Tuesday, March 15, 2011

ငါးဖယ်ဗိုင်းတောင့်အုန်းနို့ဟင်း၊ ၀က်နံရိုးနဲ့ ဆီးသီးခြောက်ဟင်းချို၊ ကင်းပုံသီးနှပ်

-->
Facebook ကို ဟိုသည်မွှေတော့ အိမ်ရှင်မလက်ရာဆိုတဲ့ စာရေးဆရာမ လမင်းမိုမိုရဲ့ စာမျက်နှာကိုတွေ့ရပါတယ်။ ဆရာမ လက်စွမ်းပြ ချက်တဲ့ ဟင်းအမယ်တွေရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး သွားရည်ကျရတာပေါ့လေ။ အခု ဆရာမချက်တဲ့ ဟင်းအမည်အချို့ကို ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။
အရသာရှိစွာ စားသုံးနိုင်ကြပါစေ။

(၁) ငါးဖယ်ဗိုင်းတောင့် အုန်းနို့ဟင်း
လိုအပ်သောပစ္စည်းများ
ငါးဖယ် - ၂၅ကျပ်သား၊
အုန်းနို့ - အုန်းသီးသေးသေးတစ်ခြမ်းစာ၊
ဆီ - ငါးကျပ်သား
ကြက်သွန်နီ - ၂ဥ
ကြက်သွန်ဖြူ - ငါးမြွှာ၊
ချင်း -လက်တစ်ဆစ်ခန့်
ငရုတ်သီးစိမ်း - ၁၀တောင့်
ငါးပိစိမ်းစား - မန်ကျည်းစေ့ခန့်
ပင်စိမ်းရွက် -အနည်းငယ်၊
ဆား၊သကြား၊နနွင်းမှုန့် - အနည်းငယ်စီ

ကြာချိန် - မိနစ် ၂၀ခန့်

- ချင်း၊ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံမှာထောင်းလို့ညက်ရင် ငါးဖယ်ထည့်ကာ စေးပိုင်သမအောင်ထောင်းပါ။
- ကြက်သွန်နီကို တောက်တောက်စဉ်းထားပါ။ ငရုတ်သီးစိမ်းကို ကွဲရုံထောင်းထားပါ။
- အုန်းသီးသေးသေးတစ်ခြမ်းကို အရည်ညှစ်ပြီး စစ်ယူထားပါ။
- လက်မှာဆီဆွတ်ပြီး ငါးဖယ်ကို ဗိုင်းတောင့်ပုံလေးတွေရအောင် လုံးပေးပါ။
- ဒယ်အိုးမှာဆီထည့်ပြီး ငါးဖယ်ဗိုင်းတောင့်လေးတွေကို တင်းရုံလေးခဏပဲကြော်ပေးပါ။
- ငါးဖယ်ကြော်တောင့်လေးတွေကို ခပ်ဖယ်ဆီစစ်ထားပြီး ကြော်ဆီကို ဟင်းချက်ဖို့လုံလောက်ရုံ နည်းနည်းခပ်ဖယ်ပြီး လျှော့လိုက်ပါ။
- ဆီကျန်မှာ ကြက်သွန်နီတောက်တောက်စဉ်းကို နနွင်းမှုန့်အနည်းငယ်နဲ့ ဆီသတ်ပါ။ ဆီသေရင် ငါးပိစိမ်းစားလေးကို ရေဖျော်ထည့်ပါ။
- ငရုတ်သီးစိမ်း ထောင်းထားတာကိုထည့်ပါ။ ငါးဖယ်ကြော်လေးတွေကိုထည့်လုံးပြီး ခြောက်လာရင် အုန်းနို့ရည်ထည့်ပါ။
- ငါးဖယ်နူးနပ်အောင် အုန်းနို့ရည်ကို အတန်ကြာဆူပါစေ။ ငါးဖယ်ကျက်လောက်ရင် ဆား၊နဲ့ သကြားအနည်းငယ်ထည့်ပြီး အပေါ့အငန်မြည်းပါ။
- အရည်ကို ကိုယ်လိုချင်သလောက် မပျစ်မကျဲချိန်ဆထည့်ပါ။ အိုးချခါနီး ပင်စိမ်းရွက်လေးတွေ အုပ်ပြီး အဖုံးခဏဖုံးထားပါ။ မကြာခင် အိုးဖုံးဖွင့်ပြီး ပူပူနွေးနွေးသုံးဆောင်ပါ။

ကင်းပုံသီးနှပ်
လိုအပ်သောပစ္စည်းများ
ကင်းပုံသီးနုနု - ၁၅ကျပ်သားခန့်၊ ကြက်သွန်နီ - နှစ်ဥ၊ ကြက်သွန်ဖြူ - သုံးမွှာ၊ ပုစွန်ခြောက်မှုန့် - စားပွဲတင်ဇွန်းတစ်ဇွန်း၊ ဆီ - သုံးကျပ်သားခန့်၊ ဆား၊ဟင်းချိုမှုန့်၊နနွင်းမှုန့် - အနည်းငယ်စီ

ကြာမြင့်ချိန် - ၁၅မိနစ်

ကင်းပုံသီးနုနုများကို ထက်ဝက်ခြမ်း အစေ့ရင့်ထုတ်ပြီး ဆားရည် ၁၀မိနစ်ခန့်စိမ်ထားပါ။ ကြက်သွန်ဖြူ၊နီတို့ကို ညက်ညက်ထောင်း ထားပါ။
ကင်းပုံသီးကို ဆားရည်မှ ဆယ်ပြီးအရည်ကုန်အောင်ညှစ်ပါ။
ဒယ်အိုးမှာ ကင်းပုံသီး၊ ဆီ၊ ကြက်သွန်ဖြူ-နီထောင်း၊ပုစွန်ခြောက်မှုန့်၊ဆား၊ဟင်းချိုမှုန့်၊နနွင်းမှုန့်တို့အားလုံးစုပေါင်းထည့်ပြီး လက်နဲ့ ဆုပ်ညှစ်ကာ အရသာစိမ့်ဝင်အောင် နယ်ပေးပါ။
ပြီးရင် မီးဖိုပေါ်တင်ပြီးလုံးချက်ပါ။ ကင်းပုံသီးအနူးလိုရင် ရေကိုဇွန်းလေးနဲ့သာ ထည့်ပေးပါ။
ဆီကြာကြာပြန်ပြီး ဆီပူနဲ့နူးကျွမ်းပါစေ။ ထမင်းမြိန်စေသော ဟင်းကောင်းတစ်ခွက်ဖြစ်ပါတယ်။

(၃) ၀က်နံရိုးနဲ့ ဆီးသီးခြောက်ဟင်းချို
ပါဝင်သောပစ္စည်းများ
ဝက်နံရိုး - ၁၅ကျပ်သား၊ ဆီးသီးခြောက် - ၁၀လုံးခန့်၊ ချင်း- လက်နှစ်ဆစ်ခန့်၊ ခရမ်းချဉ်သီး - နှစ်လုံး၊ မုန့်ညှင်းထုပ် - ခြောက်ရွက်၊ ခုနှစ်ရွက်၊ ကြက်သွန်နီ - နှစ်ဥ၊ ကြက်သွန်ဖြူ - သုံးမွှာ၊ နံနံပင်- အနည်းငယ်၊ ငရုတ်သီးစိမ်း - ငါးတောင့်၊ ငရုတ်ကောင်း၊ဆား၊ဟင်းချိုမှုန့် - အနည်းငယ်စီ

ကြာမြင့်ချိန် - နာရီဝက်ခန့်

- ၀က်နံရိုးကို ချင်းပါးပါးလှီး ငရုတ်သီးစိမ်းထုထည့်ပြီးပြုတ်ပါ။
- ကြက်သွန်နီကို အဖတ်ခွာထည့်ပါ။ ကြက်သွန်ဖြူကိုထုထည့်ပါ။
- ၀က်နံရိုးအချိုရည်ထွက်တဲ့အထိ ကြာကြာပြုတ်ထားပါ။ အချိုရည်ရလောက်ရင် ဆီးသီးခြောက်ထည့်ပါ။ ကြာကြာပြုတ်လေ အချဉ်ကဲ လေမို့ လိုသလောက်သာချဉ်ပါစေ။
- ခရမ်းချဉ်သီးကို လေးစိတ်စိတ်၊ မုန့်ညင်းထုပ်အရွက်တို့ကို ကြီးကြီးလှီးဖြတ်ထားပါ။ ဟင်းရည်ကို ပန်းကန်နှစ်လုံးစာလောက်မှန်းပြီး ဆား၊ဟင်းချိုမှုန့်ထည့် အပေါ့အငန်မြည်းပါ။ အနေတော်ရင် မုန်ညင်းထုပ်၊ ခရမ်းချဉ်သီး၊နံနံပင်အားလုံးထည့်ပြီး အိုးကိုချနိုင်ပါပြီ။
- ပန်းကန်လုံးထဲ ငရုတ်ကောင်းမှုန့်ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။
- ချဉ်ဖြုံးဖြုံးဟင်းရည်အကျဲလေးမို့ ဆိမ့်တဲ့၊အီတဲ့၊ချိုတဲ့ဟင်းမျိုးနဲ့ လိုက်ဖက်ပါတယ်။

No comments: