Sunday, December 10, 2017

၂၀၂၀ မှာဘယ်သူ့ ကိုရွေးကြမလဲ


သမ္မတကြီးဦးထင်ကျော် ထိုင်းနိုင်ငံမှာဆေးကုသပြီး ကိုယ်အလေးချိန် ၁၅ ပေါင်ကျသွာတာကအစ၊  သမ္မတကြီးဦးထင်ကျော်ဟာ ရုပ်သေးရုပ်သမ္မတလိုဖြစ်နေသလားဆိုတဲ့မေးခွန်းအလယ် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရလက်ထက်တွင် ပြောင်းလဲချိန်တန်ပြီဆိုသော်လည်းထင်သလောက်ပြောင်းလဲလာခြင်းမရှိသည့်ပြသနာ၊ အနိမ့်ဆုံးလုပ်ခအခကြေးငွေကို တနေ့ ၅၆၀၀ ကျပ်တွင်ထားရှိရန် အလုပ်သမားများမှ ဆန္ဒပြတောင်းဆိုကြသောပြသနာ ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲမှုများမြင့်တက်နေသည့်ပြသနာ၊စီးပွားရေးတိုးတက်မှုထိုင်းမှိုင်းလေးလံသည့်ပြသနာ ၊စီးပွားရေးမကောင်းသော်လည်း အခွန်အကောက်တိုးမြှင့်ကောက်ခံလာသည့်ပြသနာ ၊ လျှပ်စစ်ဓာတ်အားခများတိုးမြှင့်ကောက်ခံမည်ဆိုသော ပြသနာ ၊ အစိုးရအဖွဲ့တွင်လူဟောင်းများပါဝင်ကြီးစိုးနေသောပြသနာ ၊ ဌာနဆိုင်ရာများတွင်မိုးကျေရွှေကိုယ်များကြီးစိုးကာ နှစ်သီးစား ဖြစ်နေသောပြသနာ၊ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းမည်ဟု ကြွေးကြော်ခဲ့သောဝန်ကြီးဌာနများတွင်ဝန်ကြီးဌာနအသစ်နှစ်ခုထပ်မံဖွဲ့စည်းသည့်ကိစ္စ၊  ရခိုင်ပြည်နယ်ပဋိပက္ခ နှင့်နိုင်ငံတကာဖိအားများအဆုံး ၊  စသည့်ပြသနာများနှင့်ရင်ဆိုင်နေရဆဲအချိန်တွင် NLD အစိုးရ၏အုပ်ချုပ်ရေးနှင့်လွှတ်တော်သက်တမ်းမှာ ၂ နှစ်ကျော်လာခဲ့ပြီဖြစ်သည် ။ သူတို့အတွက် လက်ကျန်အချိန်က ၃ နှစ်ခန့်သာရှိတော့သည် ။ လအားဖြင့် ၃၆ လ သာရှိတော့သည့်သဘောဖြစ်သည် ။ ထိုသုံးဆယ်ခြောက်လအတွင်းဂငယ်ကွေးကွေ့ သလို  ပြောင်းပြန်လှန်ပစ်လိုက်သလိုကြီးမားသော အပြောင်းအလဲများတော့မြင်ရဖွယ်မရှိ ။ ယခုသွားနေသော နိုင်ငံရေး၊စီးပွားရေးအရှိန်ကို အနည်းငယ် တင်နိုင်ရုံသာရှိမည် ။ထိုအခါ အများကစိတ်ဝင်စားကြသည်မှာ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ဘယ်လိုအခြေအနေရှိမလဲဟူ၍ဖြစ်သည် ။

    မီးလောင်ရာလေပင့်သည်လား၊ ပွဲလန့်တုန်းဖျာခင်းတာလား ၊ NLD အခက်တို့ အချက်ဟူသောဆောင်ပုဒ်နှင့်အညီကြိုးစားတာလားဘာလားတော့မသိ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူးတို့သည်လည်း ခပ်သွက်သွက်လှုပ်ရှားလာကြသည်ကို ယခုတလောတွေ့ရသည် ။

   ပြောင်းလဲချိန်တန်ပြီဆိုသောစကားအပေါ် ပြည်သူကနောင်တရနေပြီဖြစ်ကြောင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ၌ နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျေးရွာအုပ်စုပါတီရုံးခန်းနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ကျွန်းစုမြို့နယ် တာဝန်ခံဦးသိန်းလွင်မှပြောသည်ဟုစောင့်ကြည့် News Watch ဂျာနယ် Website တွင်ဖော်ပြထားသည် ။ NLD ကိုနင်း၍ ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်ခြင်းဟုယူဆနိုင်ပါ၏ ။ ''၂၀၂၀ ကို ဆက်လက်ချီတက်ပြီး ပြည်သူကို အလုပ်ကျွေးပြုနိုင်ဖို့ဆိုပြီး အခုကတည်းက အားယူနေတာပါ။ အင်အားရှိတဲ့ ပါတီလည်းဖြစ်တယ်၊ စွမ်းရည်ရှိတဲ့ပါတီလည်း ဖြစ်တယ်။ ဒါကြောင့် ၂၀၂၀ အတွက် ကြိုတင်အားဖြည့် ပြင်ဆင်ခြင်း ဖြစ်တယ်။ ကျွန်တော်တို့ ရှုံးခဲ့တာကလည်း လုံးဝ ဇီးရိုးနှင့်ရှုံးခဲ့တာ မဟုတ်ဘူး။ ၃၀ ရာခိုင်နှုန်းအထိရပြီးမှ ရှုံးခဲ့တာပါ။ အင်အားက အမြဲရှိနေတယ်။ ပြည်သူတွေလည်း အမြင်မှန်ရလာပြီ ဖြစ်ပါတယ်။ မြို့နယ် အလိုက်တာဝန်ခံတွေထားပြီး လုပ်ဆောင်နေပါပြီ။ လူထုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဆောင်ရွက်ပေးသွားမယ်။ ပြည်သူတွေ မျှော်မှန်းထားတာထက် လုပ်နိုင်တယ်ဆိုတာ ပြသရမှာပါ။ ကျွန်းစုဒေသခံတချို့မှာ ၂၀၁၅ တွင်ဆန္ဒတခုကြောင့် မဲပေးခဲ့မိသော်လည်း ယခုအခါ မှားမှန်းသိသွားကာ ပြည်ခိုင်ဖြိုးပါတီကို လာမည့် ၂၀၂၀ တွင် ပြန်လည် အရွေးချယ်ခံရန် တောင်းဆိုလာမှုများ ရှိနေတယ်လို့ သိရပါတယ်” ဟုဦးသိန်းလွင်ကဆက်လက်ဆိုသေး၏ ။

      ဤသတင်းကိုပင် အလဲဗင်းမီဒီယာဂရုမှဖော်ပြရာတွင် “ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများပြန်လည်ရွေးချယ်မည်ဆိုပါက ယခုထက်ပိုမိုပြီး နှစ်ဆသုံးဆတိုးတက်အောင် လုပ်ပေးမည်ဖြစ်သလို မြိတ်မြို့မှပင်လယ်ကြီးကိုဖြတ်သန်းပြီး ကျွန်းစုမြို့နယ်သို့ တံတားကြီးတစင်းထိုးပေးရန်အထိပင် ရည်မှန်းကြိုးစားခဲ့သေးကြောင်း” ပြည်ခိုင်ဖြိုးပါတီမှ ကျွန်းစုတာဝန်ခံဦးသိန်းလွင်ကပြောကြားကြောင်းဖော်ပြထားသည် ။

“ပြည်ခိုင်ဖြိုးပါတီတွင် အရည်အချင်းရှိသူ အကြံကောင်းဥာဏ်ကောင်းရှိသူအများအပြားရှိသည့်အတွက် အများကြီးလုပ်ပေးနိုင်ကြောင်း ၊ ပင်လယ်ပြင်အတွင်းရှိကျွန်းဘုရင်ဟုခေါ်သောကတန်ကျွန်းကြီးပေါ်တွင်တည်ထားသော ကျွန်းစုမြို့ နယ်သို့မြိတ်မှပင်လယ်ပြင် ဖြတ်တံတားကြီး တစင်းထိုးရန်ရည်မှန်းကြိုးစားခဲ့သော်လည်း ပြည်သူများက NLD ကိုမဲထည့်ခဲ့သောကြောင့် လုပ်ပေးခွင့်မကြုံခဲ့ခြင်းဖြစ်ကြောင်း ၊ပြန်လည်ရွေးချယ်တာဝန်ပေးခဲ့မည်ဆိုပါက ပြည်သူများကိုအလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း “ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်သောပါတီရုံးခန်းဖွင့်ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည် ။

    ထိုအခါသတိရမိသည်မှာ အိမ်တအိမ်တွင် ယာဂုအိုးကြီးကျကွဲကာမှ အဲဒါတွေကငါအလှူလုပ်မလို့ခုတော့ကုန်ပါပြီကွာ ဟုညီးညူသည့် “ယာဂု ထမနဲ အိုးကြီးကွဲကာမှ စွန့်ကျဲလေသောဒါန “ဆိုသည့်စာကိုသတိရမိသည် ။ မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးနေ၀င်း(ခေါ်)ဦးနေ၀င်းသည် ၂၆ နှစ်တိတိအုပ်ချုပ်ခဲ့သည် ။ ဦးစောမောင်သည်၎ နှစ်အုပ်ချုပ်ခဲ့သည် ။ ဦးသန်းရွှေသည်၁၈ နှစ် နှစ်အုပ်ချုပ်ခဲ့သည်။ ဦးသိန်းစိန်သည် ၅နှစ်အုပ်ချုပ်ခဲ့သည် ။ ထို့ကြောင့် တပ်မတော်အရာရှိ(ဟောင်း)များနိုင်ငံကိုအုပ်ချုပ်သွားသောနှစ်ပေါင်းမှာ စုစုပေါင်း ၅၃ နှစ်ဖြစ်ပါသည် ။အကယ်စင်စစ် သူတို့သည်နိုင်ငံအပေါ်တကယ်လည်းစေတနာရှိပြီး ၊ဦးသိန်းလွင်ပြောသလို အရည်အချင်းလဲရှိ အကြံကောင်းဥာဏ်ကောင်းချည်းရှိသူများချည်းဆိုခဲ့လျှင် မြန်မာနိုင်ငံကြီး အရှေ့ တောင်အာရှတွင်လျှမ်းလျှမ်းတောက်ရုံမက ၊ ကမ္ဘာမှာပါရှေ့တန်းရောက်နေလောက်ပြီဖြစ်သည် ။ ၅၃ နှစ်အတွင်း လေသံမှပင်မကြားဖူးခဲ့ရသော မြိတ်မှကျွန်းစုသို့ ဟူသောပင်လယ်ကူး တံတားကြီးမှာလည်း စိတ်ဆန္ဒနှင့်လုပ်နိုင်စွမ်းသာရှိလျှင် လွန်ခဲ့သောနှစ် ၅၀ ခန့်ကပင် တည်ဆောက်ပြီးနေလောက်ပြီဖြစ်သည် ။ သို့သော်အထက်ကဖော်ပြခဲ့သော ၅၃ နှစ်သက်တမ်းရှိအစိုးရအသီးသီးမှာ သယံဇာတများကိုထုတ်ရောင်းရတာနှင့် အချိန်တွေကုန်လွန်ကာတိုင်းပြည်မွဲပြာကျလေသည် ။ လူတစုကတော့ ထားစရာမရှိအောင်ကျိကျိတက်ချမ်းသာသွားကြပေ၏ ။ထိုကာလများအတွင် ကျွန်းသစ်တောတွေပြောင်သွား၏ ။ အခြားသစ်မာများလည်းတောအုပ်လိုက်ပြောင်ကျသွားကြ၏ ။ ကျောက်စိမ်းတွင်းတွေ စက်ယန္တယားကြီးတွေနှင့်မြေလှန်တူးဖော်ကြ၏။ ပတ္တမြားတွေ တောဖြိုတောင်ဖျက်ရှာဖွေ၏ ။ ကြေးနီထွက်သောတောင်ကိုတရုတ်သို့ ရောင်းစား၏ ။ စပယ်တောင်လည်းပါသွား၏ ။ သဘာဝဓာတ်ငွေ့ များထွက်သော်လည်းတိုင်းပြည်သည် ဆင်းရဲတွင်းနက်နေဆဲဖြစ်၏ ။ ပင်လယ်တွင်းဝယ်ပုလဲတွေငါးတွေ ကုန်လုနီးပါးဖြစ်သွားသော်လည်းတိုင်းပြည်သည် တိုးတက်မလာပဲ မွဲမြဲမွဲလျက်ရှိ၏ ။မြန်မာနိုင်ငံသည်စိန်နှင့်မြမှလွဲလျှင်အဖိုးတန်ကျောက်မျက်အားလုံးထွက်သည်။

သို့သော်တိုင်းပြည်တည်ဆောက်ရေးအတွက်အစိုးရအဆက်ဆက်သည်တူတူတန်တန်ဘာတခုမှရေရှည်အကျိုးအတွက်လုပ်မသွားခဲ့ပါ ။ ရေတိုကာလတွင်ဝါဒဖြန့်၍ရမည့် လမ်းတံတားများ၊ ဇီးသီးဘန်းမှောက်သလိုသာမက ဒေးဗစ်ကော့ပါးဖီးလ်မျက်လှည့်ပြလိုက်သလို ငွေတွေပျောက်ပျောက်သွားသော ဆည်တွေတမံတွေကိုသာ လိုလိုမလိုလိုဆောက်ခဲ့ကြသည်သာဖြစ်ပါသည် ။ ငြိမ်းချမ်းရေးထက်တိုက်ပွဲတွေအတွက် ငွေတွေပိုမိုသုံးစွဲခဲ့တာဖြစ်သည် ။ပညာရေးနှင့်ကျန်းမာရေးထက် ကာကွယ်ရေးမှာငွေတွေကုန်ခဲ့တာဖြစ်သည် ။ ဤသို့ဖြင့် ၁၉၈၇တွင်နိုင်ငံတော်သည်ကမ္ဘာ့ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ ( LDC)ခေါ်အဆင်းရဲဆုံးနိုင်ငံစာရင်းပေါက်သွား၏ ။  ထိုကာလများအတွင်း ပင်လယ်ကိုဖြတ်၍ဖောက်သော တံတားဟူ၍ မြန်မာပြည်တွင်ကြားပင်မကြားဖူးချေ ။ သံလျှင်တံတားပင်တရုတ်မှလာဆောက်ပေးရခြင်းဖြစ်သည် ။ ရန်ကုန်-ဒလ တံတားစီမံကိန်းသည်လည်းခေတ်အဆက်ဆက် လက်တွေ့ ဖြစ်မလာနိုင်ပဲ နောက်ဆုံးတွင်မှ တောင်ကိုရီးယားနိုင်ငံကကူညီတည်ဆောက်ပေးမည်ဟု ကမ်းလှမ်းခံရခြင်းဖြစ်သည် ။ ပင်လယ်ဖြတ်၍တံတားထိုးဖို့ဝေးစွ ရန်ကုန်နှင့် ဒလကိုပင် ၅၃ နှစ်အတွင်းတံတားထိုးနိုင်ခဲ့ခြင်းမရှိပေ ။ ထိုသို့သောသူများက သူတို့ ကိုမဲမပေးခဲ့သဖြင့် ပင်လယ်ဖြတ်၍တံတားမထိုးခဲ့ရတာနာတာပဲဟူသည့်သဘောမျိုးပြောလာခြင်းမှာကား မြန်မာစိတ်ကူးယဉ်သိပ္ဖံဇာတ်ကားတကားကိုကြည့်ရသည့်နှယ်ဖြစ်သည် ။ဘာပဲဖြစ်ဖြစ် ပြောဖော်ရလာသည်ကိုကတော်သေးသည်ဟုမှတ်ရပေမည် ။ ဒါပေမယ့် တံတားဆောက်ရန်ဟုဆိုကာတရုတ်ထံမှ မချိမဆန့် အကြွေးတွေထပ်ယူမှာကိုတော့ကြောက်မိပါသည် ။

        တကယ်တော့ တိုင်းပြည်ဘဏ္ဍာငွေများကိုကိုယ်ကျိုးအတွက်မခိုးမ၀ှက်ပဲ မှန်မှန်ကန်ကန်ဆောင်ရွက်မည်ဆိုလျှင် အတိုဆုံးကျွန်းအတွင်းလမ်းမှ ၁၃ မိုင် ၊ အရှည်ဆုံး ကျွန်းအပြင်လမ်းမှ၁၅ မိုင်မျှသာရှိသောမြိတ်မြို့နယ်မှ ကျွန်းစုမြို့နယ် အကွာအဝေးကိုပင်လယ်ပြင်တွင်တံတားထိုးဖို့ယခုခေတ်တွင် မဖြစ်နိုင်စရာမရှိပါ ။ နှစ်ပေါင်းများစွာ ခရိုနီတို့ ဝါးမျိုထားခဲ့သောပိုက်ဆံများ၊ အာဏာရှင်များကိုယ်ကျိုးအတွက်ကဲ့ခဲ့သောငွေများသည် ပင်လယ်ပြင်အတွင်း ၁၅ မိုင်မဆိုထားနှင့် မိုင် ၁၅၀ ပင် တံတားထိုး၍ရနိုင်ပါသည် ။

စာရေးသူကိုရီးယားနိုင်ငံအင်ချွန်းလေဆိပ်ကိုရောက်ခဲ့စဉ်က အင်ချွန်းလေဆိပ်မှ အင်ချွန်းမြို့ပေါ်သို့  ကားဖြင့်သွားဖူးပါသည် ။ မြူတို့အုံ့ ဆိုင်းနေသောကြောင့် အဘယ်သို့သောလမ်းပေါ်တွင်မောင်းနေမှန်းမသိပါ ။ ငြိမ့်ညောင်းသောကားလမ်းတလျှောက်မောင်းနှင်လာသည်ကိုသာသိပါသည် ။ နေထွက်လာ၍မြူခြေရှင်းသွားသောအခါ ကျွန်တော်တို့စီးလာသောကားကြီးမှာ ပင်လယ်ပြင်ကိုဖြတ်ဖောက်ထားသော တံတားရှည်ကြီတခုပေါ်တွင်မောင်းနှင်နေကြောင်းတွေ့ ရပါတော့သည် ။ အခုနေများ ဒီတံတားကြီးကျိုးကျရင်ဒုက္ခပါပဲဟုမြန်မာပီပီတွေးမိသလို ၊ အခုနေငလျင်အကြီးအကျယ်လှုပ်ရင်တော့ဒုက္ခရောက်ပီဟုလည်းတွေးမိပါသည် ။ သို့သော် ယနေ့အချိန်အထိ အင်ချွန်းမှပင်လယ်ဖြတ်ကျော်တံတားကြီး ဘာတခုမှ မတော်တဆမှုဖြစ်သည်ကိုမကြားရသေးပါ ။ ၂၁ ရာစု၏ခေတ်မီနည်းစနစ်များတွင် အစိုးရများသည် ငွေကြေးတတ်နိုင်ပြီး လုပ်ချင်ကိုင်ချင်စိတ်အပြည့်ရှိပါက စိတ်ချရသော ပင်လယ်ဖြတ်ကျော်တံတားရှည်များ ၊ တောင်များကိုဖြတ်ကျော်သည့်လှိုဏ်ခေါင်းရှည်ကားလမ်း၊ရထားလမ်းများ၊ ချောက်ကမ္ဘားကြီးကိုဖြတ်ကျော်တည်ဆောက်ထားသောကားလမ်းများ၊ ပင်လယ်ရေအောက်ကိုဖြတ်ဖောက်ထားသော ရေလက်ကြားနှစ်ခုကိုဆက်ထားသည့်ကားလမ်းပါသည့် ပြွန်များ ၊ မြေအောက်ရထားလမ်းများ ၊ကောင်းကင်ရထားလမ်းများ ၊ကောင်းကင်ကားလမ်းများ တည်ဆောက်ရန်နည်းပညာများ ကမ္ဘာကျော်ကုမ္မဏီများတွင်ရှိပြီးသားဖြစ်ပါသည် ။

စနစ်တကျတင်ဒါခေါ်၍အလုပ်အပ်ရန်သာလိုပါသည် ။ အလုပ်အပ်ဖို့ ပိုက်ဆံကိုလည်း နိုင်ငံတော်မှာရှိနေစေရန် မခိုးသောနည်း၊လာဘ်မစားသောနည်း၊ကိုယ်ကျိုးမရှာသောနည်းများဖြင့် စုဆောင်းရှာဖွေရပါမည် ။ ကျွန်တော်တို့သည် တံတားဆောက်ပေးမည်ဟုပြောသောအစိုးရထက် တံတားဆောက်နိုင်ရန် ငွေမခိုးသော အစိုးရ ၊ကိုယ်ကျိုးမရှာသောအစိုးရတရပ်ကိုပိုမိုလိုအပ်ပါသည် ။ ခိုးနေသူတွေ ကိုယ်ကျိုးရှာသူတွေအုပ်ချုပ်နေသမျှကာလပတ်လုံးတိုင်းပြည်က စိန်တွေ ရွှေတွေ ပဒေသာပင်တွေကသီးနေပွင့်နေလျှင်ပင် တိုင်းသူပြည်သားများအကျိုးခံစားရမည်မဟုတ်ပါ ။

အဓိကကတော့ တိုင်းပြည်ကိုစီးပွားဖြစ်အောင်လုပ်နိုင်သလို ၊ ဖြစ်ထားသောစီးပွားကို မခိုးမ၀ှက် ကိုယ်ကျိုးအတွက် အသုံးမပြုသောအစိုးရတရပ်မြန်မာပြည်တွင်လိုပါသည် ။ ထိုအစိုးရမျိုးတက်လာလျှင် မြန်မာနိုင်ငံတွင် ပင်လယ်ဖြတ်ကူးတံတားကြီးတွေတစင်းမက အစင်းများစွာဖြစ်လာပါလိမ့်မည် ။ ရန်ကုန်မှမော်လမြိုင်သွားချင်လျှင် တကူးတက ပဲခူးသို့ပြောင်းပြန် ပြန်လာနေရမည့်အစား ရန်ကုန်မှ သထုံသို့  ပင်လယ်ဖြတ်၍တံတားထိုးနိုင်ပါလျှင် သာ၍မကောင်းဘူးလား။လမ်းမပေါက်သော မာန်အောင်ကျွန်းမှအနီးဆုံးရမ်းဗြဲကျွန်းသို့ ပင်လယ်ကိုဖြတ်ကာ တံတားထိုးပေးနိုင်လျှင်မကောင်းဘူးလား ။ဒါတွေသည်တိုင်းပြည်စီးပွားရေးအစဉ်ပြေလာလျှင် ရေမြင့်ကြာတင့်ဆိုသလို ဖြစ်လာနိုင်မည့်ကိစ္စများဖြစ်သည် ။

          အစိုးရကောင်းတရပ်ဆိုသည်မှာ မိမိနိုင်ငံစီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင်လုပ်နိုင်စွမ်းရှိရမည် ။ မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိသော နိုင်ငံပိုင်ငွေကြေးကို ကိုယ်ကျိုးအတွက် တိုက်ရိုက်သော်လည်းကောင်းသွယ်ဝိုက်၍သော်လည်းကောင်း အသုံးချခြင်းကင်းရှင်းရမည် ။ လက်ရှိ NLD အစိုးရသည် စီးပွားရေးတိုးတက်အောင်မလုပ်နိုင် ၊ နည်းအမျိုးမျိုးဖြင့်ကြိုးစားရုန်းကန်နေရသည် ။တိုင်းသူပြည်သားများအဆင်မပြေမှုများစွာရှိနေသည် ။ သို့ သော် အစိုးရ ဦးခေါင်းပိုင်းတာဝန်ရှိသူများသည် နိုင်ငံတော်ငွေကြေးကို မိမိအိပ်ထောင်ထဲသို့ထည့်ခြင်း ကင်းရှင်းသည် ။ ထို့ ကြောင့် NLD သည်အစိုးရကောင်းလားဟုဆိုလျှင် ၅၀ ရာခိုင်နှုန်းမှန်ကန်သည် ။တိုင်းပြည်ပိုက်ဆံကို ခရိုနီတွေလို အာဏာရှင်တွေလိုအလွဲသုံးစားကိုယ်ကျိုးမသံုးသဖြင့် အမှတ် ၅၀ ပေးသည် ။ စီးပွားရေးဖွံဖြိုးတိုးတက်အောင်မဆောင်ရွက်နိုင်သောကြောင့် ကျန်အမှတ် ၅၀ မရသေးပေ ။ ဘာပဲပြောပြော စီးပွားရေးအဆင်ပြေချောမွေ့ လာသည်နှင့်အမျှ အမှတ်များတက်လာနိုင်ပါသေး၏ ။ လက်ရှိ ၂ နှစ်အထိတောင့်ခံနိုင်ခဲ့သော အဂတိလိုက်စားမှုကင်းရှင်းခြင်းကိုနောက်လာမည့်သုံးနှစ်တွင်တောင့်ခံမထားနိုင်ပဲ အရင်လူများလိုခိုးကြ၀ှက်ကြ ကိုယ်ကျိုးရှာကြပါလျှင် NLD လည်းရမှတ်သုံညဖြစ်မည်ဖြစ်သည် ။

      NLD ကိုမဲမပေးတော့ရင် ၂၀၂၀ ၌ ဘယ်သူတွေကိုမဲပေးကြမလဲဆိုတာလည်းစဉ်းစားစရာကောင်းသောအချက်ဖြစ်သည် ။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဘယ်ပါတီတွေဘယ်လောက်နိုင်ခဲ့သလဲဆိုတာပြန်ပြောချင်သည် ။  မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်၏ အမတ်နေရာ ၁,၁၅၀ အတွက် နိုင်ငံရေး ပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း ၆,၀၃၈ ဦးသည် ပြည်သူ့လွှတ်တော် ၃၂၃ နေရာအတွက် ၁,၇၃၃ ဦး၊ အမျိုးသားလွှတ်တော် ၁၆၈ နေရာအတွက် ၈၈၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် နှင့် တိုင်းရင်းသား လူမျိုးစုနေရာ ၆၅၉ နေရာ အတွက် ၃,၄၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

        အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လွှတ်တော် သုံးရပ်၌ ပြည်သူ့ လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွင် ၄၇၅ နေရာ၊ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ၂၁ နေရာ စုစုပေါင်း ၈၈၆ နေရာ အနိုင်ရရှိထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် နေရာ ၃၀၊ အမျိုးသား လွှတ်တော်တွင် ၁၁ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇၄ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် တစ်နေရာ စုစုပေါင်း  ၁၁၇ နေရာ အနိုင် ရရှိထားသည်။

ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ၁၂ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၀ နေရာ၊ ပြည်နယ် လွှတ်တော်တွင် ၂၂ နေရာနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ရခိုင်တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိထားသည်။

          ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီက အမျိုးသားလွှတ်တော်တွင် ၃ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၁၄ နေရာ ။ ရှမ်းပြည်နယ်လွှတ်တော်တွင် ၂၈ နေရာ ။ကချင်ပြည်နယ်လွှတ်တော်တွင် ၁ နေရာ ၊စုစုပေါင်း ၄၆နေရာ ရွေးကောက်ခံရသည် ။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လူထုထောက်ခံမှုများသောပါတီများမှာ ရွေးကောက်ခံကိုယ်စားလှယ်အများအနည်းအရအဓိကအားဖြင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP) ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၊ ရခိုင်အမျိုးသားပါတီ ( ANP) တို့ဖြစ်သည် ။ ထိုပါတီလေးခုထဲတွင် အစိုးရဖွဲ့ဖူးသည့်ပါတီမှာ ပြည်ခိုင်ဖြိုးပါတီနှင့် NLD နှစ်ခုပဲရှိသည် ။ အထွေထွေမကြေနပ်ချက်များအရ NLD ကိုထောက်ခံမဲမပေးတော့ဘူးဆိုလျှင်ထိုမဲများဘယ်ဆီကိုရောက်မည်နည်း ။ ထိုအခါ အောက်ပါအတိုင်းနည်း(၄)မျိုးဖြင့်စဉ်းစားကြည့်နိုင်သည် ။

(၁) NLD ၏မဲများ ကြံ့ခိုင်ရေးပါတီသို့ရောက်သွားနိုင်သည် ။

ဤတွက်ကိန်းမှာ ပြည်ခိုင်ဖြိုးပါတီဘက်မှတွက်ကိန်းဖြစ်နိုင်သည် ။ တကယ့်လက်တွေ့ တွင် NLD ကိုမဲထည့်ခဲ့သူများသည် NLD ကိုမကြိုက်တော့သည့်တိုင် ကြံ့ခိုင်ရေးသို့ ဘက်ပြောင်းမည့်သူများမဟုတ်ပေ ။ ဘက်ပြောင်းမည့်သူအနည်းငယ်သာရှိနိုင်သည် ။ ကြံ့ခိုင်ရေးသည် ကြံ့ခိုင်ရေးထောက်ခံသူများ၏မဲကိုသာအဓိကအားထားရမည်ဖြစ်ပြီး NLD မှမဲများသည်ကြံ့ခိုင်ရေးအတွက်ဖြစ်လာနိုင်မည်မဟုတ်ချေ ။ NLD စွမ်းဆောင်ရည်ညံ့ဖျင်းပါက NLD ၏ထောက်ခံမဲများလျော့သွားနိုင်သော်လည်း ထိုမဲများမှာ ကြံခိုင်ရေးသို့ရောက်လာမည့်မဲများမဖြစ်နိုင်ပေ ။ NLD ကိုထောက်ခံခဲ့ကြသူများသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကိုဆန့်ကျင်ခဲ့သူများ၊ဒီမိုကရေစီရေးကိုစွဲစွဲမြဲမြဲထောက်ခံခဲ့သူများဖြစ်သည်။အများစုမှာဆန့်ကျင်ဘက်ပါတီသို့ လွယ်လွယ်ကူကူဘက်ပြောင်းထောက်ခံမည်မဟုတ်ချေ ။

(၂)မဲမပေးသူများလာနိုင်သည် ။

ဤဖြစ်ရပ်မှာပို၍ဖြစ်နိုင်စရာရှိသည် ။ ပြီးခဲ့သော၂၀၁၇ဧပြီ ၁ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲတွင် မဲလာပေးသူများအရေအတွက်သိသိသာသာကျဆင်းသွားသည်ကိုတွေ့ရသည် ။ထိုအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်တွင်NLD ထောက်ခံမဲများမဲပုံးထဲသို့ရောက်မလာတော့ပဲ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအနိုင်ရသွားခဲ့ဖူးသည် ။ NLD ကိုစိတ်ကုန်နေသူများရှိပါက ဆန့်ကျင်ဘက်ပါတီသို့ကူးပြောင်းထောက်ခံမဲပေးသည်ထက် မဲရုံသို့မလာပဲ နေကြလိမ့်မည် ။ ထိုအချက်က ကြံ့ခိုင်ရေးအတွက်မျှော်လင့်စရာဖြစ်သည် ။

(၃)တတိယပါတီကိုပြောင်းလဲထောက်ခံလာနိုင်သည် ။

NLD ကိုလည်းအားမရ ၊ ကြံခိုင်ရေးကိုလည်းမကြိုက်သောမဲဆန္ဒရှင်များသည် အသစ်တည်ထောင်လာသော ပါတီတခုခုကို ရွေးချယ်လာနိုင်သည် ။ လောလောဆယ်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတည်ထောင်မည့်ပါတီသည် အသစ်ထဲတွင်အားအကောင်းဆုံးဖြစ်လာနိုင်သည် ။ သို့ သော် ကိုကိုကြီးသာပါဝင်ပြီး ကိုမင်းကိုနိုင်မပါဝင်ခြင်းက ထို ၈၈ မျိုးဆက်ပါတီအားနည်းသွားစေသည် ။ မည်သို့ ပင်ရှိစေ မတူညီသောရွေးချယ်စရာတခုအနေနှင့်ပေါ်လာသော ၈၈ မျိုးဆက်ပါတီကို ပြည်သူလူထုကအတိုင်းအတာတခုအထိလက်ခံအားပေးကြပေလိမ့်မည် ။

(၄)တိုင်းရင်းသားပါတီများ

၂၀၁၀ ရွေးကောက်ပွဲတွင်လည်းကောင်း၊၂၀၁၂ ကြားဖြတ်တွင်လည်းကောင်း ၊ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်းကောင်း တိုင်းရင်းသားပါတီများ၏အနိုင်ရမှုမှာ ထင်ထားတာထက်ပိုလေသည် ။အထူးသဖြင့် ရှမ်းနှင့်ရခိုင်ပြည်နယ်များတွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုထက် မိမိတိုင်းရင်းသားပါတီများကိုတိုင်းရင်းသားများကပြန်လည်ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြသည် ။ ထိုအဖြစ်မျိုးသည် ၂၀၂၀ တွင် ထပ်ဖြစ်လာနိုင်သည် ။ မည်ရွေ့ မည်မျှ နိုင်ကြမလဲဟူသောအဖြေမှာ NLD ပါတီ လက်ကျန်ကာလ ၃ နှစ်အတွင်းမည်ရွေ့ မည်မျှ လူထုကြိုက်အောင်လုပ်နိုင်မလဲဆိုသောအပေါ်တွင်မူတည်သည် ။

         ခြုံငုံသုံးသပ်ရလျှင် NLD ကိုထောက်ခံနေသူတွေမြန်မာပြည်၌ အခိုင်အမာရှိသည် ။ အားမရသူတွေလည်း မြန်မာပြည်၌ ဒုနဲ့ဒေးရှိသည် ။ စွမ်းဆောင်ရည်ကိုအားမရသူများတနေ့တခြားများလာနိုင်သည် ။ သို့သော် ထိုသူများသည် ကြံခိုင်ရေးကိုဘယ်တော့မှ ဘက်ပြောင်းထောက်ခံမည့်သူတွေမဖြစ်နိုင် ။ ကြံ့ခိုင်ရေး ၂၆ ရာခိုင်နှုန်း စစ်တပ် ၂၅ ရာခိုင်နှုန်းပေါင်းကာ အရင်လူတွေ ပြန်တက်လာမည်ကို ပြည်သူလူထုက စိုးရိမ်မှုရှိသည် ။ ဖြစ်လာနိုင်သည်က NLD ၊ ၈၈ မျိုးဆက် နှင့် တိုင်းရင်းသားပါတီများ အပေးအယူအလျှော့အတင်းပြုလုပ်ကာညွန့်ပေါင်းအစိုးရထူထောင်ရဖို့ပို၍လမ်းစပေါ်နေပေသတည်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ် 
၈.၁၂.၂၀၁၇

No comments: