Friday, September 18, 2015

ပြည်ကြီးငါးချဉ်စပ် - ကြက်အရေခွံသုပ် - ဆူးပုပ်ကလေးဟင်းချို



 ငပလီကိုအလည်အပတ်တစ်ခေါက်ရောက်တုန်းက ရေမျောက်တို့ ရေကြက်တို့ မီနူးမှာတွေ့လို့ အထူးတဆန်းမှာစားကြတာမှာ ရေကြက်ဆိုတဲ့ ပြည်ကြီးငါးတွေစားခဲ့ရဖူးပါတယ်။ များသောအားဖြင့် အချိုချက်လေးတွေစားခဲ့တာဖြစ်ပြီး အခုတော့ချဉ်စပ်လေး ချက်စားကြည့်ကြရအောင်။ မချက်ခင်တော့ ပြည်ကြီးငါးခေါင်းကိုဖြုတ်ပြီး အညစ်အကြေးတွေကိုသေချာသန့်စင်ရပါမယ်။ အရေးကြီးလို့ပါ။
ကြက်သားသွားဝယ်ရင်များသောအားဖြင့် ကြက်အရေခွံတွေဖယ်ခိုင်းတတ်ပါတယ်။ အချို့ကတော့ အဆီတက်ပြီးဝမှာစိုးရိမ်လို့ မစားတတ်ကြပါဘူး။ အခုဟာက ဆီနဲ့မကြော်ဘဲ ပြုပ်သုပ်မှာမို့ အဆီသိပ်မတက်လောက်ဘူးထင်တာပဲဗျာ။
ဆူးပုပ်ရွက်မှာ ဆူးပုပ်ကြီးက နည်းနည်းအနံ့ပြင်းပေမယ့် ဆူးပုပ်လေးကတော့ အရည်သောက်ချက်စားရာမှာ အနံ့သိပ်မပြင်းဘဲ အဆင်ပြေတတ်တာကြောင့် ကျွန်တော်စားနေကြဖြစ်ပါတယ်။
ကဲ ဘော်ဒါတို့ ဒီဟင်းအတွဲအစပ်လေးကို ဟင်းချက်နည်းစာအုပ်တစ်ခုထဲကတွေ့လို့ စနစ်တကျကူးယူဖော်ပြလိုက်ပါတယ်နော်။
ပြည်ကြီးငါးချဉ်စပ်
ပါဝင်သောပစ္စည်းများ
ပြည်ကြီးငါး ၂ကောင်(အရွယ်အလတ်စား)၊ ကြက်သွန်ဖြူ ၁မြွှာ၊ ကြက်သွန်နီ ၁ခြမ်း၊ ကြက်သွန်မြိတ် ၂ ပင်၊ သကြား လက်ဖက်ရည်ဇွန်းဝက်၊ ပဲပုပ်စေ့အစပ် (စားပွဲတင်ဇွန်း) ၂ဇွန်းခွဲ၊ ဆီ (စားပွဲတင်ဇွန်း) ၂ဇွန်းခွဲ၊ ဆား(လက်ဖက်ရည်ဇွန်း) ၄ပုံ၁ပုံ။
ပြင်ဆင်ပုံ
ပြည်ကြီးငါးကို ခေါင်းဖြုတ်သန့်စင်ပြီး ထက်ခြမ်းခြမ်းပါ။
အသားကို နနွင်းမကင်းပုံ ဓားနှင့်မွှန်းပြီး ၁လက်မခန့်အတုံးများတုံးပါ။
ရှောက်သီးကို အကွင်းလိုက်လှီးပြီး တြိဂံပုံအသေးလေးများတုံးပါ။ ကြက်သွန်နီ-ဖြူ ပါးပါးလှီးပါ။ ကြက်သွန်မြိတ်ကို ၂လက်မအရှည်ခန့်လှီးပါ။
ပြုလုပ်နည်းအဆင့်ဆင့်
အိုးထဲသို့ဆီထည့်ပါ။ ပူလာလျှင် ကြက်သွန်နီ/ဖြူထည့်ပြီး ၁မိနစ်ခန့်ကြော်ပါ။
ပဲပုပ်စေ့ထည့်ပြီး စက္ကန့် ၃၀ခန့်မွှေပါ။ ပြည်ကြီးငါးထည့်ပါ။ ၂မိနစ်ခန့်ကြော်ပါ။
ကြက်သွန်မြိတ်၊ ရှောက်သီး၊ ဆားနှင့် သကြားထည့်၍ရောမွှေပြီး ကျက်လျှင်သုံးဆောင်နိုင်ပါသည်။
ကြက်အရေခွံသုပ်
ပါဝင်သောပစ္စည်းများ
ကြက်အရေခွံ ၂၀ကျပ်သား၊ ကြက်သွန်နီ ၄လုံး၊ ဂေါ်ဖီ ၁၀သား၊ဟင်းခတ်မှုန့်/ငံပြာရည် အနည်းငယ်၊ သံပရာသီး အနည်းငယ်၊ ရှောက်ရွက်၊ငရုတ်သီးစိမ်း အနည်းငယ်၊ နနွင်း၊ဆား အနည်းငယ်။
ပြင်ဆင်ပုံ
ကြက်အရေခွံများကို အမွှေးစင်စွာနုတ်ပြိး ဆား၊ဟင်းခတ်မှုန့်၊နနွင်းတို့ဖြင့် နယ်ပြီးပြုတ်ပါ။ ပြီးလျှင် ကတ်ကြေးဖြင့် ခပ်သေးသေးညှပ်ပါ။
ကြက်သွန်နီ၊ ဂေါ်ဖီ၊ရှောက်ရွက်၊ငရုတ်သီးစိမ်း၊ ပါးပါးလှီးထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
ပန်းကန်ထဲတွင် ခပ်သေးသေးညှပ်ထားသော ကြက်အရေခွံများကိုထည့်ပါ။ လှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ဟင်းခတ်မှုန့်၊ငံပြာရည်၊ ရှောက်သီးညှစ်၍သုပ်ပါ။
အပေါ်မှ ရှောက်ရွက်ပါးပါးလှီး၍အုပ်ပါ။ အစပ်အတွက် ငရုတ်သီးထည့်စားပါ။ အပေါ့အငန်မြည်း၍ စားနိုင်ပါသည်။
ဆူးပုပ်ကလေးဟင်းချို
ပါဝင်သောပစ္စည်းများ
ဆူးပုပ်ရွက် ၁၀ကျပ်သား၊ ကြက်သွန်နီ ဥကြီး ၁လုံး၊ ကြက်သွန်ဖြူ ဥတစ်လုံး ၃လုံး၊ ငရုတ်သီးခြောက် ၂တောင့်၊ ဆီ ၃စက်၊ ဆား အနည်းငယ်၊ ဟင်းချိုရည် ဟင်းချိုပန်းကန်လုံးနှင့် ၃လုံး။
ပြင်ဆင်ပုံ
ဆူးပုပ်ကလေး အရွက်ကြမ်းများသင်၍ ကျန်အရွက်များကို ရေစင်စင်ဆေးပြီး စစ်ထားပါ။ ကြက်သွန်နီပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ ငရုတ်သီးခြောက်ကို တူးအောင် မီးဖုတ်ထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
အိုးတွင် ဟင်းချိုရည်နှင့်အတူ ပါးပါးလှီးထားသော ကြက်သွန်နီထည့်၍ တည်ပါ။
အရည်ဆူလျှင် ဆားထည့်၊ ဆူးပုပ်ရွက်၊ ဆီ ၃စက်ပါထည့်၍ အဖုံးဖုံးထားရမည်။
ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်အုပ်ကာ အပေါ့အငန်မြည်း၍ မီးဖိုပေါ်မှချပါ။
ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။ ဆီသုံးစက်ခန့်ထည့်ခြင်းအားဖြင့် အရွက်များနူးညံ့၍ စားသည့်အခါ အရသာရှိပါသည်။

No comments: