Saturday, September 26, 2015

အမဲသား ကချင်ချက် - ပိန်းဥဟင်းရည် - ကချင်ပဲပုပ်ထောင်း



ညီနောင်တိုင်းရင်းသားတွေထဲက မျိုးနွယ်စုတစ်ခုဖြစ်သော ကချင်လူမျိုးတွေရဲ့ ဟင်းချက်စားတဲ့အခါ အသုံးပြုတဲ့အသား၊ ငါးတွေသာ ကွဲပြားသွားပေမယ့် ချက်ပုံချက်နည်း၊ ပါဝင်တဲ့အသုံးပြုပစ္စည်း၊ အမွှေးအကြိုင်အရွက်တွေဟာ အားလုံးအတူတူပဲဖြစ်ပါတယ်တဲ့။ ဆီကိုလည်း အများကြီးမသုံးသလို ဟင်းအရောင်တင်တဲ့ဟာတွေကိုလည်း သိပ်မသုံးဖြစ်ကြဘူးပြောပါတယ်။
ဒီကနေ့အဓိကဟင်းအနေနဲ့တော့ အမဲသားကချင်ချက်လေးချက်မယ် အရည်သောက်အဖြစ် ပိန်းဥဟင်းရည်လေးကို ကြက်ရိုးများဖြင့် မပြစ်မကျဲလေးချက်မယ်၊ ပြီးတော့ ရှမ်းပဲပုပ်ထောင်းတဲ့နည်းနဲ့မတူ ကချင်ပဲပုပ်ထောင်းလေး ထောင်းစားကြမယ်လေ။
တိုင်းရင်းသားဟင်းလျာတွေချက်စားရာမှာ သူတို့ထည့်သွင်းချက်ပြုတ်တတ်တဲ့ပစ္စည်းအချို့က ကျွန်တော်တို့ဈေးတွေထဲမှာ သေချာရှာ ၀ယ်ရမယ်နဲ့တူတယ်။ ဥပမာ - သစ်ကြံပိုးခေါက်၊ ဖယ်ဖယ်ရွက် ၊ မက်လင်ချဉ်၊ မက်ခါသီး စတာတွေပေါ့။ ဒါပေမဲ့ ချက်နည်းသိအောင် ပြန်လည်ဝေငှခြင်းဖြစ်ပါတယ် ဘော်ဒါတို့ရေ။
ထမင်းမြိန်ပါစေ ခင်ဗျ။
အမဲသား ကချင်ချက်
ပါဝင်သောပစ္စည်းများ
အမဲသား ၃၀ကျပ်သား၊ ငရုတ်သီးစိမ်း ၁၅တောင့်၊ ကြက်သွန်ဖြူ (ဥတစ်လုံး) ၁၅လုံး၊ မက်ခါသီး ၁၀စေ့၊ ပင်စိမ်းရွက် ၁စည်း၊ ဖယ်ဖယ်ရွက် ၃ရွက်၊ ရှမ်းနံနံ ၁စည်း၊ နံနံပင် ၁၅ပင်၊ ကုလားနံနံ ၁၅ပင်၊ ဆား/နနွင်းမှုန့် အနည်းငယ်၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း၁ဇွန်း၊ မက်လင်ချဉ် ၁ခု၊ ပဲဆီမွှေး နှစ်ကျပ်ခွဲသား။
ပြင်ဆင်ချက်ပြုတ်ပုံ
အမဲသားကို ရေဆေးပြီး နုပ်နုပ်စင်းထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေ၍ ရေဆေးပါ။ ကြက်သွန်ဖြူကို အခွံနွှာထားပါ။
ပင်စိမ်း၊ရှမ်းနံနံ၊ ကုလားနံနံ၊ နံနံပင်၊ ဖယ်ဖယ်ရွက်များကို ရေဆေးပြီး ပိုင်းဖြတ်ပေးပါ။ မက်လင်ချဉ်ကို ရေဆေးပြီး နုပ်နုပ်စင်းပါ။
အားလုံးပြီးလျှင် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ အမွှေးအရွက်အားလုံးကို ရောထောင်း၍ အမဲသားအပါအ၀င် ဆား၊နနွင်း၊ အချိုအရသာမှုန့်အားလုံးထည့်ပြီး သမအောင် ခပ်နာနာနယ်ပေးပါ။
ပြီးရင် မက်လင်ချဉ်နဲ့ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်တည်ပါ။ အသားနူးတဲ့အထိချက်ပါ။ အသားနူးသွားရင် ဟင်းအိုး အခြောက်ထား(ရေခန်းတဲ့အထိ)ပြီး မီးဖိုပေါ်မှချလိုက်ပါ။ စားချင်စဖွယ်ရနံ့လေးနဲ့ အမဲသား ကချင်ချက်ဟင်း ကျက်ပါပြီ။
ပိန်းဥဟင်းရည်
ပါဝင်ပစ္စည်းများ
ပိန်းဥ ၅၀ကျပ်သား၊ ကြက်အရိုး ၂၅ကျပ်သား၊ သစ်ကြံပိုးခေါက် လက်တစ်ဆစ်၊ ကြက်သွန်ဖြူ ၁၅မြွာ၊ ရှမ်းနံနံ ၁စည်း၊ ပင်စိမ်းရွက် ၁စည်း၊ ကုလားပူစီနံ ၁စည်း၊ ဆား လက်ဖက်ရည်ဇွန်း ၃ဇွန်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း။
ပြင်ဆင်ချက်ပြုတ်ပုံ
ကြက်ရိုးကို အတုံးမကြီးမသေး ခုတ်ထစ်ပြီး ရေဆေးပါ။
ပိန်းဥကို အခွံနွှာပြီး ရေဆေးပါ။
သစ်ကြံပိုးခေါက်နဲ့ ကြက်သွန်ဖြူကို ညက်အောင်ထောင်းပါ။
ကျန်တဲ့အမွှေးရွက်အားလုံးကို ရေဆေးပြီး မနုပ်တနုပ်လှီးထားပါ။
အားလုံးပြင်ဆင်ပြီးလျှင် ဒန်အိုးကြီးထဲတွင် ကြက်အရိုးများကိုထည့်ပြီး ရေများများထည့်ကာ သစ်ကြံပိုးခေါက်နဲ့ ကြက်သွန်ဖြူထောင်းထား တာကိုပါထည့်ပြီး ပြုတ်ပါ။ ဆားထည့်ပါ။
ကြက်အရိုးကို အချိုရေကျအောင် ၄၅မိနစ်ခန့်ပြုတ်ပြီးမှ ပိန်းဥထည့်ပါ။ ပိန်းဥနူးလာမှ အမွှေးရွက်များ အားလုံးထည့်လိုက်ပါ။
ပြီးလျှင် ဟင်းအရည်အရသာမြည်းကာ မီးဖိုပေါ်က ချလို့ရပါပြီ။ ဟင်းရည်အနည်းအများကို မိမိစိတ်ကြိုက် ချက်နိုင်ပါတယ်။
ခံတွင်းတွေ့စေမယ့် ပိန်းဥဟင်းရည်လေးကို ထမင်းနဲ့ ပဲပုပ်ထောင်းဟင်းနဲ့ တွဲဖက်သုံးဆောင်ပါ။
ကချင်ပဲပုပ်ထောင်း
ပါဝင်ပစ္စည်းများ
ပဲပုပ် ၁၅ချပ်၊ ငရုတ်သီးစိမ်း နှစ်ကျပ်ခွဲသား၊ ကြက်သွန်ဖြူ ၁၅မြွှာ၊ ပင်စိမ်းရွက် ၁စည်း၊ ဖယ်ဖယ်ရွက် ၅ရွက်၊ ရှမ်းနံနံ ၁စည်း၊ ကုလားနံနံ ၁စည်း၊ ချင်း(ဂျင်း) လက်နှစ်ဆစ်၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း။
ပြင်ဆင်ချက်ပြုတ်ပုံ
ပဲပုပ်ချပ်ကို သန့်ရှင်းအောင်ရေဆေး၍ ပန်းကန်တစ်ခုထဲမှာ ရေအနည်းငယ်ထည့်ပြီး ပဲပုပ်ချပ်ပွလာအောင် စိမ်ထားပါ။
ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို လှော်ထားပါ။
ချင်း(ဂျင်း)ကို အခွံနွှာပါ။ အမွှေးရွက်များအားလုံးကို ရေဆေးပြီး လှီးဖြတ်ထားပါ။
အားလုံးပြင်ဆင်ပြီးရင် ဂျင်း၊ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကိုအရင်ဆုံး ညက်အောင်ထောင်းပါ။ ပြီှးလျှင် အမွှေးရွက်အားလုံးကို ထောင်းပြီး နောက်ဆုံးမှ ပဲပုပ်ကို နည်းနည်းချင်းစီ ထည့်ထောင်းပါ။ ဆားထည့်ထောင်းပေးပါ။ အားလုံးသမအောင် သေသေချာချာ နှံ့စပ်သွားအောင် ထောင်းပေးရပါမယ်။
အချိုအရသာကိုတော့ ကြိုက်နှစ်သက်ရင် ထည့်သုံးပါ။
Credit: အန်တီမီးမီး

No comments: