Wednesday, September 30, 2015

ကယားထမင်းလုံး - အမဲအူဟင်းချို - ပဲကြားသီးရွက်စုံဟင်း - ကယားမှည့်ခါးသီးထောင်း



ကယား လူမျိုးတွေဟာ အသား၊ငါးတွေကို များများစားစား စားသုံးလေ့မရှိတတ်ကြပါဘူး။ ဒေသထွက်ဟင်းသီးဟင်းရွက်တွေ ကိုစားသုံးလေ့ရှိတတ်ကြသလို ဆီသုံးလည်းနည်းပါတယ်။ ဟင်းချိုမှုန့်သုံးပြီးဟင်းချက်တာနည်းပေမဲ့ အချို့တွေကလည်းသုံး တတ်ကြပါတယ်။ ပွဲတော်ရက်တွေမှာ အထူးတလည်နေ့တွေမှာတော့ အခြောက်လှန်းထားတဲ့ အမဲခြောက်တွေကို ဟင်းလျာ အမျိုးမျိုးမှာ ထည့်သွင်းချက်ပြုတ်စားလေ့ရှိကြပါတယ်တဲ့။ အသားဟင်းမစားနိုင်သူများကတော့ ပဲကြားနဲ့ အသီးအနှံမျိုးစုံကိုတစ်နေ့တစ်မျိုးချက်စား တတ်ကြပါတယ်။
အမဲသားပြုတ်ကြော်လေးတွေကို ထမင်းပူပူလေးနဲ့လုံးထားတဲ့ ကယားထမင်းလုံး၊ အထူးတလည် အမဲအူချိုဟင်းလျာ၊ ပဲကြားနဲ့ဟင်းသီးဟင်းရွက်စုံဟင်းတစ်မျိုးနဲ့အတူ အစပ်လေးစားချင်သူများအတွက် ကယားမှည့်ခါးသီးထောင်းလေးထောင်းလိုက်မယ်။
ထမင်းစားမြိန်ကြပါစေ ဘော်ဒါများ။
ကယားထမင်းလုံး
ပါဝင်ပစ္စည်းများ
ဆန်(ချက်ပြီးသား) နို့ဆီဘူး ၄လုံး၊ အမဲသား ၆၀ ကျပ်သား၊ ဂျင်း ၅ကျပ်သား၊ ကြက်သွန်ဖြူ ၅ကျပ်သား၊ ဆား စားပွဲတင်ဇွန်းတစ်ဝက်။
ပြင်ဆင်ချက်ပြုတ်ပုံ
အမဲသားကို ရေဆေးပြီး အတုံးသေးများတုံးကာ ဆားနဲ့နယ်ထားပါ။ ကြက်သွန်ဖြူ၊ ဂျင်းကိုညက်အောင်ထောင်းထားပါ။
အမဲသားကို ကြက်သွန်ဖြူ၊ ဂျင်း၊ဆားတို့ထည့်ပြီး နူးအောင်ပြုတ်ပါ။ အမဲသားနူးလျှင် ရေခမ်းအောင်ပြုတ်ပါ။
အမဲသားကို ပြုတ်လို့ နူးသွားလျှင် ချက်ထားတဲ့ ထမင်းအားလုံးကို အမဲသားနဲ့ရောထောင်းပြီး လက်သီးဆုပ်လောက် အလုံးလေးတွေရ အောင် လုံးပေးပါ။ ကယားထမင်းလုံး ပြင်ဆင်လို့ပြီးပါပြီ။
အမဲအူချိုဟင်း
ပါဝင်ပစ္စည်းများ
အမဲအူချို - ၁ပိဿာ၊ ကြက်သွန်ဖြူ ၅ကျပ်သား၊ ကယားမှည့်ခါးသီး အလုံး ၂၀၊ ငရုတ်သီးစိမ်း အတောင့် ၃၀၊ ဂျင်း လက်နှစ်ဆစ်၊ အချိုအရသာမှုန့် စားပွဲတင်ဇွန်းတစ်ဝက်၊ ဆား စားပွဲတင်ဇွန်းတစ်ဝက်။
ပြင်ဆင်ချက်ပြုတ်ပုံ
အမဲအူချိုကို သန့်ရှင်းသွားအောင် ရေနဲ့ သေသေချာချာ ဆေး၍ ၂လက်မအရွယ် အပိုင်းလေးတွေဖြတ်ထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ မှည့်ခါးသီး၊ ဂျင်းတို့ကို အားလုံးရောထောင်းပါ။
ပြီးလျှင် ဒန်အိုးကြီးထဲတွင် အမဲအူချို၊ ထောင်းထားတဲ့ ပါဝင်ပစ္စည်းများ၊ ဆားနဲ့အချိုအရသာ၊ ရေကို မိမိလိုသလောက်ထည့်ပြီး အမဲအူချို နူးတဲ့အထိ ပြုတ်ပေးပါ။ အူချိုနူးသွားရင် စားလို့ရပါပြီ။
(အမဲအူချိုဟင်းနဲ့ ကယားထမင်းလုံးတို့ကိုတွဲဖက် ကျွေးမွေးဧည့်ခံလေ့ရှိပါတယ်။)
ပဲကြားသီးရွက်စုံဟင်း
ပါဝင်ပစ္စည်းများ
ပဲကြား ၃၀ကျပ်သား၊ ပိန္နဲသီးအစိမ်း အနေတော်အရွယ်တစ်လုံး၊ မုန်ညင်းချဉ်ခြောက် လက်တစ်ဆုပ်ခန့်၊ တောင်ယာသခွားသီး တစ်လုံး၊ ပဲတောင့်ရှည် အတောင့် ၂၀၊ ကြက်သွန်ဖြူ အနည်းငယ်၊ ငရုတ်သီးစိမ်း အတောင့် ၂၀၊ ဆား/အချိုအရသာမှုန့် အနည်းငယ်။
ပြင်ဆင်ချက်ပြုတ်ပုံ
ပဲကြားကို နှစ်ခြမ်းခွဲပြီး ထောင်းပါ (သို့)ကြိတ်ပါ။ ပိန္နဲသီးအစိမ်းကို အပေါ်ယံဆူးခွံပါတဲ့ အခွံကိုဖယ်ပြီး အတွင်းမှ အသားနုနုကို အနေတော်အတုံးတုံး၍ ရေဆေးပါ။
မုန်ညင်းချဉ်ခြောက်ကို အနေတော် ပိုင်းဖြတ်ထားပါ။ တောင်ယာသခွားကို အခွံနွှာပြီး အတုံးသေးသေးတုံးပါ။ ပဲတောင့်ရှည်ကို လက်နှစ်ဆစ်အရွယ်ဖြတ်ပြီး ရေဆေးပါ။
ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပါ။
ပြီးလျှင် ဒန်အိုးကြီးတစ်လုံးထဲမှာ ပဲကြား၊ အသီးအရွက်အားလုံး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ အချိုအရသာနဲ့ ရေကို နို့ဆီဘူး ၁၅ဘူးခန့်ထည့်ပြီး ဆူပွက်လာတဲ့အထိချက်ပါ။
ဟင်းသီးဟင်းရွက်များ စနူးလာရင် ဟင်းအရသာမြည်းပြီး မီးဖိုပေါ်မှချလိုက်ပါ။ ဟင်းရည်အပူချိန်နဲ့ ပိုပြီး နူးသွားပါလိမ့်မယ်။ ပဲကြားသီးရွက်စုံဟင်း ကျက်ပါပြီ။
ကယားမှည့်ခါးသီးထောင်း
ပါဝင်ပစ္စည်းများ
ကယားမှည့်ခါးသီး အလုံး ၅၀၊ ငရုတ်သီးစိမ်း ၁၀ကျပ်သား၊ ကြက်သွန်ဖြူ နှစ်ကျပ်ခွဲသား၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း။
ပြင်ဆင်ချက်ပြုတ်ပုံ
ငရုတ်သီးစိမ်းကို ရေဆေးပြီ လှော်ပါ။
မှည့်ခါးသီးက မြန်မာငရုတ်ကောင်းစေ့လိုမျိုး အမည်းစေ့လေးတွေပါပဲ။ ငရုတ်ကောင်းစေ့ထက် မသိမသာ နည်းနည်းလေးကြီးပါတယ်။ ငရုတ်သီးစိမ်းလှော်ပြီးလျှင် ကယားမှည့်ခါးသီး၊ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ၊ဆားနဲ့အချိုအရသာ အားလုံးရောထည့်ပြီး ညက်အောင်ထောင်းရပါတယ်။ ကယားမှည့်ခါးသီးထောင်း စားလို့ရပါပြီ။
ကယားလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ မှည့်ခါးသီးထောင်းကတော့ မပါမဖြစ်တဲ့ ဟင်းအရံဖြစ်ပါတယ်။
စာကြွင်း ။ အမဲသားခြောက် ပိန်းရွက် ရွှေဖရုံသီး ဘူးသီး သခွားသီးစသဖြင့်ပါသော ကယားရိုးရာဟင်းလျာနဲ့ ကယားမှည့်ခါးသီး ထောင်းကိုတွဲဖက်စားသုံးလေ့ရှိကြသလို ပဲကြားသီးရွက်စုံဟင်းနဲ့ ကယားမြေပဲထောင်းကြော်တို့ကိုတွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ကျနော်ကတော့ အဓိကဟင်းလျာ၊ အသီးအရွက် ၊ အရံ သုံးမျိုးပါအောင်တွဲစပ်ချက်ပြုတ်လိုက်ခြင်းဖြစ်ပါတယ်။
Credit: အန်တီမီးမီးရဲ့ဟင်းချက်စာအုပ်

No comments: