Tuesday, March 15, 2011

တစ်ကိုယ်တည်း ခရီးနှင်လေသောအခါ

တစ်ယောက်တည်း အဖော်မပါဘဲ ခရီးသွားခြင်းက...စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ အတွေ့အကြုံတစ်ခုပါပဲ။ စွန့်စားခြင်းကို နှစ်သက်သူ တွေအနေနဲ့ တစ်ယောက်တည်း ခရီးထွက်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူများနဲ့ညှိနှိုင်းစရာမလိုတော့ဘဲ ကိုယ့်သဘော ဆန္ဒအတိုင်း ကိုယ်လုပ်ချင်ရာလုပ်၊ သွားချင်ရာသွား၊ စားချင်ရာစား၊ စိတ်တိုင်းကျ ဆောင်ရွက်နိုင်တာကြောင့်ပါ။ ဒါပေမဲ့ တစ်ယောက် တည်း ခရီးသွားခြင်းက အခန့်မသင့်ရင် အန္တရာယ်များပြီး အခက်အခဲနဲ့ကြုံတွေ့နိုင်ပါတယ်။ သေချာပြင်ဆင်ပြီး ဂရုစိုက်သွားလာရင် တော့ ဘာအန္တရာယ်မှကြုံတွေ့မှာမဟုတ်ပါဘူး။ ဒါကြောင့် အခြေအနေအရတစ်ယောက်တည်း မဖြစ်မနေခရီးသွားရတော့မယ်ဆိုရင် ဒါမှမဟုတ် တစ်ကိုယ်တည်း ခရီးနှင်ချင်သူတွေအနေနဲ့ သတိထား လိုက်နာသင့်တဲ့အချက် ၉ချက်ကို ဖော်ပြလိုက်ပါတယ်။

လူအရောက်အပေါက်နည်းတဲ့ဒေသကို ရှောင်ပါ

တစ်ယောက်တည်းခရီးသွားရတာ အန္တရာယ်များနိုင်တာကြောင့်လူအများသွားလည်လေ့ရှိတဲ့ဒေသ၊ လူစည်ကားတဲ့နေရာကိုသာ သွား လည်ပါ။ ဥပမာအားဖြင့် - ပြည်တွင်းမှာဆို ကျိုက်ထီးရိုး၊ ချောင်းသာ၊မန္တလေး၊ပြင်ဦးလွင် စတဲ့ဒေသတွေနဲ့ ပြည်ပမှာဆိုလည်း စင်ကာပူ၊ ထိုင်း၊ ကိုရီးယား၊ တရုတ်စတဲ့ စိတ်ချရတဲ့ မြို့ကြီးတွေလိုမျိုးပါ။ လူအရောက်အပေါက်နည်းတဲ့ဒေသ၊ လူတွေနဲ့စိမ်းတဲ့ဒေသတွေကို တစ်ယောက်တည်း မသွားသင့်ပါ။ ဒါ့ပြင် ကိုယ်သွားလည်တဲ့ဒေသအတွင်း လူပြတ်တဲ့နေရာတွေ လျှောက်မသွားပါနဲ့။

ကြိုတင်ဘွတ်ကင်လုပ်ထားပါ

ကိုယ်သွားမယ့်ဒေသရှိ ဟိုတယ်၊ တည်းခိုခန်းမှာ ကိုယ်တည်းမယ့် အခန်းကိုကြိုတင်ဘွတ်ကင်လုပ်ထားပါ။ ဒါမှ တည်းစရာနေရာမရှိဘဲ ရောင်လည်လည်ဖြစ်မနေတော့မှာပါ။ ကိုယ်သွားမယ့်နေရာတွေ မပြောင်းဘူးဆိုရင် ဟိုတယ်ကိုလည်း မကြာခဏမပြောင်းပါနဲ့။ ဒါမှလည်း ကိုယ်နေတဲ့အခန်း၊ ဟိုတယ်၊ ၀န်ထမ်းတွေနဲ့ အကျွမ်းတ၀င်ဖြစ်လာကာ နေရထိုင်ရ သက်သောင့်သက်သာဖြစ်လာမှာပါ။

ကိုယ့်ရဲ့ခရီးစဉ်ကို ပြောပြထားပါ

ကိုယ်ခရီးမထွက်ခင်မှာ ကိုယ့်ရဲ့နိုင်ငံကူးလတ်မှတ်၊ မှတ်ပုံတင်၊ လေယာဉ်လက်မှတ်၊ သွားမယ့်ခရီးစဉ်အကျဉ်း၊ တည်းမယ့်ဟိုတယ်၊ လိပ်စာနဲ့ ဖုန်းနံပါတ်ပါတဲ့ စာရွက်စာတမ်းတွေကို မိတ္တူနှစ်စုံအနည်းဆုံးကူးကာ တစ်စုံကို ခရီးသွားရာမှာဆောင်ထားပြီး ကျန်တစ်စုံကို အိမ်မှာကျန်ခဲ့တဲ့ ဆွေမျိုး ဒါမှမဟုတ် ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ကိုပေးထားပါ။ ဒါမှ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် ကူညီနိုင်မှာပါ။ ပြီးတော့ ခရီးသွားနေစဉ် သူတို့ဆီကို ဖုန်းဆက်ဆက်ပေးပြီး ဘယ်နေရာကိုရောက်နေကြောင်း၊ အားလုံးအဆင်ပြေချောမွေ့ကြောင်း အကြောင်း ကြားပါ။ ဒါမှလည်း သူတို့အနေနဲ့ စိတ်မပူရမှာပါ။

သူစိမ်းပုံပေါက်မနေပါစေနဲ့

ကမ္ဘာလှည့်ခရီးသည်ပုံစံပေါက်မနေပါစေနဲ့။ ကိုယ်သွားမယ့်နေရာဒေသပေါ်မူတည်ပြီး အ၀တ်အစားကို ဂရုတစိုက်ဝတ်ဆင်ပါ။ အရမ်း ကြီးထင်ပေါ်အောင်ဝတ်တာမျိုး၊ လက်ဝတ်ရတနာများစွာဝတ်ဆင်တာမျိုးမလုပ်ပါနဲ့။ ခါးပိုက်နှိုက်တို့၊ သူခိုး၊ဓားပြတို့ရဲ့ပစ်မှတ် အဖြစ်မခံ ပါနဲ့။ ရိုးရိုးရှင်းရှင်းသာဝတ်ဆင်ပါ။ လမ်းညွှန်မြေပုံတကားကားကိုင်ကာ လျှောက်မသွားပါနဲ့။ ထိုဒေသထွက် သတင်းစာတစ်စောင်ရဲ့ကြား မှာ ညှပ်ကိုင်ထားပြီးမြေပုံကြည့်ချင်ရင် သတင်းစာဖတ်သလိုလိုနဲ့ သတင်းစာပေါ်တင်ပြီးကြည့်ပါ။ ဘယ်သွားသွား ဟိုတယ်လိပ်စာကတ် ဆောင်ထားပါ။ ဒါမှ လမ်းမပျောက်တော့မှာပါ။

သေချာစုံစမ်းပါ

ခရီးစဉ်ချောမွေ့အဆင်ပြေစေဖို့ ကိုယ်သွားလည်မယ့် ဒေသအကြောင်း မသွားမီသေချာစုံစမ်းပါ။ ဘယ်တွေသွားမလဲ၊ ဘာတွေလုပ်မလဲ ကြိုစဉ်းစားကာ အစီအစဉ်ဆွဲပါ။သွားချင်တဲ့နေရာကို ဘယ်လိုသွားရင်ရောက်မလဲ၊ ဘယ်လောက်ကြာနိုင်မလဲဆိုတာကအစ အသေးစိတ် မေးမြန်းပြီးမှ ကြိုတင်ပြင်ဆင်တာပိုကောင်းပါတယ်။ ခရီးစဉ်တစ်လျှောက်လိုအပ်မယ့်ပစ္စည်းပစ္စယကို စုံလင်စွာထည့်ပြီးငွေကိုလည်း အလုံ အလောက် ထည့်သွားပါ။

သတိထားပါ

ခါးပိုက်နှိုက်တွေရဲ့ သားကောင်အဖြစ်မခံပါနဲ့။ ခါးပိုက်နှိုက်တွေက အဖွဲ့လိုက်လှုပ်ရှားတတ်ကြပါတယ်။ သင့်ကိုယ်ပေါ် အအေးဖိတ်ကျ သလိုလို၊ သင့်ရှေ့မှာပစ္စည်းပြုတ်ကျပြီး ကုန်းကောက်သလိုလိုနဲ့ လမ်းပိတ်လိုက်ကာ တောင်းပန်စကားပြောဆိုပြီး အာရုံပြောင်းနေစဉ် သူ တို့အဖွဲ့ထဲက တခြားတစ်ယောက်က ဘေးကနေ မသိမသာနဲ့ပိုက်ဆံအိတ်နှိုက်ခိုးလိုက်တာမျိုး လုပ်တတ်ကြပါတယ်။ ဒါကြောင့် အမြဲ သတိထားပါ။ အိတ်ကိုပခုံးမှာလွယ်ထားပါက အိတ်ကိုလုပြေးရလွယ်ကူပါတယ်။ စလွယ်သိုင်းပြီး ရှေ့ကိုပြောင်းလွယ်ထားတာမျိုးဆိုရင် တော်ရုံတန်ရုံခါးပိုက်နှိုက်မလှုပ်ရှားရဲတော့ပါဘူး။

လေ့လာထားပါ

နိုင်ငံခြားခရီးသွားတော့မယ်ဆိုရင် သွားမယ့်နိုင်ငံရဲ့ဘာသာစကားကို အနည်းငယ်လေ့လာထားသင့်ပါတယ်။ 'ကူညီပါ'၊ 'ဘယ်လောက်လဲ'၊ 'ကျေးဇူးတင်ပါတယ်'၊ 'ကျေးဇူးပြုပြီး'၊ 'ဘယ်မှာလဲ' စတဲ့ထမင်းစားရေသောက် စကားပြောလေးတွေကို လေ့လာထားပါ။ အလွတ်မရရင် လည်း စာအုပ်ထဲရေးမှတ်ပြီး ဆောင်ထားပါ။ ဒါ့ပြင်သူတို့နိုင်ငံရဲ့ ဆောင်ရန်၊ရှောင်ရန် ကျင့်ဝတ်တွေကိုလည်း ကြိုတင်လေ့လာထား ပေးပါ။

ရောနှောပါ

သွားမယ့်လမ်းပျောက်နေလို့ လမ်းမေးချင်ရင် ရဲကိုမေးပါ။ ဒါမှမဟုတ် အမျိုးသမီးတစ်ယောက်၊ မိသားစုတစ်စုကို ရွေးမေးပါ။ မတ်တတ် ရပ်စောင့်ရပါက မိသားစုနား ဒါမှမဟုတ် အမျိုးသမီးတွေအနားသာရပ်ပါ။ လူစု လူဝေးနားသာနေပေးပါ။ ဟိုတယ်ကထွက်ခါနီးမှာလည်း သွားမယ့်နေရာကို ဘယ်လိုသွားလို့ရနိုင်မလဲ သေချာမေးပါ။

အိပ်မပျော်ပါစေနဲ့

ရထား၊ ကားစီးတဲ့အခါ အိပ်မပျော်အောင်သတိထားပါ။ အထူးသဖြင့် ရထားအထူးတွဲသီးသန့်ခန်းတွေမှာပေါ့။ ပင်ပန်းပြီး အိပ်ပျော်သွားတဲ့ အခါမှာ ကိုယ့်ပစ္စည်းတွေ သူများအလွယ်တကူယူသွားနိုင်ပါတယ်။ လူရှင်းတဲ့ သီးသန့်ခန်းမျိုးမှာဆို ပိုတောင်ဆိုးပါသေးတယ်။ မလိုအပ် ဘဲ ငွေအများကြီးသယ်လာတာမျိုး၊ လက်ဝတ်ရတနာသယ်လာတာမျိုး မလုပ်ပါနဲ့။ သူများတကာကျွေးမွေးတဲ့၊ တိုက်တဲ့မုန့်နဲ့အအေးတွေ ကို မစားမိပါစေနဲ့။ ဆေးခတ်ပြီး ပစ္စည်းခိုးတတ်တာကြောင့်ပါ။

အားလုံးအဆင်ပြေချောမွေ့ကာ ပျော်ဖို့ကောင်းတဲ့ ခရီးစဉ်လေးဖြစ်ပါစေ။

Refrence: The Chic Magazine March 2011

No comments: