Monday, May 27, 2019

ကြော်ငြာကောင်းဖို့လိုတယ်



ဒီရက်ပိုင်းထဲ အင်တာဗျူးလေးတွေ တော်တော်ထိုင်ဖြစ်တော့ မြင်တွေ့တာလေးတွေကို ရေးချင်တဲ့စိတ်လေး ပေါ်လာတာနဲ့လည်း ဒီဆောင်းပါးလေးကို ပြန်ရေးမိတာပါ။ အလုပ်ခေါ်တဲ့အခါ လျောက်ထားလာကြတဲ့ အလုပ်လျှောက်ထားတဲ့ သူတွေအနေနဲ့ သိထားသင့်တာလေးတွေကို မျှဝေချင်တာလည်းပါပါတယ်။

အရေးအကြီးဆုံးအချက်က အလုပ်အင်တာဗျူးမှာ စကားပြောစွမ်းရည်ရှိဖို့ပဲ၊ စကားတွေ ဖောင်ဖွဲ့နေ အောင်ပြောတာ၊ အထင်ကြီးခံရအောင် စကားလုံးကြီးကြီးတွေ ပြောတာမျိုးမဟုတ်ပဲ             မိမိ တတ်ထားသမျှကို တစ်ဖက်လူနားလည်အောင် ပြောတတ်ဖို့ လိုပါတယ်။

မိတ်ဆွေက ကိုယ့်ရဲ့ ပစ္စည်းတစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ရောင်းချဖို့ စီစဉ်ဆောင်ရွက်မယ် ဆိုရင်တော့ မဖြစ်မနေ လိုအပ်လာတာက ကိုယ့်ထုတ်ကုန်အကြောင်းလူသိစေဖို့ လုပ်ရမှာက မဖြစ်မနေပါပဲ။ ဒါမှလည်း ကိုယ့်ထုတ်ကုန်ကို သူများတွေစိတ်ဝင်စားလာမယ်။ ယုံကြည်အားကိုးလာကြမယ်၊ ဒါမှ ကိုယ်လည်း အကျိုးအမြတ် ရှိမယ်ပေါ့။ ဒါကို ကြော်ငြာတယ် လို့ အကြမ်းဖျင်းသတ်မှတ်ထားမယ်။

ဒါဆိုရင် တော့ ကိုယ့် အကြောင်း ကို သိစေချင်မယ်၊ တနည်းအားဖြင့် ကိုယ့်ရဲ့အရည်အချင်း လုပ်ကိုင်နိုင်စွမ်းကို တစ်ခြားလူ၊ အဖွဲ့အစည်းတွေက အသိအမှတ်ပြုနိုင်ဖို့ ကြော်ငြာကောင်းဖို့လိုပါတယ်။ ဒါကို တနည်းဆိုရရင် Personal Branding လို့ပြောလို့ ရပါတယ်။

အပြောစွမ်းရည်နဲ့ပတ်သက်ပြီး  စိတ်ပါဝင်စားစွာ လေ့လာထားနိုင်ဖို့ ကျွန်တော်ဖတ်မိတဲ့ စာအုပ်လေး အကြောင်း အရင်ဆုံး ပြောပြပါမယ် ။

“ရုပ်ချောသူထက် အပြောကောင်းသူကို ပို၍ ချစ်ကြသည် ”  ဆရာဖေမြင့် ရဲ့ အဟော အပြော ကောင်းနည်း စာအုပ်ထဲက စိတ်ဝင်စားခဲ့တဲ့ စကားစုလေး တစ်ခုပေါ့။ အပြောလည်း ကောင်း၊ ရုပ်လည်းချောတယ်ဆိုရင်ဖြင့် ပိုပိုပြီးချစ်ခင်ခြင်းခံရမယ်ဆိုတာကို တွေးမိပါတယ်။ ဒါနဲ့စကားမစပ် အပြောကောင်းတိုင်း လူချစ်ခင်လူခင် များပါ့မလား ဆိုတာကိုလည်း ရှထောင့်တစ်မျိုးကနေ ပြန်လည်သုံးသပ်ခဲ့မိတယ်။ တကယ်တမ်း လက်တွေ့ မကျတဲ့၊ လုပ်ဆောင်ချက်မပါတဲ့ အပြောအဆိုမျိုးက တစ်ဖက်သားယုံကြည်ဖို့ လိုအပ်နေအုန်းမှာ အသေအချာ ပါပဲ။

ရုံးမှာ ဝန်ထမ်းလိုအပ်တဲ့အတွက် အလုပ်ခေါ်ထားတော့ Email ကနေပို့လာတဲ့ CV လေးတွေကို ကြည့်ပြီး ဒီအကြောင်းလေးစဉ်းစားမိတယ်။ အလုပ်ခေါ်တိုင်းလိုလိုမှာ လုပ်သက် ဦးစားပေးခေါ်ထားတာတွေများတော့ CV တွေထဲမှာလည်း များပြားလှတဲ့ အတွေ့အကြုံတွေက အသက်အရွယ်နဲ့မလိုက်အောင်ကို တွေ့ရပါတယ်။ တစ်ခါတစ်လေပြန်စဉ်းစာမိတာက ၁၅နှစ်နဲ့ အလုပ်လုပ်ခဲ့လေသလားဆိုတာကိုပါတွေး မိသွားတာပေါ့။ လူချင်းတွေ့မှ လုပ်သက် (၆)လလောက်ကို တစ်နှစ်ခွဲဖြစ်အောင်ရေးထားမှန်းသိလိုက်ရတဲ့ အခါ အထင်ကြီး အောင်ကြော်ငြာနည်း ဖြစ်နေတာကို တွေ့ရပါတယ်။

နောက်ပြီးတော့ လူချင်းတွေ့ပြီးမေးတဲ့ အင်တာဗျူးတွေမှာ တကယ်တမ်း အပြောကောင်းဖို့လိုအပ်ပါတယ်။

ဒါကတကယ်ပြောတာပါ၊ ကိုယ်ဘာလုပ်နိုင်တာလဲဆိုတာကို မပြောတက်သေးသ၍ အလုပ်ရှင်က စိတ်ဝင်စားမှာ မဟုတ်သလို ကိုယ်တိုင်ကလည်း ကိုယ်လုပ်နိုင်တာကို အဆင့်အတန်းခပ်မြင့်မြင့်ပြောနိုင်လေ ကိုယ်အတွက် ပိုပြီး အခွင့်အလမ်းရှိလေလေပါပဲ။ နည်းပညာနဲ့သက်ဆိုင်တဲ့ အလုပ်မျိုးတွေမှာ Skill Test စစ်ဆေးကြပေမဲ့ ကိုယ့်က စီမံခန့်ခွဲမှုနယ်ပယ်မှာ လျှောက်ထားခဲ့မယ်ဆိုရင်တော့ ကိုယ်လုပ်ဆောင် အောင်မြင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေ၊ ကိုယ်လုပ်ကိုင်နိုင်တဲ့ အကြောင်းအရာ အကျဉ်းချုပ်လောက်ကိုတော့ မိတ်ဆွေက ပညာရှင်ဆန်ဆန် ပြောပြတတ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာပေးရရင် အင်တာဗျူးမှာ Marketing Plan, Human Resource Planning  တွေကို ဘယ်သူကမှ ထိုင်ဆွဲမခိုင်းသလို၊ ဆွဲလို့လည်းမရပါဘူး။ ဒါပေမဲ့ ဒါတွေကို ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ အကျဉ်းချုပ်ကိုတော့ ပြောပြချင် ပြောပြရပါလိမ့်မယ်။ ဒီတော့  မိတ်ဆွေက အပြောကောင်းဖို့ လိုကို လိုပါတယ်။

ကြော်ငြာကောင်းသူဖြစ်ဖို့လိုအပ်တာနဲ့ပတ်သတ်ပြီး လက်ရှိအတွေ့အကြုံအရပြောရရင် ရုံးမှာဒီဇိုင်းဌာန အတွက် AutoCAD ခေါ်ပေးတော့ CV တွေပို့ကြတာပေါ့။ ဒီအထဲမှာ တော်တော် များများကတော့ ဘာလုပ်နိုင်ပါတယ်။ ဘာတွေလုပ်ခဲ့ပါတယ်ဆိုတဲ့ CV တွေကတော့ ထုံးစံတိုင်းပါပဲ။ ဒါပေမဲ့ မှတ်မှတ်ရရ အလုပ်လျှောက်တဲ့ သူတစ်ယောက်က အလုပ်လျှောက်လွှာအပြင် လုပ်ငန်းနဲ့သက်ဆိုင်တဲ့ သူဆွဲထားတဲ့ 2D, 3D Auto Card တစ်ပုံစီ တွဲပို့ပေးလိုက်တယ်။ အင်ဂျင်နီယာဌာအနေနဲ့ CV ကြည့်ယုံနဲ့ သဘောကျနေမှာ အသေအချာပါပဲပေါ့။ သူရဲ့အရည်အချင်းကို လူမတွေ့ခင် ကျိတ်ပြီး သဘောကျနေ ကြတာပေါ့လေ။ ဒါပေမဲ့ လူကိုယ်တိုင်တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ သူဆွဲထားတဲ့ပုံ မဟုတ်ကြောင်းနဲ့ ကျွမ်းကျင်မှုသိပ်မရှိလှတာကို တွေ့ကြပြန်တော့ ကြော်ငြာကောင်းသူကြီးရယ်လို့ တွေးမိပြန်ပါတယ်။

အလုပ်လျှောက်ရာမှာ ကြော်ငြာကောင်းဖို့လိုပါတယ်။ ဒါပေမဲ့ မိတ်ဆွေက ရိုးသားပွင့်လင်းပြီး ကိုယ့်သိတာ၊ တက်တာကို အဆင့်မြင့်မြင့် စကားလုံးတွေနဲ့ ရေးသားတက်ဖို့ပါ။ လိမ်စရာ၊ ကွယ်ဝှက်စရာတွေ ထားရှိနေလို့ မရနိုင်ပါဘူး။ ဥပမာ  ကိုယ်က အရောင်းအဝယ်အပိုင်းမှာ ဖောက်သည်တွေနဲ့ ဆက်သွယ်ဆက်ဆံရတယ်။ နောက်ပြီး Customer Relationship Management (CRM) အပိုင်းကို ဘယ်လိုလုပ်ရတယ် ဘာညာ လောက်တော့ လုပ်လို့ရပါတယ်။ ကိုယ်မလုပ်ဖူးတာမဟုတ်ပဲ လုပ်ဖူးတာကို ပိုပြီးစိတ်ဝင်စားအောင် ရေးနိုင်ပါတယ်။ ဒါက ကိုယ့်အပေါ် ရွေးချယ်မယ့်သူအတွက် အရေးကြီးတဲ့ အထင်ကြီးမှုကို ကနဦး ရယူလိုက်တာပါပဲ။

ဒါပေမဲ့ အင်တာနက်ကရှာလာတဲ့ JD  တွေဖြည့်ရေးထားယုံလောက်ဆိုရင်တော့ မိတ်ဆွေက တကယ့် လက်တွေ့မှာ ပြောပြနိုင်ဖို့ခက်ခဲနေပါလိမ့်မယ်။ နောက်ပြီး လူတစ်ယောက်ဟာသူဘာတွေလုပ်နေလဲဆိုတာ တစ်ခြားသူတွေသိဖို့ထက် ဘာတွေလုပ်နိုင်လဲဆိုတာကိုသိအောင် ဖော်ပြခြင်းဟာလည်း ကိုယ်ရည်ကိုယ်သွေး ဆိုင်ရာ လစ်ဟာပြသမှုတစ်မျိုးဖြစ်တာကြောင့် ဒါကလည်း Personal Branding ပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုင်ဆိုင်ကိုင်တွယ်နိုင်တဲ့အခါ ကိုယ်ရဲ့ရှိပြီးသားအရည်အချင်းကို တစ်ခြားသူတွေက ပိုပြီးအသိအမှတ် ပြုနိုင် မှာပါ။ ဆက်ပြီးတော့ ပြောရရင် လူ့စိတ်သဘာရ ဆင့်ကဲတွေးခေါ်မှုဖြစ်စဉ် တွေရှိပါတယ်။ လူတစ်ယောက်က  မိတ်ဆွေကို တော်တယ်၊ အရည်အချင်းရှိသူ လို့ သတ်မှတ်ပြောဆိုတယ် ဆိုကြပါစို့။ မိတ်ဆွေအကြောင်းမသိ သေးတဲ့ လူတစ်ယောက်က ဟုတ်နိုးနိုး ထင်တက်တယ်။ ဒါက လူ့တွေရဲ့ တွေးထင်မြင်တက်တဲ့ သဘော သဘာဝပါ။

I Phone  ကိုလူတွေကြိုက်ကြတယ်။ ဘာကောင်းလဲလို့ အတိအကျပြောနိုင်တဲ့လူက အသုံးပြုသူတွေထဲမှာ ဘယ်လောက်များရှိမလဲ။ ဒါက ဘာကိုပြသလဲဆိုရင် အရည်အသွေးကောင်းကြောင်းပြသတဲ့ ထုတ်ကုန်တွေမှာ သူတို့ရဲ့ ကုန်ပစ္စည်းကို လူသိအောင် ပိုမိုကြော်ငြာရတယ်ဆိုတာကိုပါပဲ။ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် တကယ်အရည်အသွေးကောင်းရင် သုံးစွဲသူက အသုံးပြုကိုပြုရမယ်ဆိုတဲ့သဘောတရားက လက်တွေ့ မကျသလိုဖြစ်နေတက်ပါတယ်။ ဒီတော့ကျွန်တော်တို့ကြော်ငြာတက်ဖို့လိုပါတယ်။

ဒါပေမဲ့ မှန်ကန်တဲ့ကြော်ငြာခြင်းဖြစ်ဖို့လိုပါတယ်။ ကိုယ်ပိုင်အရည်အချင်းရှိသူတွေဟာ ပတ်ဝန်းကျင်က အသိအမှတ်ပြုခံရတဲ့ အချိန်အခါမှာဆိုရင် ပိုပြီးအောင်မြင်ကျော်ကြားဖို့ အခွင့်အလမ်းများပါတယ်။ ဒီတော့ ကြော်ငြာကောင်းသူဖြစ်ဖို့ အရင်ဆုံးလုပ်ရမှာက ကိုယ့်ရဲ့အားသာချက်ကို သိဖို့လိုပါတယ်။

ဒါကအရေးကြီးတဲ့အချက်ပါပဲ ၊ ကိုယ်ဘာလုပ်နိုင်လဲဆိုတာကိုသိမှ ကိုယ်အားသာချက်ကို ဘယ်လို အသုံးချလို့ ရမလဲကို သိရှိနိုင်မယ်၊ ဒီအားသာချက်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို ကြော်ငြာနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆက်စပ်ပြီးတင်ပြရရင် ထုန်ကုန်တစ်ခု ကြော်ငြာခြင်းနဲ့ ယှဉ်ထိုး ဖော်ပြချင်ပါတယ်။ ကုန်ပစ္စည်းတစ်ခု ပေါက်မြောက်ဖို့ဆိုရင်တော့ တစ်ခြားကုန်ပစ္စည်းများနဲ့ ထူးခြားစွာခွဲခြားထား နိုင်ဖို့ လိုပါတယ်။ ဒီတော့ အရေးကြီးတဲ့ လက္ခာတွေဖြစ်တဲ့ –

o          အသွင်အပြင်                              (Features)

o          စတိုင်                                        (Style)

o          ယုံကြည်စိတ်ချရမှု                      (Reliability)

o          ဝန်ဆောင်မှု                               (Service)

o          အမှတ်တံဆိပ်သတ်မှတ်ခြင်း        (Brand Naming)

ဆိုတာတွေရှိနေမှ ကွဲပြားခြားနားစွာ တည်ရှိနေမှာဖြစ်ပါတယ်။ ဒီအချက်တွေဟာထုတ်ကုန်တွေအတွက် ဆုံးဖြတ်ချက်ချမှတ်ရာမှာသုံးတဲ့  Product Decision လုပ်တဲ့အပိုင်းမှာ တစ်ခြားထုတ်ကုန်များနဲ့ ခွဲခြားနိုင်ရေး အတွက် သတ်မှတ်ချက်အချို့ပါ။

မိတ်ဆွေက ကိုယ့်အကြောင်းကို  ကြော်ငြာတော့မယ်ဆိုရင်တော့ ဒိအချက်အလက်တွေကိုလည်း အသုံးပြုနိုင် ပါတယ်။

ကိုယ့်ရဲ့ အသွင်အပြင်က ဘယ်လိုပုံစံရှိနေမလဲ၊ သူများနဲ့ပဲ တူနေမလား၊ အလုပ်ခွင်ထဲမှာ သူများနဲ့မတူတဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှုတွေ ဘာတွေရှိနေသလဲ၊ ဒါတွေကို တစ်ခြားသူတွေသိလာအောင် လုပ်ဆောင်ပါ။

နောက်ပြီး စတိုင် ဖြစ်ပါတယ်၊ စတိုင်ဆိုတာအဝတ်အစားပုံစံ ကိုပြောတာမဟုတ်ပါဘူး။ အလုပ်လုပ်ရင် ကိုယ်ရဲ့ စတိုင်က တိကျတာပဲ၊ အချိန်ကိုက်ပြီးအောင်လုပ်နိုင်တယ်၊ ကိုယ်လုပ်လိုက်တဲ့ အရာတိုင်းက ပြန်လှည့် ကြည့်စရာမလိုဘူး၊ ဒါမျိုးကိုဆိုလိုတာပါ။ ကိုယ့်ရဲ့ ပင်ကိုယ်စတိုင်တစ်ခုရှိနေမှ ဖြစ်မှာပါ။ ဒီအချက်ရှိနေတယ် ဆိုရင်တော့ ယုံကြည်စိတ်ချရမှု ကို မလွဲမသွေရှိလာမှာပါ။ ဒါကလည်း ကြော်ငြာခြင်းအတွက် အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဆက်ပြီးတော့ ဝန်ဆောင်မှုအပိုင်းပါ။ ဝန်ဆောင်မှုလို့သတ်မှတ်ရင် ကိုယ်အတွက်ရော သူများအတွက်ပါ အရေးကြီးပါတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ငန်းကိစ္စရပ်တိုင်းဟာ ကိုယ့်အတွက်ဝန်ဆောင်မှုဖြစ်သလို၊ သူများအတွက်လည်း ဝန်ဆောင်မှုဖြစ်ပါတယ်။ အလိုက်သိတက်တာ၊ သည်းခံတက်တာ၊ အားနာတာ၊ စိတ်ဆိုး ဒေါသထွက်တာ တွေကိုလည်း သတ်မှတ်ပါတယ်။ ဒီတော့ မိတ်ဆွေက ဝန်ဆောင်မှုဘယ်လောက် ကောင်းတယ်ဆိုတာက လုပ်ဖော်ကိုင်ဖက်တွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။

နောက်ဆုံးတင်ပြချင်တာက ကြော်ငြာတော့မယ်ဆိုရင် နာမည်ကောင်းကောင်းလေးနဲ့ လူစိတ်ဝင်စားဖို့ လိုပါတယ်။ ဒါက ဘယ်အရာမဆို အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ မိတ်ဆွေက တအားနာမည်ကြီးနေသူ တစ်ယောက်ဆိုရင်တော့ လူတိုင်းက ကိုယ့်နာမည်ကိုမှတ်မိနိုင်ပေမဲ့၊ ဒီအခြေအနေအဆင့် မရောက်သေးရင် တော့ ဒါကလည်း အရေးပါတဲ့အချက်ပါ။

ဒီအချက်အလက်တွေကတော့ကြော်ငြာကောင်းတဲ့ သူတွေမှာ တွေ့ရတက်တာမို့ ကိုယ်တိုင်ကြိုးစားကြည့်ဖို့ လိုအပ်ပါတယ် ။


ထိန်လင်းကျော် (HR)

No comments: