Monday, September 21, 2015

ကျောက်ကပ်အသားစယူ စစ်ဆေးရတော့မည်ဆိုလျှင်




ကျောက်ကပ်အသားစယူ စစ်ဆေးရတော့မည်ဆိုလျှင်

ကျောက်ကပ်အသားစယူစစ်ဆေးတယ်ဆိုတာ အထူးအဏုကြည့်မှန်ပြောင်းနဲ့ကြည့်ဖို့ ကျောက်ကပ်အသားစ အနည်းငယ်ယူတာဖြစ်ပါတယ်။

ဘာကြောင့် ကျောက်ကပ်အသားစယူ စစ်ဆေးရတာလဲ
တချို့ကျောက်ကပ်ပြဿနာတွေက သွေးစစ်ဆေးတာနဲ့ ဆီးစစ်ဆေးတာ၊ အထူးဓာတ်မှန်ရိုက်စစ်ဆေးတာ၊ တတ်ကျွမ်း နားလည်သူက စမ်းသပ်တာစတ့ဲ နည်းတွေနဲ့တွေ့ရှိနိုင်ပေမယ့် အချို့လူနာတွေမှာတွေမှာတော့ မှန်ကန်တဲ့ ရောဂါ ရှာဖွေတွေ့ရှိနိုင်ဖို့ကျောက်ကပ်အသားစယူစစ်ဆေးမှု ပြုလုပ်ရတတ်ပါတယ်။

ကျောက်ကပ်အသားစယူ စစ်ဆေးရလေ့ရှိသော အကြောင်းရင်းများ

ဆီးထဲ သွေးပါရင်၊ 

ဆီးထဲပရိုတင်းဓာတ်ပါရင်၊သွေးစစ်ဆေးမှုရလဒ် ပုံမှန်မဟုတ်ရင်၊

အကြောင်းရင်းတိတိကျကျမရှိဘဲ ကျောက်ကပ်ရောဂါ ရုတ်တရက်ဖြစ်ရင် ဒါမှမဟုတ် နာတာရှည်ကျောက်ကပ် ရောဂါဖြစ်ရင်၊

ကျောက်ကပ်စစ်ထုတ်တဲ့ ယူနစ်တွေ ထိခိုက်တဲ့ ရောဂါဖြစ်ရင်
ကျောက်ကပ်အသားစယူစစ်ဆေးလိုက်လို့ရောဂါတွေ့တဲ့အခါ ကုသမှုကို တိတိကျကျ ပေးနိုင်တာကြောင့် ဆေးကုသမှု ရလဒ်ပိုထိရောက်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်က ဘယ်လောက်ကြာကြာထိခိုက်နေပြီလဲ၊ (ကျောက်ကပ်အစားထိုး ထားတဲ့ လူနာဖြစ်ရင်) အစားထိုးထားတဲ့ ကျောက်ကပ်က ဘာကြောင့် ကောင်းကောင်းအလုပ်မလုပ်တာလဲ စတာတွေကို သေချာသိရှိနိုင်မှာ ဖြစ်သလိုကျောက်ကပ်အကျိတ်ရှိသလား စတဲ့ တခြား ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။

ကျောက်ကပ်အသားစယူ စစ်ဆေးမှုမလုပ်မီ လိုက်နာသင့်သည့်အရာများ
ကျောက်ကပ်အသားစယူစစ်ဆေးမှု မခံယူခင် နှစ်ပတ်အလိုမှာ အက်စ်ပရင် ဆေးပြား၊ အိုင်ဗျူပရိုဖန်၊ နာပရိုဇန်နဲ့ တခြား သွေးကျဲစေတဲ့ ဆေးတွေကိုမသောက်သင့်ပါဘူး။ ဒီဆေးတွေက သွေးခဲတဲ့ဖြစ်စဉ်ကို ပြောင်းလဲစေတဲ့အတွက် သွေးထွက်
များတဲ့အန္တရာယ်ကိုမြင့်တက်စေနိုင်လို့ပါ။ ဒါ့အပြင်ငါးကြီးဆီကိုလည်း ရပ်ထားသင့်ပါတယ်။ ဒါ့အပြင်သင့်မှာ ကူးစက်ပိုးဝင်တာနဲ့ တခြားကျန်းမာရေးပြဿနာတွေမရှိတာ သေချာစေဖို့ ကျောက်ကပ်အသားစယူစစ်ဆေးမှုမလုပ်ခင် သွေးနဲ့ဆီးစစ်ဆေးမှုကိုလုပ်သင့်ပါတယ်။ ဒါ့အပြင် မလုပ်ခင် ရှစ်နာရီအတွင်း ဘာကိုမှ မစားသောက်သင့်ပါဘူး။

ကျောက်ကပ်အသားစယူစစ်ဆေးပြီးနောက် လိုက်နာသင့်သည့်အရာများ
ကျောက်ကပ်အသားစယူစစ်ဆေးမှု ခံယူပြီးချိန်မှာ ၁၂ နာရီကနေ ၂၄ နာရီအထိ အိပ်ရာထဲမှာအနားယူနေဖို့ လိုအပ်ပါတယ်။ အိပ်ရာထဲမှာ နားနေတာကြောင့် ကျောက်ကပ်အသားစနမူနာထုတ်ယူထားတဲ့နေရာမှာ အနာကျက်နှုန်းမြန်စေပြီးသွေးထွက်နှုန်းလျော့ကျစေပါတယ်။ သွေးဖိအားနဲ့ သွေးခုန်နှုန်းကိုလည်း စစ်ဆေးနေသင့်ပါတယ်။ ဆေးရုံကနေအိမ်ပြန်တဲ့အခါ အလေးအပင်ကြီးတွေသယ်မတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ အိမ်ထောင်ဖက်နဲ့ အတူနေတာ စတာတွေကို နှစ်ပတ်ကြာ ရှောင်သင့်ပါတယ်။

သတိပြုရန်

ကျောက်ကပ်အသားစမယူမီ
ကျောက်ကပ်အသားစယူဖို့ လိုအပ်ချက်ကို သင်သေချာသိနားလည်ဖို့ သင့်ဆရာဝန်ကိုတွေ့ဆုံမေးမြန်းပါ။
သင့်မှာ ဓာတ်မတည့်မှုဖြစ်တတ်တဲ့ ဆေးတွေရှိရင်၊ သင်သောက်နေကျဆေးတွေရှိရင် ဆရာဝန်ကိုပြောပြပါ။
သွေးကျဲဆေးနဲ့ အားဆေးတွေ ရှောင်ပါ။
ကျောက်ကပ်အသားစမယူခင် ရှစ်နာရီအတွင်း အစာနဲ့အရည်တွေ ရှောင်ပါ။

ကျောက်ကပ်အသားစယူပြီးနောက်
ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။အိပ်ရာထဲမှာ အချိန် ၁၂နာရီကနေ ၂၄ နာရီကြာအနားယူပါ။ သွေးကျဲဆေးရှောင်ပါ။
ကျောက်ကပ်အသားစယူပြီး ၂၄ နာရီ ကျော်ကြာတဲ့အထိ ဆီးထဲ သွေးပါတာ၊ ဆီးမသွားနိုင်တာ၊အဖျားကြီးတာ၊ အသားစယူထားတဲ့နေရာက နာကျင်မှုက ပိုဆိုးလာတာ၊ မူးဝေတာ၊ နွမ်းလျဖျော့တော့တာ စတာတွေခံစားရရင် ဆရာဝန်ကို ချက်ချင်းပြောပြပါ။ 

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
(Ref: Kidney)

မျက်စိသူငယ်အိမ်ကျဉ်းစေသော အကြောင်းများ
ဦးနှောက်သွေးကြောပေါက်ရာက သတိလစ်ပြီး ရောက်လာတဲ့ လူနာတွေမှာ မျက်စိ သူငယ်အိမ်ကို ကြည့်ရပါတယ်။ သတိလစ်ပြီးရောက်လာတဲ့ လူနာတွေက သူငယ်အိမ်ကျဉ်းတာ ဖြစ်နိုင်သလို သူငယ်အိမ် ကျယ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒီအခြေအနေကြောင့်အပြင် မျက်စိသူငယ်အိမ် ကျဉ်းစေတဲ့ တခြား အကြောင်းတွေကတော့ -

အသက်ကြီးခြင်း (Senile)
အသက်ကြီးတဲ့သူတချို့မှာ မျက်စိ သူငယ်အိမ် ကျဉ်းတတ်ပါတယ်။ လူတိုင်းအသက်ကြီးလာရင် ဖြစ်တတ်တာမျိုးတော့ မဟုတ်ပါဘူး။ အသက်ကြီးလာရင်မျက်စိသူငယ်အိမ် ကျဉ်းတာက ဖြစ်တတ်တဲ့ သဘာဝတော့ ရှိပါတယ်။

ရောဂါရှာဖွေရန် မျက်စဉ်းဆေးခတ်ထားခြင်း
မျက်စိသူငယ်အိမ်ကျဉ်းစေတဲ့ မျက်စဉ်းဆေး၊ အထူးသဖြင့် Pilocarpine Eye Drop ခတ်ထားတဲ့သူတွေမှာ မျက်စိသူငယ်အိမ် ကျဉ်းတတ်ပါတယ်။
နောက်တစ်ခုက မော်ဖင်း (Morphine)တွေ ထိုးထားလို့လည်းဖြစ်နိုင်ပါတယ်။ မူးယစ်ဆေးဝါးတွေ သုံးစွဲထားလို့လည်းဖြစ်နိုင်ပါတယ်။

ဦးနှောက်အာရုံကြောတစ်နေရာတွင် အဖုရှိခြင်း (Horner’s Syndrome)
ဦးနှောက်မှာရှိတဲ့ Sympathetic Nerve Chain က ဦးနှောက်ကနေ တောက်လျှောက်ဆင်းလာတယ်။ အဲဒီ Nerve Chain မှာ အဖု (Lesion) တစ်ခုခုရှိရင် သူငယ်အိမ်က ကျဉ်းနေတတ်တယ်။

ဘယ်လိုသိနိုင်လဲဆိုရင် မျက်ခွံကကျနေတတ်ပါတယ်။ အဲဒါကို ဆေးပညာအရ Ptosis လို့ခေါ်ပါတယ်။ သူငယ်အိမ်ကျဉ်း (Miosis) နေတတ်ပါတယ်။ သိသာတဲ့ လက္ခဏာအနေနဲ့ ဖြစ်တဲ့ဘက်က ပါးတစ်ခြမ်းဟာ ချွေးမထွက် (Anhydrosis) တတ်ပါဘူး။ ဒီလိုလက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေဖြစ်ရင် Apex of Lung မှာ ကင်ဆာအကျိတ်ရှိ မရှိ စစ်ဆေးပါတယ်။ ဒါက အသက်အန္တရာယ်နဲ့ ဆက်စပ်နေတဲ့ အချက်ဖြစ်လို့ အရေးအကြီးဆုံးပါပဲ။ ကျန်တာတွေက သိပ်အရေးမကြီးပါဘူး။ အများအားဖြင့် ဒီလိုအခြေအနေမှာ သူငယ်အိမ်ကျဉ်းတယ်ဆိုပြီး လူနာတွေကဆရာတို့ဆီ လာပြတာများပါတယ်။

ဦးနှောက်သွေးကြောပေါက်ခြင်း (Pontine Haemorrhage)
ဦးနှောက်မှာ Cerebrum ၊ Mid-brain နဲ့ Pons ဆိုတဲ့အစိတ်အပိုင်းတွေရှိတဲ့အနက် ဥပမာ-ဦးနှောက်သွေးကြောပေါက်တဲ့သူတွေမှာ Pons မှာသွေးကြောတွေ ပြတ်ပြီး သူငယ်အိမ်က ကျဉ်းသွားတယ်။ တစ်ခါတလေ လူနာက သတိမေ့သွားတယ်ဆိုရင် သူငယ်အိမ်ကို ကြည့်ရပါတယ်။ သူငယ်အိမ်က ကျဉ်းနေတယ်ဆိုရင် Pontine Haemorrhage ဖြစ်နိုင်ပါတယ်။ 

သတိလစ်ပြီးရောက်လာတဲ့လူနာတွေက သူငယ်အိမ်ကျဉ်းတာ ဖြစ်နိုင်သလို သူငယ်အိမ် ကျယ်တာလည်းဖြစ်နိုင်ပါတယ်။ သူငယ်အိမ် ကျယ်တယ်ဆိုရင် Tentorial Herniata ကြောင့်ဖြစ်နိုင်တဲ့အတွက် ပိုစိုးရိမ်ရပါတယ်။

အသက်ကြီးလို့ သူငယ်အိမ်ကျဉ်းတယ်ဆိုရင် အတွင်းတိမ်ရောဂါကလည်းဝင်နေတယ်၊ အဲဒီတော့ အလင်းတန်းကနည်းပြီး ပိုမှုန်သွားပါတယ်။ တစ်ခါတလေကျရင်လည်း အနောက်က Lens ကကြည်လင်နေပြီး သူငယ်အိမ်က ကျဉ်းလို့ ရှိရင်ပိုတောင် မြင်ရတယ်။ အဝေးမှုန်တဲ့သူတွေက မျက်မှန်မပါဘဲကြည့်ရင် မမြင်ရပေမယ့် စက္ကူမှာအပေါက်လေး တစ်ပေါက်ဖောက်ပြီးကြည့်ရင် မြင်ရတယ်။ ဒါကို Pin-hole Effect လို့ ခေါ်ပါတယ်။ အလင်းတန်းက စက္ကူပေါက်ထဲကိုဝင်ပြီး ပိုမြင်ရတယ်။ အဲဒါနဲ့ အလားသဏ္ဌာန်တူပါတယ်။သူငယ်အိမ်ကျဉ်းတယ်ဆိုရင် အရင်ဆုံး ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အချက်ကို လေ့လာရပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မှာ မူတည်ပြီး ကုသလို့ရ၊ မရဆိုတာ မျက်စိဆရာဝန်တွေက ဆုံးဖြတ်ပေးပါတယ်။ တချို့ အကြောင်းရင်းတွေက ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်တွေနဲ့ တွဲကုရတာမျိုးလည်း ရှိပါတယ်။

(ပါမောက္ခဦးတင်ဝင်း - မျက်စိအထူးကုဆရာဝန်ကြီး)

Credit:Good Health Journal No.554



No comments: