Saturday, December 20, 2014

"ငို"တာနဲ့ "ရယ်"တာ ဘဝမှာ နှစ်ခုစလုံးအရေးပါတယ်



တစ်နေ့မှာ ဒီဇိုင်နာမိတ်ဆွေတစ်ဦးနဲ့ စကားပြောနေရင်း ကလေးတွေအကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြတယ်။ ကလေးလဲကျသွားတဲ့အခါ သူက "ကိုယ်တိုင်ထရပ် မငိုနဲ့" လို့ ပြောတတ်တယ်လို့ဆိုတယ်။

"ကိုယ်တိုင်ထရပ်တာကကောင်းတယ် ဒါပေမယ့် လဲကျပြီဆိုမှတော့ အသားနာမှာပေါ့၊ အသားနာရင် ငိုမှာပေါ့!"လို့ ကျွန်တော်ပြောတော့ မိတ်ဆွေကရယ်တယ်။

ကလေးတွေကို "လူ့သဘာဝနဲ့ဆန့်ကျင့်" တာကိုတောင်းဆိုမိမှန်း သူ့ကိုယ်သူ သတိပြုမိခဲ့လို့ "ကောင်းပြီလေ.. သမီးဆိုရင် ကျွန်တော်ပေးငိုမယ်၊ သားယောက်ျားဆိုရင်တော့ မငိုနဲ့လို့ ကျွန်တော်ပြောမှာပဲ"

"ဟာ... ယောက်ျားလေး မငိုရဘူးလို့ ဘယ်သူပြောလဲ၊ ယောက်ျားလေးလဲကျရင်လည်း နာတတ်တာပဲ။ ငိုလို့ရတယ်" မိတ်ဆွေရဲ့အပြောကို ကျွန်တော်အသံမြင့်ပြီးမေးမိတယ်။ မိတ်ဆွေကရယ်ပဲရယ်နေခဲ့ပြီး ဘာမှပြန်မပြောခဲ့တော့ဘူး။

ကျွန်တော့်မိတ်ဆွေက ငယ်ငယ်လေးတည်းက မငိုတတ်ခဲ့သူ၊ ကြီးလာတော့လည်း မညည်းတွားတတ်သူဖြစ်တယ်။ သူကထက်မြက်သူ၊ တာဝန်သိတတ်သူ၊ အပြစ်ရှာစရာမရှိ ကောင်းမွန်သူဖြစ်ပြီး လူတွေရယ်မောအောင်လည်း လုပ်နိုင်သူဖြစ်တယ်။ သူ့ကိုတွေ့တိုင်း ပျော်ရွှင်ပြုံးရယ်နေတတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့စိတ်ရှုပ်ချိန်မှာ ကျွန်တော်တို့ကို သူစကားမပြောတတ်တော့ဘူး။ ကျွန်တော်တို့ကို ဘယ်လိုနှစ်သိမ့်မယ်ဆိုတာ သူမသိတော့ဘူး။ မကောင်းတဲ့ခံစားမှုမျိုးကို သူရင်မဆိုင်ဝံ့လို့ဖြစ်တယ်။

ဘာမဆို ပြီးပြည့်စုံသူတစ်ယောက်မှာ ဘာလိုအပ်ခဲ့လဲ။ ဒါက သူကိုယ်တိုင်ပဲသိမယ်လို့ ကျွန်တော်ထင်တယ်။ သူဟာ လူကြီးဖြစ်နေခဲ့လို့ သူ့ကိုပြောင်းလဲဖို့ဆိုတာ ခက်သွားပြီ။ အဲဒီအကျင့်တွေ ငယ်ငယ်လေးကတည်းက သူ့ဆီမှာပါလာခဲ့ပြီဖြစ်တယ်။

အေဒင်မှာနေတဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးရဲ့သမီး တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်စီရင်လိုက်တဲ့သတင်း သတင်းစာမှာ ကျွန်တော်ဖတ်လိုက်ရတယ်။ ယောက်ျားဖြစ်သူက ဇနီးကို "မငိုနဲ့.... ကိုယ့်အပြန်ကို စောင့်နေ...." လို့ ဖုန်းဆက်ပြီးပြောသတဲ့။

ကျွန်တော်နားမလည်နိုင်ဘူး၊ သမီးသေဆုံးသွားတဲ့ မိခင်တစ်ယောက်ကို မငိုနဲ့တဲ့၊ ဘယ်လိုများ ပြောရက်ခဲ့ပါလိမ့်။ ငိုလိုက်ရင် မကောင်းဘူးလား၊ ငိုလိုက်တာနဲ့ မကြံ့ခိုင်တော့ဘူးလား၊ သမီးကိုဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်မှာ သုံးရက်သုံးည ငိုပိုင်ခွင့်ရှိပါတယ်။ နာကျင်လို့ငိုတာ မငိုသင့်ဘူးလား၊ ရင်ထဲက ခံစားချက်ကို ထုတ်ဖော်မပြရတော့ဘူးလား၊

ကြံ့ခိုင်တယ်၊ ရဲရင့်တယ်၊ ပျော်ရွှင်တယ်၊ အကောင်းမြင်တယ်.... ဒါတွေဟာ လှပတဲ့အကျင့်စရိုက်တွေဖြစ်တယ်။ ဒါတွေကို ကျွန်တော်နှစ်သက်တယ်။ ဒီလိုအကျင့်စရိုက်တွေကို သင်ယူဖို့လည်း သဘောတူတယ်။ ဒါပေမယ့် ခံစားချက်ဖြစ်တဲ့ နာကျင်တာ၊ ဒေါသဖြစ်တာ၊ စိတ်ညစ်တာ.... စတဲ့ ဒီလိုစရိုက်တွေကလည်း လူ့ဘဝမှာ တစ်စိတ်တဒေသပါဝင်ပါတယ်။ ဒီလိုခံစားချက်တွေမှာ ထွက်ပေါက်ရှိဖို့လည်း အရေးပါပါတယ်။

ကိုယ့်ခံစားချက်ကို ထုတ်ဖော်မပြနိုင်တဲ့ လူကြီးတစ်ယောက်ဟာ ကိုယ့်သားသမီးတွေကိုလည်း ကောင်းတဲ့ခံစားချက်တွေသာ ထုတ်ပြစေပြီး မကောင်းတဲ့ခံစားချက်တွေကို ထုတ်မပြစေတတ်ကြဘူး။ "ငို" ပြီဆိုတာနဲ့ သူတို့ပြောတတ်တဲ့ တစ်ခွန်းတည်းသောစကားက "မငိုနဲ့... မငိုရဘူး" ဆိုတာပဲဖြစ်တယ်။

ခံစားချက်ခွဲခြမ်းစိတ်ဖြာတဲ့ ပညာရှင်Alice Millerက သူ့စာအုပ်ထဲမှာ ဒီလိုစာလေးတစ်ပိုဒ်ရေးထားတယ်။

"ဘာကိစ္စ၊ ဘယ်အရာမဆို ကျွန်မကိုစိတ်ညစ်စေ ဒါမှမဟုတ် ပျော်စေခဲ့ရင် ကျွန်မကလွတ်လွတ်လပ်လပ် ထုတ်ဖော်ပြတတ်တယ်။ သူတစ်ပါးပျော်ရွှင်အောင်ဆိုပြီး ကျွန်မဟန်ဆောင်မရယ်တတ်ဘူး။ သူတစ်ပါးရဲ့လိုအင်အတွက် ကိုယ်ရဲ့စိတ်ရှုပ်စရာနဲ့ ပူပင်သောကတွေကို မဖိနှိပ်ထားချင်ဘူး။ ကျွန်မစိတ်တိုလို့ရတယ်။ ဒီအတွက် ဘယ်သူကမှခေါင်းကိုက်ပြီး သေမသွားနိုင်ဘူး။ ကျွန်မရဲ့ ခံစားချက်ကို ထိပါးလာရင် ကျွန်မဒေါသထွက်လို့ရတယ်။ ဒီအတွက် ဘယ်သူ့ကိုမှ မဆုံးရှုံးသွားဘူး...."

တကယ်လို့ ငိုနေတဲ့ကလေးတစ်ယောက်ကို ဘာကြောင့်ငိုနေမှန်းမသိခင် "မငိုနဲ့... ထပ်ငိုရင် မချစ်တော့ဘူးနော်၊ ထပ်ငိုရင် တုတ်လာပြီနော်"လို့ လူကြီးတွေက အရင်ပြောတတ်ကြတယ်။ ကလေးငယ်တွေ အငိုတိတ်သွားသည့်တိုင်အောင် သူတို့စိတ်ထဲမှာ ထိတ်လန့်တာတွေ ပိုကိန်းအောင်းနေတော့တယ်။ ငိုတာနဲ့မိဘတွေ မချစ်တော့ဘူး၊ ငိုတာနဲ့ အပြစ်ပေးခံရမှာကို သူတို့စိုးရိမ်ခဲ့လို့ဖြစ်တယ်။

ကိုယ်ပိုင်ခံစားချက်ထုတ်မပြစေဘဲ ကလေးငယ်တစ်ယောက်ကို လိမ္မာတဲ့ကလေးတစ်ယောက်အဖြစ် သင်နိုင်သလို မိမိကိုယ်ကိုယ်ယုံကြည်မှုမဲ့တဲ့၊ တစ်ပါးသူရဲ့ခံစားချက်ကို နားမလည်ပေးတတ်တဲ့ သူအဖြစ်လည်း သင်နိုင်ပါတယ်။

ကလေးပုံပြင်စာအုပ်ထဲက ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။

ဖျားနာနေတဲ့အဘွားကို သေမင်းလာခေါ်တော့မယ်ဆိုတော့ မြေးတွေကအဘွားကို သေမင်းလက်ထဲ မထည့်ရက်ဘဲ အချိန်ကိုဆွဲနိုင်သမျှ ဆွဲထားလိုက်တယ်။ ဒီသေမင်းက ကျွန်တော်တို့ထင်သလောက် ကြောက်စရာမကောင်းခဲ့ဘူး။ ဒီသေမင်းက ဖော်ရွေတယ်။ မြေးတွေကို သူက ပုံတစ်ပုဒ်ပြောပြပါတယ်။

"ရှေးရှေးတုန်းက ဝမ်းနည်းခြင်းနဲ့ငိုကြွေးခြင်းဆိုတဲ့ ညီအစ်ကိုနှစ်ယောက်နဲ့ ပျော်ရွှင်ခြင်းနဲ့ရယ်မောခြင်းဆိုတဲ့ ညီအစ်မနှစ်ယောက်ရှိခဲ့တယ်။ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတယ်။ ချစ်ကြိုက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တယ်။ ဝမ်းနည်းခြင်းက ပျော်ရွှင်ခြင်းနဲ့ လက်ထပ်ခဲ့တယ်။ ငိုကြွေးခြင်းက ရယ်မောခြင်းနဲ့ လက်ထပ်ခဲ့တယ်။ သူတို့ဟာ အိုမင်းတဲ့အထိ နေထိုင်ကြပြီး ဝမ်းနည်းခြင်းသေဆုံးတဲ့နေ့ ပျော်ရွှင်ခြင်းလည်းလိုက်သေတယ်။ ငိုကြွေးခြင်းသေဆုံးတဲ့နေ့ ရယ်မောခြင်းလည်း လိုက်သေတယ်..."

မြေးလေးတွေက သေမင်းရဲ့ပုံပြင်ကိုနားထောင်ပြီး ခံစားချက်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ပြောတဲ့ သဘာဝတရားဖြစ်ပြီး ရှင်တာရှိရင် သေတာလည်းရှိတယ်။ ဝမ်းနည်းခြင်းတွေရှိမှ ပျော်ရွှင်ခြင်းကို ပိုတန်ဖိုးထားတတ်တယ်။ တကယ်လို့သေဆုံးခြင်းသာမရှိခဲ့ရင် ဘဝရဲ့တန်ဖိုးကို ဘယ်လိုနားလည်ကြမလဲ၊ တကယ်လို့ မိုးတွေမရွာခဲ့ရင် လှပတဲ့နေရောင်ခြည်တွေ ဘယ်ထွန်းတောက်နိုင်မလဲ၊

ဒါကြောင့် အကောင်းအဆိုးကိုလက်ခံနိုင်အောင် ကြိုးစားရမယ်။ ဒါမှ ဘဝတွေမှာ တူညီတဲ့အဓိပ္ပာယ်ရှိမှန်း သိနားလည်မှာဖြစ်တယ်။

ကျွန်တော်ရဲ့ကလေးတွေကို အမြဲပြုံးရယ်နိုင်အောင် ကျွန်တော်မျှော်လင့်ပေမယ့် ငိုကြွေးချိန်မှာ "စိတ်မာစမ်းပါ မငိုနဲ့" လို့ ကျွန်တော်မပြောချင်ခဲ့ဘူး။

နာရင် ငိုတတ်တယ်၊ စိတ်ထိခိုက်ရင်လည်း ငိုတတ်တယ်၊ မပျော်ရင်လည်း ငိုတတ်တယ်...

ကိုယ်တိုင်ငိုဖူးမှ သူတစ်ပါးငိုတာကို ရင်ဆိုင်ရဲမယ်။ ကိုယ်တိုင်ငိုဖူးမှ သူတစ်ပါးငိုတာကို နားလည်ခံစားတတ်မယ်။ အားလုံးဟာ ညီတူညီမျှဆိုတာကို နားလည်မယ်၊ သူတစ်ပါးအကူညီမဲ့လဲပြိုချိန်မှာ သူ့အတွက် ငါဘာလုပ်ပေးနိုင်မလဲဆိုတာကို တွေးတောမိမယ်။

"ဝအောင်ငိုလိုက်.. ဘာအတွက်ကြောင့် ငိုငို ၊ ဝအောင်ငိုလိုက် ... သားဘေးမှာ ဖေဖေရှိနေမယ်"

ကလေးတွေငိုချိန် ဒီလိုပဲကျွန်တော်ပြောချင်ခဲ့တယ်။ နောင်တစ်ချိန်မှာ သူတို့ဟာ သူတစ်ပါးကိုနားလည်နိုင်တဲ့ နူးညံ့သူ၊ သူတစ်ပါးကို နှစ်သိမ့်တတ်ပြီး ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်တတ်သူဖြစ်စေဖို့ ကျွန်တော်မျှော်လင့်မိပါတယ်။

မူရင်းလင့် -- http://www.zic.com.tw/article/article044.htm

နိုင်းနိုင်းစနေ (Wednesday, February 24, 2010)

No comments: