Saturday, December 13, 2014

၂၀၂၀ ခုနှဏ်၌ ARV ဆေးသောက်ရန် လိုအပ်သူတိုင်း ဆေးရရှိရေး ဆောင်ရွက်လျက်ရှိ




မြန်မာနိုင်ငံအတွင်းရှိ HIV ကူးစက်ခံထားရပြီး ဆေးသောက်သုံးရန် လိုအပ်နေသူတိုင်း ၂၀၂၀ ခုနှစ်၌ ARV ဆေးရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထံမှ သိရှိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အောင်မြတ်ခန်းမ၌ ဒီဇင်ဘာ(၄) ရက်နေ့က ကျင်းပခဲ့သည့် ကမ္ဘာ့ခုခံအားကျဆင့်သည့်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“NAP အနေနဲ့ သက်ဆိုင်ရာ INGO တွေ၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ ၂၀၂၀ မှာ ရောဂါပိုး ကူးစက်ခံထားရသူတိုင်း ARV ဆေးရရှိအောင် ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ခုခံအားကျရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာ (၃) ရပ်နဲ့အညီ HIV ကူးစက်ခံထားရတဲ့ မိသားစုဝင်တွေ ဆိုးကျိုးသက်ရောက်တာတွေ လျော့နည်းဖို့ ဆောင်ရွက်နေပါတယ်။” ဟု အဆိုပါ အခမ်အနား၌ တာချီလိတ်ခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ဌာနမှူး ဒေါက်တာမျိုးမင်းက ပြော သည်။

အဆိုပါ အခမ်းးအနားသို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ INGO များ၊ မြို့သူ/ သားများ၊ ကျောင်းသား/သူများ စုစုပေါင်း (၅၀၀) ခန့်နှင့် တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

“ကမ္ဘာပေါ်တွင် လူပေါင်း (၃၅) သန်းခန့် HIV ပိုးကူးစက်မှု ခံနေရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၁၉၈၉ ခုနှစ်က စပြီး ခုခံအားကျရောဂါ တိုက်ဖျက်ရေးနေ့ကို ကျင်းပခဲ့ကြပြီး HIV ကူးစက်ခံထားရသူတွေကို ခွဲခြားမဆက်ဆံဖို့ ပိုးကူးစက်ခံရတဲ့သူတွေ ARV ဆေးပုံမှန်တိုက်ကျွေးမယ်ဆိုရင် သာမန်လူတွေလိုပဲ သက်တမ်းစေ့နေနိုင်ပါတယ်။ လူသားချင်း ကိုယ်ချင်းစာပြီး ဖေးမကူညီကြဖို့လိုပါတယ်။” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

တာချီလိတ်မြို့တွင် ၁၉၉၄ ခုနှစ်မှ စတင်ကာ ခုခံအားကျရောဂါတိုက်ဖျက်ရေးနေ့အား ကျင်းပခဲ့ပြီး တာချီလိတ် မြို့တွင် HIV ကူးစက်ခံထားရသူ (၆၀၀) ကျော်ခန့်ရှိကြောင်း၊ Malteser International (NGO) မှ ကူးစက် ခံထားရသူပေါင်း (၃၀၀) ကျော်အားနှင့် National AIDS Program (NAP)မှလည်း လူ(၃၀၀)ကျော်ကို ထောက်ပံ့ပေးထားကြောင်း သိရသည်။
ကမ္ဘာ့ခုခံအားကျရောဂါ တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ ပန်ချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကာတွန်းဆုရ ကျောင်းသူ ကျောင်းသားများအား ဆုပေးအပ် ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားပြီးဆုံးခဲ့သည်။

မြစ်မခ - ၂၀၂၀ ခုနှဏ်၌ ARV ဆေးသောက်ရန် လိုအပ်သူတိုင်း ဆေးရရှိရေး ဆောင်ရွက်လျက်ရှိ

HIV/AIDS ကူးစက်ခံရသူ ၅ သောင်းခန့် ARV ဆေးလို

၂၀၁၃-၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံတ၀န်း အေအာရ်ဗွီဆေး လိုအပ်နေတဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူ ၅ သောင်းလောက် ဆေးလိုအပ်နေတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ ကမ္ဘာ့ကိုယ်ခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့နဲ့ ပတ်သက်ပြီး ဒီဗွီဘီရဲ့ မေးမြန်းချက်ကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက် ကျန်းမာရေး ညွန်ကြားရေးမှူး ဒေါက်တာ ဖုန်းသစ်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အေအာရ်ဗွီ ဆေးလိုအပ်နေတဲ့ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူ ၁ သိန်း ၂ သောင်းကျော်ရှိနေပေမယ့် ၇ သောင်းခွဲကိုသာ ထောက်ပံ့ထား နိုင်သေးတယ်လို့ ဆိုပါတယ်။

CD4 ဆဲလ်အရေအတွက် ၃၅၀ အောက်ရှိတဲ့ လူနာအရေအတွက်ကို ခန့်မှန်းထားတာ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နောက်ထပ် တိုးမြှင့် သတ်မှတ်လိုက်တဲ့ CD4 ဆဲလ်အရေအတွက် ၅၀၀ အောက်ဆိုရင် လိုအပ်တဲ့ လူနာအရေအတွက်က ပိုမိုများလာမှာ ဖြစ်တယ်လို့ ဒေါက်တာ ဘုန်းသစ်က ရှင်းပြပါတယ်။

“၅ သောင်းဆိုတာလည်း နည်းတဲ့ ပမာဏမဟုတ်တဲ့ အတွက် တိုးမြှင့် လုပ်ဆောင်သွားရမယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါက်တာ ဘုန်းသစ်က ပြောပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာနရဲ့ လုပ်နိုင်စွမ်းဟာ တိုးမြင့်လာပြီဖြစ်သလို တခြားလက်လှမ်းမမီတဲ့ နယ်တွေကို အာရုံစိုက်ချင်တဲ့ အတွက် ရန်ကုန်မှာတော့ နောက်ထပ် လူနာသစ်တွေကို ထပ်လက်မခံတော့သလို အရင်ကုသပေးနေတဲ့ လူနာတွေကိုတော့ ဆက်လက် ကုသပေးသွားမယ်လို့လည်း သူက ပြောပါတယ်။

လူနာတွေရဲ့ ဆေးလိုအပ်ချက် ပမာဏာကို လျော့ချသွားမှာ မဟုတ်သလို လူနာတွက MSF က မဟုတ်သော်လည်း ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက်ရရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ လူ ၁ သိန်း ၉ သောင်းကျော် HIV ပိုးကူးစက်ခံထားရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
HIV ကူးစက်နှုန်း အတက်အကျကို တိုင်းတာထားတဲ့ ဂဏန်းတွေ မရှိပေမယ့် အသစ်ထပ်မံကူးစက်မှုနှုန်း ကတော့ ကျဆင်းနေတယ်လို့ ဒေါက်တာ ဘုန်းသစ်က ပြောပါတယ်။

ဒါအပြင် HIV/AIDS ကူးစက်ခံထားရတဲ့ သူတွေကို ခွဲခြားဆက်ဆံမှုကတော့ နေ့စဉ်ဘ၀မှာ လျော့နည်းလာသလို လူနာတွေက ပိုမို သက်တောင့် သက်သာ ရှိတယ်လို့ ယူဆတဲ့အကြောင်း ဒါပေမယ့်လည်း လုပ်ငန်းခွင်မှာတော့ HIV ပိုးရှိတဲ့အတွက် အလုပ်ထုတ်ခံရတာတွေ အလုပ်မခန့်တာတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

HIV/AIDS နဲ့ ပတ်သက်ပြီး ခြုံကြည့်ပါက လူထုအနေနဲ့ လုံလောက်အောင် အသိအမြင် ပြည့်စုံ မကြွယ်ဝသေးသလို ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ရင်တော့ အရင်ကထက် လျော့ပါးလာတယ်လို့ ဆိုပါတယ်။

DVB - HIV/AIDS ကူးစက်ခံရသူ ၅ သောင်းခန့် ARV ဆေးလို

No comments: