မိဘတွေကလဲ သင့်ကို သမီးအရင်းတစ်ယောက်လို ဆက်ဆံနေပြီဆို ဒါဟာ သူတို့ရဲ့ သားလေးအတွက် အနာဂတ် သတို့သမီးလောင်း အဖြစ် သတ်မှတ်လိုက်ပြီဆိုတာ သေချာပါတယ်။

တကယ်လို့များ သင့်ကို မနှစ်သက်တဲ့ ပုံစံဆိုရင်တော့ သင်တို့ရဲ့ အနာဂတ်ဟာ သိပ်မသေချာတော့ပါဘူး။ အကောင်းဆုံး ဖြတ်သန်းကြဖို့သာ ပြင်ဆင်ထားကြပါ။

တရုတ်လူမျိုးတွေဟာ သူတို့လက်ထပ်မယ်ဆို မိဘတွေရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ မိဘတွေနဲ့ အရင်ဆုံး တွေ့ဆုံပေးလေ့ ရှိပါတယ်။ မိဘက သဘောမတူရင် များသောအားဖြင့် ဆက်ပြီး မစဉ်းစားကြတော့တာလဲ ရှိကြပါတယ်။ ဒါ့ကြောင့် တရုတ်ကောင်လေးနဲ့ ရည်စားဖြစ်ရင် သူ့ရဲ့ မိဘတွေနဲ့ တွေ့ဆုံတဲ့အချိန်ဟာ စိတ်လှုပ်ရှားလွန်းလို့ နှလုံးရပ်မတတ် ခံစားကြရတယ်တဲ့။ ဒါ့ကြောင့် တရုတ်ကောင်လေး တစ်ယောက်နဲ့များ ချစ်သူဖြစ်လာခဲ့ရင် သူဘာကြိုက်တတ်လဲ အရင်မမေးပါနဲ့။ သူ့မိဘတွေ ဘာကြိုက်တတ်လဲသာ အရင်မေးကြည့်ပါ။ သူ့မိဘတွေရဲ့ အကြိုက်ဟာ သူ့အကြိုက်ပါပဲ။

၅။ တရုတ်ကောင်လေးတွေဟာ သူတို့တကယ်ချစ်မိဆို ဆင်းရဲတာ ချမ်းသာတာတွေ သိပ်ပြီး စဉ်းစားလေ့ မရှိပါဘူး။ အရင်ဆုံး စဉ်းစားမိတာက သူတို့အိမ်နဲ့ အဆင်ပြေမယ့်လူ နောက်ပြီး ဘဝအတွက်လဲ ပံ့ပိုးကူညီပေးမယ့်လူမျိုးကို ရွေးချယ်စဉ်းစားလေ့ ရှိပါတယ်။ ငွေကြေးဆိုတာ ရှာဖို့လွယ်ပေမယ့် ဘဝရဲ့ လက်တွဲဖော်ဆိုတာမျိုးက ရှာရခက်တယ် မဟုတ်ပါလား။

၆။ သင့်ချစ်သူဟာ တရုတ်ကောင်လေး ဖြစ်နေမယ်ဆိုရင် သင့်ဘေးနားမှာ အတိုင်ပင်ခံ အမတ်တစ်ယောက် ရထားသလိုပါပဲ။ အများစုဟာ သင့်ရဲ့ ပြဿနာတွေကို သူတို့ရဲ့ ပြဿနာလို သဘောထားပြီး သေသေချာချာ စဉ်းစားပေးကာ သင့်အတွက် ကူညီဖြေရှင်းပေးလေ့ ရှိပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ သင့်ကို ချစ်တယ်ဆိုတဲ့ စကားကိုတော့ ပြောဖို့ ဝန်လေးနေတတ်ပါတယ်။ ထွေးပွေ့ခြင်းဆိုတဲ့ အပြုအမူကိုတောင် သင်ဆောင်းတွင်းမှာ ချမ်းလို့ တုန်နေတဲ့ အချိန်ကျမှ ရရှိပါလိမ့်မယ်။

၇။ နောက်ဆုံးတစ်ခုကတော့ တရုတ်ကောင်လေးတွေ အများစုဟာ သူတို့ချစ်သူ ကောင်မလေးရဲ့ အထုပ်အပိုးတွေ ဟန်းဘတ်အိတ်တွေ စလင်းဘတ်အိတ်တွေ နောက်ဆုံး တကိုယ်ရေစာ ပိုက်ဆံအိတ်လေးတွေကအစ သူတို့ပဲ ကိုင်ပေးလေ့ ရှိပါတယ်။ တခါတလေဆို သူတို့ မိန်းကလေးတွေ ကိုယ်စား ဟန်းဘတ်အိတ်တွေတောင် လွယ်ထားပေးလေ့ ရှိပါတယ်။ အများအမြင်မှာတော့ ထူးဆန်းနေပေမယ့် သူတို့အတွက်တော့ ဘာမှမဟုတ်သလိုပါပဲ။ ဘာကြောင့်လဲဆိုတာ ကျွန်တော်ကိုယ်တိုင်လဲ မသိပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ ငါ့မှာ ချစ်သူရှိကြောင်း ကြေညာထားသလို ဖြစ်စေတာမျိုးရယ် ကိုယ့်ချစ်သူကို ကိုယ်နဲ့အတူ လွတ်လက်စွာ လည်ပတ်စေလို့တဲ့ စိတ်လေးကြောင့်ရယ်ပါ။

မှတ်ချက်။     ။ အရင်ကတော့ ရည်းစားရှိနေသေးတော့ ရေးရမှာပျင်းနေတာ အခုတော့ Single ဖြစ်သွားပြီဆိုတော့ ကွကို ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ ရေးသားလိုက်ပါသည်။ အယ်လယ့်

#SwamHtet(天下第一)

(မူရင်းတင်တဲ့ Page ကိုကြည့်ချင်ရင် စာရေးသူအမည်ကို Click လိုက်ပါ ခင်ဗျ Links ချိတ်ထားပါတယ်)

No comments: