Wednesday, March 16, 2011

ကားမောင်းနေစဉ် လန်းဆန်းစေရန်

အိပ်ငိုက်ပြီး ကားမောင်းနေခြင်းဟာ မူးပြီးမောင်းနေခြင်းလို အန္တရာယ်ရှိလှပါတယ်။ ကားမောင်းနေစဉ်မှာ လန်းဆန်းမနေဘဲ မူးဝေကာ ခေါင်းကိုက်နေခြင်း၊ အိပ်ငိုက်နေခြင်းတို့ ဖြစ်ပါက ယာဉ်တိုက်မှုကြုံတွေ့နိုင်ပြီး အသက်အန္တရာယ်ရှိလှပါတယ်။ ဒါကြောင့် လန်းဆန်းစွာနဲ့ ကားမောင်းနိုင်ရန် အထူးသဖြင့် ခရီးဝေးမောင်းနှင်နိုင်ရန် နည်းလမ်းတချို့ ဖော်ပြလိုက်ပါတယ်။

- ကားမမောင်းခင် အိပ်ရေးဝအောင်အိပ်ထားပါ။ နေ့တစ်နေ့မှာ သင်အလန်းဆန်းဆုံးဖြစ်နိုင်မယ့်အချိန်ကို အတတ်နိုင်ဆုံးရွေးပြီးမှမောင်း ပါ။ သင်ညဘက်မှာ ခရီးဝေးမောင်းရမယ်ဆိုရင် နေ့လယ်နေ့ခင်း ကြိုအိပ်ထားပါ။

- ခရီးဝေးကားမောင်းနေစဉ် နှစ်နာရီခြားတစ်ခါ ၁၅မိနစ်ကြာ ခဏနားကာ အညောင်းအညာပြေအောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ အကြော ဆန့်ခြင်း၊ ဟိုနားဒီနားလမ်းလျှောက်ပေးခြင်းတို့ ပြုလုပ်ပါ။

-ကားမောင်းတတ်သူကို အဖော်ခေါ်ထားကာ တစ်ယောက်တစ်လှည့်စီ မောင်းပါ။ တစ်ယောက်ကို လေးနာရီထက်ပိုပြီး မမောင်းပါနဲ့။

- သွေးတွင်းသကြားဓာတ် လျော့မသွားစေရန် ပုံမှန်အစာစားပါ။ ဒါပေမဲ့ ကိုယ်စားတဲ့အစာကိုတော့ သတိထားပါ။ လေးလံငိုက်မြည်းစေ နိုင်တဲ့ ငါးသလောက်ပေါင်း၊ ဒန်ပေါက်၊ အချိုလွန်ကဲတဲ့အစာများ စတဲ့အစားအစာတွေကို ရှောင်ပါ။ လန်းဆန်းနေစေဖို့ အဟာရပြည့်ဝ နေစေရန် လိုအပ်ပါတယ်။

- ကော်ဖီ၊ လက်ဖက်ရည် ဒါမှမဟုတ် တခြားကဖင်းဓာတ်ပါဝင်တဲ့ အရည်တွေကို ခဏတစ်ဖြုတ် လန်းဆန်းစေဖို့ သောက်သုံးနိုင်ပါတယ်။ ခေါင်းထဲထည့်ထားဖို့က ကဖင်းဓာတ်ဟာ အိပ်ရေးဝခြင်းကို အစားမထိုးနိုင်ဘူးဆိုတာကိုပါ။ ဘယ်လောက်ပဲ ကော်ဖီသောက်သောက် အိပ်ရေးမ၀ပါက ငိုက်မျဉ်းနေမှာပါပဲ။

- အရက်မသောက်ပါနဲ့။

- ငိုက်မျဉ်းစေနိုင်တဲ့ ဆေးဝါးတွေမသောက်ပါနဲ့။ စိတ်ဓာတ်ကျမှုသက်သာဆေးတချို့၊ ဘာမီတွန်၊ စီထရင်း (cetrine) ကဲ့သို့ နှာစေး၊ ယားယံသက်သာဆေးနဲ့ ချောင်းဆိုးပျောက်ဆေးတွေဟာ ငိုက်မျဉ်းစေနိုင်ပါတယ်။

- သင်အိပ်ချင်မူးတူးဖြစ်လာတာကို သတိထားမိအောင်လုပ်ပါ။ မကြာခဏ သမ်းဝေခြင်း၊ တစ်ချက်တစ်ချက် ငိုက်ကျခြင်း၊ အာရုံထွေပြား နေခြင်း၊ မျက်လုံးနာကျင်ကိုက်ခဲလာခြင်း၊ မျက်ခွံလေးလာခြင်း၊ အာရုံစိုက်လို့မရတော့ခြင်း စတဲ့ လက္ခဏာရပ်တွေဟာ ကားမောင်းနေ တာကို ခဏရပ်ပြီး နားသင့်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာရပ်တွေပါ။

- အိပ်ငိုက်နေပါက ခဏတဖြုတ်အိပ်လိုက်ပါ။ အိပ်ယာနဲ့ အတည်တကျမအိပ်နိုင်ရင်တောင်မှ ခဏတဖြုတ်မှေးခြင်းဖြင့် အိပ်ချင်ပြေသွား နိုင်ပါတယ်။

- ကားမောင်းရင်း အိပ်ငိုက်လာပါက သီချင်းခပ်မြူးမြူးဖွင့်ကာ သီချင်းညည်းဆိုခြင်းဖြင့်လည်း ခဏတဖြုတ် လန်းဆန်းကာ အိပ်ချင်ပြေစေ နိုင်ပါတယ်။ အရမ်းအိပ်ချင်နေပါက ခဏမှေးလိုက်တာအကောင်းဆုံးပါ။

သတိထားရမည့်အချက်များ

- တချို့ဆေးဝါးတွေဟာ သောက်ပြီး ရက်အနည်းငယ်ကြာတဲ့အထိ လေးလံထိုင်းမှိုင်းစေနိုင်တဲ့အတွက် ခရီးဝေးကားမမောင်းခင် ရက် အနည်းငယ်အတွင်း တချို့ဆေးဝါးတွေကို စပြီးသောက်ရမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်ပါ။

- ကားမောင်းရင်း အိပ်ငိုက်နေတာကို သိလျက်နဲ့ အမှုမထားဘဲဆက်မောင်းနေပါက သင့်မှာ အန္တရာယ်ရှိရုံမျှမက သင့်ကားပေါ် ပါလာသူ မှန်သမျှရော လမ်းပေါ်ကလူတွေ အားလုံးမှာပါ အသက်အန္တရာယ်ရှိကြောင်း သတိရပါ။

- အိပ်စက်ခြင်းနဲ့ပတ်သက်လို့ မူမမှန်တဲ့ လက္ခဏာရပ်တွေကို သတိထားပါ။ အိပ်ချိန်မဟုတ်ဘဲ အိပ်ပျော်သွားခြင်း (ဥပမာ - ရုပ်ရှင်ရုံထဲ အိပ်ပျော်ခြင်း) အိပ်ရင်းအသံကျယ်လောင်စွာဟောက်ခြင်း၊ နိုးလာတဲ့အခါ ပင်ပန်းနေခြင်း၊ အသက်ရှူပြဿနာတွေကြောင့် အသက်ရှူ မ၀ဖြစ်ကာ အိပ်ရေးပျက်ခြင်းစတဲ့ လက္ခဏာရပ်တွေရှိပါက ခရီးဝေး ကားမမောင်းတာ အကောင်းဆုံးပါ။

Refrence: The Chic Magazine March 2011

No comments: