Wednesday, March 16, 2011

လေကြောင်းခရီးသွားရန် အိတ်ထည့်သောအခါ ဆောင်ရန်ရှောင်ရန်များ

နွေရာသီ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ ခရီးသွားကြတဲ့အခါ အထူးသဖြင့် လေယာဉ်စီးပြီး ခရီးနှင်တဲ့အခါ သင့်ရဲ့ ခရီးဆောင် အိတ်ကို တခြားသူ မှားမဆွဲမိစေရန်နဲ့ အကယ်၍အိတ်မှားဆွဲသွားခြင်း၊ အိတ်ပျောက်ဆုံးသွားခြင်းဖြစ်ပေါ်ပါကလည်း အိတ်ပြန်ရအောင် မျက်စိသူငယ်နားသူငယ်နဲ့ ဒုက္ခမရောက်အောင် အကူအညီပေးနိုင်တဲ့ နည်းလမ်းကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။

Do's

အိတ် ထင်ရှားနေပါစေ

သင့်ရဲ့အိတ်ကို အလွယ်တကူရှာတွေ့အောင် အများနဲ့မတူတဲ့ အိတ်အရောင် (ဥပမာ - အနီရောင်၊ အ၀ါရောင်) အသုံးပြုပါ။ အရောင် တောက်တောက်မကြိုက်ပါက ပုံမှန်အိတ်အနက်ရောင်၊ နက်ပြာရောင်မှာ အလွယ်တကူ သတိပြုမိနိုင်တဲ့အမှတ်အသား (ဥပမာ - ဖဲကြိုး အနီချည်ထားခြင်း)ပြုလုပ်ပါ။ အနက်၊အညိုနဲ့ အပြာရောင်အိတ်တွေဟာ အများအသုံးပြုတဲ့အရောင်တွေဖြစ်တဲ့အတွက် ကိုယ့်အိတ်ကို အခြားသူမှားဆွဲခြင်း၊ သူများအိတ်ကို ကိုယ်မှားဆွဲခြင်းတို့ဖြစ်လာနိုင်ကာ အိတ်ပျောက်သွားနိုင်ပါတယ်။

နာမည်နဲ့ဆက်သွယ်ရမယ့်လိပ်စာရေးထားပါ

သင့်ရဲ့ခရီးဆောင်အိတ်မှာ သင့်နာမည်၊လိပ်စာ၊ဖုန်းနံပါတ်အပြည့်အစုံထည့်ရေးထားပါ။ သင်သွားမယ့်မြို့မှာတည်းမယ့်ဟိုတယ်အမည်နဲ့ လိပ်စာကိုထည့်ရေးထားပါ။ ပိုကောင်းပါတယ်။ အိတ်အတွင်းမှာထည့်ထားသင့်သလို အပြင်မှာလည်း ကတ်ပြားချိတ်ထားသင့်ပါတယ်။ ဒါမှ မတော်တဆ အိတ်မှားဆွဲတာမျိုးဖြစ်ခဲ့ရင် အိတ်ပြန်ရမှာပါ။

ကတ်ပြားအဟောင်းတွေ ဖယ်ရှားထားပါ

အရင်ခရီးထွက်စဉ်တုန်းက အသုံးပြုခဲ့တဲ့ ကတ်ပြားဟောင်းတွေကို ဖယ်ဖို့မမေ့ပါနဲ့။ မဟုတ်ပါက ကတ်ပြားတွေများပြီး ဘယ်ပြန်ပို့ရမှန်း မသိကာ မျက်စိလည်သွားနိုင်ပါတယ်။

သေချာသော့ခတ်ထားပါ

ခိုင်ခံ့တဲ့သော့ခလောက်နဲ့ အိတ်ကိုသေချာခတ်ကာ သော့ကို ကိုယ်နဲ့မကွာထားပါ။ သင့်အိတ်ကိုရွေးတဲ့အခါ သော့ပျက်နေတာတွေ့ပါက သက်ဆိုင်ရာထံ အမြန်အကြောင်းကြားပါ။

အိတ်ရွေးတဲ့နေရာကို တိုက်ရိုက်သွားပါ

လေဆိပ်ရောက်ပြီး သက်ဆိုင်ရာဂိတ်တွေဖြတ်အပြီးမှာ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ငေးမနေဘဲ အိတ်ရွေးတဲ့နေရာကိုသာ အမြန်ဆုံး သွားပါ။ နောက်ကျမှရောက်ရင် တခြားသူမှားဆွဲခြင်း၊ အခိုးခံရခြင်းတို့ဖြစ်သွားနိုင်ပါတယ်။

Don't

အဖိုးတန်ပစ္စည်းတွေကို မထည့်ပါနဲ့

ပိုက်ဆံနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခရီးဆောင်အိတ်ထဲ မထည့်ထားပါနဲ့။ လက်ကိုင်အိတ် (hand carry) ထဲသာထည့်ပါ။ အဖိုးတန်ပစ္စည်း တွေ၊ ပတ်စပို့စ်၊ လက်ဝတ်ရတနာ၊ ပိုက်ဆံ၊ ကင်မရာ၊ သော့အစရှိတဲ့ အရေးကြီးပစ္စည်းတွေကို ကိုယ်နဲ့မကွာဆောင်ထားပါ။

သောက်နေကျဆေးတွေကို Luggage ထဲမထည့်ပါနဲ့

ကိုယ့်မှာရှိတဲ့ရောဂါဝေဒနာအတွက် မဖြစ်မနေသောက်ရမယ့်ဆေး၊ ဝေဒနာပြင်းထန်လာပါက မရှိမဖြစ်သောက်ရမယ့်ဆေးတွေကို ခရီး ဆောင်အိတ်ထဲမထည့်ဘဲ ကိုယ်နဲ့မကွာဆောင်ထားပါ။

မဆံ့မပြဲ မထည့်ပါနဲ့

အိတ်ထဲမှာ ထည့်ချင်တာများပြီး အိပ်သေးနေပါက မဆံ့မပြဲထည့်လိုက်တဲ့အခါ ကိုင်းကျိုးခြင်း၊ ဇစ်ပျက်ခြင်း၊ ဒေါက်ကျိုးခြင်း၊အိတ်ပြဲခြင်း တို့ဖြစ်သွားနိုင်ကာ တစ်ခါတစ်ရံ ပစ္စည်းတွေပါ ထွက်ကျနိုင်ပါတယ်။ တတ်နိုင်သမျှ ချောင်ချောင်ချိချိသာထည့်သွားပါ။ သွားလည်မယ့် နေရာမှာ လိုချင်တာတွေများပြီး ၀ယ်မိတဲ့အခါ အပြန်မှာပစ္စည်းတွေ များလာပါလိမ့်မယ်။

အရည်တွေကို hand carry အိတ်ထဲမထည့်ပါနဲ့

ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်စတဲ့ အရည်မှန်သမျှကို hand carry အိတ်ထဲမထည့်ပါနဲ့။ လေယာဉ်ကွင်းဝန်ထမ်းတွေ သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းခံရ ပါလိမ့်မယ်။ Luggage ထဲသာထည့်ပါ။ သယ်ရတာဝန်လေးပြီး စိမ့်ထွက်ကာ အ၀တ်အစားတွေ စွန်းထင်းစေနိုင်တဲ့အတွက် ဖြစ်နိုင်ပါက မသယ်ပါ နှင့်။ ကိုယ်သုံးနေကျပဲ သုံးတတ်လို့ သယ်ချင်ရင်လည်း ကိုယ်သုံးမယ့်ပမာဏကိုသာ ဘူးသေးထဲပြောင်းထည့်ပြီး သေချာထုပ်ပိုးပါ။

Refrence: The Chic Magazine March 2011

No comments: