Wednesday, June 19, 2019

ထည့်မတွက်မိကြတဲ့ emotional costs (စိတ်ခံစားမှု အဖိုးအခ)


•••••••••••••••••••••••••••••••••••
စာရေးသူ : Thit Taw @ ဂျွန်မိုးစက်

တစ်ချို့တွေ ကြုံဖူးကြမယ်ထင်ပါတယ်။ အိမ်မှာ မီတာခမကုန်သင့်တာမကုန်ရအောင် မီးခလုတ်တွေကို ဂရုစိုက်ပိတ်ဖို့၊ အလေအလွင့်မရှိအောင် မီးဖိုချောင်ကို ထိန်းသိမ်းဖို့၊ ကိုယ့်အိမ်ရေတိုင်ကီထဲမှာ ရေမပြတ် သွားအောင် ရေကို သတိတရအမြဲတင်ဖို့ စသဖြင့် လုပ်ကြရတဲ့ဟာတွေ။ ဒါတွေအားလုံးက ကောင်းတဲ့ လုပ်သင့်တဲ့အရာတွေ (ကျင့်ဝတ်တွေ) ပါပဲ။ ဒါပေမယ့် အဲဒီအရာတွေကို လိုတာထက်ပိုပြီး အလွန်အကျွံဂရုစိုက် လုပ်ဆောင်ပြီး ကိုယ်တိုင်လည်း လုပ်၊ တခြားသူတွေကိုလည်း အတင်းလုပ်ခိုင်းတာတွေ အိမ်တွေ၊ မိသားစုတွေမှာ ကြုံရတတ်ပါတယ်။
.
ပိုပြီးမြင်သာအောင် အောက်က စာလေးကို ဥပမာအနေနဲ့ဖတ်ကြည့်ပါ (စာထဲမှာပါတဲ့ဟာတွေက ဗဟုသုတ ရစေတဲ့အချက်အလက်တွေဆိုတာ မငြင်းပါ)။
.
“ဟေ့!.ထမင်းရည်ကြည်ကိုမသွန်ပစ်ရဘူး........နင်တို့ သောက်သင့်တယ်....မနက်စာစားရင်းတစ်ခွက်လောက် သောက်လိုက်ရင်လိုအပ်တဲ့ Vitaminတွေအလကားရ တယ်လေ.....ငါ့အတွက်ဖယ်ပြီးနင်တို့လဲသောက်ချင်ရင် သောက်ကြ...ဒီတိုင်းမကြိုက်ရင်နွားနို့နဲ့ရောသောက်...
သံပုရာအခွံတွေလွှင့်မပစ်နဲ့လေ..ပန်းကန်ဆေးဆပ်ပြာ ရည်ထဲထည့်....အနံလေးပိုကောင်းတာပေါ့..ညှီနံ့တွေ မနံတော့ဘူးလေ.... အများကြီးပိုနေလို့အမ.. ပိုရင် ဇကာလေးထဲထည့်ပြီးရေခဲသေတ္တာထဲထည့်ထား အနံ့ဆိုးမထွက်ဘူး...
ပြောင်းဖူးပြုတ်ရင် ရေသန့်နဲ့ပြုတ်နော်....ပြီးရင်ပြုတ်ရည် ကိုခွက်ထဲထည့်ထား...သောက်လို့ရတယ်...မသောက် ချင်ရင်အအေးခံပြီးအပင်တွေကိုလောင်း...
ထမင်းကြမ်းတွေသွန်မပစ်နဲ့လေ....ရေနွေးကျို ပြီးဆူရင် ပြန်ထည့်...ပြန်ဌဲ့ရင်အသစ်လိုပြန်ဖြစ်တယ်...ထမင်း ကြော်စားကြ.....မစားချင်ရင် ဗန်းလေးနဲ့အခြောက်ခံ ထား.....ထမင်းခြောက်ကြော်စားလို့ရတယ်”
.
သူလုပ်ခိုင်းတဲ့၊ လုပ်ချင်တဲ့အရာဟာ ကိုယ့်သဘောနဲ့ကိုယ်လုပ်နိုင်ရင်ကောင်းပါတယ်။ အလေအလွင့်မရှိအောင်လည်း လုပ်သင့်သလောက်အတိုင်းအတာကို လုပ်တာကောင်းပါတယ် ဒါပေမယ့် ဒီလိုအခြေအနေတွေမှာ ထည့်မတွက်မိ (မမြင်မိ) တတ်ကြတဲ့ အရာကတော့ emotional cost စိတ်ပိုင်းဆိုင်ရာအရ ပေးဆပ်ရမှု (ပေးရတဲ့ အဖိုးအခ) ပါပဲ (လွှင့်ပစ်လိုက်လို့ ကုန်သွားတဲ့ငွေထက် ဒီငွေကို နှမြောပြီး မလုပ်ချင်တာတွေကို လုပ်နေရတဲ့ စိတ်ပင်ပန်းမှုရဲ့ ဆုံးရှုံးမှုတန်ဖိုးပေါ့)။
.
ဒီလို လုပ်ဆောင်မှုမျိုးတွေကို ကိုယ်တိုင်လည်း လုပ်၊ သူများတွေကို လည်း လုပ်စေချင် (မလုပ်ရင် စိတ်တိုင်းမကျတဲ့) သူတွေဟာ OCD  လို့ခေါ်တဲ့ Obsessive Compulsive Disorder ဆိုတဲ့ စိတ်ရောဂါကို အနည်းနဲ့အများ ခံစားနေရတဲ့သူတွေ ဒါမှမဟုတ် ပိုက်ဆံအလေအလွင့် ဖြစ်မှာကို အလွန်အကျွံ စိတ်ပူသူတွေ (ရှိတဲ့ resources တွေကို အကျိုးရှိဆုံးဖြစ်အောင် maximize လုပ်ရမှ စိတ်ကျေနပ်သူတွေ) ဖြစ်နိုင်ပါတယ်။
.
OCD ဆိုတာကတော့ အသန့်အလွန်ကြိုက်တာ (ဆေးပြီးသား ပန်းကန်တွေကို ပြန်ထပ်ဆေးတာ)၊ စိတ်မချတာ၊ မလိုအပ်တဲ့အရာတွေအတွက် အမြဲတမ်း စိတ်ပူပြီး တနုံ့နုံ့ဖြစ်နေတာ (ရေမတင်ထားမိလို့ ရေမရှိတော့မှာကို သာမန်ထက်ပို အလွန်အကျွံ စိတ်မချဖြစ်ပြီး တစ်ချိန်လုံး ရေတင်နေတာ၊ သော့တွေခတ်ထားလား အကြိမ်ကြိမ် ပြန်သွားကြည့်နေတာ၊ လူမရှိတဲ့အခန်းတွေအကုန် မီးလိုက်ပိတ်နေတာ)၊ အားလုံးစီရီသပ်ရပ် တစ်ညီတစ်ညွတ်တည်းဖြစ်နေချင်တာ (စီစရာမလိုဘဲ အမျိုးအစားတူတဲ့အရာတွေကို စီပြီး ထားနေတာမျိုးတွေ) စတာတွေပါ။ အသေးစိတ်ကို သိချင်ရင် အောက်က လင့်ခ်မှာ ဖတ်ပါ။ https://www.facebook.com/lunge.media/posts/601119640260835
.
ပိုက်ဆံအလေအလွင့်ကို တစ်ပြားတစ်ချပ်မှ မရှိစေချင်တာက ပိုက်ဆံစုမိဖို့အတွက်တော့ ကောင်းပါတယ် (ငွေတော့ စုမိပြီးချမ်းသာရင်ချမ်းသာလာပါလိမ့်မယ်)။ ဒါပေမယ့် ဒါကြီးက ဝန်ထပ်ဝန်ပိုးတစ်ခုလို ကိုယ့်ကို အလွန်အကျွံဖိစီးနေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာမှာ ကုန်ကျဆုံးရှုံးမှုတွေရှိနေပါပြီ။ ငွေဟာ အရေးပါတဲ့အတွက် ငွေရှာခြင်း၊ ငွေစုခြင်းဟာ ကောင်းတဲ့အရာဖြစ်ပေမယ့် စုမိတဲ့ငွေရဲ့ တန်ဖိုးထက်ပိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကုန်ကျမှုတွေရှိနေရင်တော့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ (စတေးလိုက်ရတဲ့ relationship တွေ) အတွက် အဆုံးမှာ ညီမျှခြင်းချတဲ့အခါ မတန်ပါဘူး (1) (ဒီစိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးကုန်ကျမှုတွေကြောင့် ဖြစ်လာတဲ့ ရောဂါတွေအတွက် ရှာထားတဲ့ငွေတွေ ပြန်သုံးလိုက်ရတာတွေလည်း တွေ့ရတတ်ပါတယ်)။
.

ကိုယ့်ဗီဇနဲ့ အကျင့်ကြောင့်ကိုယ် ဒီလို လုပ်နေတဲ့သူတွေအတွက်ကတော့ သူတို့ကို ဒီ စိုးရိမ်ကြောင့်ကြမှု (anxiety) ဒါမှမဟုတ် စိတ်မလုံခြုံမှု (insecurity) တွေက မောင်းနှင်နေတဲ့အတွက် သူတို့ ခြေကုန်လက်ပန်းကျလည်း (မလုပ်ချင်ရင်လည်း) ဒါတွေကို ဆက်လုပ်နေကြမှာပါ။ ပြဿနာက သူတို့ကိုယ်တိုင် မလုပ်နိုင်တဲ့ အခြေအနေတွေမှာ စိတ်မှာ နေလို့မရတဲ့ခံစားမှုကြောင့် တခြားသူတွေကို အတင်းလုပ်ခိုင်းတာပါပဲ။
.
တခြားသူတွေအတွက်က သူတို့လို ဒါမလုပ်လို့ နေမထိထိုင်မသာ ခံစားနေရတာမဟုတ်တဲ့အတွက် ဒီအလုပ်တွေကို သူတို့စိတ်တိုင်းကျ လိုက်လုပ်ပေးရတာမှာ emotional cost ပိုများပါတယ်။ သာမန်လူတစ်ယောက်အတွက်က ရေတင်ဖို့ တစ်ခါလောက်မေ့သွားလို့ ရေပြတ်သွားတာကြုံရရင် စိတ်အနှောင့်အယှက်ဖြစ်မယ်၊ ဒီအတွက်လည်း ရေကို ပုံမှန် တစ်နေ့တစ်ခါလောက် သတိထားပြီးတင်မယ်။ ဒါပေမယ့် ၃ နာရီခြားတစ်ခါလောက် (ဒါမှမဟုတ် ရေတစ်ခါသုံးပြီးတိုင်း) ရေပြန်တင်နေတာမျိုး လုပ်မှာမဟုတ်ပါဘူး။ အဲလို လုပ်ရရင်ပိုပင်ပန်းပါတယ် (အဲလို ခဏခဏ တင်နေလို့ ရေမရှိချိန်တင်မိပြီး ရေပြန်ချူရတာမျိုးတွေ ဖြစ်လာရင် တစ်ခါလောက်ရေပြတ်သွားတာထက် ပိုပြီး ဒုက္ခများပါတယ်)။
.
ဒီတော့ စိတ်ပိုင်းဆိုင်ရာ ကုန်ကျမှု၊ အသုံးပြုရမှုက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ရေမရှိမှာ ကို စိတ်ဒုက္ခပိုများနေတဲ့သူရှိသလို၊ မလိုအပ်ဘဲ ရေတင်နေလို့ မလိုအပ်တဲ့ အလုပ်တွေပိုလာမှာကို စိတ်ဒုက္ခပိုများတဲ့သူလည်းရှိပါတယ်။ မီးခလုတ်တွေ သတိတရ မပိတ်မိလို့ မီတာခကုန်မှာကို စိတ်မသက် မသာဖြစ်သူတွေရှိသလို၊ မီးခလုတ်ကိုပိတ်ခဲ့ဖို့ တစ်ခါလောက်မေ့တာကို အပြစ်ကြီးတစ်ခုလို ဖြစ်မှာစိုးလို့ အတင်း သတိထားပြီး မီးလိုက်ပိတ်နေရတာတွေကြောင့် စိတ်ဆင်းရဲ စိတ်ပင်ပန်းရသူတွေလည်းရှိပါတယ်။
.
Emotional cost စိတ်ပိုင်းဆိုင်ရာ ကုန်ကျမှုဆိုတာက လူပေါ်မူတည်ပြီး မတူကြသလို အကြိုက်အပေါ်၊ အကျင့်တွေအပေါ်၊ ဗီဇတွေအပေါ်မူတည်ပြီးလည်း မတူကြပါဘူး။ တစ်ချို့ကုန်ကျမှုတွေဟာ လောဂျစ်ကျချင်မှလည်းကျပါလိမ့်မယ်။ ဥပမာ ကိုယ်သုံးနေကြ ပစ္စည်းအမှတ်တံဆိပ်တစ်ခုကနေ တံဆိပ်သစ်တစ်ခုကို ပြောင်းသုံးရမှာကို မသုံးချင်တာ (တံဆိပ်သစ်က ပိုကောင်းတယ်ဆိုရင်တောင်မှ)၊ အင်္ကျီ အသစ်တွေ ဝယ်ထားပေမယ့် ကိုယ်ဝတ်နေကြ အင်္ကျီကိုပဲ ဝတ်ချင်တာတွေဟာ အစွဲအလမ်းကြောင့်ဖြစ်တဲ့ emotional cost တွေပါ။ စိတ်ရဲ့ စွဲလမ်းနှစ်သက်မှု၊ နေသားကျ ကျေနပ်မှုတွေပေါ့ (ဒါကြောင့် consumer brand တွေဆို ပြိုင်ဘက်ဆီကနေ ကိုယ့် တံဆိပ်ကို ပြောင်းသုံးရခြင်းအတွက် စားသုံးသူရဲ့ emotional cost ကိုလျှော့ချနိုင်ဖို့ကြိုးစားကြပါတယ်) ။
.
ဆိုတော့ emotional cost ဆိုတာ စိတ်ကို မသက်မသာဖြစ်စေတဲ့၊ ဝန်ပိပင်ပန်းစေတဲ့အရာတွေပါ။ OCD ဖြစ်ပြီး မလိုအပ်တဲ့အရာတွေအတွက် စိတ်မသက်မသာဖြစ်နေတာဟာလည်း emotional cost တစ်ခုပါပဲ။ မလိုအပ်တဲ့အရာတွေအတွက် စိတ်ခံစားမှုတွေကို ပင်ပန်းအောင် သုံးစွဲနေတာဟာ ငွေကြေးသုံးစွဲမှုနဲ့ နှိုင်းယှဉ်စဉ်းစားမယ်ဆိုရင် မလိုတာတွေဝယ်ပြီး ဖြုန်းမိတာနဲ့ သဏ္ဍာန်တူပါတယ်။
.
ဒါပေမယ့် ဒီလို စိတ်ပူပန်ကြောင့်ကြမှု၊ စိတ်မလုံခြုံမှုကြောင့် စိတ်ပင်ပန်းခံနေရသူတွေကိုလည်း အဲလို ဖြစ်မနေကြပါနဲ့လို့ ခလုတ်တစ်ခုကို ပိတ်လိုက်သလို ပြောင်းလဲခိုင်းလို့မရပါဘူး (သူတို့ကိုယ်တိုင်ဟာ ဒီ စိုးရိမ် ကြောင့်ကြမှုရဲ့ မောင်းနှင်ထိန်းချုပ်မှုအောက်မှာရောက်နေကြတာပါ)။
ကိုယ်ကြိုက်တဲ့ စွဲလမ်းတဲ့အရာတွေအတွက် emotional cost ရှိတာကကျတော့ မလိုပေမယ့် ကိုယ်ကြိုက်လို့ ဝယ်သုံးနေတဲ့အရာတွေလိုပေါ့ (ဒါလည်း သတိထားဆင်ခြင်လို့ရပေမယ့် အလွယ်တကူ ပြောင်းလဲဖို့တော့ မလွယ်ပါဘူး)။
.
ငွေဆိုတာကတော့ သုံးစွဲလိုက်တဲ့အခါမှာ ဘယ်လောက်ကုန်ကျသွားလဲ အလွယ်တကူ ခြေရာခံတွက်ချက်လို့ရ (မြင်သာ) ပါတယ်။ စိတ်ခံစားမှုတွေ ကုန်ကျသုံးစွဲ ဆုံးရှုံးသွားတာကတော့ အဲလို အတိအကျ ရေတွက်ဖို့ မလွယ်ဘဲ ကိုယ့်ကိုယ်ကိုတောင် ဘယ်လောက် သုံးလို့သုံးလိုက်မိမှန်း (ပေးလိုက်ရမှန်း) မသိဘဲ ကုန်ခမ်းသွားတတ်ပါတယ်။
.

လူနှစ်ယောက်အတူနေတဲ့အခါမှာ အဲဒီစိတ်ခံစားမှု သုံးစွဲခြင်း၊ ပြန်ဖြည့်ခြင်းက အရေးကြီးပါတယ်။
.

တစ်ယောက်က ဒီပစ္စည်းကို ဒီနေရာမှာထားမှ၊ ဒါကိုဆို ဒီလိုလုပ်မှဆိုတာတွေရှိပြီး နောက်တစ်ယောက်အတွက်က ပုံစံတစ်မျိုးဖြစ်နေတဲ့အခါမှာ အဆင်ပြေအောင် ညှိနှိုင်းနေထိုင်ဖို့လိုလာပါတယ်။
.
သူက မီးခလုတ်တွေပြန်ပိတ်မှကြိုက်တယ်ဆို ကိုယ်က သတိထားပြီးလိုက်ပိတ်ပေးရင် သူကျေနပ်ပါတယ်၊ သူပျော်ပါတယ်၊ ဒါဆို သူ့စိတ်ပိုင်းဆိုင်ရာ အသုံးစရိတ်ကိုပြန်ဖြည့်ပေးရာရောက်ပါတယ်။ ဒါပေမယ့် ကိုယ်ကပဲ အမြဲတစ်ဖက်သတ်လုပ်ပေးရင်းနဲ့ ကိုယ့်မှာ ထပ်သုံးစရာ (ပေးစရာ) စိတ်ခံစားမှု တစ်ပြားမှမကျန်ဖြစ်သွားနိုင်ပါတယ် (မြန်မာစကားမှာတော့ စိတ်ကုန်တယ်ဆိုတာရှိပြီးသားပါ)။ အဲဒီအခါကျရင် သူနဲ့နေရတာ ကိုယ်ပျော်တော့မှာမဟုတ်ဘူး2 ။
.
Relationship တစ်ခုမှာ သို့မဟုတ် တစ်အိမ်တည်းအတူနေကြရတဲ့အခါမှာ လူနှစ်ယောက် စိတ်ချမ်းချမ်းသာသာ အတူနေနိုင်ဖို့ကတော့ တစ်ဖက်လူကို ဘာတွေက စိတ်မသက်မသာဖြစ်စေလဲ၊ ပင်ပန်းစေလဲဆိုတာ နှစ်ဦးနှစ်ဖက် သိအောင်ကြိုးစားပြီး နှစ်ယောက်လုံး စိတ်အချမ်းသာဆုံး အတူနေနိုင်မယ့် မျှခြေတစ်ခုကို ရှာဖို့လိုမှာပါ (ဘယ်ဟာတွေကတော့ ကိုယ့်ဘက်က လျှော့ပေးလို့ရတယ်၊ ဘယ်ဟာတွေကတော့ မရဘူး စသဖြင့်ပေါ့)။
.
ဥပမာ သူက ပစ္စည်းတွေကို နေရာတကျထားမှကြိုက်တယ်။ ကိုယ်က ပြန်ထားဖို့ သတိမထားမိတဲ့သူမျိုးဆိုရင် ပစ္စည်းတွေနေရာတကျမရှိတာက သူ့ကို ဘယ်လောက်စိတ်ပင်ပန်းစေလဲ၊ သတိထားပြီး အမြဲ ပြန်ထားနေရတာက ကိုယ့်ကိုဘယ်လောက် စိတ်ပင်ပန်းစေလဲဆိုတာကို တိုင်းတာကြဖို့၊ နှစ်ဘက်လုံး စိတ်ချမ်းအသာနိုင်ဆုံး အနေအထားကို ထိန်းသိမ်းလုပ်ဆောင်ဖို့ (တစ်ခါတလေ ပြန်မထားမိတာမျိုးဆို သူ့ဘက်ကလည်း နားလည်ပေးဖို့၊ ကိုယ်ကလည်း ပြန်ထားဖို့ ဂရုစိုက်သတိထားဖို့) ဆိုတာမျိုးပေါ့။
.
စိတ်ရဲ့ အသုံးစရိတ်တွေကို မလိုအပ်တဲ့အရာတွေ၊ နေရာတွေ၊ မလိုအပ်တဲ့သူတွေ၊ အခြေအနေတွေအတွက် အလွန်အကျွံသုံးစွဲလိုက်မိရင် အရေးပါတဲ့ ကဏ္ဍတွေနဲ့ အရေးကြီးတဲ့သူတွေအတွက် ကိုယ့်မှာ ပေးစရာ (သုံးစရာ) ကျန်တော့မှာမဟုတ်ဘူး။
.
ငွေကို အပိုမကုန်အောင် ချွေတာနေချိန်မှာ စိတ်ကို အများကြီး အကုန်ကျခံပေးဆပ်လိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။
.


ငွေကုန်တာက ပြန်ရှာလို့ရပါသေးတယ်။ စိတ်ကုန်တာကတော့ ပြန်ရှာဖို့ မလွယ်။

8.6.2018

Emotional Costs (အပိုင်း - ၂)
•••••••••••••••••
စာရေးသူ : Thit Taw @ ဂျွန်မိုးစက်

Emotional cost အကြောင်း စာရေးကတည်းက နောက်ဆက်တွဲစာတစ်ပုဒ် ဆက်ရေးဖို့ တစ်ခါတည်း စဉ်းစားခဲ့ပါတယ်။ စာကအရမ်းရှည်နေပြီမို့ တစ်ခါတည်းထည့်ရေးရင် အဆင်မပြေမှန်းသိလို့ပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ကိုယ့်ကိစ္စတွေနဲ့ကိုယ်မို့ စဉ်းစားထားတဲ့အတိုင်း မရေးဖြစ်ခဲ့ဘူး။

အဲဒီမှာ ကွန်းမင့်တွေနဲ့ share တွေမှာ ကိုယ်ထင်ထားတဲ့အတိုင်း ဖြေရှင်းဖို့လိုတဲ့အချက်တွေကို တွေ့ရပါတယ်။

*
ပထမအချက်က အဲဒီ emotional cost ဆိုတာ ကျွန်တော် ခံစားရတဲ့ concept အယူအဆတစ်ခုကို အနီးစပ်ဆုံး နာမည်ပေးထားတာပါ။ မြန်မာလို “ခံစားမှု အဖိုးအခ”ဆိုရင် တန်းပြီး အဓိပ္ပါယ်မပေါက်ဘူးလို့ ခံစားရလို့ အင်္ဂလိပ်လိုယူသုံးတာပါ။ စာကို ပို့စ်မတင်ခင်မှာ ဒီအသုံး ဒီ concept မျိုးရှိပြီးသားလားဆိုတာ ဂူဂဲလ်မှာ ရှာကြည့်ပါတယ်။ အဲဒီမှာ emotional cost ဆိုတာ စိတ်ပညာရပ်မှာ ရှိပြီးသားပါ။ ဒါပေမယ့် သူ့ အယူအဆနဲ့ အသုံးပြုပုံကတော့ ကျွန်တော်ရေးတဲ့ concept နဲ့ သတ်သတ်စီပါ။ သူက သူနာပြုတွေ လူနာတွေကို ပြုစုရတဲ့အခါမှာ သူတို့ရဲ့ ဝေဒနာခံစားရမှုတွေကြောင့် စိတ်ဖိစီးမှု ကူးစက်တာလို့ ကျွန်တော် အလွယ် ပြောပါရစေ။ ဒါကို ကျွန်တော့ပို့စ်ကို share တဲ့အောက်မှာလည်း စိတ်ဆရာဝန်တစ်ယောက်က လာရှင်းပြထားတာကိုတွေ့ရပါတယ်။ ကျွန်တော် emotional cost ကို ယူသုံးထားတဲ့ ဆိုလိုရင်းကတော့ ဘယ်အရာမှာမဆို ကိုယ့်အနေနဲ့ အသုံးပြုလိုက်ရတဲ့ ငွေနဲ့ အတူ၊ တစ်ဖက်မှာ ငွေနဲ့တခြားရုပ်ဝထ္ထုတန်ဖိုးတွေ သက်သာဖို့ကြိုးစားကြရင်း အသုံးပြုပေးဆပ်လိုက်ရတဲ့ စိတ်ခံစားမှု(တန်ဖိုး)တွေလည်းရှိနေတာကို ပြောလိုခြင်းဖြစ်ပါတယ်။

*
ဒုတိယအချက်ကတော့ OCD ဆိုတဲ့အကြောင်း ကျွန်တော်ထည့်ရေးလိုက်တော့ ဒီအပေါ်အမျိုးမျိုးနားလည်မှု လွဲကြတာတွေကို တွေ့မိပါတယ်။ ကျွန်တော်က စိတ်ပညာရပ်ကိုနားလည်တဲ့ ပညာရှင်တစ်ယောက်မဟုတ်ပါဘူး။ သာမန်အရပ်သားတစ်ယောက်သိသလောက်ပဲ OCD ဆိုတာကို သိထားသူ ဖြစ်ပါတယ်။ OCD ရဲ့ လက္ခဏာတွေကိုထည့်ရေးထားပေမယ့် ဘယ်အတိုင်းအတာလောက်ဆိုရင် ကုသမှု ခံယူဖို့ လိုပြီလဲ၊ ဘယ်လိုကုသမှုခံယူရမလဲဆိုတာကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးမှရမှာပါ။ ကျွန်တော့စာထဲမှာ OCD ကိုထည့်ရေးတာက ကိုယ်ဖြစ်မှန်းမသိဖြစ်နေပြီး ဘေးလူကို ဒုက္ခပေးမိနေမှန်းမသိဖြစ်မနေအောင် ကိုယ့်ကိုယ်ကို သတိပြုဆန်းစစ်မိအောင် ရည်ရွယ်တာပါ။

*
တတိယအချက်ကတော့ စာကိုဖတ်ပြီးနားလည်မှုလွဲနေကြတာပဲ။ စည်းကမ်းရှိဖို့လိုတယ်။ ငွေကို ချွေတာဖို့လိုတယ်။ ကျွန်တော်က ငပျင်းတွေကို ထောက်ခံနေတယ် စသဖြင့် ပြောကြတာတွေတွေ့ပါတယ်။ စည်းကမ်းရှိဖို့လည်းလိုတယ်။ ငွေကို မဖြုန်းတာလည်းကောင်းတယ်။ ဒါတွေက အားလုံး လက်ခံထားကြပြီးသားပါ။ ကျွန်တော့စာက ထပ်ဖြည့်ပေးတာကတော့ စည်းကမ်းလည်းရှိပါ။ ငွေကိုလည်း မဖြုန်းပါနဲ့။ ဒါပေမယ့် စိတ်ကိုလည်း သက်သာစေပါ ဆိုတာပါ။

*
ရှေ့ကနှစ်ချက်က ဒီမှာလက်ခံထားပြီးသားပေမယ့် စိတ်ရဲ့ ကုန်ကျဆုံးရှုံးမှုတွေကို ချွေတာပါဆိုတာကို လျစ်လျူရှုနေကြလို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ်။ စည်းကမ်းဆိုတာ အသက်ရှင်သန်ရခြင်းကို ပိုချောမွေ့စေဖို့ပါ။ ငွေချမ်းသာတာဟာ စိတ်ချမ်းသာဖို့ပါ။ ငွေချမ်းသာလာပြီး စိတ်ဆင်းရဲသွားတာမျိုး မဖြစ်စေချင်တာပါ။

*
နောက်ထပ်သတိထားမိတာတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ နားလည်မှုလွဲနေတဲ့အရာကိုပါ။ ဒီမှာက စိတ်မကျန်းမာဘူးဆိုရင် ရူးနေတယ်၊ စိတ်ချို့ယွင်းနေတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် တကယ်က ကိုယ်ခန္ဓာ မကျန်းမာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြင်းတွေရှိသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

*
ကျွန်တော်အခု အခြေအနေလိုအပ်ချက်တွေအရ စိတ်ပိုင်းဆိုင်ရာ သဘောသဘာဝတွေနဲ့ အမူအကျင့်တွေကို လေ့လာကြည့်ရင်းနဲ့ပိုသိလာတာက တစ်ချို့အရာတွေဆို ရောဂါဆိုတာထက် မတူညီတဲ့ အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ထားပုံတွေဖြစ်ပါတယ်။ ဥပမာ OCD ဆိုရင်လည်း အနု၊ အရင့်ရှိပါတယ် (အရပ်သားအသိနဲ့ အရပ်သားနားလည်အောင် ပြောတာမို့ အမှားပါရင်လည်း ပညာရှင်များ ထောက်ပြပေးပါ)။ လူတော်တော်များများမှာ သာမန် အတိုင်းအတာနဲ့ OCD ပုံစံတွေကရှိနိုင်ပါတယ် (အရမ်းအနုစိတ်ချင်တာတွေ၊ အစေ့စပ်လွန်တာတွေစသဖြင့်)။ ဒါက သူ့စိတ်ရဲ့ ဖွဲ့စည်းပုံပါ။ ဝတဲ့သူ၊ ပိန်တဲ့သူစသဖြင့်မတူသလိုပေါ့။ အဓိကက ကိုယ့်ပုံစံက သူများကို သွား မထိခိုက်စေဖို့ပါ။ ကိုယ်က OCD မို့သူများကိုပါ ဒီအတိုင်း အကုန်လိုက်လုပ်ခိုင်းနေတာမျိုး (ရုပ်ပိုင်းဆိုင်ရာ သဘောနဲ့စဉ်းစားရင် ဝတဲ့သူတစ်ယောက်က ၂ ယောက်ခုံမှာ ၁ ယောက်ခွဲစာလောက်ထိုင်ထားပြီး ဘေးလူအတွက် နေရာမကျန်တော့တာမျိုး)။ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာအရလည်း ဘေးလူအတွက် နေရာမချန်မိတော့တာ မျိုးက ဖြစ်တတ်ပါတယ်။

*
ဒီအပေါ် နိုင်ငံခြားသားတွေရဲ့ အမြင်က ကိုယ်တွေနဲ့မတူဘူး။ ကျွန်တော်နဲ့ အတူတွဲလုပ်တဲ့ နိုင်ငံခြားသားတစ်ယောက်ဆို အတူတူအလုပ်လုပ်ရင်း ကျွန်တော်လုပ်ထားတဲ့ အလုပ်ကို အသေးစိတ်တွေကို သူပြန်ညှိနေတိုင်း Sorry, I am a bit OCD ဆိုပြီး သူ့ကိုယ်သူအမြဲပြောတယ်။ ဒါကြီးကို ရောဂါကြီးလို့ ပြောနေတာမဟုတ်ဘူး။ သူ့မှာ ဒီအကျင့်ရှိလို့ ကျွန်တော်တို့ အတူအလုပ်လုပ်ရတဲ့နေရာမှာ သူ့ရဲ့ အသေးစိတ်စိစစ်နေခြင်းကြောင့် အနှောင့်အယှက်ဖြစ်ရင် ဆောရီးပါလို့ ယဉ်ယဉ်ကျေးကျေးပြောတဲ့သဘော။ ရုပ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကိုယ်ကို ဝနေမှန်း၊ ပိန်နေမှန်း သိရင် သိသလို လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို ပြင်ဆင်ရသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ကိုယ့်မှာ ဘယ်လို စိတ်နေစိတ်ထားတွေရှိလဲဆိုတာကို သိရင် တတ်နိုင်သမျှအကောင်းဆုံးပုံစံကို ရလာအောင် ပြုပြင်ယူနိုင်မယ်ဆိုတဲ့ သဘောမျိုးလို့ မြင်မိလာပါတယ်။

*
ADHD, Autism စတဲ့ disorder တွေကို လေ့လာကြည့်တော့လည်း ဒီထဲက လက္ခဏာတစ်ချို့တွေကို ကိုယ့်မှာရော ဘေးပတ်ဝန်းကျင်မှာပါ (ကုသဖို့လိုတဲ့ အနေအထားဟုတ်မဟုတ်မသေချာပေမယ့်) အနည်းနဲ့ အများ တွေ့နေရတာသတိထားမိတယ်။ အရင်ခေတ်ကဆို ဒီလို ရှာဖွေဖော်ထုတ်သတ်မှတ်ပေးတာမျိုးမရှိသေးတော့ ဒီရောဂါတွေ ခံစားနေရသူတွေကို ပြင်းပြင်းထန်ထန်ဆိုရင် ကျပ်မပြည့်ဘူးလို့ သတ်မှတ်ပြီး မသိမသာ (အပျော့စား) ဆိုရင် ဘုဂလန့်၊ လူ့ဂွစာ၊ ဆိုးတယ်၊ စကား နားမထောင်ဘူး စသဖြင့် သတ်မှတ်ခံခဲ့ကြရမယ်လို့ တွေးမိပါတယ် (တစ်ချို့ကလေးတွေ ကျောင်းမှာ အရမ်းဆိုးတယ်လို့ သတ်မှတ်ခံခဲ့ကြရတာဟာ ဒီဟာတွေနဲ့ ပတ်သက်နေမယ်လို့ ပြန်တွေးမိတာပါ)

*
လက်ငါးချောင်းဟာ အရှည်အတို၊ ပုံသဏ္ဍာန်မတူပါဘူး။ လက်မချည်းပဲ ငါးချောင်းဖြစ်နေရင် အလုပ်မဖြစ်သလို၊ ကျန်တဲ့လက်ချောင်းတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲလိုပဲ ကျွန်တော်တို့အားလုံးဟာ အလုပ်ထဲမှာ၊ မိသားစုထဲမှာ။ team တွေထဲမှာ အမြဲ စိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့် personality ပုံစံတွေမတူကြပါဘူး။ ဒါကို ကိုယ့်ပုံစံအတိုင်း သူများတွေကို လိုက်လုပ်မှစိတ်တိုင်းကျတာမျိုး မဟုတ်ဘဲ၊ သူတို့ပုံစံနဲ့သူတို့ ကိုယ့်ပုံစံနဲ့ကိုယ် ပူးပေါင်းပြီး တူညီတဲ့ဦးတည်ချက်ပန်းတိုင်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြဖို့၊ မတူတာဟာ ကောင်းတယ်၊ လိုအပ်တယ် (ဖွဲ့စည်းတည်ဆောက်ပုံ မတူတာက အလုပ်တွေကို ပိုထိရောက်အောင်မြင်အောင်လုပ်နိုင်စေတယ်)  ဒီမတူညီမှုတွေကို ပိုနားလည်အောင် အချင်းချင်းကြိုးစားပြီး အားလုံး စိတ်ချမ်းသာအောင်နေနိုင်ဖို့နဲ့ လုပ်စရာရှိတာတွေကို အောင်မြင်ပြီးမြောက်အောင်လုပ်နိုင်ဖို့ အဓိကပဲ။ တစ်ယောက်က OCD အသေးစိတ်တဲ့သူဖြစ်မယ်၊ တစ်ယောက်က bigger picture ကိုပိုမြင်တဲ့သူဖြစ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဘက်ကို စိတ်ဒုက္ခမပေးဘဲ သူ့ဘက်ကိုယ့်ဘက် နားလည်ပေးပြီး အတူတူအလုပ်လုပ်ကြဖို့ပါပဲ။

*
I am just sharing ပါ။

25.6.2018

No comments: