Wednesday, September 2, 2015

NLD အလံနဲ့ခွပ်ဒေါင်း




ဆရာမင်္ဂလာပါဗျ ကျနော်သိချင်တာလေးတခုဖြစ်နိုင်မယ်ဆိုရင် ဖြေကြားပေးစေချင်ပါတယ်ဗျ။ ကျနော်က ပုလဲမြို့နယ်တောင်ဘက် နွားကူးကျေးရွာဇာတိဖြစ်ပါတယ်ဗျ။ နိုင်ငံရေးအသိလေးတခုပါဗျ။ ခွပ်ဒေါင်းအလံ ဖြစ်ပေါ်လာပုံလေးရယ် NLD မှာသုံးနေတဲ့ ဒေါင်းအလံဟာ ကျောင်းသားတွေဆီက ခိုးထားတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေလို့ ဖြစ်နိုင်မယ်ဆိုရင် ဖြေကြားပေးစေချင်ပါတယ်ဗျ။ ဒါမှမဟုတ် ဖတ်ရမယ့်စာအုပ်လေးညွှန်းစေချင်ပါတယ်ဗျ။ ကျေးဇူးပါဆရာ။

NLD ကို ၂၇-၉-၁၉၉၈ နေ့မှာ တရားဝင်မှတ်ပုံတင်ကတည်းက အနီရောင်အခံပေါ်မှာ ခွပ်ဒေါင်းပုံနဲ့ ကြယ်ဖြူတလုံး ပါတဲ့အလံကို သုံးပါတယ်။

NLD အဖွဲ့ချုပ်ကို ၁၉၈၈ အရေးတော်ပုံကနေ ပေါက်ဖွါးတယ်လို့ဆိုပါတယ်။ ၁၉၈၈ အရေးတော်ပုံမှာ ကျောင်းသားတွေက ရှေ့ဆုံးပါဖြစ်တယ်။ အလံမှာ ကျောင်းကားကိုကိုယ်စားပြုတဲ့ ခွပ်ဒေါင်းပါလာတာ ဆီလျော်သင့်မြတ်ပါတယ်။ ၁၉၈၈ တုံးက ကျောင်းသားဖြစ်ခဲ့သူတွေလည်း ပါတီထဲကိုရောက်လာတယ်။ တခြားပါတီတွေထဲလည်း ရောက်ကြတယ်။

တိုတိုပြောရရင် ၁၉၄၈ လွတ်လပ်ရေးရတဲ့အလံထဲမှာ ကြယ်ဖြူ (၁ + ၅) ပါတယ်။ ကြယ်ဖြူသုံးတိုင်း အဲဒီအလံကို ခိုးယူတာလို့ပြောဘို့ မသင့်ပါ။ အနီရောင်၊ အပြာရောင်သုံးရင်ရော အဲလိုစွပ်စွဲအုံးမှာလားပေါ့။

(ဝီကီပီးဒီယား) အရ NLD အလံထဲက ခွပ်ဒေါင်းဟာ ကျောင်းသားကိုယ်စားပြု ခွပ်ဒေါင်းသင်္ကေတကို မွေးစားတာလို့ ပြောနိုင်ပါတယ်။ သုံးစားတာ၊ ခိုးစားတာ မဟုတ်ပါ။ ကိုးကားချက် (၃) ခုထည့်ထားပါတယ်။

ဒီစာဟာ ကျွန်တော့်ကိုယ်ပိုင်အမြင်သာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၉-၂ဝ၁၅

ကိုးကားချက်များ
(က) Wikipedia: The party flag features the peacock, a prominent symbol of Burma. The dancing peacock (the peacock in courtship or in display of his feathers) was numerously featured in Burma monarchic flags as well as other nationalist symbols in the country. The fighting peacock is associated with decades-long democratic struggle against military dictatorship in the country. The latter closely resembles a green peafowl, as it has a tufted crest. The NLD party symbol is adopted from the Myanmar (Burmese) Student Union flag. This student union organized since the uprising against the British colony in Burma, years before the independence of Burma in 1948, had played a major political role in Burma and Daw Aung San Suu Kyi's late father Bogyoke Aung San (General Aung San) was one of the former presidents of the Rangoon University Student Union.

(ခ) သမိုင်းဝင် NLD အလံ ပုံမပျက်စေချင်
ပန်းချီမျိုးမြင့်| February 28, 2012 |

တိုင်းပြည်ရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကို အရေးတကြီး စောင့်ကြည့်၊ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနေချိန်မှာ ဒီပန်းချီ ဆရာကလည်း တမှောင့်လို့ ပြောလာရင်လည်းခံရမှာပါ။ ဒါပေမယ့် မပြောလို့ကလည်း မဖြစ်တော့ ပြောစရာရှိတာလေး ပြောပါရစေ။ ပြောချိန်လည်း တန်နေလို့ပါ။ တခြားတော့ မဟုတ်ပါဘူး။ NLD အလံဒီဇိုင်းကိစ္စပါ။

အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးတော်ပုံ ဖြိုခွင်းခံရပြီးတဲ့နောက် နဝတက အာဏာသိမ်း၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖော်ဆောင်မယ်လို့ ကြေညာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာကြတယ်။ ကျနော်တို့က အရေးတော်ပုံကာလအတွင်း စာပေနဲ့အနုပညာရှင်များဆိုင်းဘုတ်အောက်မှာ လက်တွဲခဲ့တဲ့ ဦးဝင်းတင်၊ ဦးမိုးသူ၊ ဦးသော်က၊ ဦးအောင်လွင်တို့နဲ့အတူတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ဦးဆောင်တဲ့ NLD ကို ဝန်းရံခဲ့ကြတယ်။

အဲဒီကာလမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးကိုပဲ အာရုံစူးစိုက်နေကြချိန်ဆိုတော့ အဓိကအတိုက်အခံ အင်အားကြီးဖြစ်တဲ့ NLD မှာပဲ အနုပညာသမား တော်တော်များများ စုရုံးခဲ့ကြတယ်။ လိုအပ်နေတဲ့ ကွက်လပ်တွေမှာ ကိုယ်လုပ်နိုင်တာမှန်သမျှနဲ့ ဖြည့်ဆည်းပေးခဲ့ကြတယ်။ ကျနော်တို့လို ထဲထဲဝင်ဝင် လုပ်နေသူတွေရှိသလို မလှမ်းမကမ်းကနေ လိုအပ်တာကို ပံ့ပိုးပေးကြတဲ့ အနုပညာသမားတွေလည်း ရှိခဲ့ကြတယ်။

မိတ်ဆွေကြီး ကဗျာဆရာ ကိုအောင်ဝေးက “အရေးတော်ပုံ ရင်ခုန်သူများ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၈၈ နောက်ကြောင်းပြန် မှတ်တမ်းသဘောမျိုးလေး မိုးမခမှာ အခန်းဆက်ရေးတော့ ကျနော့်အကြောင်း တစွန်းတစ ထည့်ရေးပါတယ်။ အဲဒီအတွက် ကိုအောင်ဝေးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြဿနာက NLD အလံကို ကျနော် (ပန်းချီမျိုးမြင့်) ရေးဆွဲခဲ့တာပါလို့ မှတ်တမ်းပြုထားတာပါပဲ။ ကျနော် ကိုအောင်ဝေးဆီ ချက်ချင်းစာရေးပါတယ်။ NLD အလံကို ရေးဆွဲခဲ့သူဟာ ကျနော် မဟုတ်ကြောင်း၊ ပန်းချီကိုမောင်မောင်သိုက်ဖြစ်ကြာင်း၊ နောက်ပိုင်းလူငယ်တွေ အမှတ်မမှားအောင်နဲ့ သမိုင်းအမှန်ဖြစ်အောင် ပြန်ပြင်သင့်ကြောင်း ကျနော်ပြောပါတယ်။

ဒါပေမယ့် ခက်နေတာက အဲဒီအချိန် ပြည်တွင်းမှာကလည်း အဖမ်းအဆီးတွေ ခပ်ကြမ်းကြမ်း ဖြစ်နေချိန်ဆိုတော့ ဒီကိစ္စကို ပေါ်ပေါ်ထင်ထင် ဖွင့်ပြောဖို့ သူရောကျနော်ရော လက်တွန့်နေခဲ့ကြတယ်။ ကျနော်တို့ရဲ့ မဆင်ခြင်မှုကြောင့် ကိုမောင်မောင်သိုက် ဒုက္ခမရောက်စေချင်ဘူးလေ။ အနိမ့်ဆုံးအဆင့် သူ့ရဲ့အနုပညာလုပ်ကိုင်ခွင့်လေး ပိတ်ပင်သွားရင်တောင် ကျနော်တို့ တသက်လုံး စိတ်မကောင်းဖြစ်ကြရမှာ။ အခုတော့ ကိုမောင်မောင်သိုက်ခမျာလည်း ဆုံးပါးရှာပါပြီ။

အမှန်တော့ ကိုအောင်ဝေးကလည်း သေသေချာချာမသိဘဲ ရမ်းတုပ်လိုက်တာတော့ မဟုတ်ပါဘူး။ သူရောထွေးပြီး အမှတ်မှားသွားတာ ဖြစ်နိုင်ပါတယ်။ မှားချင်စရာကလည်း ဖြစ်ခဲ့တာကိုး။ ဖြစ်ပုံက ၂ဝဝ၇ ဝန်းကျင်မှာ NLD အလံကို ကျနော်ပြန်လည်ကူးယူ ရေးဆွဲခဲ့ပါတယ်။

ပန်းချီကိုမောင်မောင်သိုက်ဟာ ကျနော့်ရဲ့ အစ်ကိုဆရာပါ။ အစ်ကိုလိုရင်းနှီးသလို ဆရာလိုလည်း ကျေးဇူးရှိသူပါ။ ဒီလိုပဲ NLD ဟာလည်း အခုထက်ထိ ကျနော်သံယောဇဉ်ရှိနေဆဲ ပါတီပါ။ စပြီး တည်ထောင်စဉ်ကတည်းက တထောင့်တနေရာကနေ မထင်မရှား ပါဝင်ခဲ့ရလို့ပါ။ အဲဒီအတွက်ကြောင့် ကိုမောင်မောင်သိုက် ရေးဆွဲပေးခဲ့တဲ့ NLD အလံကို ကျနော် သိပ်ကိုတန်ဖိုးထားခဲ့ပါတယ်။

ကျနော်တို့က ဘယ်လိုပဲ တန်ဖိုးထားထား နှစ်တွေကြာလာတော့ NLD အလံဟာ တဖြည်းဖြည်း ပုံပျက်လာပါတယ်။ အဆင့်ဆင့် ပြန်ကူးပြန်ဆွဲ လုပ်ကြရတော့ မူရင်းနဲ့ မတူတော့ဘဲ အချိုးအစားမကျ ဖြစ်လာပါတယ်။ နောက်ခံအနီရောင်မှာ ကြယ်ဖြူရယ် အဝါရောင်ခွပ်ဒေါင်းရယ် ပါတာမှန်ပေမယ့် ကြယ်ဖြုက အရွယ်ကြီးနေတာ၊ ဒါမှမဟုတ် သေးနေတာမျိုး၊ ခွပ်ဒေါင်းက အချိုးအဆက် မမှန်တာမျိုး၊ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ နီးတဲ့အခါနီး၊ ဝေးတဲ့အခါဝေး အမျိုးစုံ တွေ့လာရတယ်။

ရင်ထဲမကောင်းပေမယ့် ကိုယ်သိသလောက် ကိုယ်တတ်သလောက်လေးနဲ့ ကူးယူရေးဆွဲခဲ့တဲ့လူတွေကိုလည်း အပြစ်မတင်ရက်ဘူး။ အဲဒီမှာ ကျနော် မူရင်းအချိုးအစားအတိုင်း ပြန်ရေးဆွဲဖို့ စိတ်ပိုင်းဖြတ်လိုက်တာပါပဲ။ မူရင်းလည်း ပျောက်ပျက်မသွားအောင်၊ အလံကို အသုံးပြုဖော်ပြတဲ့အခါတိုင်းမှာလည်း စံတမျိုးတည်း (Standardise) ဖြစ်အောင် လုပ်မယ်လို့ ရည်ရွယ်တာပါ။ ကိုမောင်မောင်သိုက် ရေးဆွဲစဉ် ၁၉၈၈-၈၉ အချိန်က ကွန်ပျူတာ မရှိသေးပါဘူး။ စက္ကူပေါ်မှာ လက်နဲ့ပဲရေးဆွဲခဲ့တာပါ။ ကျနော့်ကျတော့ ကွန်ပျူတာခေတ် အိုင်တီခေတ်နဲ့လည်း လျော်ညီအောင်၊ အလွယ်တကူလည်း ဖြန့်ဝေပေးလို့ရအောင်၊ အကြီးချဲ့ အသေးချုံ့ လုပ်ချင်သလို လုပ်လို့ရအောင်၊ ဒစ်ဂျစ်တယ်ပုံရိပ် (Digitize) အဖြစ် လုပ်ရမှာပါ။

ကိုထွန်းမြတ်ဦး (ပန်းသီး) အကူအညီနဲ့ ဦးမိုးသူ(ဘကြီးမိုး) ကို ဆက်သွယ်ပြီး ပုံနှိပ်ထားတဲ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းအလံဒီဇိုင်းကို ပြည်တွင်းကနေ ရအောင်မှာယူခဲ့ပါတယ်။ ရလာတော့ Scan လုပ်၊ Computer ထဲမှာ Vector image ရအောင် Adobe Illustrator Software ကိုအသုံးပြုပြီး အတိအကျ Trace လုပ်ယူပါတယ်။ အဲဒီလိုလုပ်လိုက်တော့ ပုံကြီးပဲချဲ့ချဲ့ ပုံသေးပဲချုံ့ချုံ့ ကိုမောင်မောင်သိုက်ရဲ့ မူရင်းဒီဇိုင်း အချိုးအစားအတိုင်း အတိအကျ ထွက်ပါတယ်။ မမှားနိုင်တော့ပါဘူး။ တကယ်တော့ ဘယ်သူလုပ်လုပ် မလုပ်လုပ်၊ လိုအပ်မယ်ထင်လို့ ကျနော့်ဖာသာ လုပ်လိုက်တာပါ။ ကျနော့်လုပ်ရပ်ဟာ နငယ်ကို အမြီးတပ်တဲ့၊ အရေးမပါတဲ့အလုပ်လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တန်ဖိုးထားတဲ့ NLD အလံကို အခုလို Standardise လုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ဖာသာကိုယ်တော့ ကျေနပ်ပါတယ်။

ပြောစရာတခုရှိလာတာက ကျနော့်ဆီမှာ မူရင်းအတိုင်း ဒစ်ဂျစ်တယ်ပုံရိပ်အဖြစ် ပြန်ဆွဲထားတာ ရှိနေတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် မသိကြတာပါပဲ။ သိတဲ့လူတချို့ရှိပေမယ့် သိပ်နည်းပါတယ်။ မဏ္ဍပ်တိုင်တက်ရမှာကို အလကားနေရင်း စိုးရွံ့နေတတ်တဲ့ ကျနော့်အကျင့် အားနည်းချက်ကြောင့်လည်း ပါပါတယ်။ တဖက်ကလည်း ဒီလိုနဲ့ကြာလာရင် သမိုင်းဝင် မူရင်းအလံ ပျောက်ပျက်သွားမှာကိုလည်း စိုးမိပါတယ်။ ဒါကြောင့် အခုလို အများပြည်သူကို မီဒီယာကနေ အသိပေးရခြင်းပါ။

ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ ခါတိုင်းဖော်ပြနေကျ မူရင်းမဟုတ်တဲ့ NLD အလံကို မူရင်းအတိုင်း ကူးယူ ရေးဆွဲထားတဲ့အလံနဲ့ အစားထိုးအသုံးပြုပေးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။

NLD ရုံးချုပ်နဲ့ ရုံးခွဲများအနေနဲ့လည်း စာရွက်စာတမ်း၊ စာအိတ်၊ ရင်ထိုးမှအစ ဆိုင်းဘုတ်အလယ် အခမ်းအနား နောက်ခံတွေမှာသုံးတဲ့ အလံအဆုံး တညီတညွတ်တည်း တပုံစံတည်း အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ အခုအချိန်က ရံပုံငွေအတွက် ပြက္ခဒိန်၊ ပိုစတာ၊ ပို့စကတ်၊ တီရှပ်၊ ဦးထုပ်တွေ မှိုလိုပေါက်အောင် ထုတ်လုပ် ရောင်းချနေချိန်ဆိုတော့ NLD က တာဝန်ရှိပုဂ္ဂိုလ်များကလည်း အလံအမှန်ဖြစ်အောင် ထိန်းကွပ်ပေးကြစေချင်ပါတယ်။

jpeg, tiff, png, ai, psd စသဖြင့် အလိုရှိရာ Format ကို ကျနော့်ဆီ (artistmyomyint@gmail.com) စာရေးမှာကြား တောင်းဆိုနိုင်ပါတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပို့ပေးပါမယ်။ ရလာရင်လည်း တခြားလိုအပ်တဲ့သူတွေဆီကို လက်ဆင့်ကမ်းပြီး ဖြန့်ပေးကြပါ။ အလံပိုင်ရှင် NLD ကို လေးစားတဲ့အနေနဲ့၊ ဖန်တီးရေးဆွဲပေးခဲ့တဲ့ (ကွယ်လွန်သူ) ပန်းချီကိုမောင်မောင်သိုက်ကို တန်ဖိုးထားတဲ့အနေနဲ့၊ မူရင်းအလံဒီဇိုင်းကိုပဲ မူရင်းမပျက် အသုံးပြုပေးကြပါခင်ဗျား။

သမိုင်းကို ရေးသူတွေက ရေးသွားကြပါပြီ။ တချို့လည်း ရေးနေကြဆဲပါ။ အဲဒီသမိုင်းတွေ မမှားမယွင်း မပျောက်မပျက်အောင် ကျနော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရပါမယ်။ ဒါကိုလဲ သမိုင်းလို့ဆိုရင် ရကောင်းလေမလား။

(ဂ) ၇-၅-၂ဝ၁ဝ ခွပ်ဒေါင်းအလံ အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် အင်တာဗျူး
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် စစ်အစိုးရနှင့်နီးစပ်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက သူတို့၏ ပါတီအလံနှင့် တံဆိပ်ကို သမိုင်းဝင် ကျောင်းသားသမဂ္ဂ၏ ခွပ်ဒေါင်းအလံအား အသုံးပြုထားခြင်းအား အနုပညာ၊ စာပေစာနယ်ဇင်း အသိုင်းအဝိုင်းမှ အထင်ကရ ပုဂ္ဂိုလ်များက ကန့်ကွက်ထားသည်။

ကန့်ကွက်သူများထဲတွင် ထင်ရှားသော စာရေးဆရာများဖြစ်ကြသည့် ဒဂုံတာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့လည်း ပါဝင်သည်။ ကန့်ကွက်ရသည့် အကြောင်းရင်းကို သိနိုင်ရန် စာနယ်ဇင်း အမှုဆောင်ဟောင်း ကဗျာဆရာ ကိုလေး (အင်းဝ ဂုဏ်ရည်) နှင့် နိုင်ငံကျော် စာရေးဆရာကြီး ဒဂုံတာရာတို့ကို ဆက်သွယ် မေးမြန်း တင်ပြထားသည်။

ဒဂုန်တာရာ
ပါတီတခုက ခွပ်ဒေါင်းအလံ အသုံးပြုမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်မယ်လို့ သိရတယ်။ ဘာကြောင့် ကန့်ကွက်တာလဲရှင်။

“ဟုတ်တယ်။ ကျောင်းသားသမဂ္ဂ သုံးတယ်။ အဲဒါကြောင့် နောက်လူတွေ ရောကုန်မှာစိုးလို့၊ ဟိုတုန်းကဟာကို မသုံးတာ ကောင်းတာပေါ့နော်။ ကျနော်က ဒီသဘောပဲ”

အခုလို ကော်မရှင်ကို ကန့်ကွက်တဲ့ကိစ္စကိုရော ကော်မရှင်က လက်ခံပြီး အရေးယူပေးမယ် လို့ထင်လား။

“ရွေးကောက်ပွဲဥပဒေမှာ ပါတဲ့အတိုင်းပဲ။ ကန့်ကွက်နိုင်တယ်ဆိုလို့ ကန့်ကွက်တာပဲလေ။ ရွေးကောက် ပွဲကော်မရှင်က သတင်းစာကနေ ကြေညာတယ်ဆိုတော့ အဲဒီပေါ်မှာလည်း မူတည်တယ်။ အသိအမှတ်ပြုတာ၊ မပြုတာကတော့ သူတို့အပိုင်းပါ။ လက်ခံ၊ လက်မခံ စောင့်ကြည့်ရမယ်”

ကိုလေး (အင်းဝဂုဏ်ရည်)
၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက ခွပ်ဒေါင်းအလံ အသုံးပြုတာကို ဘာကြောင့် ကန့်ကွက်တာလဲ။

“သူတို့နဲ့ ဘာဆိုင်လို့လဲဗျာ။ ဒီအလံက ကျောင်းသားထုရဲ့ အလံပဲ၊ ပါတီအလံမှ မဟုတ်တာ။ ပါတီအလံ လုပ်ချင်ရင် ကိုယ့်ဘာသာ အန်အယ်ဒီ လုပ်သလို လုပ်လေ။ ကျောင်းသားတွေ ဦးဆောင်တဲ့ ၈ လေးလုံးကို မမေ့လို့ ကျောင်းသားအလံ ဖြစ်လာတယ်။ မဲရမလားဆိုပြီးတော့ မကြံအပ်၊ မကြံစည်ရာတွေ လုပ်တာပဲ။ သူတို့ကိုယ်၌က အလင်းရောင်မှ မရှိဘဲ။ မိမိအရောင်နဲ့ မိမိပြောင်မှ ကောင်းတာ။ သူများအရောင် ငှားတာ ခဏပဲ”

ဒီခွပ်ဒေါင်းအလံကို ဘယ်သူတွေက စပြီး အသုံးပြုခဲ့ကြသလဲရှင်။ ကဒေါင်းနဲ့ ခွပ်ဒေါင်းအလံ သမိုင်းအကြောင်းကို နည်းနည်း ရှင်းပြပေးပါလား။

“ခုနှစ်တော့ မမှတ်မိဘူး။ တော်ဘုရားလေး ဦးအောင်ဇေ သီပေါမင်းရဲ့မြေး တံဆိပ်တော်လို့ ခေါ်တယ်။ အဲဒါ ကဒေါင်းပဲ။ ဒေါင်းဟာ ဒို့အသက်ပဲ။ ဒို့ရဲ့ အလံပဲ။ ဒို့ရဲ့ အထိမ်းအမှတ်ပဲ။ မြန်မာပြည်ရဲ့ ရုပ်ပဲ။ ခွပ်ဒေါင်းကတော့ ကျောင်းသားတွေထဲက ယူတာ။ ကဒေါင်းက အားမရဘူး။ ကနေတာက Peace ပေါ့၊ ငြိမ်းချမ်းရေးကာလမှ သုံးတာ။ ခွပ်ဒေါင်းက တိုက်ပွဲဝင်တဲ့ ဒေါင်းလုပ်လိုက်တာပဲ”

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီး ကျောင်းသားသမဂ္ဂလည်း တခြားအဖွဲ့အစည်းတွေလို ပိတ်ပင်ခံနေရတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

“ပါလီမန်ဒီမိုကရေစီစနစ်က နည်းနည်းနူးညံ့သေးတာပေါ့။ စစ်အာဏာရှင်စနစ်က ဘယ်သူကိုမှ ထားမှာ မဟုတ်ဘူး။ အကုန်သတ်ပစ်မှာပဲ။ ထောင် နှစ် ၁ဝဝ ချလိုက်မှာပဲ။ ဒီမိုကရေစီစနစ်မှာက သပိတ်မှောက်ရရုံမကဘူး၊ ဝန်ကြီးချုပ်အိမ်မှာတောင် သွားဆဲလို့ ရသေး တယ်။ ကြိုက်တာလုပ်လို့ ရတယ်။ အာဏာရှင်စနစ် ၃ ရပ် ရှိတယ်ကွာ။ လူတယောက်ရဲ့ အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်။ ဘယ်အာဏာရှင်စနစ်မှ မကောင်းဘူး”

ဒေါင်းပုံအသုံးပြုမှုကို ကန့်ကွက်တာ ကော်မရှင်က လက်ခံမယ်လို့ ထင်လား။

“ကော်မရှင်ကို ထည့်တွက်မနေနဲ့၊ သူတို့ (စစ်အစိုးရ) က လုပ်ချင်ရာလုပ်မှာပဲ။ သူတို့ (စစ်အစိုးရ) က Supporting လုပ်တဲ့လူတွေကို လက်တွဲခေါ်သွားမှာ။ ဆိုလိုတာက သူတို့ (စစ်အစိုးရ) က အကယ်သမီဇာတ်ဆောင်ပဲ။ ဇာတ်ပို့တဲ့ လူတွေကို ခေါ်သွားမယ်။ ကန့်လန့်လုပ်တဲ့လူတွေကို သတ်ပစ်မယ်၊ ဒါပဲ။ ရှင်းရှင်းလေးပဲ။ ဘာမှ တရားဥပဒေမရှိဘူး”

၈၈ မျိုးဆက်ကျောင်းသားလူငယ် (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ဒီခွပ်ဒေါင်းအလံကို ဆက်ပြီးအသုံးပြုနေမယ်ဆိုရင် ဘယ်လိုဆက် လုပ်မလဲရှင်။

“တိုက်ပွဲဆိုတာ ပုံစံပြောလို့ရတာ မဟုတ်ဘူးလေ။ မဟာဗျူဟာနဲ့ နည်းဗျူဟာ ရှိတယ်။ မဟာဗျူဟာ ဆိုတာက စစ်အာဏာရှင်စနစ် ပြုတ်ကျရေး။ နည်းဗျူဟာဆိုတာက ဘယ်လိုဖြုတ်ချမယ်ဆိုတာပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ “အကြမ်းဖက်ပြီး အာဏာယူတဲ့ ဟာကို အမွေမပေးချင်ဘူး” ဆိုတာပဲ ကောင်းတယ်။”

ဒီကိစ္စက တိုင်းပြည်ကို ပိုပြီးတော့ ရှုပ်ထွေးလာမှု မဖြစ်စေနိုင်ဘူးလား။

“လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ရောင်းဝယ်ခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ သွားလာခွင့်၊ ရိုက်ကူးခွင့် ဒါတွေ မရသမျှတော့ လူတွေက ဒုက္ခဖြစ်မှာပဲ။ ဒို့ဗမာ သခင်အစည်းအရုံးတုန်းက “ဖိရင်ကြွမယ်၊ ထိရင်ချမယ်” ဆိုတဲ့ ကြွေးကြော်သံ တင်ခဲ့တာ။ ဖိရင်ကြွမှာပဲ။ သူဖိသလောက် ကြွမှာပဲ။ ဒါကြောင့် ပျော့ပြောင်းအောင် လုပ်ပေးနိုင်လို့ရှိရင် တိုင်းပြည် ငြိမ်သက်မယ်၊ ဒါပဲ”

(ပြီး)

No comments: