အများအားဖြင့်အနုပညာရှင်များက စီးပွားရေးလုပ်ငန်းပညာရှင်များ ကိုငွေမက်သူတွေဟု မြင်ကြသည်။ ဟောလိဝုဒ်ကရိုက်ကူးထုတ်လုပ်လိုက်သည့်ရုပ်ရှင်ဇာတ်လမ်းတွေကိုကြည့်လျှင်လည်းစီးပွားရေးသောင်းကျန်းသည့်ကိစ္စများ၊ဘဏ္ဍာရေးလုပ်ငန်းများအကြောင်း၊မူးယစ်ဆေးဝါးလုပ်ငန်းများအကြောင်း၊ သရေစာများအကြောင်း၊ဖေ့စ်ဘွတ်အကြောင်း၊ ဟောလိဝုဒ်အကြောင်းစသည့်စီးပွားရေးလုပ်ငန်းများအကြောင်းသာ ပါသည်။ သို့ဖြစ်ရာအနုပညာရှင်များက စီးပွားရေးလုပ်ငန်းများကို ဝေဖန်သောအချို့သည်ဒတ်ထိမှန်တတ်သည်။ နာလိုခံခက်စရာတွေ ဖြစ်နေသည်။
တစ်ဘက်တွင် စီးပွားရေးလုပ်ငန်းရှင်များကလည်း အနုပညာရှင်တွေကိုဟန်ဆောင်ပန်ဆောင်လုပ်နေသူတွေဟာ မြင်ကြသည်။ တစ်ခါတရံ၌ကြွယ်ဝချမ်းသာသောသူဋ္ဌေးများက ခေတ်ပေါ်အနုပညာအသုံးအဆောင်များ၊ပန်းချီကားများကို ၄င်းတို့၏ စည်းအဝေးခန်းမများ၊ နံရံများပေါ်၌ချိတ်ဆွဲတတ်ကြသည်။ တစ်ခါတရံတွင် ပြဇာတ်များသွားကြည့်တတ်ကြသည်။ အနုပညာရှင်မိတ်ဆွေအချို့ကို အကူအညီပေးတတ်ကြ၊ ချက်လက်မှတ်တွေ ထုတ်ပေးထားကြသည်။သို့သော်လည်း အနုပညာခံစားရာမှ စိတ်အားထက်သန်မှု၊စိတ်တက်ကြွမှုတွေဖြစ်ပေါ်နိုင်သည်ကို အလေးအနက် သဘောမပေါက်ကြ။
ထိုသို့ တစ်ဖက်သက်ဘက်လိုက်နေမှုများသည်စီးပွားရေးလုပ်ငန်း ပညာသင်တက္ကသိုလ်များက သင်ကြားပေးလိုက်သော သင်ခန်းစာများအပေါ်တွင် အခြေခံသည်။ ထိုကျောင်းများ၌ ကိန်းဂဏန်းတွေ၊စည်းမျဉ်းစည်းကမ်းတေကိုသင်ကြားပေးသည်။ လက်တွေ့နယ်ပယ်၌ရောက်သည့်အခါပိုဆိုးလာသည်။ သူဌေးတွေက နောင်လာနောက်သားတွေ၊ လက်အောက်ငယ်သားတွေကို ရေတွက်၍မရလျှင် အရေးမပါဟု သင်ပေးကြသည်။
၃လပတ်အခြေအနေ၊၄လပတ်အခြေအနေကိုကြည့်ပြီး တော့ရှယ်ယာဈေးကွက်တွင် အတက်အကျဖြစ်စေသည်။ အခြားမည်သည့်ကိစ္စမျှ အရေးမပါဟု မြင်ကြသည်။ မန်နေဂျာများ စာဖတ်သည့်အခါ၌လည်း အနုပညာအကြောင်း သိပ်မဖတ်ကြ။စီးပွားရေးလုပ်ငန်းအကြောင်းတွေကို အလေးထား၍ ဖတ်ကြသည်။ သို့သော် မကြာမီက အနုပညာနှင့် စီးပွားရေးလောကတို့ ကွာခြားချက်ကျဉ်းမြောင်းလာသည့် အရိပ်အယောင်အချို့ကို တွေ့ရသည်။ စီးပွားရေးလုပ်ငန်းဆိုင်ရာစာပေများ ထုတ်ဝေနေသည့် ထုတ်ဝေသူများကအနုပညာနှင့်ပတ်သက်သော စာအုပ်တချို့ကို ထုတ်ဝေလာကြသည်။စီးပွားရေးလုပ်ငန်းပညာသင်တက္ကသိုလ်များကလည်း အနုပညာမှလေ့လာဆည်းပူးစရာများကို ဖော်ထုတ်ရန် ကြိုးစားလာကြသည်။ အနုပညာမှမည်သို့အကျိုးရှိနိုင်ကြောင်း အကြံပေးသော အတိုင်ပင်ခံလုပ်ငန်းများလည်းထွက်ပေါ်လာခဲ့သည်။ အမှန်တကယ်လည်း စီးပွားရေးလုပ်ငန်းများအနေဖြင့် အနုပညာလောကမှအလေးအနက်ထားသင်ယူစရာတွေ ရှိနေသည်။ အချို့လေ့လာသူများအဆိုရဆိုလျှင်အနုပညာရှင်အတော်များများသည် အလွန်ပြောင်မြောက်သောစွန့်စားတီထွင်လုပ်ငန်းရှင်များ ဟု ယူဆသည်။ ဖောက်သည်အသစ်တွေဖော်ထုတ်နိုင်ကြသည်။ အနုပညာ ထုတ်လုပ်ပုံထုတ်လုပ်နည်းတွေကိုပြောင်းလဲပစ်နိုင်ကြသည်။ အခြားအနုပညာရှင်များ၊ ပန်းချီဆရာများ၊ပရိဘောဂထုတ်လုပ်သူများထက် ပို၍မြန်ဆန်အောင် ထုတ်လုပ်နိုင်သူများေ ပ်ါပေါက်လာသည်။ ကြွယ်ဝချမ်းသာသည့် အနုပညာလက်ရာစုဆောင်းမှုများ၊ငွေပုံပေးရသည့် အနုပညာကိရိယာများကို ထုတ်လုပ်နိုင်ကြသည်။ လေလံဆိုင်များသို့လည်း တင်၍ရောင်းကြသည်။ နာမည်ကျော်လီမင်ဘရားသားစ်ဘဏ်ကြီးပြိုကွဲသည့်အချိန်၌ပင်လျှင် ဒေါ်လာသန်းရာချီ၍ရအောင်ဆောင်ရွက်နိုင်သည့် အနုပညာရှင်များကို လျှော့တွက်၍ မရ။
အနုပညာကို လေ့လာခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ဆက်သွယ်ရေး၊ ဆက်ဆံရေးကိုပို၍အောင်မြင်စေနိုင်သည်။ လုပ်ငန်းရှင်အတော်များများက သတင်းစကားပါးရန်၊ လက်လှမ်းမီရန်အသည်းအသန်ကြိုးစားကြသော်လည်း အောင်မြင်မှုအနည်းငယ်မျှသာ ရှိကြသည်။အနုပညာရှင်များ၏ လက်ရာအချို့က ပို၍ထိရောက်သည်။ တကယ်တော့ ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးစီးပွားရေးသမားများသည်ပုံပြောကောင်းကြသူများဖြစ်သည်။ သို့သော်လည်းစီးပွားရေးလုပ်ငန်းပညာသင်တက္ကသိုလ် အများစုက မည်သို့ထုတ်လုပ်မည်၊၄င်းတို့၏ ထုတ်ကုန်များကို မည်သို့နေရာချမည်ကို ပို၍ အပင်ပန်းခံသင်ပေးကြပြီး၊ ထိုထုတ်ကုန်များ မည်သို့အဓိပ္ပာယ်ပေါက်သည်ကိုရှင်းပြခြင်းမပြုနိုင်ကြ။
အနုပညာကို လေ့လာခြင်းအားဖြင့် ကုမ္ပဏီများသည်ထူးချွန်ထက်မြက်သည့်သူများအား မည်သို့စီမံခန့်ခွဲရမည်ဖြစ်ကြောင်း သိရှိရန် အထောက်အကူဖြစ်စေနိုင်သည်။ ယနေ့ခေတ်တွင်ထိပ်တန်းကုမ္ပဏီကြီးများအများစု၌ စီမံခန့်ခွဲရခက်သည့် လူတော်များဖြင့် လွှမ်းမိုးနေကြသည်။ သူတို့ကို မန်နေဂျာတွေက ခိုင်းစေခြင်းကိုမကြိုက်။မန်နေဂျာတွေကို သူတို့က လူပျင်းတွေ၊ လူဖျင်းတွေအဖြစ် မြင်သည်။ အပတ်စဉ်သုံးသပ်ချက်များတင်သွင်းရန် ငြင်းပယ်သည်။ တကယ်တော့ အနုပညာလောကတွင် ထိုသို့ ပြောရဆိုရခက်သည့်သူများနှင့်ဆက်ဆံရသည့်အတွေ့အကြုံ နှစ်ပေါင်းရာချီပြီးရှိနေသည်။ အလွန်ခဲယဉ်းသည့်စာရေးဆရာများထံမှ လက်ရာကောင်းမျာထွက်ပေါ်ရန် ထုတ်ဝေသူများကကြိုးပမ်းခဲ့ကြသည်။ အလွန်မုန်းသည့် မင်းသားများနှင့်တွဲရန်၊မင်းသမီးများကို ဒါရိုက်တာများက ဆွဲဆောင်နိုင်ခဲ့ကြသည်။ သို့ဖြစ်ရာ၎င်းတို့ထံမှ လေ့လာဆည်းပူးစရာတွေ များစွာရှိသည်။ အနုပညာကို လေ့လာခြင်းအားဖြင့် အကြီးမားဆုံးသော အကျိုးကျေးဇူးတစ်ခုရစရာရှိသည်။ ထိုအကျိုးကျေးဇူးမှာ စီးပွားရေးလုပ်ငန်းတွေပို၍တီထွင်ကြံဆတတ်ရန်ဖြစ်သည်။ ကုမ္ပဏီတွေက အကြံဉာဏ်သစ်တွေကို လိုချင်ကြသည်။ မကြောက်မရွံ့အလုပ်လုပ်ရန် ၀န်ထမ်းတွေကို အားပေးကြသည်။ ထိုသို့တီထွင်ဖန်တီးမှုရှိရန် ကြိုးစားရာ၌ တီထွင်ဖန်တီးမှုရှိသော လုပ်ငန်းများမှလေ့လာဆည်းပူးစရာတွေရှိသည်။ ခေတ်ပေါ်အနုပညာရှင်တွေက ဓာတ်ပုံပညာကိုအသုံးချနိုင်ခဲ့သည်ကို တွေ့ရသည်။ ဟယ်ရီပေါ်တာကိုရေးခဲ့သည့်ဂျေကေရိုးလင်းလိုပုဂ္ဂိုလ်မျိုးသည် ထုတ်ဝေသူများက ၄င်း၏၀တ္ထုများကိုငြင်းပယ်နေသည့်ကြားမှာပင် ဆက်၍ကြိုးစားခဲ့ကြ၊ ရေးနေခဲ့ကြသည်။ဤသင်ခန်းစာများကို စီးပွားရေးလောကက လေ့လာဆည်းပူးသင့်သည်။
တစ်ဖက်၌လည်း အနုပညာရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများအကြောင်းကိုပို၍ လေ့လာသင့်သည်။ တကယ်တော့ ကူးသန်းရောင်းဝယ်ရေးပညာရှင်တွေသည် လူ့ဘ၀၊လူ့အတွေ့အကြုံ၏ အဓိကနေရာတွင် ပါဝင်သည်။ လူသန်းပေါင်း ထောင်ပေါင်းများစွာတို့ကလည်း နေ့စဉ် စီးပွားရေးလုပ်ငန်းများကိုလုပ်နေကြသည်။ သို့ဖြစ်ရာ စီးပွားရေးလုပ်ငန်းများကို အနုပညာရှင်များအနေဖြင့် ပို၍လေ့လာသင့်သည်။
ခင်မောင်ညို(ဘောဂဗေဒ)
No comments:
Post a Comment