Friday, September 4, 2015

ရှမ်းဆိုတာ ဘယ်သူတွေလဲ



ရှမ်းဆိုတာ ဘယ်သူတွေလဲ
ရှမ်းဆိုတာ မြန်မာနဲ့ အခြားလူမျိုးတစ်ချို့က သူတို့ကိုခေါ်တဲ့အမည်ပါ။ သူတို့ရဲ့ မူရင်းနာမည် တိုင်း (Tai) ဖြစ်ပါတယ်။ ရှမ်းတွေကိုယ်၌ကလည်း သူတို့ကိုယ်သူတို့mတိုင်းလူမျိုးလို့ပဲ ပြောကြပါတယ်။ ရှေးမြန်မာစာအရေးအသားမှာ ရှမ်းကို သျှံ (သို့) သျှမ် လို့ရေးပါတယ်။ အဓိပ္ပါယ်မှာ လွတ်လပ်ခြင်းလို့ ရတယ်။ ရှမ်းနှင့် တိုင်းဟာ လူမျိုးတစ်မျိုးတည်းကိုခေါ်တဲ့ အမည်နှစ်မျိုးဖြစ်ပြီး အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်တယ်။

ရှမ်း(သို့) တိုင်းတို့ ဟာ မြန်မာတို့ကဲ့သို့ပင် မောင်းဂွတ် (Mongoloid) လူမျိုးကြီးမှ ဆင်းသက်ခဲ့ကြပြီး တရုတ်နိုင်ငံ အနောက်ပိုင်းမှာ အနှစ် ၂၀၀၀ ခန့်အတူ နေထိုင်ခဲ့ကြပေမယ့် ပြောဆိုတဲ့ ဘာသာစကားအရ မြန်မာတို့က တိဗက်နှင့်နီးစပ်လို့ တိဘက်တိုဘာမင်အုပ်စုဖြစ်ပြီး ရှမ်း(သို့) တိုင်းတို့က တရုတ်နှင့်နီးစပ်တဲ့အတွက် ထိုင်းတရုတ်အုပ်စုဝင်ဖြစ်တယ်။

မြန်မာတို့ဟာ မြန်မာအပါအ၀င် ဓနု၊ တောင်ရိုး၊ အင်းသား၊ ရခိုင်၊ ထားဝယ် စတဲ့လူမျိုးစု အများအပြားပါဝင်တဲ့ လူမျိုးကြီးတစ်မျိုးဖြစ်သလို ရှမ်း(သို့) တိုင်းတို့ဟာလည်း တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းဒွဲ၊ တိုင်းချင်း၊ တိုင်းပါး၊ တိုင်းလုံ စသည်ဖြင့် လူမျိုးနွယ်စု အများအပြားပါဝင်တဲ့ လူမျိုးကြီးတစ်မျိုးဖြစ်လို့ သူတို့ကိုယ်သူတို့ ဂုဏ်ယူကြတယ်။ ယခုအခါ ရှမ်း(သို့) တိုင်းလူမျိုးတို့ဟာ မြန်မာပြည်အရှေ့မြောက်ပိုင်းတစ်ခွင်မှာ ပျံ့နှံ့နေထိုင်ကြပြီး လာအိုနှင့် ထိုင်းတို့ဟာ ရှမ်း(သို့) တိုင်း လူမျိုးများနဲ့ အနွယ်တူ လူမျိုးများ တည်ထောင်ထားကြတဲ့ နိုင်ငံတွေဖြစ်တယ်။

ရှေးဟောင်းရာဇ၀င်ထဲက ရှမ်း (သို့) တိုင်း

ရှမ်း(သို့) တိုင်းတို့ဟာ တရုတ်တို့နဲ့ လူမျိုးအရရော၊ ဘာသာစကားအရပါ သီးခြားလူမျိုးဖြစ်တယ်။ တရုတ်ပြည်မှာ တရုတ်တို့ အင်ပါယာ မထူထောင်မီ ဘီစီ ၂၀၀၀ ခန့်ကပင် နေထိုင်ခဲ့ကြပြီး စူ(Tsu) နှင့် ပန် (Pang) နိုင်ငံကိုထူထောင်ခဲ့ကြတယ်။ ဘီစီ ၈၈၀ မှာ တရုတ်အင်ပါယာပင် စူနိုင်ငံလက်အောက် ကျရောက်ခဲ့တယ်။ ဘီစီ ၇၀၀ မှာ စူနိုင်ငံ ဘုရင်ဖြစ်လာမယ့် ခွန်ဆေဟွန်ကို မွေးတယ်။ နို့စို့အရွယ်မှာပင် မိဘများဆုံးပါးသွားလို့ ကျားဖြူတစ်ကောင်နှင့် ကျားငါးဆယ်တို့ ကျွေးမွေးစောင့်ရှောက်ခဲ့ကြတယ်လို့ ဆိုတယ်။ 

ခွန်ဆေဟွန်ဟာ ကျားနို့ကို သောက်သုံးရလို့ အလွန်ထူးချွန်ထက်မြက်ပြီး စူနိုင်ငံဘုရာင်ဖြစ်လာတယ်။ ဒါကြောင့် ရှမ်း(သို့) တိုင်းတို့က ကျားစာ မိမိတို့ကို အမြဲစောင့်ရှောက်တယ်လို့ ယုံကြည်လာကြတယ်။ ကျားကို ရှမ်း(သို့) တိုင်းလူမျိုးတို့ရဲ့ အမျိုးသားအထိမ်းအမှတ် သင်္ကေတအဖြစ် သဘောထားခဲ့ကြတယ်။ ရှမ်းတို့ပြောတဲ့ စ၀်ခွန်မိန်းခေါ် ကိုးမြို့ရှင်ဆိုတာ ကျားမင်းနတ်အစောင့်အရှောက်ကို ဆိုလိုတာဖြစ်တယ်။

နန်ချောင် (Nan Chao) နိုင်ငံ

ရှမ်း(သို့) တိုင်းတို့ဟာ ခရစ်နှစ်အစလောက်ကပင် ယခုယူနန်နယ်မှာ နေထိုင်ခဲ့ကြတယ်။ ၆ ရာစုအလယ်လောက်မှာ နိုင်ငံတည်ထောင်နိုင်လောက်အောင် အင်အားကြီးလာကြရာ တရုတ်က သူတို့ကို နန်ဆော (သို့) နန်ချောင်လို့ ခေါ်တယ်။ မြို့တော်မှာ တာလီဖြစ်ပြီး အနီးအနားနိုင်ငံများကို အမြဲမပြတ် စစ်ခင်း၍ စစ်နိုင်ငံတစ်ခုဖြစ်လာခဲ့တယ်။ ယခု အာသံ၊ မြန်မာ၊ ထိုင်း၊ လော၊ ဗီယက်နမ်တို့မှာ ရှိကြတဲ့ လူမျိုးအသီးသီးက နန်ချောင်တို့ကို ခံ့ညားကြရတယ်။ အေဒီ ၆၄၉ မှ ၁၂၃၅ အထိ ရှည်ကြခဲ့တဲ့ နန်ချောင်နိုင်ငံကို မင်းဆက် ၃၂ ဆက် အုပ်စိုးခဲ့ပြီး ခိုလိုဖုန်း (အေဒီ ၇၄၈-၇၇၈) မှာ တန်ခိုးအကြီးဆုံးဘုရင် ဖြစ်လာတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပျူနိုင်ငံများကို အေဒီ ၈၃၂ မှာ တစ်ကြိမ်နှင့် ၈၃၅ မှာ တစ်ကြိမ် ၀င်ရောက်ဖျက်ဆီးခဲ့တယ်။ တိဗက်နှင့် တရုတ်တို့အလယ်မှာ ရှမ်း(သို့) တိုင်းတို့ ဇာတိသွေးဇာတိမာန် ပြသခဲ့တဲ့ ကာလပါပဲ။ နောင်အခါ မြန်မာဖြစ်လာကြမယ့် ချိအန်လူမျိုးတို့ဟာ နန်ချောင်တို့ လက်အောက် ကျရောက်ခဲ့ပြီးမှ အေဒီ ၉ ရာစုအလယ်လောက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းသို့ဝင်ရောက်ခိုလှုံခဲ့ကြတာဖြစ်တယ်။ မှန်နန်းရာဇ၀င်မှာပါတဲ့သူရဲကောင်းမင်း ပျူစောထီးဟာ ရှမ်းမင်းသားတစ်ပါးဖြစ်တယ်။

 ပျူစောထီး၊ ထီးယဉ်မင်း၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လည်၊သေဉ်လည်ကြောင်၊ ကြောင်တူရစ်လို့ အမည်ပေးပုံဟာ နန်ချောင်မင်းဆက်မှ စီနူလို့၊ လိုရှဲန်၊ ရှဲန်လိုပီ၊ ပီလိုခို၊ ခိုလိုဖုန်း၊ ဖုန်းကျောက်ယီ၊ ယီမွန်ဆွန်လို့ နာမည်ပေးပုံတွေ တူနေတဲ့အတွက် အဲဒီမင်းတွေဟာ နန်ချောင်မင်းအဆက်အနွယ် ရှမ်းမင်းတွေဖြစ်ရမယ်လို့ ယူဆကြတယ်။ 

၉ ရာစုမှာ နန်ချောင်တို့ တန်ခိုးသြဇာ စတင်ကျဆင်းတယ်။ ၁၃ ရာစုမှာ မွန်ဂိုတို့ တန်ခိုးကြီးလာပြီး ၁၂၅၀ မှာ နန်ချောင်မြို့တော် တာလီဖူးကို သိမ်းယူလို့ နန်ချောင်ပျက်တယ်။ ရှမ်း(သို့) တိုင်းလူမျိုးတို့ဟာ တောင်ဖက်သို့ ပြိုဆင်းခဲ့ကြပြီး ဗီယက်နမ်သို့ တစ်စု၊ ထိုင်းနိုင်ငံဇင်းမယ်၊ သောက္ကတဲ၊ အယုဒ္ဓယသို့ တစ်စုနှင့် တိုင်းလုံး ခေါ်ရှမ်းကြီးတို့မှာ မြန်မာပြည်အထက်ပိုင်း အလယ်ပိုင်းမျ အာသံအထိ ပြန့်သွားကြတယ်။

ကမ္ဘောဇ

နန်ချောင်တို့ တန်ခိုးထွားချိန် အေဒီ ၉၅၇ မှာ ကမ္ဘောဒီးယား မင်းသားတစ်စုဟာ နောက်လိုက်လူသူ အများအပြားနှင့်အတူ မောနိုင်ငံကို လာရောက်အုပ်ချုပ်ခဲ့ကြတယ်။ ဒါကြောင့် ရှမ်းပြည်ကို ကမ္ဘောဇလို့်လည်း ခေါ်တွင်ခဲ့တယ်။

မောရှမ်းပြည်

ရှေးခေတ်မြန်မာရာဇ၀င်မှာ ရှမ်းတို့တန်ခိုးကြီးတဲ့နိုင်ငံကို မောရှမ်းပြည်လို့ခေါ်ပြီး ယခု သိန္နီ၊ ဗန်းမော်၊ မိုးညင်း၊ မိုးကောင်း၊ မိုးမိတ်၊ ကလေးဝ၊ ၀န်းသို၊ မိုးခိုင်၊ လက်ပံ၊ နောင်မွန်၊ ညောင်ရွှေ၊ မိုးဗြဲ၊ မိုင်းမော၊ မိုးနဲ၊ ကျိုင်းတောင်း၊ ကျိုင်းခမ်း၊ မောက်မယ်၊ မိန်းလ၊ မိန်းဆိုင်၊ မိန်းယန်း၊ မိုးကုတ်၊ မိုင်းလုံ၊ သုံးဆယ် စတဲ့ ဒေသတွေ ပါဝင်ခဲ့ပါတယ်။ အေဒီ ၂ ရာစုမှာ မောပြည်ကို တောင်ငါးလုံး၊ ခွန်တုံ ခေါ် စာလုံဟုမ်မိန်း စတင်မင်းတို့ အုပ်စိုးခဲ့တယ်။

၁၀၈၅ မှာ ပုဂံပြည့်ရှင် အနော်ရထာမင်းစောဟာ နန်ချောင်မြို့တော် တာလီသို့ စွယ်တော်ပင့်ရန် သွားရာမှအပြန် (မှန်နန်းရာဇ၀င်တွင် တရုတ်ဥတည်ဘွားထံမှ ဟုဆို) မောစော်ဘွားက နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ရည်မျှော်ပြီး သမီးတော်စောမွန်လှကို အနော်ရထာသို့ ဆက်သခဲ့တယ်။ စောမွန်လှဟာ ပုဂံထီးနန်းမှာ အနေအထိုင်ကောင်းပေမယ့် အထင်လွဲခံရပြီး မောပြည်သို့အပြန် သီပေါအနီး ဘော်ကြိုမှာ ကံကုန်ခဲ့တယ်။ လမ်းခရီးမောပြည်အစပ်မှာ ရွှေစာရံဘုရားကို တည်ခဲ့တယ်။ စောမွန်လှဟာ ပုဂံရာဇ၀င်မှာ ပထမဆုံးအထင်ကရဖော်ပြခံရတဲ့ ရှမ်းလူမျိုးဖြစ်တယ်လို့ ဆိုရပါမယ်။

မြန်မာတို့က မြန်မာအစ တကောင်းကလို့ ဆိုပေမယ့် ရှမ်းတို့က တကောင်းကို သူတို့တည်ခဲ့တာဆိုတယ်။ ရှမ်းဘာသာနဲ့ တာကောင်လို့ခေါ်ပြီး အိုးစည်ကူးတို့မြို့လို့ အဓိပ္ပါယ်ရကြောင်းဆိုပါတယ်။ ရှမ်းမင်းအစ ဘိန္နကလို့လည်း ဆိုစကားရှိတယ်။ တကောင်းအဘိရာဇာရဲ့ အဆက်အနွယ် ဘိန္နကဟာ ရွှေလီမြစ်အထက်ပိုင်း လက်ျာဖက်ကမ်းရှိ မိန်းမောအရပ်မှာ ရှမ်းတစ်ဆယ့်ကိုးခရိုင်ကို တည်ထောင်ခဲ့တယ်။ ဒါကြောင့် ရှမ်းပြည်ထောင်အစမိန်းမော ကလို့လည်း ဆိုစကားရှိပြန်တယ်။

ရှမ်းညီနောင်သုံးဦး

အခါတပါး ဘိန္နကမြို့စား စော်ဘွားကြီးလွန်လျှင် သားတော်ကြီး အရိုက်အရာဆက်ခံတယ်။ ညီအငယ် သိင်္ဂဗိုလ်မှာ အလုပ်အကျွေးများနှင့်အတူ မြင်စိုင်းအရပ်သို့ တိမ်းရှောင်ခဲ့ပြီး သူကြွယ်သမီးနှင့် အိမ်ထောင်ကျရာမှ ရာဇသင်္ကြန်၊ အသင်္ခယာ နှင့် သီဟသူသားသုံးပါးထွန်းကားခဲ့တယ်။ ငယ်စဉ်ကပင် ပုဂံပြည့်ရှင် နရသီဟပတေ့ထံဆက်သရာ မင်းက အပါးတော်မှာ ခစားစေတယ်။

ရှမ်းညီနောင်တို့ဟာ ပေးသမျှတာဝန်ကို 

မလစ်ဟင်းရအောင် ဆောင်ရွက်နိုင်လို့ ဘုရင်က ဆုလာဘ်ချီးမြှင့်တာကို ခံကြရတယ်။ သားတော် ကျော်စွာမင်းလက်ထက်မှာတော့ အကြီးရာဇသင်္ကြန်ကို မြင်စိုင်း၊ အလတ် အသင်္ခယာကို မက္ခယာ၊ ညီအငယ် သီဟသူကို ပင်လယ်မြို့များကို အသီးသီးပေးသနားတယ်။ ကျော်စွာမင်းဟာ မိဘုရာစောကို အရေးမပေးနေတာကြောင့် မိဘုရားစောက ရှမ်းညီနောင်သုံးဦးနှင့် ပေါင်းပြီး ကျော်စွာမင်းကို နန်းချကာ သားတော်စောနစ်ကို နန်းတင်ခဲ့တယ်။ အဲဒီအခါ ပုဂံထီးနန်းရဲ တန်ခိုးအာဏာဟာ လယ်ကွင်းဆယ့်တစ်ခရိုင်ကို အုပ်စိုးထားတဲ့ ရှမ်းညီနောင်သုံးဦး လက်သို့ ကျရောက်သွားတော့တယ်။ ပုဂံဘုရင်မှာ ရှမ်းညီနောင်သုံးဦးရဲ့ သြဇာမျှသာ ဖြစ်ခဲ့ရတယ်။ ၁၃၈၁ မှာ မွန်ဂိုတပ်များ မြင်စိုင်းကို ချီတက်တိုက်ခိုက်တယ်။ ရှမ်းညီနောင်တို့ရဲ့ ပရိယာယ်ကြောင့် ပြန်လည်ဆုတ်ခွာ သွားကြတယ်။

ရှမ်းမင်းများခေတ်

၁၃၁၂ မှာ သီဟသူ ပင်းယကိုတည်တယ်။ တစ်စီးရှင်သီဟသူလို့ အမည်တွင်တယ်။ တစ်စီးရှင်သီဟသူရဲ့သားတော် အသင်္ခယာစောယွန်းက ၁၃၁၅ မှာ စစ်ကိုင်းကိုတည်တယ်။ ထိုအခါ ပင်းယနှင့် စစ်ကိုင်းနှင့် အပြိုင်အုပ်စိုးကြတယ်။ ၁၃၆၄ မှာ ပင်းယမင်း (၇) ဆက်မြောက် နရသူက စစ်ကိုင်းကို အုပ်စိုးတဲ့ မင်းပြောက်ဟာ မင်းမျိုးမဟုတ်လို့ဆိုပြီး မောရှမ်းမင်းသိုချည်ဘွားအား စစ်ကိုင်းကို လာရောက်တိုက်ရန် ဖိတ်ခေါ်ချက်အရ မောရှမ်းတို့ လာတိုက်လို့ စစ်ကိုင်းရောပင်းယပါ ပျက်တယ်။ ပင်းယနရသူကို မောရှမ်းတို့ခေါ်သွားလို့ မောပါမင်းလို့ တွင်တယ်။ မြန်မာရာဇ၀င်မှာ ပင်းယနှင့် စစ်ကိုင်းခေတ်များကို ရှမ်းတို့ ကြီးစိုးတဲ့ခေတ်လို့ အသိအမှတ်ပြုကြတယ်။

၁၃၆၄ မှာပဲ သတိုးမင်းဖျား အင်းဝကိုတည်တယ်။ သတိုးမင်းဖျားဟာ စစ်ကိုင်းကိုတည်ခဲ့တဲ့ အသင်္ခယာစောယွန်းရဲ့ သမီးတော် စိုးမင်းကိုယ်တော်ကြီးနဲ့ တကောင်းနွယ်ရိုး သတိုးဆင်ထိန်းတို့မှ မွေးတဲ့သားဖြစ်တယ်။ ရှမ်းသွေးပါတဲ့မင်းပါ။ သတိုးမင်းဖျားကို ဆက်ခံခဲ့တဲ့ မင်းကြီးစွာစော်ကဲဟာလည်း နရသီဟပတေ့ခေါ် တရုတ်ပြေးမင်းသားတော် ပြည်စားသီဟသူနှင့် သင်္ဂဗိုလ်သမီး တစီးရှင်သီဟသူတို့ရဲ့ နှမတော်တို့မှ ဆင်းသက်လာသူဖြစ်လို့ ရှမ်းသွေးမကင်းသူဖြစ်တယ်။ သို့ပေမယ့် သတိုးမင်းဖျားတည်တဲ့ ပထမအင်းဝခေတ်ကို မြန်မာတို့ကြီးစိုးတဲ့ခေတ်လို့သာ မြန်မာရာဇ၀င်မှာ သိမှတ်ကြတယ်။ 

ဟံသာဝတီနဲ့ အနှစ်လေးဆယ်စစ်ကို တိုက်တဲ့ 

မင်းခေါင်ရဲ့သားတော် မြန်မာစစ်သူရဲကောင်း မင်းရဲကျော်စွာရဲ့မယ်တော်ဟာ ရှမ်းမင်းသမီးတစ်ပါးဖြစ်တယ်လို့ ဆိုတာလည်းရှိပါတယ်။ ၁၅၂၇ မှာ မိုးညှင်း စလုံသား သိုဟန်ဘွားအင်းဝရွှေနန်းကို တက်၍မင်းပြုတယ်။ သိုဟန်ဘွားဟာ ဘုရားပုထိုးစေတီတို့ကို ဖျက်တယ်။ ကျမ်းဂန်စာပေတို့ကို မီးရှို့တယ်။ ရဟန်းသံဃာတို့ကို သတ်ဖြတ်တယ်လို့ မြန်မာရာဇ၀င်များက ရေးတယ်။ ရှမ်းစာရေးဆရာ Chao Tzang Yawnghwe က မူ ၁၇၅၀ ကျော်နှစ်များက မွန်လူမျိုးမျာ။နှင့် သူတို့ရဲ့ဘာသာတရားယဉ်ကျေးမှုတို့ကို အလောင်းဘုရားပြုလုပ်ခဲ့တာနဲ့စာ ရင် မဆိုးလှသေးပါဖူးလို့ ရေးပါတယ်။ ခက်တာက သိုဟန်ဘွား လုပ်ခဲ့တာကို လူတွေသိသလောက် အလောင်းဘုရားလုပ်ခဲ့တာကို သိအောင် မလုပ်ကြတာပါပဲ။

သိုဟန်ဘွားကို မင်းကြီးရန်နောင်လုပ်ကြံလိုက်ပြီးနောက် အုန်းပေါင်ခုံမှိုင်းကို နန်းတင်ခဲ့ကြတယ်။ အဲဒီနောက် မိုးဗြဲနရပတိနှင့် စစ်ကိုင်းစည်သူကျော်ထင်တို့ အင်းဝမှာ ဆက်လက်မင်းပြုခဲ့ကြတယ်။ အဲဒီမင်းတွေဟာလည်း ရှမ်းမင်းတွေပဲဖြစ်တယ်။ အင်းခေတ်မှာ ကျော်ကြားတဲ့ မိဖုရားစောဥမ္မာနှင့် မင်းဆက်ငါးသွယ် ရှင်ဘို့မယ်တို့ဟာလည်း ရှမ်းမင်းသမီးတွေပဲ ဖြစ်ကြတယ်။ ၁၅၅၄ မှာ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူ ဘုရင့်နောင်က အင်းကိုချီတက်သိမ်းပိုက်ခဲ့လို့ ပထမအင်းဝခေတ် နိဂုံးချုပ်ခဲ့တယ်။

ပုဂံအပျက် ၁၂၈၈ မှ ၁၅၅၄ ထိ ကာလရခိုင်နှင့် မွန်ဒေသအချို့မှ အပဖြစ်တဲ့ မြန်မာပြည်တစ်ခုလုံးကို ရှမ်း(သို့) တိုင်းလူမျိုးတို့ ကြီးစိုးခဲ့တယ်လို့ ယူဆတယ်။ အဲဒီကာလက မြန်မာတို့ရဲ့ သြဇာဟာ အင်းဝလက်အောက်ခံအနေနဲ့ ပြည်နှင့်တောင်ငူနယ်ကလေးတွေလောက်မှာသာ ရှိခဲ့တယ်။ သို့ဖြင့် ပုဂံအနော်ရထာမင်းလက်ထက် ၁၁ ရာစုမှ ကုန်းဘောင်ဆက်နောက်ဆုံးဘုရင် သီပေါမင်း ပါတော်မူတဲ့အထိ မြန်မာရာဇ၀င်ကို လေ့လာကြည့်လျှင် ပင်းယ၊ စစ်ကိုင်းနှင့် ပထမအင်းဝခေတ်ပျက်တဲ့ ၁၅၅၄ အထိ နှစ်ပေါင်း ၂၅၀ ခန့် ရှမ်းတို့ တန်ခိုးသြဇာကြီးခဲ့တဲ့ကာလလို့ ဆိုရမယ်။ 

ကျန်တဲ့ကာလတစ်လျှောက်လုံးမှာတော့ ရှမ်းတွေဟာ မြန်မာဘုရင်လက်အောက်ခံ ပဏ္နာဆက်နိုင်ငံ (Vassal State) အဖြစ်နဲ့သာ ရပ်တည်ခဲ့ရတယ်။ သို့သော်လည်း ရှမ်းစော်ဘွားများအနေနဲ့ ကိုယ့်နယ်မှာကိုယ် လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်ခွင့်ရှိပါတယ်။ ကုန်းဘောင်ခေတ် မင်းများလက်ထက် ရှမ်းပြည်အုပ်ချုပ်ရေးမှာ အများအားဖြင့် နယ်များကိုစော်ဘွား၊ နယ်လတ်များကို မြို့စားနှင့် နယ်ငယ်များကို ငွေခွန်မှူးများ ထားရှိအုပ်ချုပ်ခဲ့တယ်။

၁၈၈၅ နိုဝင်ဘာ ၂၀ မှာ သီပေါမင်းပါတော်မူတယ်။ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှနယ်ချဲ့စနစ်အောက် ကို ကျရောက်ခဲ့တယ်။ ၁၈၉၀ မှာ ရှမ်းပြည်တစ်ခုလုံးကို အင်္ဂလိပ်လက်အောင်ခံအဖြစ် သိမ်းယူတယ်။ ကြိုတင်ကတိပြုထားတဲ့ အတိုင်း ရှမ်းစော်ဘွားများအား ၎င်းတို့ နယ်မြေအသီးသီးကို ဆက်လက်အုပ်ချုပ်စေတယ်။

~Ref:ကျော်သက်ဟန် ၊ Mingalarbar Magazine, Vol. 6, No. 1, May- Oct 2014 မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။

No comments: