Tuesday, December 12, 2017

Career Planning အကြောင်း

Career Planning အကြောင်းမှတ်သားခဲ့သမျှ ပြန်လည် ဝေမျှခြင်း


နိုဝင်ဘာလ (၂၉)ရက်နေ့ကရန်ကုန်မြို့ UMFCCI တွင် ဆရာကြီးဒေါက်တာအောင်ထွန်းသက်၏ Career Planning အကြောင်းဟောပြောပွဲကိုတက်ရောက်ရန် အခွင့်အရေးရရှိခဲ့ပါတယ်။ ဟောပြောပွဲတွင် ဆရာကြီးဆွေးနွေးခဲ့သောအကြောင်းအရာများကိုမှတ်သားမိသလောက် ပြန်လည် ရေးသားတင်ပြမိသည်။

Career ဆိုတာကိုအဓိပ္ပါယ်ဖွင့်ဆိုရလျှင် မိမိပညာနှင့် အလုပ်လုပ်စားခြင်း (သို့) အလုပ်နှင့် ပတ်သက်သောဘဝဟုဆရာကြီးမှ အစချီပြီးစတင်ရှင်းလင်းခဲ့ပါသည်။ ဟောပြောပွဲ၏ ခေါင်းစဉ်အား Career Planning ဟုပေးထားသော်လည်းဆရာကြီးမှ Career Planning and Development ဟုခေါင်းစဉ်တပ်ခဲ့ပါသည်။ မိမိဘဝအတွက် အစီအစဉ်ချ (Plan) ပြီးမှ ဒီ့ထက် ပိုပြီးတိုးတက်အောင် (Development) ဖြစ်အောင် လုပ်ဆောင် တတ်ရန် လိုအပ်ပါသည်။

Minds are like parachutes. ဆိုသည့် စကားလိုမိမိ၏ စိတ်ကိုလည်းလေထီးလိုဖွင့်ထား (Open mind) ရပါမည်။ အကယ်၍မိမိ၏ စိတ်ကိုမဖွင့်ထားပဲ (Close mind) လုပ်ထားပြီးငါပဲသိ။ ငါပဲတတ်။ ငါ လုပ်တာပဲမှန်တယ်ဆိုပါကမိမိလိုရာသို့ မရောက်ပဲလေထီးထီးမပွင့်သကဲ့သို့ အောက်သို့ ပြုတ်ကျ ပေမည်။

ဘဝအတွက် အမြဲတမ်း future orientation ရှိရမည်။ ငါသည် လုပ်နိုင်တယ် (I can) မလုပ်နိုင်ဘူး (I can’t) ဆိုတာမရှိရအောင် လုပ်ဆောင်ရမည်။ She turned her can’t into cans, and her dreams into plans. ထိုသို့ မလုပ်နိုင်ဘူးဆိုတာတွေကနေလုပ်နိုင်တယ် ဆိုတာဖြစ်လာအောင် ကြိုးစားရင်းအိပ်မက်တွေကိုအစီအစဉ်ချရင်းအကောင်အထည် ဖော်ဆောင်နိုင်ရပေမည်။ Career Planning သည် စိတ်ကူးယဉ် အိပ်မက်မဟုတ် ဖြစ်နိုင်ချေရှိတာကိုယုတ္တိတန်ဖြစ်အောင် လုပ်တာကိုခေါ်ဆိုပါသည်။

ဘဝတွင် C ၃ခု ရှိရပါမည်။
Choices (ရွေးချယ်မှု/ကိုယ်ကြိုက်ရာကိုရွေးချယ်ရမည်)
Chances (အခွင့်အရေးရှိရမည်)
Changes (အပြောင်းအလဲရှိရမည်)

မိမိဘဝအတွက် ကိုယ်ကြိုက်နှစ်သက်ရာရွေးချယ်မှုကို ပြုလုပ်ပါ။ အခွင့်အရေးရအောင် လုပ်ဆောင်ပါ။ လူတွေသည် မွေးလာကတည်းက risk နှင့်အတူမွေးဖွားလာသည့်အတွက် လူ့ဘဝတွင် risk သည် အမြဲရှိသည်။ ထိုမှတဆင့် မိမိဘဝကိုပြောင်းလဲဖို့ ရွေးချယ်ရပါမည်။ အခွင့်အရေးရအောင် ယူရပါမည်။

ကိုယ်ပိုင် ဆုံးဖြတ်ချက်
အခြားသူ၏ အတွေး၊ အခြားသူ၏ အတတ်ပညာဖြင့် ကိုယ့်ကိုကိုယ် မလွှမ်းမိုးစေဘဲမိမိ၏ တကယ့်စိတ်ထဲ (inner point or inner voice) ပါမှ မိမိကိုယ်ပိုင် စိတ်ဆုံးဖြတ်ချက်ဖြင့် မိမိဘဝကိုကိုယ်ပိုင်ဖန်တီးတည်ဆောက်စေပါ။ ဥပမာပြရသော် သူငယ်ချင်းအချင်းဟေ့ကောင် မင်းအရက်သောက်မလားမေးလို့ ကိုယ်ကမသောက်ချင်ဘူးသို့သော် သူငယ်ချင်းကမင်းကအရက်မသောက်ရအောင် အခြောက်လားဂန်ဒူးလားပြောဆိုလာသဖြင့် စိတ်ထဲမှ မပါသော်လည်းမခံချင်စိတ်ဖြင့် သောက်လိုက်ခြင်းမျိုး ဖြစ်သည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိပါစေ။

ငါလုပ်တဲ့ အလုပ်ကို ငါ ချစ်ရဲ့လား။ ငါ တကယ်ရော မြတ်နိုးရဲ့လား။ မိမိလုပ်တဲ့ အလုပ်ကိုချစ်ပါ။ မတတ်နိုင်လို့ လုပ်ရတဲ့အခါ ခံယူချက်နဲ့ လုပ်ပါ။ Do the job you love, Love the job you do! အတွေ့အကြုံမရှိပဲနဲ့ မည်သည်မျှ လုပ်လို့မရ၊ ပညာကိုသာဝယ်လို့ရသည်။ အတွေ့အကြုံကိုဝယ်လို့ မရပေ။ အလုပ်အားစိတ်ဝင် တစားနှင့် လုပ်မှ မိမိ၏ ရည်မှန်းချက် (Goal) သို့ ရောက်ပေမည်။ ၄င်းနောက် ကျွမ်းကျင်မှု (Skills) ရှိရမည်။ ပညာတတ်မှု (Education) ဖြစ်ရမည်။ နောက်ဆုံးအချက် လူသားတိုင်းအတွက် လိုအပ်သည့် ရိုးသားဖြောင့်မတ် တည်ကြည်မှု (Values) ရှိဖို့ အထူးလိုအပ်ပါသည်။

ကိုယ့်အကြောင်းကိုယ်သိအောင် လုပ်ရပါမည်။ (Learn about yourself / Self-awareness) ကိုယ့်အကြောင်းကိုယ်သိအောင် မလုပ်နိုင်ပါကမိမိနှင့် နီးစပ်ရာမိတ်ဆွေ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်များအားမိမိ၏ အားနည်းချက် အားသာချက်များကိုမေးမြန်း ကြည့်ကာမိမိအကြောင်းသိရှိအောင် လုပ်ဆောင်ရပါမည်။ ထို့နောက် မိမိ၏ ကျွမ်းကျင်မှု အရည်အသွေးကိုသိရှိရမည်။ (Identify your skills) မိမိဘာလုပ်ချင်တာလဲမိမိကဘာကိုလုပ်နိုင်သလဲဆိုတာသုတေသန ပြုစုရပါမည်။ အဆက်အသွယ် အချိတ်အဆက် ရအောင်လည်း ပြုလုပ်တတ်ရပါမည်။ မိမိ၏ တန်ဖိုးဟာဘာလဲဆိုတာကိုသိရှိအောင် လုပ်ထားရမည်။

Knowing Yourself
လက်ရှိမိမိဘယ်နေရာရောက်နေပြီလဲဘဝမှာဘယ်အဆင့်ကိုရောက်နေပြီလဲ၊ ဘယ်အထိသွားချင်တာလဲတက်လှမ်းချင်တာလဲ၊ မိမိလိုချင်တဲ့ နေရာရောက်အောင် ဘယ်လိုလုပ်မလဲ။ ငါ ဒီအလုပ်လုပ်တာဘာကြောင့် လုပ်တာလဲ။ ကိုယ့် ပညာကိုအသုံးချချင်လို့ လုပ်တာလား။ ပိုက်ဆံများများလိုချင်လို့လုပ်တာလား။ အတွေ့ အကြုံလိုချင်လို့ လုပ်တာလား။ motivation လိုအပ်ပါတယ်။ ကိုယ့် အားနည်းချက်ကဘာရှိလဲ။ ကိုယ့် အတွက် ဘာကအရေးကြီးဆုံးလဲ။ မိမိကိုယ်ကိုအမြဲ learning လုပ်နေရပါမယ်။ အလုပ်လုပ်တဲ့ သူတွေ အားလုံးက learning လုပ်နေရမယ်။ ပန်းတိုင် Goal ရှိရပါမယ်။ ဘယ်တော့ စလုပ်မလဲ။ ဘယ်ကနေစမလဲ။ ကိုယ် စိတ်ဝင်စားတာဘာလဲ။ မိမိ ကျွမ်းကျင်မှုက ဘာလဲ။ လက်ရှိအချိန်မှာမိမိအတွက် အရေးကြီးတာဘာလဲ။ တခြားဘာကိုစဉ်းစားသင့်သလဲ။

Finding Out
အလုပ်တွေ ရှာဖွေရမယ်။ ဘယ်လိုအလုပ်မျိုးရှာမလဲ။ လေ့လာစရာတွေ အများကြီးထဲမှ အလုပ်အကိုင် အခွင့်အရေးတွေကိုရှာဖွေတတ်ရမယ်။ ထိုသို့ အလုပ်ရဖို့ အတွက် အရည်းအချင်း ကျွမ်းကျင်မှုရှိထားပြီး ၄င်းတို့ကို ဘယ်လိုအသုံးချမလဲသိရမယ်။ ရလာတဲ့ အလုပ်ကကိုယ်နဲ့ ကိုက်ညီလား။ မကိုက်ညီလားစဉ်းစားရမည်။ ကိုယ်နဲ့ မကိုက်ညီပါက skills planning လုပ်ရမည်။ ထိုသို့ မကိုက်ညီပဲ ဟ နေသောနေရာကိုကွက်လပ်ဖြည့်တတ် (gap filling) ရမည်။

Making Decision
ရလာတဲ့ အလုပ်ကမိမိနဲ့ သင့်တော်၏ မသင့်တော်၏ အဆုံးအဖြတ်ဖြင့် လုပ်မည် မလုပ်ဘူးရွေးချယ် (Choice) တတ်ရမည်။ အလုပ်တွေ အများကြီးထဲမှ တခုကိုရွေးချယ်ရ (narrow down) တော့မည်။ ကိုယ် ရွေးချယ်လိုက်တဲ့ အလုပ်သည် မိမိနှင့် သင့်တော်သော (suitable) အလုပ်ကိုရွေးချယ်တတ်ရမည်။  အကောင်းဆုံးရွေးချယ်မှု (Option) ကိုရွေးတတ်ပြီးစိတ်ဝင်စားမှု ကျွမ်းကျင်မှုတို့နှင့် ကိုက်ညီသောအလုပ် ဖြစ်ရန် လိုသည်။ မိမိလုပ်ချင်တာနှင့် ကိုက်ညီရဲ့လားဆိုသည့် Cost and Benefit စံရှိရမည်။ မိမိအတွက် အဟန့်အတား ဖြစ်စေတာကဘာလဲ။ အကူအညီရစေတာကဘာလဲဆိုတာကိုသေချာသိမြင် ဆုံးဖြတ် တတ်ရမည်။

Taking Action
မျက်စိစုံမှိတ်ပြီးခေါင်းညိတ်လိုက်တာလုပ်ဆောင်လိုက်တာမျိုး Action ယူလို့ မရပေ။ လိုအပ်လျှင် အကူအညီတောင်းခံရမည်။ မည်သူကမိမိကိုကူညီနိုင်မည်လဲဆိုတာသိရှိရမည်။ တစ်နေရာထဲမှာပဲနေပြီးဒီနေရာမှာပဲမကျေနပ်နေဘဲတခြားဘာဆက်လုပ်မည်လဲဟုအမြဲစဉ်းစားတွေးခေါ် နေရမည်။ မိမိအလုပ်ကိုစူးစမ်းလေ့လာရမည်။ မိမိဘာထပ်လုပ်နိုင်သေးသလဲ။ အလုပ်ကိုလေ့လာရန်လိုသည်။ မိမိ၏ ဘဝတိုးတက်ရာလမ်းကြောင်းကို (career paths) ဖော်ဆောင်ရမည်။ Action Plan ရှိရမည်။ လိုချင်တာကိုအကောင်အထည် ဖော်ဖို့ အစီအစဉ် လမ်းကြောင်းတွေ ရေးဆွဲထားရမည်။

Career Development နှင့် ပတ်သက်ပြီး ဆရာကြီးမှ ဆက်လက်ဆွေးနွေးခဲ့သည်မှာ အလုပ်ရှိတဲ့လူတွေအဖို့ အလုပ်မှာတိုးတက်အောင် ဘာတွေ လုပ်ဆောင်မလဲဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။ ရှာဖွေဖို့လိုပါတယ်။ ရည်မှန်းချက် ရှိဖို့ လိုအပ်ပါတယ်ဟု ပြောကြားခဲ့သည်။ ထိုသို့ လုပ်ဆောင်ဖို့ အတွက် အဆက်အသွယ်တွေရှိဖို့နှင့် Networking တွေ ရှိဖို့ အရေးကြီးပါတယ်။ Social Media ကိုကောင်းကောင်းအသုံးချတတ်ရပါမယ်။ ဒါ့အပြင် Learning and access လည်း လုပ်တတ်ရပါ မယ်။

From Time to Time
မိမိလက်ရှိရောက်နေတဲ့ နေရာမှာပဲကျေနပ်မနေဘဲရှေ့ ၅ နှစ်ကို ဘာဖြစ်မလဲ ဒီ့ထက် ရှေ့ ၁၀ နှစ်ရောက်ရင် ဘာဖြစ်အောင် လုပ်မလဲဆိုတဲ့ အမြဲမိမိအနာဂတ်အတွက် စဉ်းစားတွေးခေါ် (think about future) နေရပါမယ်။ မိမိရဲ့ လမ်းကြောင်း (direction) ကဘယ်ကိုသွားချင်တာလဲ။ လက်ရှိနေရာမှာတင် ရောင့်ရဲတင်းတိမ်ကာ လောဘမရှိဘဲ မနေထိုင်သင့်ပေ။ အမြဲတမ်းရှေ့ကို (get on) ရွှေ့လျားနေရမယ်။ အသစ်အသစ်တွေကို (do something new) လုပ်နေရပါမယ်။

ယခုတင်ပြနေသော Career Development သည် လုပ်ငန်းခွင် ထဲမှ အလုပ်ရှင်နှင့် မန်နေဂျာတို့ အတွက် အထူးအရေးကြီးပေသည်။ တာဝန်ရှိသူတို့သည် မိမိဝန်ထမ်းများ၏ career development ကိုစိတ်ဝင်စားမှု ရှိရပါမည်။ မိမိဝန်ထမ်းများတိုးတက်အောင် အမြဲတမ်း ကြံဆောင် စိတ်ဝင်စားနေရမည်။ ဝန်ထမ်းများထံမှလည်းအကြံညာဏ် ပြန်လည် ယူကာ ကြီးကြပ်သူနှင့် ကြီးကြပ်ခံရသူကြားနားလည်မှု အတိအကျ ရှိရပါမည်။ မန်နေဂျာ၏ ရည်မှန်းချက်ကိုလက်အောက် ဝန်ထမ်းတွေကမသိလျှင် ရှေ့ဆက်သွားရန် ခက်ပေမည်။ ထို့အတွက် ဝန်ထမ်းတွေ သဘောပေါက်နားလည်သိရှိအောင် ရှင်းလင်းပြပြီးပူးပေါင်းပါဝင် လုပ်ဆောင်စေရမည်။

မိမိဝန်ထမ်းများကိုလည်းနေရာမှန် လူမှန် ဖြစ်အောင် စီမံခန့်ခွဲတတ်ရပေမည်။ ဝန်ထမ်းများ၏ အရည်အသွေး ကျွမ်းကျင်မှုများတိုးတက်အောင် လုပ်ဆောင်ပေးသလိုသူတို့ထံမှ feedback များကိုနားထောင်ပေးရမည်။ ထိရောက်သောဆွေးနွေးမှုများ (career discussion) ရှိရန် လိုအပ်သည်။  ဝန်ထမ်းတွေအတွက် support training ပေးကာ information and advice များပေးရမည်။ ရာထူးတိုးမှ တခြားနေရာကိုပြောင်းလဲတာ မဟုတ်ပဲကိုယ် စိတ်ဝင်စားရာဌာနသို့ ပြောင်းလဲတာဝန်ထမ်းဆောင်ခွင့်ကိုဖော်ဆောင် ပေးရမည်။

ဝန်ထမ်းများ၏ skills ကိုကောင်းကောင်းအသုံးချတတ်ပြီးထူးချွန်သောသူများဖြစ်အောင် လုပ်ဆောင်ပေးရမည်။ တစ်ဦးနှင့်တစ်ဦး positive outcomes ရှိပြီး ကြည်လင်ပြတ်သားသောဦးတည်ချက်များရှိရပါမည်။ မိမိဝန်ထမ်းများနှင့် စကားများများ (conversation) ပြောဆိုရမည်။  တန်ဖိုးဖြတ်ပေးခြင်း (performance appraisal) အားကောင်းကောင်းလုပ်ဆောင်ပေးရပါမည်။ မိမိကိုယ်၌ကလည်း ရပ်တန့်နေ (standing still lethal) လို့ မရဘဲ လိုအပ်တဲ့ ကျွမ်းကျင်တိုးတက်မှုများရှိအောင် အမြဲ လုပ်ဆောင်ရပါမယ်။ လုပ်ငန်းခွင်ထဲမှ အတော်ဆုံးသူကိုထိန်းချုပ်ကာမိမိထံ၌ မြဲအောင် ဆွဲဆောင်နိုင်ဖို့ အရမ်း အရေးကြီးပါတယ်။ ဒါမှသာ organization performance တက်လာမှာ ဖြစ်ပါတယ်။

Engaged Employees
လုပ်ငန်းခွင်မှာစိတ်ပါဝင်စားပြီးစိတ်ပါလက်ပါနှင့် လုပ်ငန်းတွင် မြှပ်နှံထားသူ ဖြစ်ရပါမည်။ မိမိအားမခိုင်းပဲလုပ်တတ်အောင် ကြိုးစားရမည်။ Initiative ယူပြီးလုပ်တတ်သောသူဖြစ်အောင် ကြိုးစားရမည်။ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီသည် မိမိအလုပ်၏ Brand Ambassador ဖြစ်သည်။ မိမိအလုပ်အားကိုယ်စားပြုသူ ဖြစ်ရပါမည်။ မိမိ၏ skills ကိုအမှန်တကယ် အသုံးပြုတတ်ဖို့ လိုအပ်ပြီးအလားအလာ (potential) အများကြီးရှိအောင် လုပ်ဆောင်ရမည်။ မိမိကိုတာဝန်အသစ်များပေးအပ်လာသည်ကိုလည်း တာဝန်ပေးသည် ခိုင်းသည်ဟု မယူဆပဲ အတွေ့အကြုံအသစ်များပေးနေတာဟု သဘောထားရပေမည်။ ဝန်ထမ်းများအားအသိအမှတ်ပြုကာချီးမြှောက်မှုများ ပြုလုပ်ပေးရပါမည်။ ချီးမြှောက်သည့် ပုံစံအားလည်းမမှားစေရန် ဂရုပြုပြီးတကယ်လိုအပ်သည်ကိုချီးမြှောက်မိတတ်စေရပါမည်။ လုပ်ငန်းအတွက် တစ်ဦးတစ်ယောက်ချင်းအတွက် မိမိကိုယ်အတွက် စီမံကိန်းချမှတ်ပါ။ ရေရှည် အစီအမံဖြင့် အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်တတ်ကြပါစေ။ မျက်စိမှိတ်ပြီးအာရုံဖြင့် ပုံဖော်သလို visualization ဖြစ်အောင် လုပ်ဖို့ လူတိုင်းလိုအပ်ပါသည်။ လုပ်ငန်းခွင်တိုင်းမှာ vision and mission ရှိသလိုလူတိုင်းလူတိုင်းမှာလည်း ရှိရပါမည်ဟု ဆရာကြီးမှ အထက်ပါအတိုင်း ဆွေးနွေး ဟောပြောခဲ့သည်အား ပြန်လည်ဝေမျှလိုက်ရပါသည်။

(ဆရာကြီးဆွေးနွေးခဲ့သလောက် ဆရာကြီး၏ အာဘော်နှင့် မကိုက်ညီခဲ့ပါကမှတ်သားနာယူသူကျနော်၏ အားနည်းချက်သာ ဖြစ်ပါသည်။)

Credit: ကိုအောင်ကိုကိုဦး

No comments: