Saturday, May 25, 2019

ဝိတ်ချနည်းအသစ် (သို့) Ketogenic Diet

၂၁ ရာစုရဲ့ နာမည်အကြီးဆုံး နဲ့အထူးဆန်းဆုံး ဝိတ်ချနည်းအသစ် (သို့) Ketogenic Diet


မြန်မာတွေအားကျရတဲ့ အနောက်နိုင်ငံတွေနဲ့ အရှေ့အာရှနိုင်ငံက အလှအပစံနှုန်းတွေဆိုတာ ခန္ဓာကိုယ်သွယ်သွယ်လျလျဖြူလွလွလေးတွေပါ။ ကျစ်လစ်သန်မာတောင့်တင်းတဲ့ ခန့်ခန့်ငြားငြား ယောက်ျားပီသတဲ့ ခန္တာကိုယ်တွေပါ။ ဒါတွေဟာ တစ်ရေးနိုး ထမေးရင်တောင် မပြောင်းလဲတဲ့ အပြင်းထန်ဆုံး ဆန္ဒတွေပါ။

အဲ့ဒီလို ခန္တာကိုယ်လှလှလေးတွေကို လူတိုင်း အားကျကြတယ်။ အဲ့ဒီလို ပိန်ချင်ကြတယ်။ သွယ်ချင်ကြတယ်။ အဆီပိုတစ်စက်မှ မရှိတဲ့ ခန္တာကိုယ်လေးနဲ့ ယုံကြည်မှုအပြည့်ရှိချင်ကြတယ်။ ဒါပေမယ့် ပြသာနာက တစ်ဖက်မှာလည်း ကိုယ့်ပါးစပ်၊ကိုယ့်ခံတွင်းက တောင့်တသမျှ အစားအသောက်မှန်သမျှကို လုံးဝမလျှော့ချင်တာပါပဲ။

စိတ်အလိုလိုက်ချင်တယ်။ ပိန်ချင်လှချင်ပေမယ့် ဗိုက်ဆာတာအရင်ဖြစ်လာတဲ့အခါ အရသာရှိပေ့ဆိုတဲ့ ဆီဦးထောပတ်အဆီတစ်ထပ်၊အသားတစ်ထပ်တွေဟာ ဖျက်ရခက်ခက်နဲ့ ဇွတ်ရှေ့တိုးစားမိတဲ့ စားကောင်းသောက်ဖွယ်တွေပါ။

ဒါပေမယ့် ၂၀၁၈ မှာ ကမ္ဘာနဲ့အဝှမ်း ခေတ်အစားဆုံးနဲ့ စိတ်ဝင်စားမှုအများဆုံး ၊ Google ရဲ့ Search List မှာတောင် အရှာဖွေခံရဆုံးဖြစ်လာခဲ့တဲ့ Keto Diet ကတော့ တစ်သက်လုံးအရိုးထဲစွဲလာခဲ့တဲ့ ဝိတ်ချနည်းတွေ၊ အဆီကျနည်းတွေကို မြေလှန်လိုက်ပါတော့တယ်။

Keto တဲ့။ စကားလုံးလေးတစ်လုံးတည်းနဲ့ အနှစ်နှစ်အလလက လူတိုင်း ကျင့်သုံးခဲ့တဲ့ ဝိတ်ချနည်းဆိုင်ရာ စားသောက်နေထိုင်မှုပုံစံတွေကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့ ဒီစကားလုံးလေးက ခုချိန်မှာတော့ နာမည်အကြီးဆုံးနဲ့ တစ်ကမ္ဘာလုံး အားအထားရဆုံး အဆီချနည်းတစ်ရပ်ဖြစ်လာပါပြီ။

ဆိုတော့ကာ Keto ဆိုတာ ဘာပါလဲ?
တကယ်တော့ Keto ဆိုတာ ကာဘိုဟိုက်ဒြိတ်ဓါတ်တွေကို လျှော့ချပြီး အဆီကိုအဆီနဲ့ တိုက်ဖျက်တဲ့ Low Carb,High Fat Diet Plan တစ်မျိုးပါ။ အဆီကို အဆီနဲ့တိုက်မယ်ဆိုတဲ့ ဒီ ထူးဆန်းချက်ကိုက Keto Diet ရဲ့ အသက်ပါပဲ။

Keto ရဲ့ နာမည်အရှည်ကောက်ကတော့ Ketogenic Diet ဖြစ်ပြီး အသေးစိတ်ပြောရရင် ခန္ဓာကိုယ်ထဲက လောင်စာသဖွယ် မော်လီကျူးလေးတွေဖြစ်တဲ့ "Ketones" ဆိုတဲ့ မော်လီကျူးလေးတွေကို ထုတ်ပေးတဲ့ Diet တစ်မျိုးပါ။ Ketone Molecules လေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွင်းမှာရှိတဲ့ Glucose သကြားဓါတ်လေးတွေ ပြတ်တောက်မှုဖြစ်တဲ့အခါမှာ ထွက်ပေါ်လာတတ်ပါတယ်။

Ketones တွေ ဘယ်နေရာကထွက်ပါသလဲ? အမှန်တော့ အသည်းဟာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ အဆီတွေကနေ Kotones တွေ ထုတ်လွှတ်ပေးပါတယ်။ အဲ့ဒီ Ketones တွေဟာ နောက်ပိုင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းဆောင်တာအသီးသီးဆောင်ရွက်ဖို့ အထူးသဖြင့် ဦးနှောက်အခန်းကဏ္ဍတစ်ခုလုံးအတွက် လောင်စာအနေနဲ့ မောင်းနှင်ပါတယ်။

Keto Diet စတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးဟာ ဝင်ရောက်လာတဲ့ စားသမျှလောင်စာမှန်သမျှကို အဆီချေဖျက်ဖို့တစ်ခုပဲ အားစိုက်လိုက်တာမို့ အဆီချေဖျက်နှုန်းဟာ ၂၄ နာရီ ၇ရက် တစ်ပတ်လုံး ဆက်တိုက်လောင်ကျွမ်းပါတော့တယ်။ သွေးတွင်းမှာရှိတဲ့ သကြားဓါတ် Insulin Level နိမ့်လာတဲ့အခါ ချေဖျက်နှုန်းဟာ တရစပ်ပိုအားကောင်းလာတာမို့ ခန္ဓာကိုယ်ထဲရောက်သမျှ အဆီတွေက လောင်ကျွမ်းဖို့စီပဲ ဦးတည်ပါတော့တယ်။

အဆီလောင်ကျွမ်းလေလေ Weight ကျလေလေ ဖြစ်လာပြီး တခြားသိသိသာသာတိုးတက်လာတဲ့ ကောင်းကျိုးတွေကတော့ အဆာခံနိုင်လာတာရယ်၊ ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်တွေ ပုံမှန်ရရှိလာတာကြောင့် အမြဲတမ်း တက်ကြွလန်းဆန်းနေတတ်ပြီး အာရုံစူးစိုက်မှုနဲ့ ဦးနှောက်မှတ်ဉာဏ်အား ကောင်းမွန်လာပါတယ်။ ဒါက Keto ရဲ့ အသိသာဆုံး အကျိုးကျေးဇူးတွေပါပဲ။

ဒါဆို Ketogenic ဖြစ်ဖို့ အဓိက လိုအပ်တဲ့ Ketones တွေထွက်အောင် ဘယ်အစားအစာတွေကို အဓိက စားရမလဲ?
Ketones နဲ့ Carb ဆိုတဲ့ Carbohydrate ဆိုတာ ရန်သူလိုပါပဲ။ Carbs နည်းနိုင်သမျှ နည်းနည်းစားလေလေ ဦးနှောက်အခန်းကဏ္ဍအတွက် အထူးကောင်းတဲ့ Ketones တွေ များများထွက်လေလေပါပဲ။

ခန္တာကိုယ်အတွက် အဓိက လိုအပ်တဲ့ အာဟာရကြီး ၃ မျိုးက Carbohydrate ၊ Protein နဲ့ Fat ဆိုတဲ့ အဆီဓါတ်ပါပဲ။ ဒါဆို နားလည်အလွယ်ဆုံးပြောရရင် အဆီဓါတ်ကနေ Ketones တွေများများထုတ်လုပ်ပေးနိုင်တဲ့အခြေအနေမျိုးမှာ အဆီဓါတ်ကို များများစားသုံး၊ Carbohydrate ဓါတ် လုံးဝလျှော့ချပြီး သင့်တင့်မျှတတဲ့ အာဟာရအတွက် Protein ဓါတ် အလုံအလောက်မှီဝဲနိုင်ရင် Ketogenic Diet ဖြစ်ပါပြီ။


ဒီအဆိုအရ Carb ခေါ်တဲ့ Carbohydrate ဓါတ်က ခန္ဓာကိုယ်အတွက်၊ ကျန်းမာကြံ့ခိုင်တဲ့လူနေမှုအတွက် ဘာလို့ ဆိုးကျိုးတွေ ရှိနေတာလဲဆိုတာ သိဖို့လည်း လိုလာပါပြီ။ Carb ဆိုတာကတော့ ကိုယ်နေ့စဉ်စားနေကျ ဆန်၊ဂျုံ၊ပြောင်း နဲ့လုပ်တဲ့အစားအစာတွေ၊ အမျှင်တွေ၊ အသီးအနှံတွေ၊ ဖျော်ရည်အအေးတွေ၊ Junk Food တွေကထုတ်ပေးတဲ့ သကြား၊ ကစီဓါတ်နဲ့ အမျှင်ဓါတ်တွေပါပဲ။ အဲ့ဒီ အစားအစာတွေကရတဲ့ Carbohydrate ဓါတ်တွေဟာ ခန္တာကိုယ်ထဲ ရောက်ပြီးပြိုကွဲသွားတဲ့အချိန် Glucose ဆိုတဲ့ သွေးတွင်းအချိုဓါတ်ကို ဖြစ်ပေါ်စေပါတယ်။

အဲ့ဒါမို့ Keto Diet က ဘာလဲဆိုတာ အလွယ်ရှင်းပြရရင် သကြားလျှော့ချပြီး အဆီကိုအဆီနဲ့ ချမယ့် အထူးအဆန်း ကျန်းမာရေးနည်းလမ်းသစ်ပေါ့။ ပိုစိတ်ဝင်စားဖို့ကောင်းတာက ကျန်းမာရုံမကဘဲ ကိုယ်အလေးချိန်သိသိသာသာကျပြီး ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်ချက်တွေပါ သိသိသာသာကောင်းမွန်လာတာမျိုးပါ။

Ketogenic Diet စဖို့ လုံလောက်တဲ့ဗဟုသုတရှိပြီဆိုရင်တော့ ဘယ်အရာတွေကို တစိုက်မတ်မတ်စားသုံးပြီး ဘယ်အရာတွေကို ရှောင်ရှားရမယ် ဆိုတဲ့ အစားအသောက်စားသုံးပုံနည်းလမ်းကလည်း အရေးကြီးပါတယ်။

Ketosis ဖြစ်ဖို့ Ketones Molecules လေးတွေ ထုတ်လွှတ်ပေးဖို့ စားသုံးသင့်တဲ့အစားအစာတွေကိုမြင်ရင် ထူးဆန်းနေမှာ၊ဟုတ်မှဟုတ်ရဲ့လားလို့ ထင်ယောင်ထင်မှားဖြစ်မိစေမှာ အမှန်ပါ။


စားသုံးရမှာတွေက- 

အသားများ

Unprocessed Meat တွေဖြစ်တဲ့ ကြက်၊ဝက်သား၊ သုံးထပ်သားတွေ၊ သိုးသား၊ အမဲသား၊ ဆိတ်သား၊ Bacon တွေ အထူးသဖြင့် မြက်စားတဲ့သတ္တဝါတွေဟာ Keto နဲ့အကိုက်ညီဆုံး Carb လျှော့ချနိုင်ဆုံး အသားတွေပါ။

သတိထားရမှာက အဲ့ဒီအသားတွေဟာ ပရိုတင်းဓါတ်လည်း ကြွယ်ကြွယ်ဝဝပါနေတာမို့ လိုအပ်တဲ့ ပရိုတင်းဓါတ်ထက်များသွားရင်လည်း Glucose အဖြစ်ပြောင်းကာ Ketosis ဖြစ်ဖို့ ခက်သွားနိုင်ပါတယ်။ အဲ့ဒါမို့ ပရိုတင်းဓါတ်နည်းနည်းနဲ့ အဆီရဖို့အတွက် အသားကို သင့်တော်ရုံပဲစားဖို့လိုပါတယ်။

Processed Meat တွေဖြစ်တဲ့ Sausage ကြက်အူချောင်း၊ဝက်အူချောင်းတွေ၊ အသားလုံးတွေ၊ Cold Cuts တွေကတော့ Carb ပါတတ်လို့ ရှောင်ရပါမယ်။

ငါးနဲ့ပင်လယ်စာ

ငါးတွေနဲ့ ပင်လယ်စာတွေကတော့ Keto အတွက် အားလုံးသင့်တော်ပါတယ်။ အဆီများတဲ့ Salmon တို့လိုငါးမျိုးဆို ပိုတောင်ကောင်းပါသေးတယ်။ ဒါပေမယ့် တန်ပူရာလို ဂျုံနဲ့ နှစ်ကြော်စားတာတို့ ဆီနဲ့ကြော်ချက်တာတို့တော့ လုံးဝမကိုက်ညီပါဘူးနော်။

ကြက်ဥ

ပြုတ်ပြုတ်၊ ထောပတ်နဲ့ကြော်ကြော်၊ အနှစ်ကျက်စားမလား၊ ကြက်ဥမွှေကြော် Omelet လုပ်စားမလား အကုန်အဆင်ပြေတာကတော့ ကြက်ဥပါ။ ခြံထွက်ကြက်ဥတွေဆို ပိုကျန်းမာစေပါတယ်။ တစ်ရက်ကို ၃၆ လုံးအထိ စားလို့ရပါတယ်။

သဘာဝအဆီများတဲ့ ဟင်းချက်ကုန်များ

Keto Diet ရဲ့ အဓိက ကယ်လိုရီတွေက အဆီဓါတ်ကနေ ယူရမှာမို့ ကိုယ်စားသုံးတဲ့အသားငါးတွေကနေ မကဘဲ ဟင်းချက်ပစ္စည်းတွေဖြစ်တဲ့ ထောပတ်၊ အုန်းဆီ၊ သံလွင်ဆီတွေနဲ့ ချက်ပြုတ်နိုင်ပါတယ်။ Sauce တွေထဲမှာတော့ Chili Sauce တွေ၊ Tomato Sauce တွေ လုံးဝ ရှောင်ရပါမယ်။ အဲ့အစား Bearnaise လို့ခေါ်တဲ့ ထောပတ်နဲ့ကြက်ဥအဓိကသုံးပြီးစပ်ရတဲ့ Sauce နဲ့ တခြားအဆီများတဲ့ Garlic Butter Sauce တွေကို သုံးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်အသီးအနှံ

 မြေလွှာအထက် သီးပွင့်တဲ့ အသီးရွက်တွေ အထူးသဖြင့် စိမ်းစိုတဲ့ အသီးအရွက်တွေကို စားသုံးရမှာပါ။ ထောပတ်သီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ဆလပ်ရွက်၊ ထိုင်ဝမ်မုန်ညင်း၊ သခွားသီး၊ ခရမ်းသီးတို့ကတော့ အကောင်းဆုံးတွေပါပဲ။

မြေကြီးအောက်က သစ်ဥသစ်ဖုတွေဖြစ်တဲ့ မြေပဲ၊ ကန်စွန်းဥ၊ အာလူး တို့ကို စားလို့မရပါဘူး။

အသီးအနှံတွေကို ဒီတိုင်းစားတာထက် အဆီပိုများများဖြစ်စေမယ့် ထောပတ်နဲ့ကြော်တာမျိုး၊ သံလွင်ဆီများများထည့်ကြော်တာမျိုးတွေဟာ Keto Dieter များအတွက် အဆီတွေကိုပါအသီးအနှံတွေကနေတဆင့် ခန္ဓာကိုယ်ထဲပို့ရာရောက်တာမို့ ပိုကောင်းပါတယ်။

အဆီများတဲ့ နို့ထွက်ပစ္စည်းများ
ထောပတ် ဆို Keto အတွက် သင့်တော်ပါတယ်။ အဆီပိုများတဲ့ Cheese ခဲကြီးတွေ၊ အဆီများများပါတဲ့ ဒိန်ချဉ်တွေဆို ပိုတောင်ကောင်းပါသေးတယ်။ Heavy Cream တွေဆို ဟင်းချက်ရင် သုံးကိုသုံးသင့်ပါတယ်။

သတိကြီးကြီးထားရမှာက နွားနို့ပါ။ နွားနို့တစ်ခွက်ကို Carbs 15 Gram လောက်ပါတတ်တာမို့ ကော်ဖီထဲ မပါစလောက်ထည့်သောက်တာမျိုးကလွဲရင် နွားနို့ကို ရှောင်သင့်ပါတယ်။ Latte Coffee တွေ၊ သကြားပိုထည့်ထားတဲ့ Low Fat ဆိုတဲ့ဒိန်ချဉ်တွေ ရှောင်ရပါမယ်။

Cheese စားတိုင်းကောင်းတယ်ဆိုပေမယ့် Cheese ပါတဲ့ Snack တွေကတော့ Keto နဲ့ လုံးဝမကိုက်ပါဘူးနော်။ Snack တွေအကုန်လည်း ရှောင်ရပါမယ်။ အာလူးကြော်၊မုန့်ကြွပ်နဲ့ တခြား Shopping Centre မှာတင်ထားသမျှ Snack Counter က မုန့်တွေဟာ ရန်သူပါပဲ။

အစေ့အဆံတွေ

နည်းနည်းလေးစားရုံလောက်က အဆင်ပြေပေမယ့် အစေ့အဆံတော်တော်များများက စားရင်း လက်ကမချနိုင်တဲ့ထိ ပိုပိုဆွဲဆောင်နိုင်လို့ များသွားရင်လည်း Carbs အဖြစ်ကူးပြောင်းသွားတာ သတိချပ်ပါ။ သီဟိုရ်စေ့ ဟာ Carb လည်း များလို့ မစားသင့်ပါဘူး။

Berries သီးများ

စတော်ဘယ်ရီနဲ့ တခြား ဘယ်ရီသီးတွေကို အသင့်တင့်စားလို့ရသလို အဆီပိုများတဲ့ Whipping Cream နဲ့လည်း အချိုပွဲအဖြစ်စားလို့ရပါတယ်။

သောက်စရာများ

ရေ-ရိုးရိုးဖြစ်ဖြစ်၊ ရေခဲရေဖြစ်ဖြစ် ရပါတယ်။ ပိုထိရောက်ချင်ရင်တော့ သခွားသီး၊ လီမွန်၊ သံပုရာကွင်းလေးတွေ လှီးထည့်ပြီးသောက်ပါ။ Keto ကြောင့် အဖျားဝင်လာတာနေထိုင်မကောင်းလာတာမျိုးဆို ရေထဲ ဆားနည်းနည်းထည့်သောက်ပါ။

Coffee- သကြားလုံးဝမထည့်ဘဲ နို့ပါတယ်ဆိုရုံလောက်နဲ့ သောက်နိုင်ရင်သောက်ပါ။ သဘာဝအတိုင်း Black Coffee လည်း ရပါတယ်။ အဆီပိုများများဝင်ပြီး ပိုထိရောက်ဖို့ဆို ထောပတ်နဲ့အုန်းဆီများများပါတဲ့ "Bulletproof Coffee" ဆိုတဲ့ ကျည်ကာကော်ဖီ သောက်ပါ။

Tea- Green Tea ၊ Black Tea ၊ Mint ၊ Herbal ကြိုက်တာသောက်လို့ရပါတယ်။ သကြားမပါဘဲပေါ့။

အရိုးပြုတ်ရည်- အာဟာရတွေ အပြည့်ဝပါတဲ့ အရိုးပြုတ်ရည်တွေကိုလည်း သောက်လို့ရပါတယ်။ ပိုကောင်းချင်ရင် ထောပတ်ထည့်မွှေပြီးသောက်ပါ။

Alcohol- သကြားမပါတဲ့ Dry Wine မျိုး Wine အဖြူရော၊ အနီရော၊ Champagne ၊ Whisky ၊ Vodka ၊ Cocktails အကုန် သကြားမပါရင် သောက်လို့ရပါတယ်။

Cocoa 70% နဲ့အထက်ပါတဲ့ Dark Chocolate မျိုး စားလို့ရပါတယ်။


Keto သမားတွေအတွက် အန္တရာယ် High Carb အစားအစာတွေကတော့-

သကြား- Weight ချရာမှာရော ကျန်းမာတဲ့လူနေမှုအတွက်ရော မဟာ့ မဟာ ရန်သူတော်ကြီးပါ။ သကြားပါတဲ့အအေးမှန်သမျှ၊ အစားအစာမှန်သမျှ၊ သကြားနည်းနည်းလေးတောင်ပါတဲ့အစားအစာမျိုးကအစ အကုန်ဖြတ်တောက်ရမှာပါ။ Sauce တွေ၊ ပျားရည်တွေကအစ သကြားပါပါတယ်။ လုံးဝ ရှောင်သင့်တဲ့အရာတွေပါပဲ။

ကစီဓါတ်- ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဂျုံနဲ့လုပ်တဲ့ မုန့်မှန်သမျှ၊ ထမင်း၊ အာလူး၊ ကန်စွန်းဥ၊ အာလူးနဲ့လုပ်တဲ့ Fast Food မှန်သမျှ၊ ဆန်ပြုတ် စတာတွေရှောင်ရပါမယ်။ ပဲနဲ့လုပ်တာတွေလည်း ရှောင်ရပါမယ်။

ပေါင်မုန့်၊ ဆန်မစားရမနေနိုင်တဲ့သူတွေအတွက် ခုဆို Keto ပေါင်မုန့်နဲ့၊ Keto ဆန်တွေ ရောင်းလာကြပါပြီ။

ဘီယာနဲ့ သစ်သီးမှန်သမျှ သကြားပါဝင်နိုင်ချေရှိတဲ့ သစ်သီးအကုန် ရှောင်ရပါမယ်။ Margarine ကိုလည်း ရှောင်ရပါမယ်။

စားတိုင်း စားတိုင်း ဘာစားစား သတိအမြဲဝင်နေရမှာက အဆီစားလေလေ Keto အတွက် ကောင်းလေလေ ဆိုတာပါပဲ။ သကြားဟာရန်သူ၊ အဆီမှ Ketosis လို့ မှတ်ထားရင်ရပါပြီ။

Keto လုပ်ခြင်းရဲ့ ဆိုးကျိုးတွေ ရှိလာနိုင်လား?
ဆိုးကျိုးရယ်လို့ လုံးဝ မရှိပေမယ့် Keto Flu လို့ခေါ်တဲ့ Keto ကိုက် ဝိသေသလက္ခဏာတွေကိုတော့ ဖြတ်သန်းရပါမယ်။ အဲ့ဒါတွေကတော့ ခေါင်းကိုက်တာ၊ ပင်ပန်းနုံးချိတာ၊ မအီမသာဖြစ်လာတာ၊ ခံတွင်းအနံ့နံလာတာနဲ့ ရေဆာလွယ်လာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Ketosis အခြေအနေရောက်သွားတဲ့အခါ အကုန်အဆင်ပြေသွားပါလိမ့်မယ်။

Ketogenic Diet အဖြစ် ထဲထဲဝင်ဝင် စနစ်တကျ စားသုံးပြီး Ketosis တစ်ယောက်အဖြစ် ရောက်ဖို့ကတော့ ကိုယ်လျှော့ချတဲ့ Carb နဲ့ စားသုံးတဲ့ အဆီဓါတ်ပေါ်မူတည်ပြီး ၂ရက်-၄ရက်ကနေ တစ်ပတ်ထိ ကြာမြင့်နိုင်ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာတာတွေ ၊ ဦးနှောက်ရဲ့လုပ်ဆောင်မှုတိုးတက်လာတာတွေ၊ နေရထိုင်ရကောင်းမွန်လာတာတွေ သိသိသာသာခံစားလာရတော့မှာပါ။

Keto Diet ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကရော?
ပြောရင် အံ့သြကုန်နိုင်ဖွယ်ပါပဲ။ Weight ချဖို့ အဓိက လို့ ထင်နေနိုင်တဲ့ Ketogenic Diet ကနေ တခြားထင်မထားတဲ့ ကျန်းမာရေးဆုလာဘ်ကြီးတွေကို ပိုင်ဆိုင်နိုင်ပါသေးတယ်။

ပထမအချက်က စားချင်စိတ် လုံးဝ လျော့ကျသွားတာပါပဲ။ နောက် လေ့လာမှုတွေအရ Keto စပြီးပြီးချင်း တဟုန်ထိုးကျဆင်းတဲ့ အလေးချိန်ပါပဲ။ Low Carb နဲ့သွားနေတဲ့ ဒီနည်းဟာ Low Fat နဲ့သွားတဲ့ မူလလက်ဟောင်း အဆီချနည်းတွေထက် သိသိသာသာထိရောက်နေတာ အံ့သြစရာပါ။ Keto သမားတွေဟာ တစ်ပတ်ကနေ ၁၀ ရက်အတွင်း ကိုယ်အလေးချိန် သိသိသာသာကျပါတယ်။

နောက်ကျန်းမာရေးကောင်းကျိုးတွေက-
ဝမ်းဗိုက်အခန်းတွေကနေ အဆီလောင်ကျွမ်းမှုတွေ ပိုမြင့်လာမယ်။
သွေးဖိအားတွေ ကျလာမယ်။
ဝက်ခြံတွေ လုံးဝပါးသွားမယ်။
ကင်ဆာရောဂါတွေ ဖြစ်နိုင်ချေ လျော့သွားမယ်။
ဆီးချိုရောဂါလုံးဝ ကင်းမယ်။
 နှလုံးကျန်းမာရေးကောင်းလာမယ်။
ဦးနှောက်ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာမယ်။
အမျိုးသမီးတွေဆို ဟော်မုန်း မျှတပြီး သားအိမ်ပိုင်း ပိုကျန်းမာလာစေတဲ့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

Ketogenic Diet အတွက် အချိန်တိုတွင်း ပိုထိရောက်ဖို့ဆို Intermittent Fasting ဆိုတဲ့ အစားအသောက်စားသုံးချိန် Pattern တစ်ခုနဲ့ တွဲလုပ်ရင်လည်း ပိုသိသိသာသာ ကိုယ်အလေးချိန်ကျစေပါတယ်။ Keto နဲ့ IF က တွဲစပ် နာမည်ကြီးလာတာမို့ အစားအသောက်စားပုံနဲ့ စားချိန် သေသေချာချာ စနစ်တကျ လုပ်နိုင်လေ အကျိုးထူးလေပါပဲ။


ဒီလောက်ဆို Keto နဲ့ပတ်သက်ပြီး အသေးစိတ် အထွေထွေ သိရှိပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါ့ကြောင့် လတ်တလော အမေရိကန်လိုနိုင်ငံကြီးတွေမှာပါ စွဲစွဲမြဲမြဲလုပ်ပြီး သိသာကြ၊ ဝေမျှလာကြတဲ့ ခေတ်အစားဆုံး Diet နည်းတစ်မျိုးကို မြန်မာနိုင်ငံက ကျန်းမာသွယ်လျပြီး ကိုယ်အလေးချိန်ကျချင်တဲ့ သူများအတွက် ရည်ရွယ်ကာ အသေးစိတ်ဆောင်ရန်၊ ရှောင်ရန်၊ အထွေထွေဗဟုသုတ အားလုံး နားလည်သိမှတ်ပြီး လိုက်ကျင့်သုံးဖို့ Ketogenic Diet အကြောင်း ပြည့်ပြည့်စုံစုံ တင်ပြလိုက်ရပါတယ်။

No comments: