Monday, June 10, 2019

ဗိုက်ပူရတဲ့ အဓိကတရားခံ


ဗိုက်ပူရတဲ့ အဓိကတရားခံ (သို့) Visceral Fat တွေကို ဘယ်လိုနည်းနဲ့ ဗိုက်ပြန်ချပ်အောင် ဖယ်ရှားမလဲ?
............................................................................

ပိန်ချင်တယ်။ ဝိတ်ချချင်တယ်။ ခန္ဓာကိုယ်ကျစ်လစ်လှပချင်တော့ ဝိတ်တွေတော့ နည်းအမျိုးမျိုးနဲ့ လျှော့ပါရဲ့။ ဒါပေမယ့် ဗိုက်ပူတာကျတော့ ဘယ်လိုစားစား၊ ဘယ်လောက်စားစား ကျလဲမကျပါလား မချပ်ကပ်လာပါလားလို့ တွေးပူနေကြတဲ့သူတွေ သူလိုကိုယ်လို အများကြီး ရှိကြမှာပါ။

ဒါဆို သေချာပါပြီ။ Visceral Fat လို့ခေါ်တဲ့ ဝမ်းဗိုက်အဆီတွေ နေရာယူနေတာမှန်နေပြီလေ။ ဒါဆို ခန္ဓာကိုယ်အလှကို ဖျက်စီးနေတဲ့ ဒီဝမ်းဗိုက်အဆီတွေ ဘယ်ကရောက်လာတာလဲ? ဘယ်လို ပျောက်အောင် နေထိုင်စားသုံးရမလဲ? အသေးစိတ် လေ့လာကြည့်လိုက်ကြရအောင်။

Visceral Fat ဆိုတာဘာလဲ?

ခန္ဓာကိုယ်မှာ အဆီတွေရှိတတ်တာသဘာဝပါပဲ။ ဒါပေမယ့် ဗိုက်နေရာမှာကျ ပိုပြီးသိသိသာသာဆူထွက်နေတာကျ စိတ်မသက်သာစရာပဲလေ။ Visceral Fat ဆိုတာကတော့ အဲ့ဒီ ဝမ်းဗိုက်တွင်းကိုယ်အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ အစာအိမ်နဲ့ အူတွေမှာ ကပ်တွယ်နေတဲ့အဆီတွေပါ။ တခါတလေ သွေးလွှတ်ကြောတွေမှာလည်း ကပ်တွယ်နေတတ်ပါတယ်။ ဒီအဆီတွေက ကျန်းမာရေးပြသာနာတွေကို ပြင်းပြင်းထန်ထန် ဖြစ်ပွားစေတာမို့ "Active Fat" တွေလို့လည်း သုံးပါတယ်။

ဝမ်းဗိုက်အဆီနဲ့ Visceral Fat နဲ့ မတူပါဘူး။ ဝမ်းဗိုက်အဆီဆိုတာက ဝမ်းဗိုက်အတွင်းအရေပြားအောက်မှာ မှီတည်နေတဲ့အဆီဖြစ်ပြီး Visceral Fats ကတော့ ကိုယ်တွင်းအစိတ်အပိုင်းတွေမှာပဲကပ်နေတာမို့ လွယ်လွယ်လည်း မမြင်နိုင်၊ အဆီမချနိုင်ပါဘူး။

ကိုယ့်ခန္ဓာကိုယ်ထဲက Visceral Fats ကို ဘယ်လို တိုင်းတာမလဲ?

အမှန်တော့ Visceral Fats အတိအကျကို တိုင်းတာဖို့က CT ဒါမှမဟုတ် MRI Scan ဖတ်မှသိရမှာပါ။ ဒါပေမယ့် အခကြေးငွေ များတာမို့ အလွယ်ကူဆုံးတိုင်းတာနည်းပေးရရက် ခန္ဓာကိုယ်က အဆီတွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ Visceral Fats ပါပဲ။

Visceral Fats အဆီတွေကိုသတ်မှတ်ဖို့ကကျ ခန္ဓာကိုယ်အဆီတိုင်းတာစက်တွေ MRI Scans တွေအရ ၁ ကနေ ၅၉ ထိ Scale ချထားပါတယ်။ ကျန်းမာရေးကောင်းတဲ့ Vusceral Fats တွေက ၁၃ အောက်လျော့ပြီး ၁၃ အထက်ဆိုရင်တော့ နေထိုင်စားသောက်ပုံတွေ ပြောင်းရပါတော့မယ်။

Visceral Fats က ဘယ်လိုရောဂါဆိုးဆိုးရွားရွားတွေ ဖြစ်စေမှာလဲ?

လူတော်တော်များများ မသိမိကြတဲ့ သူ့ရဲ့ဆိုးကျိုးတွေရှိပါတယ်။ အဲ့ဒါတွေကတော့-
(၁) နှလုံးရောဂါနဲ့ နှလုံးရှော့ရခြင်းတွေ
(၂) ဆီးချို အဆင့် ၂
(၃) ရင်သားကင်ဆာ
(၄) အယ်လ်ဇိုင်းမားရောဂါ
(၅) အူလမ်းကြောင်းကင်ဆာ
(၆) ဦးနှောက်သွေးကြောပိတ်ခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

ဒါဆို Visceral Fats တွေ လျော့နည်းအောင် ဘယ်လို နေထိုင်စားသောက်သင့်သလဲ?

ဒါကတော့ အားလုံးသိပြီးတဲ့အတိုင်းဖြစ်မှာပါ။ Visceral Fats တွေဟာ လေ့ကျင့်ခန်းများများလုပ်၊ နေထိုင်စားသောက်ပုံ ကျစ်လျစ်ပြီး၊ Diet တွေလုပ်ရုံနဲ့ အဆီတွေ တစ်ပေါင်ကျတိုင်း သူပါ နည်းနည်းစီ လိုက်လျော့နည်းပါတယ်။

အကောင်းဆုံးကတော့ တစ်နေ့ကို နာရီဝက်လောက်ပဲ အချိန်ပေးပြီး အေရိုးဗစ်၊ စက်ဘီးနင်းခြင်း၊ ပြေးခြင်းစတဲ့ Cardio လေ့ကျင့်ခန်းလုပ်တာမျိုးတွေ၊ ကြွက်သားကြံ့ခိုင်တဲ့လေ့ကျင့်ခန်းတွေ လုပ်ရုံပါပဲ။

Stress များရင်လည်း Visceral Fats တွေပိုတက်ပါတယ်။ အဲ့ဒါမို့ စိတ်ဖိစီးမှု ကင်းကင်းနဲ့ ဘာမဆို စိတ်နေပျော်အောင် လက်ခံနေထိုင်သင့်ပါတယ်။

နောက်ဆုံးလျော့ကျစေတဲ့အချက်ကတော့ ကျန်းမာပြီးသင့်တင့်မျှတတဲ့ Diet ပါပဲ။ သကြားများတာတွေ၊ အဆီများတာတွေရှောင်ပြီး Protein၊ အသီးအရွက်နဲ့ Carbs မျှအောင်စားရပါမယ်။ ကြော်တာအစား ပြုတ်တာ၊ ပေါင်းတာ၊ ဖုတ်တာတွေလုပ်စားပါ။ ဆီသုံးရင်လည်း သံလွင်ဆီလို ကျန်းမာတဲ့ဆီပဲသုံးပါ။


Visceral Fats ဆိုတာ ကိုယ်ကိုယ်တိုင်ကို မမြင်ရတဲ့အဆီမို့လို့ ကျန်းမာရေးအတွက် ထိခိုက်မှုတွေများတာကိုလည်း သတိမထားမိတတ်ကြပါဘူး။ အမှန်တကယ်တော့ ဒီဝမ်းဗိုက်တွင်း အဆီတွေက ခန္ဓာကိုယ်ကျစ်လစ်လှပဖို့သာမက ကျန်းမာရေးပါ ဆိုးဆိုးရွားရွားထိလိုက်နိုင်တာမို့ Visceral Fats နဲ့ပတ်သက်ပြီး သေသေချာချာ လေ့လာကာ ကျန်းမာတဲ့ ဘဝနေထိုင်မှုဆီ ဦးတည်ဖို့ လူကြီးလူငယ်တိုင်း မဖြစ်မနေလိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Ei Ei Khine Minn (Taste Media)

No comments: