Tuesday, May 6, 2008

Me and My Boyfriends

အတူယှဉ်တွဲပြီး နေလိုက်ချင်တယ် ဒီတစ်သက်မခွဲဘူး ၊ ဒီရင်မှာ ချည်နှောင်ထားတဲ့ အချစ်စိတ်က သက်ဆုံးထိတိုင်။

လူစိမ်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိကြပြီဆိုရင် သက်ဆုံးထိတိုင် အတူနေချင်ကြတာ၊ ချစ်ခင်နှစ်သက်လို ကြတာ စတဲ့ စိတ်ခံစားမှုတွေဖြစ်တည်မိမှာ အမှန်ပါပဲ။ တစ်ယောက်ရဲ့ အားသာချက်ကို လေးစားနှစ်သက်မိသလို၊ သူ့အားနည်းချက်ကိုလည်း ဖြေတွေးတွေးပေးနိုင်မှသာ ကိုယ့်အတ္တကိုလျော့ပေး မိနိုင်ပြီး အချစ်ဆိုတဲ့ စိတ်ခံစားချက် အစစ် အမှန်ဖြစ်တည်လမယ်လို့ ကျွန်တော်တော့ထင်မိပါတယ်။

ကျွန်တော့်ဘ၀မှာ အချစ်ဆုံးသူရယ်လို့ ထင်မိတဲ့ ချစ်သူသုံးယောက်ရှိခဲ့ဖူး ၊ရှိနေခဲ့ပါတယ်။ လူတစ်ယောက်ကို ချစ်မိပြီဆိုတဲ့ စိတ်ခံစားချက်ကို ပထမဆုံးချစ်သူဖြစ်တဲ့ Neoနဲ့တွေ့မှ စတင်ခံစားဖူးတာအမှန်ပါပဲ။ စကားပြောကောင်းတာ၊အရမ်းကို နွေးထွေးလှိုက်လှဲတဲ့ ဆက်ဆံမှုမျိုးနဲ့ ဆက်ဆံခံရတဲ့အတွက်(ပထမဦးဆုံး ရန်ကုန်ကိုလာတွေ့တဲ့ခရီးမှာပဲ) သူ့ကိုချစ်ခင်နှစ်လိုစိတ်ဖြစ်ပေါ်မိပါတယ်။ မိမိဘ၀မှာ အထီးကျန်စိတ်ခံစားမိနေချိန် သူနဲ့ဆုံရတာ ပျော်ရွှင်မိသလို အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ ငယ်ရွယ်သူ စိတ်ကူးအတိုင်းပါပဲ ခရီးဝေးကို မိသားစုမပါပဲ သွားခွင့်မရှိသလို မသွားခဲ့တဲ့ ကျွန်တော်ဟာ သူနဲ့နေ့စဉ်တွေ့နိုင်မယ်၊ ပျော်ရွှင်နိုင်မယ်ဆိုတဲ့ စိတ်ကူးသက်သက် ရန်ကုန်ဆိုတဲ့ နယ်မြေစိမ်းကို တစ်ယောက်တည်းခြေချခဲ့ပါတယ်။

အရမ်းကို နီးကပ်သွားရင် အရမ်းကို ဝေးကွာသွားမှာ အမှန်ပဲ.....ဆိုတဲ့ စကားအဓိပ္ပာယ်ကို ရန်ကုန်မှာနေလာတဲ့ သက်တမ်းတစ်လျှောက်မှာ ပိုသိလာရပါတယ်။ မိမိချစ်မိသူရဲ့ စိတ်၊အကြိုက်တွေကို သိအောင်ကြိုးစားသလို နီးကပ်အောင်ကြိုးစားမိတာနဲ့ ကျွန်တော်ဟာ သူနဲ့အဝေးကွာဆုံးနေရာကို ရောက်ရှိသွားသလိုခံစားခဲ့ရပါတယ်။ ပေါ်ပြူလာဖြစ်အောင် နေတယ်၊ ပေါ်ပြူလာဖြစ်တာကိုသာ ကြိုက်နှစ်သက်သူနဲ့ ကျွန်တော့်လို နှစ်ကိုယ်ကြားတီးတိုးဆိုနေရ တာကို နှစ်သက်သူ ဘယ်သူ့အလွန်မှမဟုတ်တဲ့ လွန်ဆွဲပွဲ အဖြေကို သယ်သူမှ မဖြေမိခင် အဖြေထုတ်လိုက်ပါတယ်။ သူငယ်ချင်းအဖြစ်သာ နေထိုင်ကြပါစို့။သူ့ဖက်က လမ်းခွဲစကားမပြောပေမဲ့ အေးစက်လာတဲ့ ၊လျစ်လျူလျှုမှုတွေများလာတဲ့ ဆက်ဆံရေးနဲ့အတူ မိမိကို ချစ်သူအဖြစ်သဘောမထားခဲ့ကြောင်း သိလာရတော့မိမိဖက်က အချစ်စိတ်တွေကိုလျော့ သူ့အကြိုက်သိ အတွင်းစိတ်ကိုနားအလည်ဆုံး သူငယ်ချင်းအဖြစ်သာ သက်ဆုံးတိုင်ရပ်တည်နေမည်သာ။

လူတစ်ယောက်ကိုမနှစ်သက်တော့ရင် သူ့ရဲ့အပြစ်တွေကို အမှတ်ထင်ထင်ဖြစ်လာမိတတ်တယ်...
လူတစ်ယောက်နဲ့ ချစ်သူခင်သူဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့အပြစ်ဟူသမျှ မြူမှုန်အဖြစ်လောက်တောင် မမြင်မိတတ်ကြတာအမှန်ပါပဲ။ လူတစ်ယောက်ကို မချစ်ခင် မနှစ်သက်တော့တာနဲ့အမျှ သူ့ရဲ့အတ္တကြီးမှု၊တစ်ကိုယ်ကောင်းဆန်တာတွေကို တရေးရေးမြင်ယောင်စိတ်ပျက်မိတာနေ့စဉ်အမျှ၊ ဒီလို...ဒီလိုအချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ အစ်ကိုလိုတစ်မျိုး ချစ်သူလိုတစ်သွယ်ချစ်ရမယ့်သူအဖြစ် ခံစားမိပြန်တဲ့ ကိုဆန်နီနဲ့ တွေ့ရပြန်တယ်။

No comments: