Friday, May 3, 2019

Japanese Chicken Curry - ကြက်သားနှင့် ခွေးတောက်ရွက်ဟင်းလျာ - ကြက်သားနှင့် ငါးပိမြေအိုးဟင်းလျာ - ကြက်သားကိုရီးယားပဲငါးပိချက်

ကြက်သားနှင့် ငါးပိမြေအိုးဟင်းလျာ
.......................................


 ကြက်သားကို ထူးထူးခြားခြားလေးဖြစ်အောင် မြေအိုးဟင်းလျာပုံစံလေး ချက်ပြထားပါတယ်။ မျှင်ငါးပိ လေးပါ ထည့်ချက်ထားတော့ အနံ့အရသာအားလုံးက ပြောစရာမလိုအောင် ကွက်တိပေါ့ဗျာ။

ပါဝင်ပစ္စည်းများ
• ကြက်သား (ရင်ပုံ) - ၁၅၀ ဂရမ်
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ - ၆ မြွှာ
• ငရုတ်သီး (နီ/စိမ်း) - ၆ တောင့်ခန့်
• ရှောက်ရွက် - ၄ ရွက်ခန့်
• ခရမ်းချဉ်သီး - ၁ လုံး
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သားမှုန့် - အနည်းငယ်
• သကြား - အနည်းငယ်
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ကော်မှုန့် - စားပွဲဇွန်း ၅ ဇွန်း
• သံပရာရည် - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်ရင်ပုံသားကို အနေတော်အတုံးများ လှီးဖြတ် ပြီး ကော်မှုန့်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့နှင့် နယ်ပြီး ဆီပူပူမှာ ကျက်အောင် ကြော်ပါ။
၂။ ကြက်သားရပြီဆိုလျှင် ဆီစစ်ထားပါ။
၃။ ကြက်သွန်ဖြူ (ဓားပြားရိုက်)၊ ကြက်သွန်နီ (၄ စိတ် စိတ်)နှင့် ငရုတ်သီး (တစ်ခြမ်းခြမ်း) တို့ကို ဆီသတ်ပါ။
၎။ အနံ့မွှေးလာပြီဆိုလျှင် ငါးပိထည့်ပြီး ဆီသတ်ပါ။
၅။ ကြော်ထားတဲ့ ကြက်သားများထည့်ပါ။ အရသာ များအဖြစ် ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်း မှုန့်နှင့် သံပရာရည်တို့ကို ထည့်ပါ။
၆။ ခရမ်းချဉ်သီး (၄ စိတ်စိတ်) များ ထည့်ပါ။ ရေကို လိုအပ် သလို အနည်းငယ် ထည့်ပါ။
၇။ အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ပါးပါးလှီးထားသော ရှောက်ရွက်များ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်

ကြက်သားနှင့် ခွေးတောက်ရွက်ဟင်းလျာ


အံ့ဝင့်ထွဋ် (MRTV-4)


ပါဝင်ပစ္စည်းများ

ကြက်သား  –  ၃၅၀ ဂရမ်

ခွေးတောက်ရွက်  –  ၃၀ ဂရမ်

ငရုတ်သီး (နီ/စိမ်း)  –  ၆ တောင့်ခန့်

ကြက်သွန်ဖြူ  –  ၆ မြွှာ

ကြက်သွန်နီ  –  ၂ လုံး

ငရုတ်အနှစ်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း/လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း / စားပွဲဇွန်း ၁/၂ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

နနွင်း  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ကြက်သားကို အနေတော်အတုံးများတုံးပြီး နနွင်းမှုန့်၊ ကြက်သားမှုန့်၊ ငံပြာရည်တို့နှင့် နယ်ပြီး နှပ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်အနှစ်ထည့်ပါ။

၃။       အရသာများထည့်ပြီး ရေကို လိုအပ်သလို ထည့်၍ အနှစ်ရအောင် ချက်ပါ။

၎။       အနှစ်ရပြီဆိုလျှင် အရသာနယ်ထားတဲ့ ကြက်သားထည့်ပြီး နူးသည်အထိ ရေကို လိုအပ်သလို ထည့်၍ ချက်ပါ။

၅။       ကြက်သားနူးပြီဆိုလျှင် ငရုတ်သီးနှင့် ခွေးတောက်ရွက်တို့ကို ပါးပါးလှီးပြီး ထည့်ပါ။

၆။       အနံ့၊ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

ကြက်ဆီဖူြးွကပ်ချဉ်စပ်ဟင်းလျာ
................................


ပါဝင်ပစ္စည်းများ
ကြက်ဆီဖူးကြော်ရန်
• ကြက်ဆီဖူး - ၁၀ ခုခန့်
• ကြက်သွန်ဖြူ - ၃ မြွှာ
• ဆား - အနည်းငယ်
• ဆီ - စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်ကောင်း - အနည်းငယ်

ဆော့စ်ချက်ရန်
• ငရုတ်ချဉ် - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သွန်ဖြူ - စားပွဲဇွန်း ၁/၂ ဇွန်း (နုပ်နုပ်စဉ်း)
• ဆီ - စားပွဲဇွန်း ၁ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် (အကြည်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည် (အနောက်) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ကြက်သွန်မြိတ် - အနည်းငယ်

ပြုလုပ်နည်း
၁။ ကြက်ဆီဖူးကို ဆား၊ ငရုတ်ကောင်းနယ်ပြီး ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနှင့်  ရေရောထည့်၍ ဆီဖြင့် ဆီထုတ်ပေးပါ။
၂။ ကြက်ဆီဖူြးွကပ်ပြီး အနံ့မွှေးလာပြီ၊ ဆီလည်း ထွက်သွားပြီ ဆိုလျှင် ဆယ်ယူပြီး အအေးခံထားပါ။
၃။ ဆော့စ်ချက်ရန်အတွက် ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)ကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်ချဉ်၊ ပဲငံပြာရည် (အကြည်၊ အနောက်)၊ အရသာများထည့်ပြီး ဆီသတ်ပါ။
၎။ ရေကို လိုအပ်သလို ထည့်ပါ။ ရေဆူလာပြီဆိုလျှင် ကြော် ထားတဲ့ ကြက်ဆီဖူးများ ထည့်ပြီး ၁ မိနစ်ခန့် နှပ်ထားပါ။
၅။ အနံ့၊ အရသာ ပြည့်စုံပြီဆိုလျှင် ကော်ရည်ထည့်ပါ။
၆။ ဆော့စ်ပျစ်လာပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး ကြက်သွန် မြိတ်ထည့်၍ သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်


ကြက်သားကိုရီးယားပဲငါးပိချက်
..............................


 ကလေးရော၊ လူကြီးပါ ကြိုက်နှစ်သက်စေမယ့် ကြက်သားဟင်းပါ။ ကြက်သားဟင်းလို့ဆိုပေမယ့် ကိုရီးယားပဲငါးပိအနှစ်ကိုသုံးပြီး ချက်ထား တာမို့ တစ်မူထူးခြားတဲ့အရသာကို ခံစားရမှာပါ။ ဒီကြက်သားဟင်းကို အသက် နှစ်နှစ်ကျော်ကလေးတွေလောက်သာ အဆင်ပြေမှာပါ။ နှစ်နှစ်ကျော်အရွယ်က လူကြီး စားသလို စားတတ်နေကြပြီ၊ စားချင်နေကြပြီမို့ ဒီလုပ်နည်းလေးက ကလေးတို့အတွက် အတော် အဆင်ပြေစေမှာပါ။ ပုစွန်နဲ့ချက်ရင်လည်း အရမ်းအရသာရှိပါတယ်။စမ်းကြည့်နော်။ အခုတော့ ကြက်သား နဲ့ ချက်နည်းလေး ရေးပေးထားပါတယ်။

ပါဝင်ပစ္စည်းများ
• ကြက်သား - ၃၀ ကျပ်သား (အရွယ်တော်တုံး)
• ကြက်သွန်နီ - ၂ လုံး
• ကြက်သွန်ဖြူ - ၄ မြွှာ (နုပ်နုပ်စဉ်း)
• ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
• ဂျပန်ဟင်းချက်အရက် - ထမင်းစားဇွန်း ၁ ဇွန်း
• ဂျပန်ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁/၂ ဇွန်း
• ကိုရီးယားပဲငါးပိအနှစ် - ထမင်းစားဇွန်း ၂ ဇွန်း
 (Ssamjang အစိမ်းရောင်ဘူး)

ပြုလုပ်နည်း
၁။ ကြက်သားကို ပဲငံပြာရည်၊ ဂျပန်ဟင်းချက်အရက်၊ ပဲငါးပိတို့ဖြင့် နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။
၂။ ကြက်သွန်ဖြူ/နီကို မွှေးလာအောင် ဆီသတ်ပါ။ ကြက်သားနယ်ထားတာကိုထည့် ပါ။ မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ကြက်သားအရောင်ပြောင်းပြီး မွှေးလာမှ ရေနွေး ကော်ဖီခွက် တစ်ခွက်ခွဲစာခန့် ထည့်၍ မီးအလယ်အလတ်ဖြင့် ကြက်သားနူးပြီး  ဆီပြန်အနှစ်ရလာသည်အထိ တည်ပြီး သုံးဆောင်ပါ။
.........................
May's Healthy Food


Japanese Chicken Curry


by Hsu Myat

ပါဝင်ပစ္စည်းများ

နေကြာဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သား  –  ၂၀ဝ ဂရမ် (ပါးပါးလှီးထားပါ)

ထောပတ်  –  ၃၀ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး ( အကွင်းလိုက်လှီးထားပါ)

ချင်း  –  လက်ဖက်ဇွန်း ၁ ဇွန်း (ခြစ်ပြီးသား)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ဂျုံ  –  စားပွဲဇွန်း ၂ ဇွန်း

မဆလာ  –  စားပွဲဇွန်း ၂ ဇွန်း

Tomato Paste  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်ပြုတ်ရည်  –  ၂၀ဝ ဂရမ်

မုန်လာဥ  –  ၁၀ဝ ဂရမ် (အတုံးလေးများ လှီးထားပါ)

ပဲစိမ်းလုံး  –  ၅၀ ဂရမ်

ပန်းသီး  –  စားပွဲဇွန်း ၂ ဇွန်း (ခြစ်နဲ့ ခြစ်ထားပါ)

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၁ ဇွန်း

ရေ  –  ၁၀ဝ ဂရမ်

ပျားရည်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ်  –  အနည်းငယ်

နှမ်းလှော်  –  အနည်းငယ်

ထမင်း  –  လိုသလောက်

ပြုလုပ်နည်း

၁။       ကြက်သားများကို ဆား၊ ငရုတ်ကောင်းမှုန့်နယ်ထားပြီး အိုးတစ်လုံးထဲ ဆီထည့်၍ ကြက်သားကို အညိုရောင်ပြောင်းအောင် ကြော်ထားပါ။

၂။       အိုးတစ်လုံးထဲ ထောပတ်များထည့်ပြီး ကြက်သွန်နီများထည့်၍ နီညိုရောင်လေး သန်းလာသည်အထိ ကြော်ပါ။ ချင်းနှင့် ကြက်သွန်ဖြူများ ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပါ။ ဂျုံထည့်ပြီး အညိုရောင်သန်းလာသည်အထိ သမအောင် မွှေပါ။

၃။       မဆလာနှင့် ခရမ်းချဉ်သီးအနှစ်ထည့်ပြီး အခဲလေးတွေ မကျန်အောင် သမအောင် ရောမွှေပါ။ ကြက်ပြုတ်ရည်ထည့်ပြီး အခဲလေးတွေမဖြစ်အောင် နာနာမွှေပေးပါ။ ခဲလာမှာဖြစ်တဲ့အတွက်ကြောင့် ရေထည့်ပါ။  ကြော်ထားတဲ့ ကြက်သားနှင့် မုန်လာဥနီများ ထည့်ပါ။  မီးလျှော့ပြီး မုန်လာဥအိလာသည်အထိ မိနစ်အနည်းငယ် လောက် ချက်ပေးပြီး ပဲစိမ်းလုံး၊ ပဲငံပြာရည်အကြည်နှင့် ပျားရည်ထည့်၍ သမအောင် ရောမွှေပါ။ ကြက်သွန်မြိတ် (ပါးပါးလှီး) နှင့် နှမ်းလှော်ဖြူးပြီး တည်ခင်း သုံးဆောင်နိုင်ပါပြီ။

No comments: