Thursday, December 4, 2014

ကြက်ချဉ်စပ်၊ဂေါ်ဖီသုပ်နဲ့ဂျူးမြစ်ဟင်းချို


ကျွန်တော့်အနေနဲ့ ဟင်းသိပ်မချက်တတ်ပါဘူး။ အိမ်မှာဆိုရင် အမေချက်တဲ့နားကပ်ပြီးဆရာလုပ်ရုံကလွဲလို့ပေါ့။ ခက်တာက အမေက လည်း အိမ်ထောင်ကျမှသာ ထမင်းဟင်းချက်တဲ့သူဖြစ်ခဲ့ပြီး ဟင်းအတွဲအစပ်သိပ်မတည့်တတ်ပါဘူး။ ဒါပေမဲ့ စေတနာအပြည့်နဲ့ချက်တဲ့ ဟင်းတွေကို အိမ်မှာ ကျွန်တော်တစ်ယောက်တော့ ဒိုင်ခံစားသောက်တတ်သူဖြစ်ခဲ့ပါတယ်။ 

အိမ်က အဖေနဲ့ညီလေးက ဘဲဥ၊ကြက်ဥ၊ ငါးဟင်းတွေကို သိပ်မစားတတ်ဘူး။ အမေက ‘ငါ့သား မင်းအဖေနဲ့ ညီလေးကမကြိုက်ဘူးတဲ့မင်းစားလိုက်’ ဆိုတာနဲ့စားလိုက်တာကြီး ပါပဲ။ ကိုယ်တိုင်ချက်ခဲ့တုန်းကတော့ အညာချက်ခေါ်မလား ဆီသတ်ချက်တာမဟုတ်ဘဲ တစ်ခါတည်းလုံးပြီးဟင်းတွေချက်ခဲ့ပါတယ်။ မချက်တာ ဆယ်စုနှစ်ကျော်တော့ ဘယ်ဟင်းထဲဘာတွေဘယ်လိုထည့်ဆိုတာ မသိတော့ပါဘူး စားတော့စားတတ်နေဆဲပေါ့နော်။

အခု ဟင်းချက်နည်းလေးတွေကို စာအုပ်တွေကနေကြည့် ကူးပြီးတော့ လက်တည့်စမ်းချက်စားကြည့်ပါတယ်။ လက်ရာကောင်းမ ကောင်းတော့မပြောတတ်ပါဘူး သူများတွေကိုလည်းမကျွေးရဲဘူးလေ။ ဒီတော့ အင်တာနက်အွန်လိုင်းကသူငယ်ချင်းတွေကိုပဲ ချက်ကျွေးတော့မယ်။ ချက်စားကြည့်နော်။

ကြက်ချဉ်စပ်
ပါဝင်သောပစ္စည်းများ
ကြက်သား ၂၅ကျပ်သား၊ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ ခရမ်းချဉ်သီး ၃လုံး၊ ချင်း/ရှောက်သီး/ဟင်းခတ်မှုန့် အနည်းငယ်စီ၊ ငရုတ်သီးစိမ်း ၅တောင့်၊ ကြက်ဥ ၂လုံး၊ ငံပြာရည်/ကော်မှုန့် သင့်ရုံ၊ ဆီ ၁၀ကျပ်သား။


ပြင်ဆင်ပုံ
-       ကြက်သားကို သင့်တော်သလိုတုံးပါ။
-       ကြက်သွန်ဖြူ၊ချင်းတို့ကိုညက်အောင်ထောင်းပါ။
-       ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။
-       ကြက်သားတုံးလေးများကို ကြက်ဥ၊ကော်မှုန့်၊ဟင်းခတ်မှုန့်၊ ထောင်းထားသော ကြက်သွန်ဖြူ၊ချင်းတို့နှင့် ရောနယ်ထားပါ။
ပြုလုပ်နည်းအဆင့်ဆင့်
-       ဆီအိုးတည်၍ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ငရုတ်သီးနှင့်ရော၍ဆီသတ်ပါ။
-       ကြက်သားကိုကြော်၍ ဆီစစ်ထားပါ။
-       ဆီသတ်အိုးထဲသို့ကြော်ပြီးသား ကြက်သားတို့ကိုထည့်ပါ။
-       ရှောက်ရည်ထည့်၍ တည်ထားပြီး နောက်ဆုံးတွင် ကော်ရည်အနည်းငယ်ထည့်ပြီးသောအခါ ကြက်ချဉ်စပ်ဟင်းကို စားသုံးနိုင်ပါသည်။

ဂေါ်ဖီသုပ်
ပါဝင်သောပစ္စည်းများ
ဂေါ်ဖီအရွယ်တော် ၁ခြမ်း၊ ပုစွန်ခြောက်မှုန့် ၅ကျပ်သား၊ ကြက်သွန်နီ ၅လုံး၊ နှမ်းလှော် အနည်းငယ်၊မြေပဲလှော် အနည်းငယ်၊ ငံပြာရည် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီ အနည်းငယ်။
 
 ပြင်ဆင်ပြုလုပ်ပုံ
ဂေါ်ဖီထုပ်ကို ရေဆေးပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ပါးပါးလှီးပါ။ ပုစွန်ခြောက်၊နှမ်း၊မြေပဲတို့ကို ညက်အောင် ထောင်းပါ။
ပြီးလျှင် ထောင်းထားသော ပုစွန်ခြောက်မှုန့်၊နှမ်း၊ဟင်းခတ်မှုန့်၊ငံပြာရည်၊ ဆီချက်များထည့်၍ သုပ်စားပါ။

ဂျူးမြစ်ဟင်းချို
ပါဝင်သောပစ္စည်းများ
ဂျူးမြစ် ၂၀ကျပ်သား၊ နှစ်သက်ရာ ငါးတစ်မျိုးမျိုး ၁၀ကျပ်သား၊ ကျောက်ဖရုံသီး ၁စိတ်၊ ကြက်သွန်နီ ၂ဥ၊ ကြက်သွန်ဖြူ ၂ဥ၊ ဆား/ငံပြာရည်/မန်ကျည်းမှည့် အနည်းငယ်စီ

ပြင်ဆင်ပုံ
ကျောက်ဖရုံသီးများကို သင့်သလို လှီးထားပါ။ ဂျူးမြစ်ကို ရေဆေး၍ ၃ပိုင်းခန့်ပိုင်းထားပါ။ ငါးများကိုဆေး၍ ဆား၊ငံပြာရည်နယ်ထားပါ။ ငရုတ်၊ကြက်သွန်နီ/ဖြူတို့ကို ညက်အောင် ထောင်းပါ။ မန်ကျည်းသီးမှည့်ကို ရေဖျော်၍ထားပါ။


ချက်ပြုတ်ပုံအဆင့်ဆင့်
-       ချက်မည့်အိုးတွင် ထောင်းထားသော ငရုတ်၊ကြက်သွန်ဖြူ/နီတို့ကိုဆီသတ်ပါ။
-       ငါးများကိုထည့်၍လုံးပါ။
-       ဆီပြန်လာလျှင် ဂျူးမြစ်၊ကျောက်ဖရုံသီးထည့်၍ အသီးအရွက်များနွမ်းအောင်လုံးပါ။
-       ပြီးလျှင် မန်ကျည်းသီးမှည့်ကို ရေဖျော်၍ထည့်ပါ။
-       ဟင်းဆူလျှင်ချပြီး သုံးဆောင်နိုင်ပါသည်။
(ဇီးဖြူသီးထောင်း သို့မဟုတ် မြိတ်ငါးပိထောင်းကို အရံအဖြည့်ထည့်စားချင်ရင်စား မစားရင်လည်းရပါတယ်နော်)

ဆီးဖြူသီးထောင်းသုပ်
ပါဝင်သော ပစ္စည်းများ
ဆီးဖြူသီး ၁၀လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ ငရုတ်သီးစိမ်း/ဆား/ဟင်းခတ်မှုန့် အနည်းငယ်စီ၊ ဆီစိမ်း အနည်းငယ်။

ပြင်ဆင်ပုံ
ဆီးဖြူသီးများကို ရေဆေးပြီး အစေ့ထုတ်ပါ။
အစေ့ထုတ်ထားသော ဆီးဖြူသီးများကို ငရုတ်ဆုံထဲထည့်၍ ထောင်းပါ။

ပြုလုပ်နည်းအဆင့်ဆင့်
-       ဆီးဖြူသီးထဲသို့ ကြက်သွန်ဖြူထည့်ထောင်းပါ။
-       ငရုတ်သီးစိမ်း၊ ဆားနှင့် ဟင်းခတ်မှုန့် အနည်းငယ်စီပါ ထည့်၍ထောင်းပါ။
-       ထို့နောက် အပေါ့ အငန်မြည်းပြီး ဆီစိမ်းဆမ်း၍ သုပ်စားပါ။

No comments: