လူတိုင်းအပြစ်ကို ကြောက်ကြသည်။ မိမိအတွက် အပြစ်ဖြစ်စေမည့် ကြံစည်ပြောဆို လုပ်ဆောင်မှုမှန်သမျှကို မည်သူမှမပြုလိုကြပေ။ မိမိ ကြံစည်ပြောဆို လုပ်ဆောင်မှုဟူသရွေ့ အကျိုးဖြစ်ထွန်းစေရန်သာ လိုလားကြသည်။
သို့ဆိုလျှင် လူသားတို့အတွက် အပြစ်ဖြစ်စေသော၊၊ တစ်နည်းဆိုသော် အပြစ်ရှိသော ကြံစည်ပြောဆို လုပ်ဆောင်မှုတို့သည်ကား အဘယ်နည်း။ ကမ္ဘာဦးမှသည် ဗုဒ္ဓမပွင့်မီခေတ်တိုင်အောင် လူသားအားလုံးတညီတညွတ်တည်း သဘောတူလက်ခံနိုင်လောက်သည့် အဖြေကိုမရခဲ့ကြပေ။
သို့သော် လူသားတို့သည် အဘယ်ကြောင့် အပြစ်ကိုကြောက်ကြပါသနည်းဟုဆိုလျှင်ကား မိမိတို့၏အပြုအမူသည် ကောင်းကျိုးကို မဖြစ်စေဘဲ ဆိုးပြစ်ကိုခံစားရမှာ စိုးလန့်၍သာဖြစ်သည်ဟု တညီတညွတ်တည်းဖြေဆိုကြလိမ့်မည်။
မှန်ပေသည်။ လူ့ဘောင်လောက သမိုင်းစဉ်တစ်လျှောက်တွင် လူသားတို့သည် အခြားအခြားသောသတ္တ၀ါများနည်းတူ ဘေးဒုက္ဓ အန္တရာယ်အသွယ်သွယ်ကို နည်းမျိုးစုံဖြင့် ခုခံတွန်းလှန်ရင်း မျိုးဆက်ရှင်သန်ပြန့်ပွားခဲ့ကြရသည်။ သဘာဝတရား၏ ရိုက်ပုတ်ထု ထောင်းမှုဒဏ်ကို မခံနိုင်ခဲ့သောသတ္တ၀ါများမှာ မျိုးပြုန်းခဲ့ကြရသည်။
လူသားတို့သည် သဘာဝတရားကို ခုခံတွန်းလှန်ရင်း၊ မျိုးနွယ်ဆက်လက်ပြန့်ပွားရင်းရရှိခဲ့သော အတွေ့အကြုံများပေါ်အခြေခံ၍ မိမိတို့ခံစားရသော အကျိုးတရားတို့သည် မိမိတို့ပြုခဲ့သော အကြောင်းတရားတို့အပေါ် မူတည်နေကြောင်း အတန်အသင့် သဘောပေါက်ခဲ့ကြသည်။ ကြောင်းကျိုးဆက်စပ် တွေးခေါ်ဆုံးဖြတ်တတ်သော အလေ့အထသည် လူသား၏အသိဥာဏ်တွင် ထွန်းကားလာခဲ့သည်။
သို့ရာတွင် လူ့အသိဥာဏ်သည် အာရုံငါးပါးဖြင့် ခံစားထိတွေ့ကာ သိလွယ်မြင်သာခြင်းမရှိသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ် လာသည့် အကျိုးတရားတို့၏ အရင်းအမြစ်တို့ကိုကား မှန်ကန်စွာ အဖြေမထုတ်နိုင်ခဲ့ကြပေ။ အပြုအမူတစ်ခုတိုင်းတွင် ရလဒ်တစ်ခုစီသာ ရှိပေသည်။ ယင်းရလဒ်သည် ကောင်းကျိုး သို့မဟုတ် ဆိုးပြစ်သာ ဖြစ်ပေမည်။ ယင်းရလဒ်သည် တစ်စုံတစ်ခုသော အကြောင်းတရားကို အခြေခံ၍ အကျိုးတရားဖြစ်ထွန်းလာရခြင်း ဖြစ်ကြောင်းကိုကား လူသားတို့ သဘောပေါက်ကြသည်။ ယင်းသို့ သဘောပေါက်ထားသော် လည်း စစ်မှန်သော အကြောင်းတရားကို ရှာဖွေနိုင်စွမ်း မရှိလေသောအခါ မရေရာ မသေချာသော အဖြေများနှင့်သာ ကျေနပ်ခဲ့ကြရ သည်။
ရှေးအခါက မိုးခေါင်ခြင်း၊ရေကြီးခြင်း၊ငလျင်လှုပ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ တောမီးလောင်ခြင်း၊ရောဂါဘယ ဖြစ်ပွားခြင်း စသည့် သဘာဝဘေး အန္တရာယ်အသွယ်သွယ်နှင့် ရင်ဆိုင်လာရသောအခါ လူသားသည် မိမိတို့အား အဘယ့်ကြောင့် ဤသို့သောဆိုးပြစ်များနှင့် ကြုံတွေ့လာ ရပါသနည်းဟု ထိတ်လန့်တကြား တွေးတောလာကြသည်။ မိမိတို့ ဥာဏ်မီသမျှ ယုတ္တိနည်းကျတွေးခေါ်၍ အဖြေရှာမရလေသောအခါ မိမိတို့အား တစ်စုံတစ်ဦးကမနှစ်မြို့၍ ဒဏ်ခတ်သည့်အနေနှင့် အပြစ်ပေးလေရော့သလားဟု ကြံဆလာကြသည်။
ဤမိုး၊ဤရေ၊ဤမြေ၊ဤလေ စသည်တို့ကို စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိသူတို့က မိမိတို့၏ ကြံစည်၊ပြောဆို၊လုပ်ဆောင်မှု တစ်ရပ်ရပ်အပေါ် မကျေနပ်၍ တစ်နည်းဆိုသော် အပြစ်ဖြစ်နေ၍ ထိုက်သင့်သော အပြစ်ဒဏ်စီရင်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်ဟု ယူဆလာကြသည်။
ထို့ကြောင့် ဤမိုး၊ဤရေ၊ဤမြေ၊ဤလေ စသည့်သဘာဝရုပ်ဝတ္ထုအသီးသီးကို စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိသူဟု ထင်မှတ်ထားသူတို့အား ထိုက်သင့်သော ကျေနပ်နှစ်သိမ့်မှုရရှိစေရန်၊ မိမိတို့ ပြုမိမှားသော အပြစ်တို့မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုပါရန် လာဘ်လာဘထိုးသိပ် ပူဇော် ပသ၍ တောင်းပန်တိုးလျှိုးပါက အပြစ်တို့မှခွင့်လွှတ်လိမ့်မည်ဟု သက်မဲ့သဘာဝရုပ်ဝတ္ထုများကို သက်ရှိလူသားသဖွယ် ထင်ယောင်မှား၍ တွေးခေါ်ယူဆလာကြတော့သည်။
ဤသို့ဖြင့် သက်ဆိုင်ရာ အာဏာပိုင်စိုးသော တန်ခိုးရှင်တို့အား မိမိတို့ဘ၀၀ယ် အမြတ်တနိုးထားရာတို့နှင့် ပူဇော်ပသခြင်းဖြင့် ယင်း တန်ခိုးရှင်တို့က ကျေနပ်နှစ်သိမ့်ခွင့်လွှတ်ကာ မိမိတို့အပေါ် ကောင်းချီးမင်္ဂလာအဖြာဖြာ ပေးအပ်လိမ့်မည်ဟုလည်း ယူဆလာကြသည်။ တိုသို့ယူဆသည့်အလျောက် လက်တွေ့လည်း လုပ်ဆောင်လာကြသည်။
မိုးကိုပိုင်စိုးသော မိုးနတ်မင်းအား ပူဇော်ပသခြင်းဖြင့် မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်း ဘေးတို့မှလည်းကောင်း၊ ရေကိုပိုင်စိုးသောတန်ခိုးရှင် မြစ်စောင့်နတ်၊ ချောင်းစောင့်နတ်၊ ပင်လယ်စောင့်နတ်၊သမုဒ္ဒရာစောင့်နတ်တို့အား ပူဇော်ပသခြင်းဖြင့် ရေလွှမ်းမိုးခြင်းဘေးမှ လည်း ကောင်း၊ မြေကိုပိုင်စိုးသောတန်ခိုးရှင် မြေစောင့်နတ်အား ပူဇော်ပသခြင်းဖြင့် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသည့်ဘေးတို့မှ လည်းကောင်း၊ လေကိုပိုင်စိုးသော တန်ခိုးရှင် လေစောင့်နတ်အား ပူဇော်ပသခြင်းဖြင့် လေမုန်တိုင်းဘေးမှလည်းကောင်း ကင်းလွတ်လိမ့် မည်ဟု ယုံကြည်လာကြသည်။
သို့သော် ထိုထိုသော မိုးနတ်၊ရေနတ်၊မြေနတ်၊လေနတ်စသည်တို့က လူသားတို့အပေါ် မကျေမနပ်ဖြစ်ကာ ပြစ်ဒဏ်ခတ်လာအောင် လူသားတို့ကျူးလွန်မိသော အပြစ်တို့ကားအဘယ်နည်း ဟုဆိုလျှင်ကား တူညီသောအဖြေကို မရနိုင်ခဲ့ကြပေ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အဖြေအမျိုးမျိုး ပေးခဲ့ကြသည်။ တစ်ခါတစ်ရံ ကာလတစ်ခု၊ ဒေသတစ်ရပ်တွင် အပြစ်ဖြစ်စေသော ကြံစည် ပြောဆို လုပ်ဆောင်မှုတို့သည် အခြားကာလတစ်ခု ဒေသတစ်ရပ်တွင် အဆိုပါတန်ခိုးရှင်တို့နှစ်သက်သော ကြံစည်ပြောဆို လုပ်ဆောင်မှု ဖြစ်နေတတ်ပြန်သည်။
ယင်းတန်ခိုးရှင် နတ်ဒေ၀တာတို့၏ အမည်နာမတို့မှာလည်း ကာလ၊ဒေသ၊လူမျိုးနွယ်စု၊ ဘာသာစကား၊ ဓလေ့ထုံးစံတို့ကိုလိုက်၍ အမည်အမျိုးမျိုးရှိခဲ့ကြသည်။ တစ်ခါတစ်ရံ ယင်းနတ်ဒေ၀တာတို့သည် ဒေသတစ်ရပ်တွင် အဖိုဖြစ်နေသော်လည်း အခြားဒေသတစ်ရပ် တွင် အမဖြစ်နေတတ်သည်။ ဥပမာ - မြေကိုအစိုးရသောတန်ခိုးရှင်သည် ဂရိတို့ဒေသတွင် 'ကသေနာနတ်သား' ဖြစ်သော်လည်း အိန္ဒိယ တိုက်ငယ်တွင် 'ပထ၀ီနတ်သမီး' ဖြစ်နေခြင်းမျိုးဖြစ်သည်။
လူသားတို့သည် မိမိဝန်းကျင်တွင်မြင်မြင်သမျှ တောတောင်ရေမြေ လေမီး၊ကောင်းကင်၊ဂြိုဟ်၊နက္ခတ်တာရာ အစရှိသည့် သဘာဝရုပ်ဝတ္ထု တို့အား သက်ရှိပုဂ္ဂိုလ်များအဖြစ်လည်းကောင်း၊ မိမိတို့၏ကံကြမ္မာကို သူတို့နှင့်သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ဖန်တီးပေးနိုင်စွမ်းရှိသူ များအဖြစ်လည်းကောင်း ယုံကြည်ကိုးကွယ်လာကြသည်။
ယင်းတို့အား ပူဇော်ပသရန်နည်းနာများ၊ ယင်းတို့အား ချီးမွမ်းထောမနာပြုထားသည့် ဘုန်းတော်ဘွဲ့လင်္ကာများ၊ ဂါထာမန္တန်များကိုလည်း ပြုစုစပ်ဆို သီကျူးခဲ့ကြသည်။
ထိုသို့သော တန်ခိုးရှင်တို့ နှစ်သက်အားရကျေနပ်စေရန် မည်သို့ကြံစည်ပြောဆို လုပ်ဆောင်ရမည် ဆိုသည်တို့ကိုလည်း ဟောပြော ရေးသားလာခဲ့ကြသည်။ ယင်းဟောပြော ရေးသားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုမှန်သမျှသည် ကောင်းမှုကုသိုလ် ဖြစ်စေပြီး ဆန့်ကျင်ဘက် အပြုအမူမှန်သမျှသည် အကုသိုလ်အပြစ် ဖြစ်စေသည်ဟုလည်း ယုံကြည်လက်ခံခဲ့ကြသည်။
ယင်းသို့သော တွေးခေါ်ယုံကြည်မှုများနှင့်အတူ သာမန်လူသားတို့နှင့် အပူဇော်ခံတန်ခိုးရှင်တို့အကြား ဆက်သွယ်ပေးသည့် အောင်သွယ်တော်ကြားခံလူတန်းစားတစ်ရပ်လည်း ပေါ်ပေါက်ခဲ့သည်။ ၄င်းတို့သည် သူတို့ကိုယ်ကို အပူဇော်အပသခံတန်ခိုးရှင် နတ် ဒေ၀တာတို့၏အလိုကို သိရှိသူများအဖြစ် ခံယူဟောပြောခဲ့ကြသည်။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကလည်း အပူဇော်ခံတန်ခိုးရှင် နတ် ဒေ၀တာတို့သည် လူသားတို့အား တစ်စုံတစ်ရာ ပြောဆိုလိုလျှင် သူတို့မှတစ်ဆင့် ပြောတတ်သည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် ယင်းလူတန်းစားသည် ယဇ်ပုရောဟိတ်များ၊ နတ်ဝင်သည်များ၊ လူတို့၏အနာဂတ်ကို နိမိတ်ဖတ်သူများအဖြစ် လူ့အဖွဲ့ အစည်းအတွင်းဝယ် ရေပန်းစားခဲ့ကြသည်။
သူတို့သည် တန်ခိုးရှင်များ၏ အလိုတော်ကို ထုတ်ဖော်နိုင်သူများဟု အများကယုံကြည် လက်ခံထားကြသည့်အလျောက် သူတို့နှုတ်မှ ထွက်သမျှသည် ၄င်းတို့လူ့အဖွဲ့အစည်းအတွက် မလွဲမသွေလိုက်နာရမည့် အမိန့်အာဏာများပင် ဖြစ်တော့သည်။ ယင်းအမိန့်အာဏာ မှန်သမျှကို မိမိတို့ ကိုယ်ပိုင်ဥာဏ်ဖြင့် မှန်သည်၊ မှားသည် ဝေဖန်ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိပေ။ ဝေဖန်မိပါက တန်ခိုးရှင်နတ်ဒေ၀တာ တို့ကို ဆန့်ကျင်သူအဖြစ် အသက်အန္တရာယ် ကျရောက်စေသည်အထိ ထိတ်လန့်ကြောက်ရွံ့ဖွယ် ပြစ်ဒဏ်ခတ်ခြင်းခံကြရသည်။
ဤသို့ဖြင့် လူသားတို့၏ ကိုးကွယ်ယုံကြည်မှုဖြစ်စဉ်သည် လူ့ဘောင်သမိုင်းတစ်လျှောက် မသိဆိုးရွားသော ကြောက်ရွံ့ထိတ်လန့် တုန်လှုပ်ဖွယ်ကောင်းသော ဖြစ်ရပ်များနှင့်ပြည့်နှက်လျက် တရွေ့ရွေ့ပြောင်းလဲလာခဲ့ရသည်။ တန်ခိုးရှင် နတ်ဒေ၀တာတို့နှင့် လူသား တို့အကြားဆက်သွယ်ပေးသည့် ကြားခံလူတန်းစားတို့၏ တန်ခိုးအာဏာသည်လည်း လူ့အဖွဲ့အစည်းအတွင်း ကြီးမားကျယ်ပြန့်စွာ လွှမ်းမိုးခဲ့သည်။ သူတို့လမ်းညွှန် ဟောပြောသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မှုတို့သည်ပင် လူသားတို့အတွက် အားထားရာဘာသာ တရား ဖြစ်ခဲ့သည်။ ယင်းကြားခံလူတန်းစားသည်လည်း ဘာသာရေးခေါင်းဆောင်များ ဖြစ်လာခဲ့ကြသည်။
ထိုဘာသာရေးခေါင်းဆောင်များ၏ ထွင်လုံး၊ဖန်လုံး၊ခြောက်လုံး၊မြှောက်လုံးများကို အကြောင်းပြု၍ အပူဇော်ခံတန်ခိုးရှင် နတ်ဒေ၀တာများ လည်း တစ်နေ့တခြားတိုးပွားလာခဲ့သည်။ အပူဇော်ခံတန်ခိုးရှင် နတ်ဒေ၀တာများအား ယဇ်ပူဇော်ပသသည့် အခမ်းအနားများလည်း တိုး ပွားလာသည့်အလျောက် ယင်းဘာသာရေးခေါင်းဆောင်များလည်း လာဘ်လာဘ အရွှင်ကြီးရွှင်ခဲ့ကြသည်။
ယင်းသို့ နတ်ဒေ၀တာပေါင်း သောင်းခြောက်ထောင်ဖြင့် မအားမလပ်ရအောင် အလုပ်ရှုပ်နေခဲ့ရသော လူသားတို့သည် မိမိတို့အား ယင်း နတ်ဒေ၀တာတို့က ကြီးစိုးသလို ယင်းနတ်ဒေ၀တာတို့အားလည်း တစ်ဖန်ခြယ်လှယ် အုပ်စီးနိုင်မည့် တစ်ဦးတည်းသော မဟာတန်ခိုးရှင် လည်း ရှိပေဦးအံ့ဟု ကြံစည်လာခဲ့ကြပြန်သည်။ ယင်းမဟာတန်ခိုးရှင်ကို ပူဇော်ပသကိုးကွယ်ခြင်းဖြင့် နတ်ဒေ၀တာပေါင်း သောင်းခြောက် ထောင်အား လက်မလည်နိုင်အောင် ပူဇော်ပသနေရခြင်းဘေးမှလည်း ကင်းဝေးပေအံ့ဟု စိတ်ကူးသစ် ရလာခဲ့ကြသည်။
ယင်းမဟာတန်ခိုးရှင်သည် တော၊တောင်၊ရေ၊မြေ၊လေ၊မီး၊ကောင်းကင်၊ဂြိုဟ်၊ နက္ခတ်တာရာ အပါအ၀င် လောကတစ်ခွင်ပြဲပြဲစင်အောင် အပိုင်စားရသူ၊ ဖန်ဆင်းသူ၊စောင့်ထိန်းသူ၊တစ်နေ့တွင် ဖျက်သိမ်းပစ်မည့်သူ ဖြစ်သည်ဟုလည်း တွေးဆခဲ့ကြသည်။ ထိုသူသည်ပင် မိမိ တို့လူသားများ အပါအ၀င်ဖြစ်သော သတ္တလောကကြီးကို ဖန်ဆင်းပေးသူဖြစ်သည်ဟုလည်း ယုံကြည်လာကြသည်။ ဤယုံကြည်တွေးဆ မှုကို အခြေခံကာ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ထောင်ကျော်ခန့်ကစ၍ လူ့အဖွဲ့အစည်းအတွင်း တစ်ဆူတည်းသောထာဝရဘုရားကို ယုံ ကြည်ကိုးကွယ်သည့်ဝါဒ (Monotheism) ထွန်းကားလာခဲ့သည်။
အချို့ဒေသများတွင် နတ်ဒေ၀တာပေါင်း သောင်းခြောက်ထောင်ကို လုံးဝပစ်ပယ်လိုက်ပြီး တစ်ဆူတည်းသော ထာဝရဘုရားကိုသာ ကိုးကွယ်ကြတော့သလို၊ အချို့ဒေသများတွင်မူ တစ်ဆူတည်းသော ထာဝရဘုရားအား လောက၏ အခေါင်ချုပ်အဖြစ်လက်ခံကာ အခြားသော နတ်ဒေ၀တာများကိုလည်း မပစ်ပယ်ဘဲ ဆက်လက်ပူဇော်ကိုးကွယ်သည့်ဝါဒ (Henotheism) ထွန်းကားလာခဲ့သည်။
ဤသို့ပြောင်းလဲလာသော ယုံကြည်ကိုးကွယ်မှုနှင့်အညီ အပူဇော်ခံ အပသခံတန်ခိုးရှင်များနှင့် လူသားအကြား ဆက်သွယ်ပေးသည် ဆိုသော အောင်သွယ်တော်လူတန်းစား ဘာသာရေးခေါင်းဆောင်များသည်လည်း တစ်ဆူတည်းသော ထာဝရဘုရား၏လူဝင်စားများ၊ ပရောဖက် (Prophet) (ခေါ်) တမန်တော်များ အဖြစ် အဆင့်တိုးမြင့်လာခဲ့ကြသည်။ သူတို့သန္ဓေတည်မွေးဖွားရာ လူမျိုးနွယ်စုကိုလည်း အမျိုးဇာတ် မြင့်မြတ်သော၊ ဘုရားသခင်ကောင်းချီးပေးသော မျိုးနွယ်စုဖြစ်သည်ဟုလည်း ဟောပြောစည်းရုံးခဲ့ကြသည်။ ဤနည်းအားဖြင့် ဇာတ်အနိမ့် အမြင့် ခွဲခြားမှုဝါဒ၊ အသားအရောင်နှင့် လူမျိုးရေးခွဲခြားမှုဝါဒများ ပေါ်ထွန်းလာခဲ့သည်။
ဘာသာရေးခေါင်းဆောင်ဖြစ်လာသူတို့က သူတို့၏အကြံ၊အပြော၊အလုပ်မှန်သမျှသည် တစ်ဆူတည်းသော ထာဝရဘုရား၏ အလိုတော် နှင့် အညီဖြစ်သည်ဟုလည်း အခိုင်အမာဆိုလာကြသည်။ သူတို့၏ နှုတ်ထွက်စကားသည် ထာဝရဘုရား၏ နှုတ်ကပါဋ္ဌ်တော်ပင်ဖြစ်သည်။ ထာဝရဘုရားသည် မတူညီသော အချိန်ကာလ၊ ဒေသနှင့်အညီ ပြောင်းလဲနေသော ဥပဒေပြဋ္ဌာန်းချက် ပညတ်တော်တို့အား ၄င်းတို့မှ တစ်ဆင့် လူ့လောကသို့ ချမှတ်ပေးလေ့ရှိသည်ဟုလည်း လူအများကလက်ခံထားကြသည်။
ယင်းသို့ထာဝရဘုရားနှင့် လူသားတို့အကြား ဆက်သွယ်ပေးနေသည်ဆိုသည့် ဘာသာရေးခေါင်းဆောင်များက ကောင်းမြတ်သည်ဟု ပြဋ္ဌာန်းထားသော အပြုအမူမှန်သမျှသည် ကောင်းကျိုးကိုဖြစ်စေပြီး ဆန့်ကျင်မှုဟူသရွေ့ အပြစ်ကိုဖြစ်စေလိမ့်မည်ဟုလည်း ယုံကြည် ကြရသည်။ အဘယ့်ကြောင့် အကျိုးဖြစ်ပြီး၊ အဘယ့်ကြောင့် အပြစ်ဖြစ်စေရပါသနည်းဟု ယုတ္တိနည်းကျ စောဒကတက်ခွင့်ကား လူသား တို့၍မရှိပါချေ။ အကယ်၍ စူးစမ်းတွေးခေါ် ဝေဖန်လာပါကလည်း ထိုသူအားမာရ်နတ်၏ နောက်လိုက်အဖြစ် သတ်မှတ်ကာ သုတ်သင် သတ်ဖြတ်ပစ်သည်အထိ အပြစ်ပေးမှုများရှိခဲ့သည်။
ဘာသာရေးခေါင်းဆောင်များသည် ဘာသာရေးကိုအကြောင်းပြု၍ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေးဆိုင်ရာ နယ်ပယ်များသို့ပါ အာဏာစက် ဖြန့်ကျက်ခဲ့ပေရာ အချို့ဒေသများတွင် ရဟန်းမင်းများ (Patesi) ပင်ပေါ်ပေါက်လာခဲ့ဖူးသည်။ ထာဝရဘုရားသခင်က ခန့်အပ်ပြီး ထာဝရဘုရားသခင်အလိုတော်ကျ အုပ်ချုပ်သည်ဆိုသော ဘာသာရေး အရေခြုံအစိုးရ (Theocratic Government) များ လည်း ထွန်းကားခဲ့သည်။
သူတို့ကို ဆန့်ကျင်လျှင် ဘုရားကိုဆန့်ကျင်ခြင်းပင် ဖြစ်သည်။ ဘုရားကိုဆန့်ကျင်သော လုပ်ရပ်မှန်သမျှသည် အပြစ်ဖြစ်သည်။ ထို့ကြောင့် ဆန့်ကျင်သူမှန်သမျှသည် ယခုဘ၀အတွင် ကြီးလေးသောပြစ်ဒဏ်ကို ကျခံရမည့်အပြင် တမလွန်ဘ၀တွင်လည်း ထာဝရ ငရဲတွင်းသို့ ပစ်ချခြင်းခံကြရလိမ့်မည် စသည်အားဖြင့် လူထုအား ဘာသာရေးမှိုင်းတိုက်၍ နိုင်ငံရေးအာဏာ ရယူလာခဲ့ကြခြင်းပင်ဖြစ် သည်။
မည်သို့ပင်ဆိုစေ၊ တိုးတက်လာသော အသိဥာဏ်၊ အတွေ့အကြုံဗဟုသုတ၊ တစ်ဒေသနှင့် တစ်ဒေသ လွယ်ကူချောမွေ့လာသည့် ကူးလူးဆက်ဆံမှုတို့ကြောင့် လူသားတို့သည် ထာဝရဘုရား၏လူဝင်စားများ၊ တမန်တော်များမှတစ်ဆင့် ဟောကြားခဲ့သည့် ထာဝရ ဘုရား၏အလိုတော်မှာ နေရာဒေသကိုလိုက်၍ ဖောက်လွဲဖောက်ပြန် ပြောင်းလဲတတ်ကြောင်း ကောင်းစွာ သတိပြုလာခဲ့မိကြသည်။ တစ်ခါတစ်ရ့ ဒေသတစ်ရပ်၊ ကာလတစ်ခုတွင် ထာဝရဘုရားက ကောင်းမှုကုသိုလ်ဟု ပြဋ္ဌာန်းထားသော အပြုအမူသည် အခြားဒေသ တစ်ရပ်၊ ကာလတစ်ခုတွင် ကြီးလေးသောအပြစ်ဖြစ်နေတတ်ပြန်သည်။ ဒေသတစ်ရပ် ကာလတစ်ခုတွင် ထာဝရဘုရားသည် သတ္တ၀ါတို့ ၏ အသွေးအသားနှင့် သေရည်ကို အလွန်နှစ်သက်တတ်သော်လည်း အခြားဒေသတစ်ရပ်၊ ကာလတစ်ခုတွင်မူ ထာဝရဘုရားသည် သူ့ အသက်သတ်ခြင်းကိုမကြိုက်၊ သေရည်သေရက်တစ်စက်မျှပင် ခန္ဓာကိုယ်နှင့် မထိသင့်ဟု မြွက်ကြားတတ်ပြန်သည်။
ဤသို့တောင်တစ်မျိုး မြောက်တစ်မျိုးဖြစ်နေတတ်သော 'ထာဝရဘုရား၏တရား' နှင့် 'ထာဝရဘုရားရှိသည်ဆိုခြင်း' အပေါ် လူသားတို့ သံသယပွားလာခဲ့တော့သည်။ ထိုသံသယစိတ်များ တစ်စထက်တစ်စ ကြီးထွားလာခဲ့သည့်အလျောက် ဆန့်ကျင်မှုများလည်း ပေါ်ပေါက် လာခဲ့သည်။ သို့သော် လူအများစုကြီးမှာ မိရိုးဖလာယုံကြည်စွဲလမ်းမှုကို ဝေဖန်ဆန်းစစ်ဝံ့သောသတ္တိ ကင်းမဲ့ကြလေရာ ထာဝရ ဘုရား၏ ယဇ်ပုလဉင်သည် ဆန့်ကျင်သူတို့၏သွေးဖြင့် ခြင်းခြင်းနီခဲ့တော့သည်။
ထာဝရဘုရားသည် လူသားတို့၏စိတ်ကူးမှ ထွက်ပေါ်လာသူဖြစ်သည့်အလျောက် ယင်း၏ အတွေး၊ အမြင်၊ အပြုအမူ၊ စိတ်နေစိတ်ထား တို့မှာလည်း လူသားတို့နှင့် ထပ်တူ့ညီလျက်ရှိသည်။ ၄င်းတွင် ချစ်ခင်ကြင်နာ၍ မေတ္တာတရား ပွားများတတ်သော နှလုံးသားရှိသကဲ့သို့ ရန်သူအပေါ်အငြိုးကြီးစွာ လက်စားချေတတ်သည့် စိတ်ထားလည်းရှိကြောင်း၊ ဘာသာရေး အတော်များများ၏ လက်စွဲကျမ်းစာများ၌ အထင်အရှား တွေ့ရှိနိုင်ပေသည်။
အချို့သောဒေသတွင် သူသည် ကျွဲနွားတိရစ္ဆာန်တို့၏ အသွေးအသားကိုသာမက လူအရှင်လတ်လတ်ကိုသတ်ဖြတ်၍ လူ့အသွေးအသား ဖြင့် ယဇ်ပူဇော်မှုကိုပင် နှစ်ခြိုက်လိုလားခဲ့သည်။ ယင်းကဲ့သို့ လူသားအားယဇ်သတ္တ၀ါအဖြစ် သတ်မှတ်ပူဇော်ပသသည့် ဓလေ့သည် ယခု ခေတ်တိုင်အလွန်ခေတ်နောက်ကျသော ဒေသအချို့တွင် ထွန်းကားလျက်ပင် ရှိသေးသည်။ အချို့ဒေသများ၌ ယဇ်ပွဲသဘင်ကာလသို့ ရောက်ရှိလာသောအခါ မိမိတို့ထဲမှ ယဇ်ကောင်လူသား ရှာမရပါက မြို့စွန်မြို့ဖျားသို့တက်ပြီး လူယဉ်ကျေးများကိုအလစ်ဖမ်းကာ တော တွင်းသို့ခေါ်ဆောင်၍ ယဇ်ပူဇော်ပွဲသဘင် ဆင်နွှဲကြကြောင်း ကြားသိရသည်။
အကယ်စင်စစ် ဤကဲ့သို့ သူတို့လုပ်နေကြခြင်းသည် သူတို့သတ်ဖြတ်ခြင်းကိုခံကြရသည့် သတ္တ၀ါတို့အား မုန်းတီး၍ကားမဟုတ်။ သူတို့ ယုံကြည်ကိုးကွယ်ရာပုဂ္ဂိုလ် တန်ခိုးရှင်အား ဤသို့မှမပူဇော် မပသပါက မိမိတို့လူ့အဖွဲ့အစည်းအပေါ် ပြစ်ဒဏ်ခတ်ခြင်းခံရမည်ကို စိုးရိမ် ၍သာဖြစ်သည်။ ဤသို့သတ်ဖြတ် ပူဇော်ပသခြင်းအားဖြင့် အပူဇော်ခံပုဂ္ဂိုလ်တန်ခိုးရှင်သည် ကျေနပ်နှစ်သိမ့်မှုရရှိပြီး ထိုလူ့အဖွဲအစည်း ပေါ်သို့ ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်စေလိမ့်မည်။ သဘာဝဘေးဆိုးကပ်ဆိုးများနှင့် ရန်သူမျိုးငါးပါးဘေး စသောအန္တရာယ် ရန် အသွယ်သွယ်မှ ကင်းလွတ်ဝေးစေလိမ့်မည်ဟု အလေးအနက် ယုံကြည်ထားကြသောကြောင့်သာ ဖြစ်ပေသည်။ ယုံကြည်ချက် မှားယွင်းမှု ၏ဒဏ်ကို လူသားတို့လှိမ့်ခံကြရခြင်းပင် ဖြစ်သည်။
ထာဝရဘုရား၏ ယုံကြည်ကိုးစားမှု၊ အထွဋ်အထိပ်ဖြစ်သော ကောင်းချီးမင်္ဂလာ ပေးအပ်မှုကိုမျှော်ကိုး၍ လူသားအချို့သည် မိမိတို့ဘ၀ တွင် အမြတ်နိုးဆုံး ဘ၀တူသက်ရှိတို့ကိုပင် အာရုံငါးပါး၊ ဆင်ခြင်တုံတရားတို့ဖြင့် မည်သို့မျှ ခံစားသိရှိနိုင်ခြင်းမရှိသည့် ဘာမှန်းမသိ သောအရာအတွက် စွန့်လွှတ်စတေးခဲ့ကြသည်။ ယင်းကိုပင် ကြီးကျယ်စံတင်လောက်သော ယုံကြည်ကိုးကွယ်မှုအဖြစ် လွဲမှားစွာဂုဏ်ယူ ခဲ့ကြသည်။
လူသားသည် မိမိစိတ်ကူးဖြင့်ဖန်ဆင်းလိုက်သည့် ဘာမှန်းမသိသောအရာ၏ အဖန်ဆင်းခံကျေးကျွန်ဘ၀သို့ ရောက်ခဲ့ရသည်။ ထိုဘာမှန်း မသိသောအရာသည်လည်း ထာဝစဉ်သွေးဆာနေသည့် တစ်ဦးတည်းသောဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့ရတော့သည်။
ဤအတွေးမှား၊ အယူမှားများအပေါ်အခြေခံကာ လူသားတို့ကျူးလွန်ခဲ့သမျှအပြစ်တို့အား တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်က ၄င်း၏ အသွေးအသားကိုစတေး၍ ဆေးကြောသုတ်သင်ပေးခဲ့ပြီးလေပြီ။ ၄င်းအား ယုံကြည်ကိုးကွယ်ပါက ကိုးကွယ်သူအပေါင်းသည် ဖန်ဆင်းရှင် ပုဂ္ဂိုလ်ကြီးအား အထွေထွေ ယဇ်ပူဇော်ပသမှု ပြုရန်မလိုတော့ဘဲ ကျူးလွန်ခဲ့သမျှ အပြစ်အပေါင်းမှ ကင်းလွတ်ငြိမ်းပေပြီဟူသော ၀ါဒ တစ်ရပ်လည်း ထွန်းကားလာခဲ့သည်။ ထို့အပြင် ၄င်းကိုယ်တိုင်မှာလည်း ဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီး၏ လူဝင်စားဖြစ်သည်ဟု ယင်းဝါဒက ဆိုပြန်သည်။ ဖန်ဆင်းရှင်သည် လူသားတို့အပေါ် ၄င်းတေးမှတ်ထားသောအပြစ်တို့မှ ပပျောက်စေခြင်းငှာ လူ့လောကသို့ ၄င်းကိုယ် တိုင် လူသားဘ၀ခံယူ၍ မိမိအသွေးအသားဖြင့် မိမိကိုယ်ကိုမိမိ ပြန်လည်သတ်ဖြတ်စတေးခံကာ ပူဇော်ပသလိုက်သည် ဆိုခြင်းမှာ လူသား ၏အသိဥာဏ်နှင့် ဆင်ခြင်တုံတရားကို မျက်ကွယ်ပြုရာ ကျလွန်းလှပေသည်။
ယင်းဝါဒက လူသားချင်းစာနာစိတ်ဖြင့် မေတ္တာတရားထားကြရန် မည်သို့ပင် သွန်သင်စေကာမူ အခြေခံသဘောတရားမှာ ဖန်ဆင်းရှင် ပုဂ္ဂိုလ်ကြီးသည် အစဉ်သဖြင့်သွေးဆာနေသူတစ်ဦးဖြစ်သည်ဟု သွယ်ဝိုက်သောနည်းဖြင့် လက်ခံထားခြင်းပင်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦး ချင်း၏ စိတ်သန္တာန်မှအစပြု၍ ကျူးလွန်ခဲ့သောအပြစ်တို့အား ဖန်ဆင်းရှင်ကို အသွေးအသားနှင့် လာဘ်ထိုးခြင်းဖြင့် ပျောက်ကင်းစေနိုင် သည်ဟု ယုံကြည်ခြင်းပင်ဖြစ်သည်။
သို့ရာတွင် ယင်းယုံကြည်မှုသည် ၀ါဒတစ်ပါး၏ချောက်ချားခြင်းမှ ကြံ့ကြံ့ခံနိုင်စွမ်း ရှိ မရှိဆိုသည်ကိုကား သက်ဆိုင်ရာလူ့အဖွဲ့အစည်း အတွင်း၌ ဘာသာတရားကို ပစ်ပယ်သူဦးရေ တိုးပွားလာခြင်းက သက်သေထူလျက် ရှိလေတော့သည်။
အပြစ်ဟူသည် ဖန်ဆင်းရှင်ထာဝရဘုရား သို့မဟုတ် ဣဒ္ဓိပါဒ်ရှင်တို့၏ ပညတ်တားမြစ်ချက်များကို ဖောက်ဖျက်ကျုးလွန်ရာမှ ဖြစ်ပေါ် လာရသည်ဟူသော ယုံကြည်မှုမျိုးသည် သက်မဲ့သဘာဝတရားကို သက်ရှိတို့နည်းတူ စိတ်၊ စေတသိတ်များဖြင့် ခံစားတတ်သည်ဟူသည့် ကျော်ခေတ်လူသားတို့၏ အတွေးဟောင်း၊ အမြင်ဆွေးတို့ထက် ဘာမျှသာလွန်ကောင်းမွန်ခြင်း မရှိပေ။
မျက်မှောက်ခေတ် လူ့အဖွဲအစည်းကြီးအတွင်း၌ပင် မိမိတို့ကိုယ်ကို ဘာသာတရား ကိုင်းရှိုင်းသူများအဖြစ် ခံယူထားသူအတော် များများ သည် ယင်းယုံကြည်မှုမျိုးကို မျက်စိစုံမှိတ်၍ လက်ခံထားကြဆဲ ဖြစ်သည်။ သို့သော် မည်သည့်ဖန်ဆင်းရှင်၏ လူဝင်စားလည်းမဟုတ်၊ တမန်တော်လည်းမဟုတ်ဘဲ ကိုယ်ပိုင်လူစွမ်းလူစဖြင့် လောကဓမ္မအလုံးစုံကို သိမြင်ခဲ့သူ မဟာလူသား ဗုဒ္ဓကမူ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့် ခြောက်ရာခန့်ကပင် ယင်းသို့သော မှားယွင်းသည့် ယုံကြည်မှုအလုံးစုံကို တော်လှန်ပစ်ပယ်ခဲ့သည်။
ဗုဒ္ဓသည် သက်မဲ့ရုပ်ဝတ္ထုတို့နှင့် သက်ရှိသတ္တ၀ါတို့၏ ကွဲပြားခြားနားသော သဘာဝကို စနစ်တကျခွဲခြမ်းစိတ်ဖြာ တင်ပြနိုင်ခဲ့သည်။ သက်မဲ့သြကာသလောကနှင့် သက်ရှိသတ္တလောကတို့ကို ရောထွေးပြီး မစဉ်းစားခဲ့ချေ။ ရုပ်တရားနှင့်နာမ်တရားတို့၏ မတူညီသော နိယာမများကို လူအများ နားလည်သဘောပေါက်သည်အထိ တင်ပြနိုင်စွမ်းရှိခဲ့သည်။
ဗုဒ္ဓအလိုအရမူ အပြစ်ဟူသည် -
လူသားတို့၏ အာရုံငါးပါးနှင့် မည်သို့မျှထိတွေ့ခံစား၍ မရနိုင်သူတို့၏ ပညတ်ချက်များကို ဖောက်ဖျက်ကျူးလွန်မှုကြောင့် ဖြစ်ပေါ်လာရ ခြင်းမဟုတ်ချေ။ သတ္တ၀ါတို့၏စိတ်သန္တန်တွင် ဖြစ်ပေါ်လာသော စေတနာအလျောက် ခံစားရသည့် တုံ့ပြန်မှုတစ်ရပ်သာလျှင် ဖြစ်ပေ သည်။ တစ်နည်းဆိုသော် အပြစ်ဆိုသည်မှာ သက်ရှိတို့စိတ်အစဉ်တွင် ဖြစ်ထွန်းလာသည့် လောဘ၊ဒေါသ၊မောဟတရားများ၏ ထုထည် ပမာဏနှင့် လျော်ညီထိုက်တန်စွာ ခံစားရမည့်အကျိုးရလဒ်ပင် ဖြစ်သည်။ မည်သည့် ပြင်ပ ပယောဂ တစ်စုံတစ်ရာကမျှ ၀င်ရောက် စွက်ဖက်ခြင်းမရှိ၊ စွတ်ဖက်နိုင်စွမ်းလည်းမရှိသော သက်ရှိတို့၏ သဘာဝတရားမျှသာ ဖြစ်ပေသည်။
လောကီလူ့အဖွဲ့အစည်းများ၌ ကာလဒေသအလိုက် ကွဲပြားခြားနားစွာ အများသဘောတူ ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာဥပဒေများ၊ အမိန့်အာဏာများနှင့် ဖောက်ဖျက်သူများအပေါ် ထိုက်သင့်စေမည့် ပြစ်ဒဏ်သတ်မှတ်ချက်များ ရှိပေသည်။ ထို့ပြင် တစ်စုံတစ်ဦးအား ဥပဒေကိုဖောက်ဖျက်ခြင်း ရှိ မရှိ စီရင်ဆုံးဖြတ်မည့် တရားသူကြီးများ၊ ရှေ့နေရှေ့ရပ်များနှင့် သက်သေခံ ပုဂ္ဂိုလ်များရှိပေသည်။ ထိုထို သော ပုဂ္ဂိုလ်များသည် ပုထုဇဉ်လူသားများဖြစ်သည့်အလျောက် အမှားအယွင်းရှိနိုင်သည်။ လာဘ်ပေးလာဘ်ယူမှုလည်း ပြုနိုင်သည်။ သို့သော် သဘာဝတရားကား အမှားအယွင်းမရှိ၊ ချစ်ခြင်းမုန်းခြင်းမရှိ၊ ဘက်လိုက်ခြင်းလည်း ကင်းသလို လာဘ်ပေးလာဘ်ယူပြု၍လည်း မရနိုင်ချေ။
သက်ရှိတို့၏ အပြုအမူကို အကြောင်းရင်းခံ၍ အကျိုးတရားခံစားရခြင်း၊ သက်ရှိတို့၏စိတ်အစဉ်တွင် ဖြစ်ပေါ်လာသော စေတနာအား လျော်စွာ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများ ဖြစ်ပေါ်လာခြင်း၊ သက်မဲ့ရုပ်ပတ်ဝန်းကျင်ရှိ တောတောင်၊ ရေ၊မြေ၊လေ၊မီး၊အာကာသ၊ ဂြိုဟ်၊ နက္ခတ်တာရာ စသည်တို့၏ အချိန်ရာသီဥတုနှင့်အညီ စည်းချက်မှန်မှန် ပြောင်းလဲနေခြင်း၊ သက်ရှိ သက်မဲ့တို့၏ ရုပ်ပိုင်းဆိုင်ရာ မျိုးရိုး ဗီဇလိုက်တတ်ခြင်း၊ သက်ရှိတို့၏ ထူးခြားသော အပြုအမူကြောင့် သက်မဲ့လောကတွင် ထူးခြားသော ဖောက်ပြန်မှုများဖြစ်တတ်ခြင်း စသည့် သဘာဝ၏ နိယာမတရားတို့ကို မည်သည့် ဖန်ဆင်းရှင် တန်ခိုးဣဒ္ဓိပါဒ်ရှင်ကမျှ ကြိုးကိုင်ထိန်းချုပ်နိုင်စွမ်း မရှိပါပေ။
သဘာဝ၏ သိသာလွယ်သော စိတ်ပိုင်းဆိုင်ရာ နိယာမတစ်ရပ်ကို ပမာပြဆိုရသော် -
လူတစ်ဦးသည် တစ်စုံတစ်ဦးအပေါ် မကောင်းသောစိတ်ဖြင့် ပျက်စီးရာပျက်စီးကြောင်း ကြံစည်ပြောဆို လှုပ်ရှားနေချိန်ဝယ် သူ၏နှလုံးအိမ် ၌ ပူလောင်ဆူပွက်သောဝေဒနာကိုလည်း တပြိုင်တည်းခံစားနေရမည်သာဖြစ်သည်။ ယင်းဝေဒနာခံစားရခြင်းသည် မည်သည့်တန်ခိုးရှင် ကမျှ ပြစ်ဒဏ်ခတ်ခြင်းကြောင့် မဟုတ်ပေ။ သဘာဝတရားသာလျှင် ဖြစ်ပေသည်။
ထိုသူသည်ပင် တစ်စုံတစ်ဦးအပေါ် ကောင်းမြတ်သော စေတနာဖြင့် ကူညီဖေးမမှုတစ်ခုခု ပြုလိုက်သည်ဆိုပါစို့။ ယင်းသို့ ကူညီဖေးမနေ ချိန်နှင့် ကူညီဖေးမမှု အောင်မြင်ပြီးမြောက်သည့်အချိန်ဝယ် သူ၏နှလုံးအိမ်၌ ဖြစ်ပေါ်လာသော ကြည်နူးဝမ်းမြောက် ပီတိဖြစ်မှုသည်လည်း မည်သည့် ဖန်ဆင်းရှင်ဘုရားသခင်ကမျှ ကောင်းချီးပေးအပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးတရားမဟုတ်ချေ။ သဘာဝတရားသာလျှင် ဖြစ်ပေသည်။
လောကီလူ့ဘောင်အမြင်အရမူ တစ်စုံတစ်ယောက်သည် လူသတ်မှု ကျူးလွန်လိုက်ပြီဆိုပါက ဦးစွာနစ်နာသူမှာ အသတ်ခံရသူဖြစ်သည်။ ထိုသူ သေဆုံးသွားသဖြင့်သာ သတ်သူ၌အပြစ်ဖြစ်ရသည်ဟု အပေါ်ယံ ရှပ်တွေးကြပေလိမ့်မည်။ အမှန်ကား -
သတ်သူ၌အပြစ်ရခြင်းမှာ အသတ်ခံရသူသေဆုံးသွား၍ မဟုတ်ချေ။ သတ်သူအား လူသတ်မှုကျူးလွန်လောက်အောင် လှုံ့ဆော်ပေးသော စေတနာကြောင့်သာ ဖြစ်ပေသည်။ ယင်းလူသတ်မှုသည် သက်သေမရှိ၊ ရာသက်ပန် တရားခံမပေါ်၍ လူသတ်သမားမှာ လောကီထုံးတမ်း ဥပဒေအရ အပြစ်ဒဏ်မကျခံရသော်ငြားလည်း သဘာဝ၏နိယာမတရားအရ တုံ့ပြန်ကျရောက်လာမည့် ပြစ်ဒဏ်ကိုကား မလွဲမသွေခံစား ရမည်သာ ဖြစ်ပေသည်။ လူတို့သတ်မှတ်ထားသော သက်သေခံဥပဒေတို့နှင့် ညီညွတ်သည့် သက်သေတစ်စုံတစ်ရာမရှိသော်လည်း သဘာဝအလျောက် ထင်ရှားတိကျစွာ ထွက်ဆိုမည့်သက်သေက ရှိနေသောကြောင့်ပင်ဖြစ်သည်။
ထိုသက်သေကား အခြားမဟုတ်ချေ။ ယင်းလူသတ်သမား၏ စိတ်အစဉ်ပင်ဖြစ်တော့သည်။ ထိုလူသတ်သမား၏ စိတ်အစဉ်တွင် လူတစ်ဦး အား သတ်ဖြတ်လောက်အောင် ဆိုးဝါးရုန့်ရင်းကြမ်းတမ်းသော စေတနာ၏တန်ခိုးကား မပျောက်မပျက်တည်ရှိနေပေပြီ။ ယင်းဆိုးယုတ် သည့်စိတ်တန်ခိုးသည် အစွမ်းပြနိုင်သည့်အချိန်တန်သည်နှင့် လူသတ်သမားအား တူညီသောဆိုးကျိုးကိုပေးရန် အစဉ်စောင့်ဆိုင်းလျက် ရှိပေသည်။
ထို့ကြောင့် အချို့သူများယူဆသလို လူသားတို့၏အပြစ်များကို ဖန်ဆင်းရှင်က ၄င်း၏မှတ်ပုံတင်စာအုပ်၌ စာရင်းရေးသွင်းနေစရာ မလို ပေ။ သိကြားမင်းက ခွေးရေပုရပိုက်နှင့် လိုက်မှတ်နေခြင်းမဟုတ်သလို ယမမင်းကလည်း စာရင်းပြုစုမထားပေ။ သိကြားမင်းတို့ ယမမင်း တို့ဆိုသည်မှာလည်း သက်ရှိသတ္တ၀ါများပင် ဖြစ်သည့်အလျောက် ၄င်းတို့၏စိတ်အစဉ်တွင်ဖြစ်ပေါ်ခဲ့သည့် စေတနာတရား၏ကောင်းကျိုး ဆိုးပြစ်ကို ခံစားစံစားနေရသူများသာ ဖြစ်ကြပေသည်။ အကယ်စင်စစ် သတ္တ၀ါတို့၏ ကံကြမ္မာကို ဖန်တီးပေးနေသူမှာ သတ္တ၀ါတို့၏ ရုပ် ခန္ဓာနှင့် တွဲလျက်ရှိနေသော၊ သတ္တ၀ါတို့ပြုသမျှ အမှုကိစ္စအ၀၀ကို မှတ်တမ်းတင်ပေးနေသော စိတ်အစဉ်ပင်ဖြစ်ပေသည်။
သတ္တ၀ါတို့၏ စိတ်သည်မမြဲပေ။ လက်ဖျစ်တစ်တီးတွင်ပင် ကုဋေနှင့်ချီ၍ ပြောင်းလဲနေသည်။ သို့သော် ယင်းစိတ်တို့၌ ဖြစ်ပေါ်နေခဲ့သော စေတနာတို့ကိုကား ပျက်ခါနီးစိတ်ဟောင်းတို့က ဖြစ်ခါနီးစိတ်သစ်တို့အား လက်ဆင့်ကမ်း အမွေပေးခဲ့စမြဲဖြစ်သည်။ ထို့ကြောင့် စိတ် သည် အစဉ်ဖြစ်ပျက် ပြောင်းလဲနေသော်လည်း ယင်းစိတ်အစဉ်တွင် ပေါ်ပေါက်ခဲ့သည့် စေတနာတို့၏ တန်ခိုးသတ္တိတို့မှာ မပျောက် မပျက် ဆက်လက်တည်ရှိနေမြဲဖြစ်သည်။
ပမာဆိုရသော် ပုဂံခေတ်က မြန်မာနိုင်ငံတွင် မြန်မာ့လူ့အဖွဲ့အစည်းနေထိုင်ခဲ့သလို ယခုခေတ်တွင်လည်း မြန်မာ့လူ့အဖွဲ့အစည်းပင် နေထိုင်လျက်ရှိသည်သာဖြစ်သည်။ သို့သော် ယခုခေတ်မြန်မာများသည် ပုဂံခေတ်က မြန်မာများ မဟုတ်တော့ချေ။ သို့လင့်ကစား ပုဂံ ခေတ်ကမြန်မာတို့ ပြုခဲ့သမျှကောင်းကျိုး ဆိုးပြစ်တို့ကိုကား ယခုခေတ်မြန်မာတို့အနေနှင့် အလိုရှိသည်ဖြစ်စေ အလိုမရှိသည်ဖြစ်စေ အမွေဆက်ခံကြရစမြဲ ဖြစ်သည်။
ထို့အတူပင် သက်ရှိတို့၏စိတ်အစဉ်သည် အတိတ်ကာလကပင်ရှိခဲ့သလို မျက်မှောက်ကာလမှာလည်း မိမိတို့ရုပ်ခန္ဓာနှင့်အတူ တည်ရှိ နေပေသည်။ သို့သော် အတိတ်ကာလက စိတ်အစဉ်တွင်ပြုခဲ့သမျှ ကောင်းကျိုးဆိုးပြစ်တို့ကိုကား မျက်မှောက်ကာလ၏ စိတ်အစဉ်ဝယ် အလိုရှိသည်ဖြစ်စေ၊ အလိုမရှိသည်ဖြစ်စေ အမွေဆက်ခံရစမြဲပင် ဖြစ်တော့သည်။ ထို့ကြောင့် အတိတ်ကပါလာသော မကောင်းမှု(၀ါ) အပြစ်တို့သည် မျက်မှောက်ကာလ၌ အကျိုးပေးရန် အခွင့်သာသည်နှင့် ကာယကံရှင်အား ဆိုးကျိုးပေးတတ်ကြသည်။
ဤနေရာတွင် မကောင်းဆိုးရွားသော စေတနာတို့က သက်ရှိတို့အား မကောင်းဆိုးရွားသောအကျိုးကို ဖြစ်ထွန်းစေခြင်းနှင့် စပ်လျဉ်း၍ အနည်းငယ်ရှင်းလင်းတင်ပြရန် လိုအပ်လာပေသည်။
ဘ၀ဟူသည် အချိန်ကာလတိုင်းတွင် တွေ့ကြုံရင်ဆိုင်ရသည့် အခြေအနေများအပေါ် 'ရွေးချယ်ဆုံးဖြတ်မှုကလေး' များစွာဖြင့် တည် ဆောက်ထားခြင်း ဖြစ်ပေသည်။ ဘ၀တွင် ကြုံတွေ့ရသော အခြေအနေအရပ်ရပ်၊ ပြဿနာအသွယ်သွယ်ကို မှန်ကန်သော ရွေးချယ် ဆုံးဖြတ်မှုတို့ဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ရန် အလွန်အရေးကြီးလှပေသည်။
အဆုံးအဖြတ် တစ်ချက်မှားသည်နှင့် ဘ၀တစ်ခုလုံးကို ထိခိုက်စေနိုင်သည့် ကိစ္စများစွာရှိပေရာ ပြဿနာကြီးငယ်မဟူ မှန်ကန်စွာရွေးချယ် ဆုံးဖြတ်နိုင်စွမ်းရှိရန် အဓိကအရေးကြီးဆုံးကိစ္စမှာ ရွေးချယ်ဆုံးဖြတ်မည့် သူ၏ စိတ်အစဉ်သည် ရှင်းသန့်ကြည်လင်နေစေရန် အထူးလို အပ်ခြင်းပင် ဖြစ်သည်။
လောဘ၊ဒေါသ၊မောဟ ကင်းနိုင်သမျှ ကင်းအောင် မိမိကိုယ်ကို စောင့်ထိန်းလျက် ကောင်းမှုကိုသာ ပြုတတ်သူတို့၏ စိတ်အစဉ်နှင့် လောဘ၊ ဒေါသ၊ မောဟတရားတို့ အစဉ်ဖုံးလွှမ်းကာ မကောင်းမှုကိုသာ ပြုတတ်သူတို့၏ စိတ်အစဉ်သည် လွန်စွာကွဲပြား ခြားနား လှပေသည်။ကောင်းမှုပြုတတ်သူ၏ စိတ်အစဉ်သည် သန့်စင်ကြည်လင်သလောက် မကောင်းမှုပြုတတ်သူ၏ စိတ်အစဉ်မှာကား အမြဲတစေ ရှုပ်ထွေးနောက်ကျိလျက်ရှိသည်။ အပျော်အပါး အသောက်အစားတို့နှင့် ခေတ္တအားဖြင့် အာရုံလွှဲထားနိုင်သော်လည်း အတွင်းစိတ်အစဉ်မှာမူ ညစ်ညူးမှုဖြင့် အတိပြီးလျက်ရှိပေသည်။
ထိုသို့ စိတ်အစဉ်ဝယ် ရှုပ်ထွေးနောက်ကျိနေသူများသည် ၄င်းတို့၏ဘ၀တွင် ရင်ဆိုင်ကြုံတွေ့လာရသည့် ပြဿနာများကို ဖြေရှင်းသည့် အခါ အမှားမှားအယွင်းယွင်း ရွေးချယ်ဆုံးဖြတ်မိတတ်ကြသည်။မိမိအတွက် အကျိုးပျက်စေမည့်၊ ဘေးအန္တရာယ် ကျရောက်စေမည့် နည်း လမ်းကိုသာ လွဲမှားစွာရွေးချယ်မိတတ်ကြသည်။ မိမိ၏ စိတ်အစဉ်ဝယ် တန်ခိုးထွားခဲ့သည့် စိတ်စေတနာဆိုးတို့ အားကောင်းလျှင်ကောင်း သလို အစွမ်းပြနိုင်သည့် အခြေအနေပေးသည်နှင့် ထိုသူအဖို့ ကြီးစွာသော ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ရရှာတော့သည်။ ယင်းဆုံးရှုံးမှုများ သည် ထိုသူ၏ အတိတ်ကာလက စိတ်အစဉ်ဝယ်ဖြစ်ပေါ်ခဲ့သော စေတနာဆိုးများ၏ ရလဒ်ပင် ဖြစ်ပေသည်။
သို့ဖြစ်ပေရာ သဘာဝလောက၏ ဓမ္မနိယာမအရဆိုလျှင် သတ္တ၀ါတို့အား ကောင်းကျိုးဆိုးပြစ် ပြဌာန်းပေးနိုင်သည့် ဖန်ဆင်းရှင်ထာဝရ ဘုရားမရှိသလို အပြစ်ရှိ မရှိ စစ်ဆေး စီရင်ချက်ချမှတ်ပေးသည့် ယမမင်းဆိုသူမျိုးလည်း အမှန်တကယ်မရှိပေ၊ ရှိရန်လည်း မလိုအပ်ချေ။ သတ္တ၀ါမှန်သရွေ့ မိမိတို့ကျူးလွန်ခဲ့သော အပြစ်တို့အတွက် မိမိသာလျှင် သက်သေ၊ မိမိသာလျှင် တရားသူကြီးဖြစ်ကာ မိမိနှင့်ထိုက်တန် သော ပြစ်ဒဏ်ကိုလည်း မိမိဘာသာမိမိ စီရင်ကြရသည်မှာ ဓမ္မတာပင်ဖြစ်သည်။
သို့သော် သတ္တ၀ါတို့၏ ကိုယ်ရည်ကိုယ်သွေး အဆင့်အတန်း၊ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွင်း ကာလကြာရှည်စွာ အမြစ်တွယ် နေခဲ့သည့်အစွဲအလမ်း၊ အချိန်ကာလ၊ ဒေသ၊ အခြေအနေအရပ်ရပ်ပေါ် မူတည်၍ နာယူသူတို့အား သစ္စာတရားကို ပိုင်းခြားသိမြင်ရန် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းအား ရွေးချယ်ဆုံးမတတ်သော ဗုဒ္ဓမြတ်စွာသည် သူ၏ သုတ္တန်ဒေသနာအချို့တွင် ယမမင်းကို နိမိတ်ပုံတစ်ခုအဖြစ် ပါဝင်စေခဲ့ဖူးသည်။ ဤသည်ကို ကြိုးချည်မှတ်ကာ လောကတွင် သတ္တ၀ါတို့အား အပြစ်ကိုစစ်ဆေးစီရင်နိုင်စွမ်းရှိ သည့် တရားသူကြီးလို ယမမင်းမျိုး အစစ်အမှန်လောကတွင် တကယ်ရှိသည်ဟုကား မယူဆသင့်ချေ။ သတ္တ၀ါအပေါင်းအား သံသရာ ၀ဋ်ဆင်းရဲအပေါင်းမှ ကင်းလွတ်ရာတရားကို သိမြင်စေလိုခြင်းဟူသည့် မူလရည်မှန်းချက်ခရီး ပေါက်ရောက်စေရေးကို ရှေးရှု၍ ဥပမာ အလင်္ကာမြောက်စွာ ဟောကြားတော်မူတတ်သော ဗုဒ္ဓမြတ်စွာ၏ဆိုလိုရင်းကို လေ့လာသူတို့ရိပ်စားမိရန် အရေးကြီးလှပေသည်။
သို့ဖြစ်ပေရာ လောဘ၊ဒေါသ၊မောဟတရားတို့ မကင်းစင်သေးသမျှ သတ္တ၀ါတိုင်း၌ အပြစ်ရှိသည်ဆိုခြင်းကိုမူ အငြင်းပွားဖွယ်မရှိချေ။ သို့သော် ယင်းအပြစ်တို့သည် ဘုရားသခင် ပြဌာန်းသော ဥပဒေ ပညတ်ချက်တို့ကို ကျူးလွန်ဖောက်ဖျက်မိ၍ကား လုံးဝမဟုတ်ပါချေ။ အပြစ်ဟူသည် သတ္တ၀ါတို့၏စိတ်အစဉ်ဝယ် ပေါ်ပေါက်ခဲ့သော ဆိုးယုတ်သည့်စေတနာတို့၏ရလဒ်ပင် ဖြစ်တော့သည်။ အချို့အယူဝါဒ များက ခံယူထားသလို အပြစ်ဟူသည် ကမ္ဘာဦးက ထာဝရဘုရား ဖန်ဆင်းပေးလိုက်သည့် ဇနီးမောင်နှံက ထာဝရဘုရား၏ ပညတ်ချက် တို့ကို ဖောက်ဖျက်မိရာမှ စတင်ဖြစ်ပေါ်လာပြီး ယင်းအပြစ်ကို လူ့မျိုးနွယ်တစ်ခုလုံး သားစဉ်မြေးဆက် ခံစားသွားရမည်ဟူသော အယူ အဆသည်လည်း ယုတ္တိမတန်တော့ချေ။ ယင်းအယူအဆသည် မျိုးရိုးလိုက်တတ်သော ရုပ်ပိုင်းဆိုင်ရာ 'ဗီဇနိယာမ' နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သည့် စိတ်ပိုင်းဆိုင်ရာ 'စိတ္တနိယာမ' တို့ကို ရောထွေးစိတ်ကူးခဲ့သော အယူဝါဒတစ်ရပ်သာ ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ ပြုမိခဲ့သမျှအပြစ်တို့မှ ကင်းလွတ်ငြိမ်းရန်မှာ ဖန်ဆင်းရှင်ထာဝရဘုရားနှင့်တကွ တန်ခိုးရှင်တို့အား ကိုးကွယ် တိုးလျှိုးတောင်းပန်ခြင်းသည် အချည်းနှီးသောလုပ်ရပ်များသာ ဖြစ်သည်။ ထို့အတူ မြင့်မြတ်လှပါသည်ဆိုသော မြစ်ကြီးများအတွင်း ရေချိုးဆင်းသူများလည်းရှိပေရာ သူတို့၏ရုပ်ခန္ဓာတွင် တွယ်ကပ်နေသောကြေးညှော်များ ကွာကျကောင်း ကွာကျသွားနိုင်ပေလိမ့်မည်။ စိတ်ဖြင့် ဦးဆောင်ကျူးလွန်ခဲ့၍ စိတ်အစဉ်တွင် ငြိစွန်းနေသည့် စေတနာဆိုးတို့ကိုကား ခွာချ၍မရနိုင်ချေ။ မိမိ၏ စိတ်အစဉ်တွင်ရှိနေ သော အပြစ်များကုန်ခန်းသွားရန်အလို့ငှာ မိမိကိုယ်ကို ညှဉ်းဆဲခြင်း၊ အပျော်အပါးအသောက်အစား ကာမဂုဏ်အာရုံများဖြင့် လွှမ်းခြုံ ခြင်းတို့ဖြင့်လည်း မစွမ်းသာပေ။
ဤသို့ဆိုလျှင် သတ္တ၀ါတို့ပြုခဲ့သမျှ မကောင်းမှုတို့ကြောင့် ဖြစ်ထွန်းလာသည့် အပြစ်တို့၏ဒဏ်ကို သတ္တ၀ါအပေါင်း ခေါင်းငုံ့ခံကြရန်မှ တစ်ပါး အခြားမည်သို့မျှ မတတ်စွမ်းနိုင်တော့ပြီလောဟု မေးဖွယ်ရှိပေသည်၊ ဤသို့ကားမဟုတ်ချေ။
ဗုဒ္ဓ၀ါဒသည် ကံကြမ္မာဝါဒ (Fatalism) မဟုတ်သလို ဗုဒ္ဓ၀ါဒီများသည်လည်း အတိတ်ကံပြုသမျှနုကြရမည်ဟု တထစ်ချစွဲမှတ်ယူရန် မဟုတ်ပေ။
သတ္တ၀ါတို့သည် အပြစ်ကိုဖန်တီးခဲ့သူများဖြစ်သလို ယင်းအပြစ်တို့မှကင်းလွတ်ငြိမ်းအောင် ဆောင်ကြဉ်းနိုင်သူများမှာလည်း ယင်း သတ္တ၀ါများ ကိုယ်တိုင်ပင်ဖြစ်သည်။
သက်ရှိသတ္တ၀ါများ ဖြစ်ကြကုန်သော ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကျူးလွန်ခဲ့မိသမျှ အပြစ်တို့မှလွတ်ငြိမ်းလိုပါလျှင် ယင်းအပြစ်တို့ကို ကျူး လွန်စဉ်ကဖြစ်ပေါ်ခဲ့သည့် စိတ်စေတနာဆိုးများထက် အရှိန်အ၀ါကြီးမားလှသည့် စိတ်စေတနာကောင်းများကို မွေးမြူကြရန်သာ ဖြစ်ပေ သည်။ ထိုသို့စိတ်စေတနာကောင်းများ မွေးမြူနိုင်ရန်မှာလည်း မိမိတို့၏စိတ်အစဉ်ကို ညစ်ညူးအောင် အရောင်ဆိုးပေးမည့် လောဘ၊ ဒေါသ၊ မောဟဆိုင်ရာ စိတ်ဆိုးစိတ်ယုတ်များ ပေါ်ပေါက်မလာအောင် သတိတရားလက်ကိုင်ထားလျက် ဖယ်ရှားသန့်စင်ပစ်ကြ ရပေ မည်။ စိတ်ဆိုး စိတ်ယုတ်များကို ဖယ်ရှား သန့်စင်ပစ်နိုင်သည်နှင့်အမျှ ကျွန်ုပ်တို့၏ စိတ်အစဉ်သည် သန့်စင်ကြည်လင်လာပြီး စိတ် ကောင်း စိတ်မြတ်များက အစားထိုးနေရာယူလာကြပေလိမ့်မည်။
စိတ်ကောင်း စိတ်မြတ်များ တန်ခိုးထွားလာသည်နှင့်အမျှ စိတ်ဆိုးစိတ်ယုတ်တို့သည်လည်း အရှိန်အ၀ါ မှေးမှိန်သွားပေမည်။ ဤနည်း အားဖြင့် ကျွန်ုပ်တို့ အတိတ်ကပြုခဲ့သမျှ စေတနာဆိုးတို့၏ တန်ခိုးသတ္တိကို သူ့ထက်သာလွန်အားကောင်းသော ပစ္စုပ္ပန်စေတနာကောင်း တို့၏ တန်ခိုးသတ္တိက လွှမ်းမိုးချေဖျက်ကာ ကျွန်ုပ်တို့ကျူးလွန်ခဲ့သမျှအပြစ်တို့မှ ကင်းလွတ်ငြိမ်းနိုင်ပေသည်။
သို့သော် ဘ၀ခရီးတစ်လျှောက် မမြင်မစမ်း လျှောက်လှမ်းခဲ့ကြရကုန်သော ကျွန်ုပ်တို့၏စိတ်အစဉ်ဝယ် ဖြစ်ပေါ်ခဲ့သည့်စေတနာတို့သည် အကောင်းထက်အဆိုးကသာ များခဲ့ပေသည်။ ထို့ကြောင့် အရိယာသူတော်စင်ကြီးများသော်မှ မျက်မှောက်ကာလတွင် အပြစ်ဟူ၍မြူမျှ မတင်အောင် စောင့်စည်းထားနိုင်ခဲ့၊ စိတ်စေတနာကောင်းများ မွေးမြူထားနိုင်ခဲ့ကြသော်လည်း အတိတ်ကာလများစွာက ထုထည်ကြီးမား စွာ ရှိနေခဲ့သည့် စိတ်စေတနာဆိုးတို့၏ မကုန်ခန်းနိုင်သေးသော အရှိန်အ၀ါ၏ဒဏ်ကို နောက်ဆုံးအချိန်၌ပင် ခံစားသွားခဲ့ကြရဖူးပေသည်။
သို့ဖြစ်ရာ အပြစ်တို့မှ တတ်နိုင်သရွေ့ကင်းလွတ်လိုသော၊ အပြစ်များကိုလည်း မဖြစ်ထွန်းစေလိုသောသူတို့အနေဖြင့် မိမိတို့၏ စိတ် အစဉ်တွင် ဆိုးယုတ်သည့်စေတနာများ ပေါ်ပေါက်မလာအောင် မိမိစိတ်ကိုမိမိ သတိတရားဖြင့် စောင့်ကြည့်ထိန်းကွပ်ပေးရန် အထူး လိုအပ်လှပေသည်။
ဤသို့ မိမိတို့၏ စိတ်အစဉ်ဝယ် လောဘ၊ဒေါသ၊မောဟဆိုင်ရာ စိတ်ဆိုး၊ စိတ်ယုတ်များ ပေါ်ပေါက်မလာအောင် မိမိစိတ်ကိုမိမိ အသိ တရားဖြင့် ထိန်းကွပ်ခြင်းသည် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့် သစ္စာဥာဏ်ရရာ အကြောင်းခုနှစ်ပါး (ဗောဇ္ဈင်ခုနှစ်ပါး) အနက်မှ ပဓာန အကျဆုံးဖြစ်သည့် သတိသမ္ဗောဇ္ဈင်ကို ပွားများရာလည်း ရောက်ပေသည်။
သတိသမ္ဗောဇ္ဈင်ကို ဆောင်ကြဉ်းအားထုတ် ပွားများခြင်းဖြင့် ကျန်ဗောဇ္ဈင်ခြောက်ပါးကလည်း အလိုအလျောက်လိုက်ပါ ပြည့်စုံလာပေ လိမ့်မည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် မိမိတို့ပြုခဲ့မိသမျှ အပြစ်အပေါင်းမှ ကင်းလွတ်ချမ်းသာခွင့် ရရှိနိုင်ရုံသာမက အပြစ်ဖြစ်ရာ အကြောင်းတရားမှန်သမျှတို့မှ ထာဝရကင်းဝေးရာ သစ္စာတရားကို သိမြင်ပိုင်ဆိုင်သည်အထိ ဘ၀၏အမြင့်မားဆုံးပန်းတိုင်ကိုပင် လှမ်းကိုင်နိုင်မည် ဖြစ်ပေတော့သည် ။ ။
ဝင်းသိန်းဦး
(၇-၇-၉၁)
ဓမ္မရံသီ၊ ၁၉၉၁ခုနှစ်၊ အောက်တိုဘာလ။
No comments:
Post a Comment