Friday, December 19, 2014

ဖတ်မိသော သတင်းစုံ (News)



(1) YCDC ကအွန်လိုင်း ဝန်ဆောင်မှုပေါင်း ၃၀ ဝန်းကျင်ကို ဆောင်ရွက် ပေးလျက်ရှိ ဟုဆို
=====================================

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် အွန်လိုင်း ဝန်ဆောင်မှုပေါင်း ၃၀ ဝန်းကျင်ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

အွန်လိုင်းဝန်ဆောင်မှု အဖြစ် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ Online Land Form Submission System မြေပုံကူးခြင်းအစရှိသော ဝန်ဆောင်မှုသုံးမျိုး၊ စီမံရေးရာဌာန၏ Online Business License System လုပ်ငန်း လိုင်စင်အစ ရှိသော ဝန်ဆောင်မှု (၁၂) မျိုး၊ အင်ဂျင်နီယာဌာန (အဆောက်အဦ) မှ Online Building Form Submission System အဆောက်အဦပြီးစီးကြောင်း သက်သေခံလက်မှတ် (BBC) လျှောက်ထားခြင်း အစရှိသော ဝန်ဆောင်မှု (၁၄) မျိုးတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒီဇင်ဘာလ (၁၆) ရက်နေ့က ကျင်းပသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ e Government လုပ်ငန်းစဉ်များ အကြောင်း ရှင်းလင်း တင်ပြခြင်း အခမ်းအနားမှ သိရသည်။ အွန်လိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် www.ycdc.gov.mm တွင် ဆောင်ရွက်ရမည်ဖြစ်သည်။

e Government လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ Data Center များတည်ဆောက်ကာ သတင်း အချက်အလက်များကို ရန်ကုန်မြို့တွင်းရှိဌာနများ၊ ခရိုင်နှင့်မြို့နယ်ရုံးများမှ လျှင်မြန် စွာ ပေးပို့နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

Internet Journal

(2) ရာသီပြောင်းချိန်တွင် လေးဖက်နာဝေဒနာရှင်များ ပိုမိုဂရုစိုက်ဖို့လို
=============================================

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရာသီ ဥတုအပြောင်းအလဲကာလ၌လေး ဖက်နာဝေဒနာရှင်များအနေဖြင့် အဆစ်အမြစ်ရောင်ခြင်းနှင့် နာကျင် ကိုက်ခဲမှုများ ပိုမိုဖြစ်ပေါ်လာနိုင် သည့်အတွက် ပိုမိုဂရုစိုက်သင့်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌဒေါက်တာသိန်းဆွေက ပြောကြားလိုက်သည်။

ထို့အပြင် လေးဖက်နာဖြစ်စေသည့် Uric Acid (ယူရစ်စ်အက်စစ်) ပါဝင်သော အစားအသောက်များစား သောက်မှုကို လျှော့ချရမည်ဟု၎င်းက အကြံပြုသည်။

''ဆောင်းတွင်းလိုအေးတဲ့အချိန် တွေမှာ နာကျင်မှုဝေဒနာပိုမိုခံစားရနိုင် လို့ ဝေဒနာရှင်တွေအနေနဲ့ ဂရုစိုက် သင့်တယ်။ ဒါ့အပြင်လေးဖက်နာဖြစ် စေတဲ့ Uric Acid ပါဝင်တဲ့ အစား အစာတွေဖြစ်တဲ့ ကညွတ်၊ မျှစ်၊ ပဲမြစ်၊ အင်ဥနဲ့တက်စာတွေ၊ ဝမ်းတွင်းကလီ စာတွေ၊ တွင်းအောင်းသားတွေ၊ ပင် လယ်စာတွေ၊ သစ်မြစ်သစ်ဖုတွေစား သုံးတာ လျှော့လိုက်မယ်ဆိုရင်တော့ လေးဖက်နာရောဂါကို သက်သာစေ နိုင်ပါတယ်''ဟု ဒေါက်တာသိန်းဆွေ ကပြောသည်။

လေးဖက်နာရောဂါကို အဓိက ဖြစ်စေသည့်အကြောင်းအရင်းများ တွင် အာသီးရောင်ပိုးကြောင့် ခန္ဓာ ကိုယ်မှ တန်ပြန်ထွက်ပေါ်လာသည့် ပဋိဇီဝပစ္စည်းများမှ တစ်ဆင့် ဖြစ်ပွား သည့် လေးဖက်နာရောဂါနှင့်Uric Acid ပါဝင်သည့် အစားသောက်များ အား လွန်ကဲစွာစားသောက်မှုကြောင့် ဖြစ်ပွားသည့် လေးဖက်နာရောဂါဟူ ၍ရှိရာ မြန်မာနိုင်ငံတွင်Uric Acid ကြောင့်ဖြစ်ပွားသည့် လေးဖက်နာ ရောဂါမှာ ပိုမိုများပြားကြောင်း ၄င်းက ဆက်ပြောသည်။

၎င်းအပြင် လေးဖက်နာရောဂါ အတွက် သောက်သုံးရသည့်အချို့သော အင်္ဂလိပ်ဆေးများတွင် ဘေးထွက်ဆိုး ကျိုးများဖြစ်ပေါ်နိုင်ကြောင်းနှင့် ကြာ ရှည်စွဲသောက်ပါက နှလုံးသွေးကြော များကို ထိခိုက်စေနိုင်ကြောင်း ကျန်း မာရေးဖောင်ဒေးရှင်းမှ သိရသည်။

''ဆရာဝန်တွေကတော့ အင်္ဂလိပ် ဆေးတွေ သောက်တာများရင်လဲ ရောဂါဖြစ်တတ်တယ်လို့ပြောတယ်။ ရောဂါခံစားလာချိန်မှာ ပရန်ဒီစလုံး နဲ့ အခြားအကိုက်အခဲပျောက်ဆေး တွေကို သောက်လိုက်ရင် ချက်ချင်း သက်သာပေမယ့် ကျွန်မ နှစ် ၃ဝ လောက် ပရန်ဒီစလုံးကို သောက် လာတာ လူက ဖောရောင်လာတယ်။ အသားအရေတွေ မူမမှန်တော့တာ ဖြစ်တယ်''ဟု နှစ်၃ဝကြာ လေးဖက် နာဝေဒနာ ခံစားနေရသည့် ဒေါ်လှ လှဝင်းက ပြောသည်။

ရောဂါဖြစ်ပွားခါစ လေးဖက် နာဝေဒနာရှင်များအနေဖြင့် တစ်လုံး လျှင် ကျပ်၃ဝ ဝန်းကျင်ရှိ Penicillin. V ကဲ့သို့ ဆေးကိုသာ အသောက်များ ပြီး နှစ်ရှည် ဖြစ်ပွားနေသူများသာ ၁၅ မီလီဂရမ် ဆယ်လုံးပါတစ်ကတ် လျှင် ကျပ် ၁၅ဝ ပေးရသည့် Prednisolone ဆေးကိုသာ သောက် သုံးမှုများကြောင်း ရန်ကုန်ဆေးရုံ ကြီးရှိ ဆေးအရောင်းဆိုင်များမှ သိရသည်။

TZO (Myitmakha)
ဒီမိုကရေစီတူဒေး

(3) လားရှိုးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှု နောက်ကွယ်မှ စေခိုင်းသူကို ဖမ်းမိ

လားရှိုး၊ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သော လားရှိုးမြို့ မျက်နှာဖုံးစီးပွားရေး လုပ်ငန်းရှင်ကြီး ပြန်ပေးဆွဲ အသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်ခဲ့သူများနှင့် နောက်ကွယ်မှ စေခိုင်းသူကို ဖမ်းမိခဲ့ကြောင်း လာရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသားများ ဖြစ်ခြင်း၊ တရုတ်နိုင်ငံအတွင်း ဖမ်းဆီးရမိခြင်းတို့ကြောင့် ယင်းနိုင်ငံတွင် စစ်ဆေးစီရင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနှင့် ပြန်ပေးဆွဲ လူသတ်မှုနှင့် ပတ်သတ်ပြီး စုံစမ်းထောက်လှမ်း၍ သက်သေ အထောက်အထားများဖြင့် အမှုကို ခိုင်မာစွာ တည်ဆောက်၍ တရုတ်ရဲတပ်ဖွဲ့ထံ အမှုတွဲလွှဲအပ်မည် ဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဖေဝင်းက အတည်ပြု ပြောကြားသည်။

ပြန်ပေးဆွဲ အသတ်ခံခဲ့ရသော လားရှိုးမြို့နယ် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် Happy Time ကလေးကစားကွင်းမှ နေအိမ်သို့ အပြန်တွင် လွန်ခဲ့သော ၃ ရက်က ၎င်းထံ လာရောက်တွေ့ဆုံသော တရုတ်လူမျိုး ၂ ဦးက လမ်းဘေးမှ ကားကို တားသည့်အတွက် ကားရပ်ပြီး နှုတ်ဆက်စကားပြောစဉ် တစ်ဦးက ကားနောက်ခန်းသို့ ရုတ်တရက် ဝင်ရောက်ပြီး ဦးမျိုးမြင့်ကို လည်ပင်းမှ သိုင်း၍ ကားနောက်ခန်းသို့ ဆွဲယူပြီး တစ်ဦးက ကားရှေ့တံခါးကိုဖွင့်ပြီး ဦးမျိုးမြင့်ကို ခြေထောက်မှမ၍ နောက်ခန်းသို့ တွန်းပို့ပြီး ကားကို ဝင်ရောက်မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း၊ လားရှိုးမြို့နယ် မန်းနားကျေးရွာတွင် ဦးမျိုးမြင့်ကို ကားပြောင်းတင်စဉ်တွင် လည်ပင်းကို သိုင်းဖက်၍ နောက်ခန်းသို့ ဆွဲယူခဲ့သည့် ဒဏ်ကြောင့် သတိမရတော့ကြောင်း၊ ဦးမျိုးမြင့်ကို ကားပြောင်း တင်ဆောင်လာသော ကားနံပါတ်မှာ (7D/5327 (SHN) ပါရာဒို အစိမ်းရောင်ဖြင့် လားရှိုးမှ ကြူကုတ်-ပန်ဆိုင်းအထိ ပြည်ထောင်စုလမ်းမကြီး အတိုင်း မောင်းနှင်လာခြင်း ဖြစ်ပြီး သိန်းနီ၊ ကွက်ခိုင် ၁၀၅ မိုင် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းပြီး တစ်ဖက်ကမ်း တရုတ်နိုင်ငံ ဝမ်တိန်မြို့ နယ်ခြားစောင့်ဂိတ်တွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ၁၂ နာရီ အချိန်၌ တရုတ်နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ရွှေလီရဲဌာနက စစ်ဆေးစဉ်ချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူများ ဖြစ်သော ဖော်ရီရှင်း ၅၈ နှစ်၊ ရပ်ကွက် (၂) ရင်ဖန်ဆာရွာ ချိုင့်ကွမ်းအုပ်စု၊ စူနန့်ပြည်နယ် ကျွမ်ကျင်ဖျင့် ၁၈ နှစ်၊ အမှတ် ၁၂၆ ကျူံးရင့်စန်းရွာ စန်တူမြို့ ဇေရှင်ပြည်နယ် ရန်စင်ရှန် ၄၀ နှစ် အမှတ် ၁၇၃ မန်းကန်လမ်း ဖျင်တိုအုပ်စု ဟူအမ်းမြို့ ကျန်ရှီးပြည်နယ် လျှိုတာချန်း ၃၅ ရပ်ကွက် ၁၀ စုန်ရင့်စန်း ချန်တိုအုပ်စု စီရှင်းမြို့နယ် ယူနန်ပြည်နယ် ကျင်ကို့ဟိုင်း အသက် ၃၆ နှစ် အမှတ် ၂၉၁ ဆမ်မားရွာ လုံချန်းလမ်း ဝူဝုချီ ခွေမျင်မြို့နယ် ယူနန်ပြည်နယ်တို့အား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ဆေးချက်များအရ (ပ) ၁၅၈/၁၄ ပုဒ်မ ၃၀၂ လူကိုသတ်ရန် အသက်အန္တရာယ်ကို ဘေးဖြစ်စေရန် ခေါ်ယူမှု ပုဒ်မ ၃၆၄ တို့ ဖြင့်ပါ ထပ်မံ အမှုဖွင့်လှစ်ထားကြောင်း လားရှိုးအမှတ် ၂ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ပြစ်မှုကျူးလွန်သူ ငါးဦးတွင် ပါဝင်သော မော်ရီရှင်းသည် ဦးမျိုးမြင့်၏ ညီဖြစ်သူ ဦးဖုန်းမြင့်နှင့် အကျိုးတူ လုပ်ကိုင်ခဲ့သော သတ္တုတွင်းလုပ်ငန်းနင့် ပတ်သတ်ပြီး ငွေရရန် ရှိသဖြင့် အကြိမ်ကြိမ် ငွေတောင်းခံခဲ့ရာ မရရှိခြင်းကြောင့် အစ်ကိုဖြစ်သူ ဦးမျိုးမြင့်ကို ဖမ်းဆီးပြီး ငွေဖြင့် လာရောက်လဲယူရန် အကျပ်ကိုင် ခေါ်ဆောင်ရာမှ လက်လွန်သေဆုံးသွားခြင်း ဖြစ်ကြောင်း မော်ရီရှင်းသည် ဖမ်းဆီးခေါ်ဆောင်လာရန် စေခိုင်းသူဖြစ်ပြီး ကျန်လူလေးဦးမှာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများ ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့၏ စစ်ဆေးချက်တွင် တရားခံများက ထွက်ဆိုထားကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးတင်ဖေဝင်းက ပြောကြားသည်။

(4) Father Land ကုမ္ပဏီပိုင်ရှင် ထွက်ပြေးတိမ်းရှောင်ဟု သတင်းများထွက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ငွေကြေးနှင့် စာချုပ်စာတမ်းကိစ္စများ လိမ်လည်ခဲ့မှုများနှင့် တရားစွဲခံနေရသော Father Land ကုမ္ပဏီမှ ပိုင်ရှင် ဦးကျော်မြင့်မှာ ကျောက်တံတားမြို့နယ် တရားရုံးသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က လာရောက်ခဲ့ခြင်း မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေပြီဟု ယူဆရကြောင်း လိမ်လည်ခံရသည့် အိမ်၊ ခြေ၊ မြေ ဝယ်ရောင်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။

Father Land ကုမ္ပဏီပိုင်ရှင်ကို ကျောက်တံတားမြို့နယ် တရားရုံးက သိန်းတစ်ထောင်ဖြင့် အာမခံပေးခဲ့သည်ကို ငွေကြေး လိမ်လည်ခံရသူများက မကျေမနပ် ဖြစ်ခဲ့ရာမှ ပထမအကြိမ် ရုံးထုတ် စစ်ဆေးချိန်တွင် ကုမ္ပဏီပိုင်ရှင် ဖြစ်သူမှာ ရုံးတော်သို့ လာရောက် စစ်ဆေးခံခြင်း မရှိသောကြောင့် တရားရုံးက ၎င်း၏အာမခံကို ပြန်လည် ရုပ်သိမ်းပြီး ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ ငွေကြေ အလိမ်ခံရသူများဘက်မှ Father Land ကုမ္ပဏီပိုင်ရှင်မှာ ထွက်ပြေး တိမ်းရှောင်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုတရားစွဲတဲ့ အမှုက မြေနေရာတင် သိန်းရှစ်သောင်းကျော် တန်တယ်။ ဒါကို တရားရုံးက သိန်းတစ်ထောင်နဲ့ သူ့ကို အာမခံပေးခဲ့တာ။ ဒီရက်ပိုင်းမှာ သူ့ကုမ္ပဏီ ရုံးခန်းလည်း ပိတ်ထားပြီး မိသားစုကိုလည်း နိုင်ငံခြားကို ပို့ထားတယ်လို့ သိရတယ်။ သူဘယ်မှာနေတယ်ဆိုတာ ရဲတပ်ဖွဲ့တောင် စုံစမ်းမရဘူးဆိုတော့ ပြေးတာမဟုတ်ရင် ဘာဖြစ်တာလည်း။ ရုံးတော်က သူ့ကို ရှောင်တိမ်းဖို့ ကြိုတင် ပြင်ဆင်ခွင့် ပေးလိုက်သလိုမျိုး သက်ရောက်နေတယ်” ဟု လက်ရှိ တရားစွဲဆိုထားသော ပန်းဆိုးတန်းလမ်းမှ ၁၂ ထပ် ကွန်ဒိုမြေ ပိုင်ရှင်ဖြစ်သူ ဦးစိုးမင်းထက်က ပြောကြားသည်။

အဆိုပါ ထွက်ပြေး တိမ်းရှောင်နေသူဟု သတင်းများ ထွက်ပေါ်နေသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်မှာ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ လေးခန်းတွဲ ၁၂ ထပ်ကွန်ဒိုကို တာဝန်ယူ ဆောက်လုပ်ခဲ့စဉ်က မြေပိုင်ရှင်၏ ခွင့်ပြုချက်မရရှိဘဲ လက်မှတ်အတုများ ပြုလုပ်ကာ စည်ပင် ခွင့်ပြုချက်ရယူပြီး ဆောက်လုပ်ခဲ့သောကြောင့် အောက်တိုဘာလပိုင်းက မြေပိုင်ရှင်မှ ရဲစခန်းတွင် ပုဒ်မ ၄၂၀၊ ၄၆၈ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုဖွင့်ခံရမှုကို ရဲတပ်ဖွဲ့က ၎င်းထံ ဆက်သွယ်ခဲ့ရာ လာရောက် အစစ်ဆေးမခံသောကြောင့် နိုဝင်ဘာလကုန်ပိုင်းက တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“တရားခံပြေးအဖြစ် ကြေညာခဲ့စဉ်က သူကိုယ်တိုင် လာအဖမ်းခံပြီး ရုံးတော်မှာ ဆေးစာနဲ့အတူ သိန်း ၁၀၀၀ တင်ပြီး အာမခံရယူခဲ့တယ်။ အာမခံ ယူထားသူက မဖြစ်မနေ ရုံးတော်ကို လာရောက်ရမယ်။ အမှုဖြစ်စဉ်ရဲ့ ပစ္စည်းတန်ဖိုးနဲ့ အာမခံ ပေးထားတဲ့ငွေက အင်မတန် ကွာဟနေတာ။ ဥပဒေမှာ အာမခံငွေပမာဏ မများလွန်းရလို့ ပြဌာန်းထားပေမယ့် အာမခံ တန်ဖိုးကိုနင့် နေအောင် ထားခိုင်းမယ်ဆို ပြေးချင်ရင်တောင် ပြေးမှာမဟုတ်တော့ဘူး” ဟု တရားလို အကျိုးဆောင်ရှေ့နေ ဒေါ်ဆွေဆွေညိမ်းက ပြောကြားသည်။

အဆိုပါ တရားစွဲခံရသူ ဦးကျော်မြင့်ကို ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက ရုံးထုတ်စစ်ဆေးရန် မရောက်ရှိခဲ့သောကြောင့် ကျောက်တံတားမြို့နယ် တရားသူကြီးက ၎င်း၏ အကျိုးဆောင် ရှေ့နေမှတဆင့် မွန်းတည့် ၁၂ နာရီ ရုံးရှေ့အရောက် ခေါ်ဆောင်ပေးရန် ပြောခဲ့သော်လည်း မရောက်ရှိခဲ့သည့်အပြင် ၎င်းဘက်မှ ရှေ့နေဖြစ်သူက ပျက်ကွက်သည့် အကြောင်းအရာကို ခိုင်လုံစွာ တင်ပြနိုင်ခြင်း မရှိသောကြောင့် အာမခံ ပြန်လည်ရုပ်သိမ်းကာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် တရားသူကြီးက ပြောကြားသည်။

“လက်ရှိ ဗိုလ်တထောင် ရဲစခန်းမှာလည်း ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင်တစ်ဦးက အာမခံပေးလို့ မရတဲ့ အမှုတွေနဲ့ လာဖွင့်ထားတာ ရှိတာကြောင့် ဒီနေ့ ရုံးထုတ်ချိန် သူ့ကို ဖမ်းဆီးစစ်ဆေးဖို့ တရားရုံးမှာ သွားစောင့်ခဲ့တယ်။ အခုလို ရုံးတော်က ဖမ်းဝရမ်း ထုတ်ပြီဆိုရင် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးရင်တောင် သူဝင်ရောက်ပုန်းခိုမယ့် နိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ဖမ်းဆီးပိုင်ခွင့်ရှိတယ်” ဟု ဗိုလ်တထောင်မြို့နယ်ရဲမှူး စိန်ဝေက ရှင်းလင်းပြောကြားသည်။

Father Land ကုမ္ပဏီပိုင်ရှင်မှာ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စများ လိမ်လည်ခဲ့သောကြောင့် လိမ်လည်ခံရသူများက ၎င်းကို ရုံးထုတ်စစ်ဆေးနေသော ကျောက်တံတားမြို့နယ် တရားရုံးသို့ လာရောက်ခဲ့ကြပြီး ရုံးတော်က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သဖြင့် ငွေကြေး ဆုံးရှုံးနစ်နာခဲ့သူများက သက်ဆိုင်ရာမြို့နယ် တရားရုံးနှင့် ရဲစခန်းများတွင် အမှုများ ထပ်မံဖွင့်ရန် စီစဉ်နေပြီး လိမ်လည် ဆုံးရှုံးမှုများကို သတင်းစာများတွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်တော်သာ တန်ဖိုးနည်းအိမ်ရာကို ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူထားသူများထံမှ သိရှိရသည်။

(5) Windows 10 တွင် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ပါရှိမည်

Microsoft သည် Windows Phone OS တွင် ထည့်သွင်းပေးထားသော ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ကို Windows 10 တွင် ထည့်သွင်းပေးမည်ဟု တရားဝင်ကြေညာခြင်း မရှိသေးပါ။ သို့သော် ထွက်ပေါ်နေသော သတင်းများအရ Cortana ကို Windows 10 တွင် ထည့်သွင်းပေးမည်ဟု သိရပါသည်။ ယခုအခါ WinBeta မှ ထွက်ပေါ်လာသော ဓါတ်ပုံနှင့် ဗီဒီယိုများအရ Windows 10 တွင် Cortana ၏ အလုပ်လုပ်ပုံများကို တွေ့ရှိရသည်ဟု သိရပါသည်။ Windows 10 ၏ Cortana တွင် Windows Phone ၏ Cortana မှ တူညီသော စွမ်းဆောင်ချက်များစွာ ပါရှိလာပါသည်။ Skype Calls များ ခေါ်ဆိုရန်၊ ပြက္ခဒိန်တွင် မှတ်သားရန်၊ ရာသီဥတု အခြေအနေများကို မေးမြန်းရန် ၊ ရုပ်ရှင်နှင့် ဗီဒီယိုများကို ထိန်းချုပ်ရန် ၊ လမ်းညွှန်မှုများ သိနိုင်ရန် သာမက အခြားအလုပ်များအတွက် Cortana ကို အသံဖြင့် ခိုင်းစေနိုင်ပါသည်။

www.myanmardigitallife.com

No comments: