Thursday, September 3, 2015

Public Toilet တွေက တဆင့် HIV ပိုး ကူးစက်နိုင်လား



သားဆက်ခြား ကျန်းမာရေး တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်မည်

 အန္တရာယ်ရှိတဲ့  ကိုယ်ဝန်ဖျက်ချခြင်းမှ ကာကွယ်ဖို့ သားဆက်ခြား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လာမယ့် ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေး ဒု-ဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၂၆ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အန်အယ်လ်ဒီ အမတ် ဒေါက်တာ မေဝင်းမြင့်ရဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ သေဆုံးမှု လျှော့ချရေးကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ၀န်ကြီးက ဖြေကြားသွားတာပါ။

ဒု-ဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးနဲ့ သားဆက်ခြားဆေးဝါးတွေ ဝယ်ယူရန် အစိုးရက သီးသန့်ရန်ပုံငွေ ချထားခဲ့ပြီး ၂၀၁၄-၁၅၊ ဘဏ္ဍာနှစ်မှာ ကျပ်ငွေသန်းပေါင်း ၅၀၀ တန်ဖိုးရှိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်းနဲ့ သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပြည်နယ်တိုင်း ၄ ခုရှိ မြို့နယ် ၁၂ မြို့နယ်မှာ ရှေ့ပြေးဆောင်ရွက်နေပြီး ၂၀၁၆ မှ ၂၀၁၈ အတွင်း တနိုင်ငံလုံး အတိုင်းအတာထိ ဆောင်ရွက်မယ်လို့ လွှတ်တော်မှာ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်က အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်း ၁၀၀၀ မှာ ၁၀၈ ဦးရှိရာက ၂၀၁၃ ခုနှစ်မှာ ၅၀ လောက်ထိ ကျဆင်းခဲ့သလို မီးတွင်းမိခင်သေဆုံးမှု နှုန်းဟာလည်း ၁၉၉၀ မှာ ကလေး ၁၀၀၀၀၀ မွေးရင် မိခင်သေဆုံးနှုန်း ၅၅၀ ရှိရာက ၂၀၁၃ ခုနှစ်မှာ ၂၀၀ အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်ဟာ လက်ရှိ ဂျီဒီပီရဲ့ ၃ ဒသမ ၃၈ ရာခိုင်နှုန်းရရှိပြီး  ၅ ရာခိုင်နှုန်းရသည်အထိ တိုးမြှင့်ပေးနိုင်ဖို့ အစိုးရက ကြိုးပမ်းနေတယ်လို့လည်း ဒု-၀န်ကြီးက ဖြေကြားသွားပါတယ်။

DVB  - သားဆက်ခြား ကျန်းမာရေး တနိုင်ငံလုံး အတိုင်းအတာထိ တိုးမြှင့်ဆောင်ရွက်မည်

ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ သင်တန်း ဘယ်သူတွေကို သင်ပေးနေတာလဲ

 အလှူရှင်တစ်ယောက်က သူ့နေအိမ်ကို ကြိုက်သလိုသုံးပါဆိုပြီး လှူဒါန်းခဲ့လို့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းဦးဆောင်ပြီး NLD အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားရေးနဲ့ဖွံ့ဖြိုးရေးသင်တန်းကို ဒဂုံအရှေ့က ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒီသင်တန်းမှာ ဘယ်သူတွေကို ဘယ်လိုသင်တန်းမျိုးတွေ သင်ပေးနေသလဲ။

အလှူရှင် ဒေါ်ဥမ္မာတင်က သူ့အိမ်ကို လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က လှူဒါန်းခဲ့ပြီးနောက် ဒေါ်ဖြူဖြူသင်းဦးဆောင်ပြီး HIV ဝေဒနာခံစားနေရတဲ့ အမျိုးသမီးနဲ့ ဝေဒနာရှင်မိသားစုထဲက အမျိုးသမီးတွေကို အခမဲ့စက်ချုပ်ပညာသင်ကြားပေးနေတာပါ။ နယ်က အခွင့်အလမ်းနည်းပါးတဲ့ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ အခုတော့ HIV ဝေဒနာနဲ့မဆိုင်တဲ့ အမျိုးသမီးလူငယ်တွေကိုပါ သင်တန်းတက်ဖို့ ဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးရာဇာကဆိုပါတယ်။

စိုက်ပျိုးမွေးမြူရေးရပ်ကွက်ကြီး ၁ထဲမှာ ဖွင့်လှစ်ထားတဲ့ ဒီသင်တန်းကိုတော့ သင်ကြားပေးတဲ့ နည်းပြဆရာမ ၅ယောက်ရှိပြီး အခုဆို သင်တန်း အပတ်စဉ်ပေါင်း ၁၆ခုရှိသွားခဲ့ပါပြီ။ သင်တန်းတစ်ခုကို တစ်လကျော်ကြာမြင့်ပါတယ်။ စက်ပစ္စည်းတွေလည်းစုံလင်တာမို့ စက်ချုပ်ပညာတစ်ခုတည်းတင်မက ခုခံအားကျတဲ့ရောဂါအပြင် သားဆက်ခြားပညာပေး၊ အိမ်တွင်းအကြမ်းဖက်မှု စတဲ့ပညာပေးတွေကိုလည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းဟာ သင်တန်းသားတွေအတွက် စားဝတ်နေရေးကို တာဝန်ယူထားပြီး သင်တန်းနည်းပြတွေကလည်း ပံ့ပိုးမှုအားကောင်းလို့ ထိရောက်မှုရှိတယလို့ ပြောသူက ဒေါ်မြင့်မြင့်မော်ပါ။ ဒါပေမယ့် တစ်ချို့အခက်အခဲတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း သနပ်ပင်မြိုကနယ် မင်းရွာ ရွာမကနေ သင်တန်းလာတက်တဲ့ မနီလာဝင်းတစ်ယောက် ရွာမှာစက်ချုပ်တတ်ပေမယ့် စနစ်တကျတတ်ချင်လို့ပါလို့ ပြောပါတယ်။ ဒီသင်ကြားထားတဲ့ ပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမှာဖြစ်သလို အခြားသူတွေကိုလည်း မျှဝေသွားမယ်လို့ ဆိုပါတယ်။



ရုပ်သံ - https://www.youtube.com/watch?v=TPi6A3dMl70

ကမာရွတ် - ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ သင်တန်း ဘယ်သူတွေကို သင်ပေးနေတာလဲ

Public Toilet တွေက တဆင့် HIV ပိုး ကူးစက်နိုင်လား

မေး။    ။ သမီးလွန်ခဲ့တဲ့ ၈ ရက်လောက်က Public toilet ကိုအသုံးပြုခဲ့ပါတယ်။ Toilet က ရိုးရိုး toilet ပါ။ ဗိုလ်ထိုင် toilet မဟုတ်ပါဘူး။ သမီး toilet ကို အသုံးမပြုခင်တော့ toilet ကြမ်းပြင်ကို ရေတော့ လောင်းလိုက်ပါသေးတယ်။ နောက်တော့ သမီး ဆီးသွားတယ်။ ဒါပေမယ့် ဘယ်လက်က အိမ်သာခြေနင်းကြွေ ခုံကို နည်းနည်း ထိမိသွားတယ်။ အဲဒါနဲ့ လက်ကို ရေလောင်းပြီး အမျိုးသမီး အင်္ဂါကို လက်နဲ့ ပွတ်သပ် ဆေးကြောလိုက်တယ်။ နောက်တော့မှ သတိရသွားတယ်။ Public toilet ဆိုတော့ HIV virus ရှိတဲ့ လူရဲ့ ပိုးတွေဘာတွေ သမီးလက်မှာ ကပ်ပြီး လက်ကနေ vigina ထဲ ပိုးဝင်သွားမလားဆိုပြီး စိတ်ပူလွန်းလို့ပါ။ နောက်ပြီး သမီးအဲဒီ အချိန်တုန်းက အဖြူလည်း ဆင်းနေလို့ပါ။ အဲဒါကြောင့် ပိုပြီး စိတ်ပူနေလို့ပါ။

ဖြေ။    ။ Public Toilet တွေမှာ HIV ပိုးက အသက်မရှင်နိုင်ပါဘူး။ လူ့ကိုယ်ခန္ဒာက အရည်တွေဖြစ်တဲ့ သွေး၊ လင်အင်္ဂါရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မှသာ HIV ပိုးက ကူးစက်နိုင်တာပါ။ HIV ပိုးက လူ့ကိုယ်ထဲမှာ ရှိနေခိုက်သာ အသက်ရှင်ပြီး လူ့ကိုယ်ပြင်ပ ပတ်ဝန်းကျင်ကို ထွက်လိုက်တာနဲ့ သက်မရှင်နိုင်တော့လို့ပါ။ ဒါကြောင့် စိတ်မပူပါနဲ့။ စိတ်အေးအေးထားပါ။ အဖြူဆင်းတဲ့ ကိစ္စကတော့ နီးစပ်ရာ ကျန်းမာရေး ဆရာဝန်တွေနဲ့ ဆွေးနွေးစေချင်ပါတယ်။
လမင်းကို

No comments: