Sunday, March 17, 2019

မိန်းကလေးများနှင့် ကျစ်လျစ်သော အသွင်


(Toned body for a lady)

မိန်းကလေးဆိုပေမယ့် သင်ဟာယောင်္ကျားလေးတစ်ယောက်ဖြစ်နေရင်တောင် ဖတ်လို့ရပါတယ်ဆိုတာနဲ့ စလိုက်ရအောင်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အရင်ကပြောခဲ့ဖူးပေမယ့် ဒီတစ်ခေါက် အပြည့်စုံဆုံးရေးလိုက်ပါတယ်။ သင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်မယ်၊ ကျစ်လျစ်တဲ့ အသွင်အပြင်ကို လိုချင်မယ်ဆိုရင် ဒီအချက်တွေဟာ မသိလို့ မဖြစ်တာမလို့ မလွတ်တမ်းဖတ်စေချင်ပါတယ်။

ခေါင်းစဉ်ကို သေချာဖတ်မိလိုက်တယ်ဟုတ်။ ကျစ်လျစ်သောအသွင်၊ ဒါမှမဟုတ် English လိုဆို Toned ဖြစ်ပါတယ်ဆိုတဲ့ အသွင်။ ဘယ်လိုအသွင်လဲဆိုတာ မျက်လုံးထဲမပေါ်သေးရင် အောက်မှာ ဓါတ်ပုံတင်ထားတယ်။ ကျစ်လျစ်ပြီး သန်မာတဲ့ အသွင်။

ဘာလို့ ဒီအသွင်ပါလဲဆိုတာ အရင်ပြောနေရတာက သင်လိုချင်တာ ဒါဟုတ်မဟုတ်၊ ဟုတ်တယ်ဆိုမှ ဒီလိုရဖို့အတွက် အောက်မှာပြောထားတဲ့ အချက်တွေလုပ်ဖို့လိုတယ်ဆိုတာ ဆက်ဖတ်ဖို့သင့်တယ်မဟုတ်လား။

အရင်ဆုံး ဆက်မဖတ်ခင် သင်ဟာ ဇဝေဇ၀ါဖြစ်နေနိုင်ပါတယ်။

" ဒီဆောင်းပါးဟာ ငါ့အတွက်ပြောတာ ဟုတ်ပါ့မလား ' ဆိုပြီးပေါ့။ မပူပါနဲ့။

သင်ဟာ
၁၊ ၀နေသူဖြစ်လို့ ကျစ်လျစ်တဲ့အသွင်ရဖို့ ကြိုးစားချင်တဲ့လူ
၂။ မ၀ပေမယ့်လည်း ကျစ်လျစ်တဲ့အသွင်မရှိလို့ ရဖို့ ကြိုးစားချင်တဲ့လူ

ဒီနှစ်မျိုးထဲက တစ်မျိုးဟာ သင်ဆိုရင် ဒီဆောင်းပါးဟာ သင့်အတွက်ပါပဲ။ ဒီဆောင်းပါးမှာ အမျိုးသမီးတွေအတွက်ရော၊ အမျိုးသားတွေအတွက်ပါ သူတို့လိုချင်တဲ့ Body goals ကိုမရနိုင်အောင် ဘယ်လိုအမှားတွေက တားဆီးထားပါလဲဆိုတာ အကျယ်ကို ရှင်းပြပါမယ်။ စလိုက်ရအောင်။

*****************************************************
" ပိန်သွားဖို့ လေ့ကျင့်ခြင်း "

Admin အနေနဲ့ လူတွေ Gym သွားတယ်၊ လေ့ကျင့်ခန်းလုပ်တယ်ဆိုကတည်းက ပိုလှလာဖို့ လုပ်တယ်လို့ပဲ ယူဆပါတယ်။ ယောင်္ကျားလေးဆို ရင်အုတ်ကျယ်ကျယ်၊ လိုအပ်တဲ့ ကြွက်သား ပမာဏနဲ့ ကြည့်ကောင်းအောင် ကြိုးစားတယ်၊ မိန်းကလေးတွေဆိုရင်လဲ ခါးသွယ်သွယ်၊ တင်ပြည့်ပြည့်၊ လက်မောင်းသားကျစ်ကျစ်လေးတွေ ဖြစ်အောင် ကြိုးစားတယ်လို့ ယူဆမယ်ဆို မလွန်ဘူးဟုတ်။ ဒီလို Goals မရှိတဲ့လူတွေကလဲ Gym ရောက်တယ်၊ Workout လုပ်ဖြစ်တယ်လို့ မရှိကြပါဘူး။

ဝလာလို့ အရင်ကလို မလှတော့ပါဘူး။ ဒါ့ကြောင့် အရင်လိုပိန်ပိန်လေးဖြစ်ရင် ကောင်းမှာပဲဆိုပြီး လေ့ကျင့်ခန်းလုပ်ကြတယ်။ ဒီလိုနဲ့ ၀တဲ့လူကနေ ကြိုးစားရင်းနဲ့ ပိန်သင့်သလောက်ပိန်သွားမယ်။ ဒါမှမဟုတ် သင်ဟာ အရင်ကတည်းက ပိန်နေတယ်ဆိုပါစို့။ ဒါဆိုရင် အောက်က မေးခွန်းလေးတွေကို ဖတ်ကြည့်လိုက်ပါ။

" လက်နဲ့ ဂျိုင်းအဆက်က အဆီနဲ့တွဲနေတယ်၊ ဘယ်လိုလုပ်ရမလဲ "

" လက်ကလေးတွေက သွယ်တယ်၊ ဒါပေမယ့် ဗိုက်က ဖောင်းပြီးပူနေတယ် "

" အပေါ်ပိုင်းကသေးပေမယ့် ခါးအောက်ပိုင်းမှာ အဆီစုနေတယ် "

" အဆီချတာ ပေါင် သုံးဆယ်လောက်ကျသွားပြီ။ Diet လုပ်ပြီးတော့ပေါ့။ ဒါပေမယ့် အခုကျတစ်နေတယ်၊ ထပ်မကျတော့ဘူး "

သင်ကိုယ်တိုင် ဒီလိုခပ်ဆင်ဆင် အဖြစ်မျိုးပိုင်ဆိုင်ဖူး၊ မေးဖူးပါသလား။ ဒီလို အခြေအနေမျိုးနဲ့ ကြုံဖူးသူဆိုရင် ဒီပြသနာဟာ ဘယ်လောက်ခံရခက်လဲဆိုတာ သိနိုင်ပါတယ်။ သူများတွေက ပိန်ရင်လှတယ်ထင်လို့ ပိန်အောင်ကြိုးစားတယ်၊ ပိန်သွားတော့လဲ ကိုယ်ရည်မှန်းပြီးလုပ်ခဲ့တဲ့ Bikini Body မျိုးဖြစ်မနေပြန်ဘူး။

ပိန်သွားတိုင်း Bikini model လိုမျိုးလှမနေဘူး။ အ၀တ်အစားဝတ်ထားရင် လှနေပေမယ့် ထုတ်ကြွားလို့မရဘူး၊ လူပိန်ပေမယ့် ဗိုက်ပူနေတယ်ဆိုပါစို။

ဒါမျိုးက Body goals ကြီးကြီးရည်မှန်းပြီးလုပ်တဲ့လူတွေ မဖြစ်ချင်ဆုံး အခြေအနေပါ။ ဒါကို Skinny fat လို့ခေါ်ပြီး မြန်မာလိုဆို " ငပိန်ဗိုက်ပူ " လို့ပဲ ခေါ်ရမှာပါပဲ။

ဒါဟာ ပိန်သွားရင်ပြီးရော။ ကြွက်သားလေ့ကျင့်ခန်းမလုပ်ပဲ Diet တစ်မျိုးထဲနဲ့ အဆီချတဲ့လူတွေကြုံတွေ့ရတဲ့ အမှားပါပဲ။ သင်ဟာလဲ ဒီလမ်းကြောင်းပေါ်မှာဆိုရင် သင့်ရဲ့ အတွေးအခေါ်ကိုပြင်ပါ။ ပိန်ရုံနဲ့ Bikini model လိုအသွင်မျိုးမရနိုင်တာမလို့ ဒီလို ကျစ်ကျစ်လျစ်လျစ် ဖြစ်ချင်ရင် ပိန်သွားဖို့ လေ့ကျင့်မယ်ဆိုတဲ့ စိတ်ဓာတ်ကို အခုအချိန်ကစပြီး ဖျောက်လိုက်ပါ။

ပိန်သွားဖို့ လေ့ကျင့်တယ်ဆိုတဲ့အစား ကျစ်လျစ်တဲ့ အသွင်ရဖို့ လေ့ကျင့်မယ်လို့ အခုအချိန်ကစပြီး Goal ကို ပြောင်းသတ်မှတ်လိုက်ရအောင်။


****************************************************

၂) အေရိုးဗစ် Aerobics၊ ဒါမှမဟုတ် Cardio လုပ်တာများလွန်းခြင်း

ဒီအချက်ကို အရင်ကပြောခဲ့ဖူးပေမယ့် ဒီဆောင်းပါးမှာ အကုန်လုံးကို ပြည့်ပြည့်စုံစုံနဲ့ ပိုကျယ်ကျယ်ပြန့်ပြန့် ရှင်းပြချင်တာမလို့ ရေးလိုက်ပါတယ်။ ဒီအမှားဟာလဲ လေ့ကျင့်ခန်းစလုပ်သူတွေထဲမှာ တွေ့ရလေ့ရှိတဲ့ အမှားကြီးတစ်ခုပေါ့။

Aerobics ဒါမှမဟုတ် Cardio ( Cardio ဆိုတာ ပြေးခြင်း၊ ရေကူးခြင်း) လုပ်တာများလွန်းတာဟာ အပေါ်က နံပတ် ၁မှာ ပြောခဲ့တဲ့ လူပိန်ဗိုက်ပူ Skinny Fat အဖြစ်ကို ရောက်ဖို့ အမြန်လက်မှတ်ပါပဲ။

TV မှာ တစ်ခါတစ်လေပြလေ့ရှိတဲ့ မာရသွန်အပြေးပွဲစတာတွေမှာ ရှေ့ဆုံးက ပန်းဝင်တဲ့လူတွေကို မြင်ဖူးတယ်ဟုတ်။ သူတို့ဟာ ကျစ်ကျစ်လျစ်လျစ် အသွင်တွေ မဟုတ်ပါဘူး။ မာရသွန်အပြေးသမားတွေရဲ့ အသွင်ဟာ လက်ဆိုလဲ ပိန်ချိုင့်ချိုင့်၊ ခန္ဓာကိုယ်ဆိုရင်လဲ ကြွက်သားနဲ့ ကျစ်နေတာမဟုတ်ပဲ ပိန်ပျော့ပျော့ပါပဲ။ ဒီလိုပုံကိုပဲ Skinny fat လို့ခေါ်ပြီး Bodybuilding လုပ်တဲ့လူတွေ မဖြစ်ချင်ဆုံးအရာပေါ့။

ဒါနဲ့ ဆန့်ကျင်ဖတ်ဖြစ်တဲ့ ကျစ်လျစ်တဲ့သူတွေ၊ Body လှတဲ့သူတွေ လုပ်ဖို့ အမြဲ အကြံပေးလေ့ရှိတာကတော့ အချိန်တိုတိုနဲ့ ပြင်းပြင်းထန်ထန်လုပ်တာပါပဲ။ HIIT လို့ ခေါ်ပြီး မြန်မာလိုဆိုရင်တော့

30 seconds ပုံမှန်ပြေးမယ်၊
20 seconds မြန်နိုင်သလောက် မြန်အောင်ပြေးမယ်၊
30 seconds အရှိန်ပြန်လျှော့ပြီး ပုံမှန်ပြေးမယ်၊
20 seconds အရှိန်ပြန်တင်ပြီး မြန်အောင်ပြေးမယ် စသဖြင့် နှေးလိုက် အမြန်ဆုံးလုပ်လိုက်နည်းပါပဲ။ ဒီနည်းလမ်းနဲ့ဆို မိနစ် ၂၀နဲ့လုံလောက်ပါတယ်။

ဘာလို့ နှေးလိုက်မြန်လိုက်နည်းက ကျစ်လျစ်စေပြီး အကြာကြီးလုပ်တဲ့ Cardio က လူပိန်ဗိုက်ပူဖြစ်စေတာလဲ ။

သင်ဟာ စဉ်းစားရကြပ်ရင်ကြပ်နေပါလိမ့်မယ်။ ဒါပေမယ့် Golden_Dreams page အနေနဲ့ ပြောရတာလဲ အကြောင်းရှိမှာပဲဟုတ်။

နံပတ် ၁ အချက်မှာပြောခဲ့တာအရဆိုရင် သင်ဟာပိန်သွားအောင် လေ့ကျင့်တာ မဟုတ်ပဲ ကြွက်သားနဲ့ ကျစ်လျစ်အောင် လေ့ကျင့်တာကို မမေ့ပါနဲ့။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင့်ရဲ့ ရည်မှန်းချက်ဟာ အဆီကျပြီး ကြွက်သားကျန်ဖို့လို့ ဆိုလိုပါတယ်။ သင်ဟာ အဆီကျချင်တယ်၊ ကြွက်သားမကျချင်ဘူး။

ရေရှည် ကြာမြင့်စွာပြေးခြင်း၊ Aerobics လုပ်ခြင်းဟာ အဆီထဲက စွမ်းအင်ကို သုံးမယ့်အစား ကြွက်သားတွေကို ဖြိုခွဲပြီး စွမ်းအင်အဖြစ်ပိုယူပါတယ်။ ဒါ့ကြောင့် ရေရှည်ပြေးပြီး ပိန်လာတဲ့လူတွေဟာ အချိန်အတိုင်းတစ်ခုရောက်တဲ့အခါမှာ ကြွက်သားပမာဏနည်းနည်းလာပြီး ကျစ်လျစ်လာရမယ့်အစား လူပိန်ဗိုက်ပူဖြစ်လာတာပါပဲ။ ဒီနေရာမှာ ဘာ့ကြောင့် အဆီကိုမသုံးပဲ ကြွက်သားကို ဖြိုခွဲတယ်ဆိုတာ အကျယ်မရှင်းတော့ဘူးနော်။

ဒါဆို နှေးလိုက်မြန်လိုက် HIIT နည်းကရော ဘာလို့အဆီကျဖို့ ကောင်းတာလဲ။

ဒီအကြောင်းကို မိနစ်၂၀နဲ့ အဆီချခြင်းဆိုပြီး အကျယ်ရေးထားပါတယ်။ ဒါပေမယ့် အတိုချုံးပြန်ပြောရရင် သင်ဟာ ပုံမှန်ပြေးတယ်၊ တအားပြေးတယ်။ ဒီလို မတူညီတဲ့ အခြေအနေနှစ်ခုကို Seconds ပိုင်းအတွင်းမှာ အရှိန်မြှင့်လိုက်ဖို့ရာ သင့်နှလုံးက ပိုအားစုတ်ထုတ်ရပါတယ်။ နှလုံးခုန်နှုန်းမြန်လာမယ်၊ သွေးလည်ပတ်ဖို့ ပိုပြီးတော့ နှလုံးကအလုပ်လုပ်ရမယ်၊ အောက်စီဂျင်တွေ ပိုလောင်ကျွမ်းမယ်။ ဒီလိုနဲ့ စွမ်းအင်သုံးတယ်ဆိုပါစို့။ ဒီမှာ အပေါ်ကရေရှည်လုပ်တာနဲ့ မတူတဲ့အချက်က နှေးလိုက်မြန်လိုက်လုပ်နည်းဟာ မိနစ်၂၀လောက်ထပ် ပိုမလုပ်နိုင်တာမလို့ အချိန်တိုအတွင်းလိုအပ်တဲ့ စွမ်းအင်ကို ခန္ဓာကိုယ်က အဆီကနေယူတာများပါတယ်။ ဒီအချက်က အဓိကမဟုတ်သေးပါဘူး။ HIIT ရဲ့ အဓိက အကျိုးပြုချက်က အစာချက်နှုန်း Metabolism ကိုမြန်စေတာပါပဲ။ အစာချက်နှုန်းမြန်ခြင်းဟာပဲ အဆီချခြင်းအတွက် အရေးကြီးဆုံးထဲက တစ်ခုဖြစ်တာမလို့ ဒီနည်းဟာ ကြွက်သားကိုလဲ မဖြိုခွဲ၊ အဆီကိုလဲ ကျစေတယ်လို့ Bodybuilder တိုင်းက ထောက်ခံကျတာပဲမဟုတ်လား။

ဒီတော့ အချိန်ကြာ (မိနစ် ၄၀အထက်) ပြေးခြင်း၊ Aerobics လုပ်ခြင်း စသဖြင့် လုပ်မယ့်အစား ပြင်းပြင်းထန်ထန် မြန်လိုက်နှေးလိုက် HIIT လေ့ကျင့်ခန်းတွေလုပ်ပါ။ HIIT ဟာ နှေးလိုက် မြန်လိုက်ပြေးတာတစ်ခုထဲကိုတင်ဆိုလိုတာမဟုတ်ပဲ ဘယ်လိုတွေ လုပ်နိုင်သေးလဲဆိုတာ Page ထဲမှာ Workout Video တွေ တင်ထားတာမလို့ ကြည့်ပြီးလုပ်နိုင်ပါတယ်။

****************************************************

၃) ဟာကြူလီ ရောဂါ

ဟိုး အရင်တုန်းက English ဖတ်စာအုပ်ထဲမှာပါလေ့ရှိတဲ့ လူသန်ကြီး အင်ဂွန်ဂျဝါတို့၊ အပြင်မှာကြားဖူးတဲ့ လူသန်ကြီး ဟာကြူလီတို့ဆိုရင် ကြွက်သားထွားထွားတွေပဲပြေးမြင်တယ်ဟုတ်။

ဟုတ်ကဲ့။ မိန်းကလေးတွေ (အကုန်လို့ပဲဆိုပါရစေတော့) အကြောက်ကျဆုံးက ဒီလိုကြွက်သားတွေ ထွက်လာမှာပါပဲ။

မိန်းကလေးတွေအနေနဲ့ Fitness Magazine တွေ၊ Fitness Video လေးတွေမှာ ကြားဖူးရင်ကြားဖူး၊ ဒါမှမဟုတ် ရပ်ကွက်ထဲကလူတွေ ပြောတာကြားဖူးရင်ကြားဖူး၊ ဒါမှမဟုတ်ရင်တောင် Gym က ကိုယ့်ဆရာပြောတဲ့စကား ကြားဖူးရင်ကြားဖူးမှာပါ။ ကြွက်သားအကြီးကြီး မဖြစ်ချင်ရင် အလေးသေးသေးနဲ့မပါဆိုတာမျိုး။ မိန်းကလေးတွေကလဲ ဟာကြူလီဖြစ်မှာ သိပ်ကြောက်တာကိုး။

သင်ဟာ Golden_Dreams page ကို ရေရှည်ဖတ်လာတဲ့ ပရိတ်သတ်တစ်ယောက်ဆိုရင် အခုပြောမယ့် အကြောင်းအရာကို အကြိမ်ရေတော်တော်များများဖတ်ဖူးမယ်ထင်ပါတယ်။

" မိန်းကလေးတွေ ကျစ်လျစ်တဲ့အသွင်ရဖို့ အလေးကြီးကြီးမပါ "

သင်ဟာ ပလတ်စတစ်အရောင်လှလှလေးတွေနဲ့ လုပ်ထားတဲ့ ကလေးလက်သီးဆုပ်သာသာ အလေးတုံးလေးတွေသုံးပြီး ထိုင်ထလုပ်နေလား၊ ရင်ဘတ်တွန်းတင်လုပ်နေသလား၊ ခါးလှည့်နေသလား။ ဒီလိုလုပ်နေသေးသရွေ့ သင်ဟာဘာကြွက်သားမှထွက်လာမှာမဟုတ်ပါဘူး။ ဒီစကားဟာ သင့်ကို အားငယ်စေမှာဖြစ်ပေမယ့် အရိုးသားဆုံးနဲ့ အမှန်ဆုံးစကားပါ။

" အလေးသေးသေးလေးတွေနဲ့ လုပ်နေသေးသရွေ့ ဘာကြွက်သားမှ ထွက်လာမှာမဟုတ်ပါ "

ဒီလိုပြောတော့ " ဟုတ်တယ်လေ၊ ကြွက်သားကြီး အမြှောင်းလိုက်မထွက်ချင်ဘူးလေ။ ဒါ့ကြောင့် သေးသေးလေးသုံးတာ " လို့ သင်ဟာ ဆိုချင်ဆိုပါလိမ့်မယ်။

ဆိုချင်ဆိုပါလိမ့်မယ်တောင်မဟုတ်၊ ပြောကို ပြောပါလိမ့်မယ်။ ဒီလိုပြောကြတဲ့ အမျိုးသမီးဆိုတာက မြန်မာပြည်မှတင်မဟုတ်ပဲ နိုင်ငံတကာက အမျိုးသမီးတွေပါ ပြောကြတာပါပဲ။ ဒါ့ကြောင့်မလို့ ဟာကြူလီရောဂါလို့ အပေါ်မှာတင်စားထားပါတယ်။

သင်ဟာ ကြွက်သားတွေကို မုန်းရမှာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကြွက်သားပမာဏရှိမှသာ ကြွက်သား + အဆီအနည်းငယ် = Bikini body ဖြစ်မှာပါ။ ကြွက်သားမရှိ + အဆီအနည်းငယ် = Skinny fat မဖြစ်ချင်ရင် ကြွက်သားရှိဖို့လိုပါတယ်။ ဒါ့ကြောင့် သင့်စိတ်ကိုပြင်ပါ။ ကြွက်သားကို မုန်းမယ့်အစား ကြွက်သားကို ရအောင်လုပ်ပါ၊ ချစ်ပါ။

သင့်အတွက် ပေါ့ပေါ့လေးမဟုတ်ပဲ လေးလံတဲ့ ပမာဏကိုရွေးပါ။ ဘယ်လောက်ပမာဏလဲဆိုရင် ဥပမာအနေနဲ့ 15kg ကို သုံးပြီးထိုင်ထရင် အကြိမ် ၂၀ရတယ်ဆိုပါစို့။ ဒါဟာပေါ့သေးပါတယ်။ ကြွက်သားလေ့ကျင့်ချင်တဲ့လူတွေအတွက် ၈ကြိမ်နဲ့ ၁၅ကြိမ်ကြားထပ် ပိုမလုပ်နိုင်တဲ့ ပမာဏကိုရွေးသင့်ပါတယ်။ အပေါ်က ဥပမာအတိုင်းပြောရမယ်ဆိုရင် 20kg လောက်ဆို သင်ဟာ ၁၂ကြိမ်လောက်ပဲ လုပ်နိုင်မယ်ထင်ပါတယ်။ ဒါဆိုရင် ဒီပမာဏကိုရွေးပါ။

" ကြွက်သားကြီးထွားချင်သူတွေအတွက် ၈ကြိမ်နဲ့ ၁၅ကြိမ်ကြားပဲ လုပ်နိုင်တဲ့ ပမာဏကိုရွေးပါ။ "

ဒါပေမယ့် သင်ဟာ အသက်အရွယ် ၃၅အထက်၊ ဒါမှမဟုတ် အခုမှစလုပ်သူဆိုရင် အကြိမ်၂၀ ဝန်းကျင်ပမာဏ အလေးကိုရွေးပြီး ကျင့်သားရအောင် လုပ်ပါ။ ကျင့်သားရပြီ၊ ပုံစံမှန်ပြီဆိုရင် ပိုလေးလံတာကို တဖြေးဖြေးတိုးပါ။

Gym မရှိလို့ အိမ်မှာပဲ ဒိုက်ထိုး၊ ထိုင်ထမယ်ဆိုရင်လဲ တူတူပါပဲ။ ဒိုက်ထိုးလို့ 15ကြိမ်ကို လွယ်လွယ်ရလာရင် ကျောမှာ တစ်ခုခုလေးတာတင်၊ ထိုင်ထလို့လွယ်လာရင် တစ်ခုခုလေးတာထမ်းပြီး လုပ်ဖို့ကြိုးစားပါ။

" ကြွက်သားတွေ အမြောင်းလိုက် မထွက်ချင်ဘူးနော် "

သင့်ဘက်က ဒီလို အထပ်ထပ်ပြောမယ်ဆိုတာ ရိပ်မိပါတယ်။ ဒီလိုပြောနေပြီဆိုရင် သင်ဟာလဲ ဟာကြူလီရောဂါသည်တစ်ယောက်ပါပဲ။ ဟုတ်ကဲ့၊ ကြွက်သားထွက်ဖို့ဆိုတာ လွယ်ကူလွန်းတဲ့ အလုပ်မဟုတ်ပါဘူး။ အလွယ်ပြောရရင်

- Testosterone ဆိုတဲ့ ဟော်မုန်းထွက်အား
- Protein စားတဲ့ ပမာဏ
- Calorie surplus လိုတာထပ် weight တက်အောင် ပိုစားခြင်း

ဆိုတဲ့ သုံးမျိုးအပေါ်အဓိက မူတည်ပါတယ်။ မိန်းကလေးတွေအတွက် ဟော်မုန်းထွက်အားဟာ ယောင်္ကျားလေးတွေရဲ့ တစ်ဝက်နှုန်းပဲရှိပါတယ်။ နှစ်ဆမြန်တဲ့ ယောင်္ကျားလေးတွေတောင် ကြွက်သားတက်ဖို့ အချိန်ကြာပါတယ်။

လိုတာထပ် Weight တက်အောင်ပိုစားတယ်ဆိုတာကလဲ သင်ဟာ အဆီချဖို့ ကြိုးစားနေသူဆိုရင် လျော့အောင်စားနေသူပေါ့။ ဒါဆို ကြွက်သားတက်လာစရာ မရှိပါဘူး။

သင်ဟာ ပိန်လို့ အလေးမရင်းနဲ့ Weight တက်အောင် ဆော့နေသူဆိုရင် တစ်လကို ၂ပေါင်ခန့်တက်အောင် ဆော့ပါ။ မိန်းကလေးတွေအနေနဲ့ တစ်လမှာ ကြွက်သား တစ်ပေါင်၊ တစ်ပေါင်ခွဲလောက်ပဲ ပျမ်းမျှတက်နိုင်ပါတယ်။ ဒါ့ကြောင့် သင်ဟာ ကြွက်သားကြီးထွက်လာမှာ ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းမရှိပါ။

လုပ်ပြီးပြီးချင်း ကြီးလာတယ်ဆိုတဲ့ ခံစားချက်ဟာ ယာယီဖြစ်တဲ့ ယောင်ရမ်းမှုမလို့ Gym သွားပြီး အလေး ၁လ ဆော့ရုံနဲ့ ငါတော့ ဗလကြီး ဖြစ်လာပါပြီ မထင်စေချင်ပါ။ အကယ်လို့ တစ်လနဲ့ ဗလကြီး တက်လာတဲ့ နည်းရှိရင် Admin ကို ပြန်မစခဲ့ပါ။ Admin လဲ သိချင်ပါကြောင်း။

*****************************************************************


၎) Gym မင်းသမီး

မိန်းကလေးဆိုတာမျိုးက ဘယ်နေရာမဆို ကြော့ကြော့မော့မော့လေးဖြစ်ချင်တာပါပဲ။

အပေါ်က နံပတ် ၃မှာ ဘယ်လောက်လေးလံတာ သုံးပါလို့ ပြောပြီးပေမယ့် ဘယ်လောက်ပြင်းပြင်းထန်ထန် လေ့ကျင့်ရမလဲဆိုတာ မပြောခဲ့ဘူးဟုတ်။

သေချာတာတစ်ခုက သင်ဟာ အလေးတစ်ခုကို ၁၅ကြိမ် လုပ်မယ်ဆိုပါစို့။ ဒီလုပ်နေတဲ့ အချိန်အတွင်းက သင့် မျက်နှာအမူအရာဟာ ပွဲလမ်းသဘင်တက်တုန်း၊ Ice cream စားတုန်း မျက်နှာလိုနဲ့ မတူသင့်ပါဘူး။ ဒီလိုသာသာယာယာ ဖြစ်နေသေးတယ်ဆိုရင် ဒီအလေးပမာဏဟာ ပေါ့ပါသေးတယ်။ ဘယ်လိုပမာဏက သင့်တော်လဲဆိုရင် ၁၂ကြိမ်လောက်မှာ မျက်နှာမဲ့လာပြီး နောက်ဆုံး အကြိမ်မှာ ဖြစ်ညှစ်လုပ်ရမယ့် ပမာဏပါ။ ဒီလို ပုံမျိုးပြင်းထန်မှ မှန်ကန်တယ်ဆိုပါရစေ။

ဒီလိုပြောတာက Gym ထဲမှာ အားနဲ့ညှစ်နေပါ၊ လှလှလေး မနေစေချင်ပါလို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ မိန်းကလေးတွေအနေနဲ့ Gym ထဲမှာ ရုပ်ဆိုးဆိုး ဖြစ်ညစ်လုပ်ရမှာ သိပ်ကြောက်ပါတယ်။ဒါ့ကြောင့်လဲ ကြော့မော့ပြီး လုပ်နိုင်မယ့် ပမာဏကို ရွေးပြီးလုပ်ကြတာပါပဲ။ စိတ်ထဲမှာလဲ နည်းနည်းလေး များလာရင် စတိုင်ပဲ့တော့မှာပဲဆိုပြီး မပင်ပန်းခင် ရပ်လိုက်တာများပါတယ်။ ဒါဟာပဲ ကြွက်သားမတက်တာ၊ အဆီကျဖို့ နှေးတာတွေရဲ့ အဓိက တရားခံပါ။

ကြီးထွားဟော်မုန်း Testosterone ထွက်နှုန်းမှာ မိန်းကလေးတွေက ယောင်္ကျားလေးတွေထပ် တစ်ဝက်နည်းပါး နည်းတာကို မမေ့ပါနဲ့။ ကောင်မလေးတွေ ပိုကြိုးစားဖို့လိုတာမလို့ ရှက်စရာအကြောင်းမရှိပါ။

နောက်တစ်ခေါက် Gym သွားရင် Gym ထဲမှာ မင်းသမီးလိုနေမယ့်အစား Woman power ဆိုတာ ဘာလဲသိအောင် ပြလိုက်။ ဒါမှပဲ သင်လိုချင်တဲ့ အဖိုးတန်ကြွက်သားတွေရ၊ ကြွက်သား + အဆီ = ရင်ဖိုစရာ အကွေ့အကောက် တွေရမယ် မဟုတ်လား။

၅) Abs ၀မ်းဗိုက်ကြွက်သားအတွက် ကြိုးစားလွန်းခြင်း

မိန်းကလေးတွေ တော်တော်များများရဲ့ Body goals က တင်ပါးလှလာဖို့ရယ်၊ ခါးလိုင်းသေးသေးလေးဖြစ်သွားပြီး Abs ပေါ်လာဖို့ရယ် အဖြစ်များပါတယ်။ ဒီနှစ်ခုထဲက Abs ပေါ်လာဖို့အတွက် ကြိုးစားကြတာလည်း မဆန်းပါဘူး။ ဒါပေမယ့် ဆန်းတာက မှားယွင်းတဲ့ နည်းတွေနဲ့ ကြိုးစားနေကြတာပါပဲ။

6 packs abs ဆိုတာ လူတိုင်းမှာ ရှိတယ်လို့ဆိုရင် မအံ့သြပါနဲ့။ ဟုတ်ပါတယ်။ လူတိုင်းမှာ Abs ဆိုတာရှိပြီးသားပါ။ ဒါပေမယ့် မြင်ရတဲ့ Abs ဆိုတာကတော့ လိုအပ်တဲ့ ပမာဏအထိ အဆီနည်းသူတွေမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်လုံးပိန်နေပြီး Abs တစ်ခုပဲရှိတဲ့ သူတွေ ဒုနဲ့ဒေးရှိနေတာပေါ့။

ဒါ့ကြောင့် Abs ရဖို့ကြိုးစားနေသူတွေအတွက် ခါးလှည့်လေ့ကျင့်ခန်းတွေ လုပ်မယ့်အစား ပိုထိရောက်တဲ့၊ အဆီကျစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ရပါမယ်။ ကြွက်သားအကြီးတွေသုံးတဲ့ ထိုင်ထ၊ Deadlift ၊ ရင်ဘတ်၊နောက်ကျော၊ ပုခုံးစတဲ့ အလေးမလေ့ကျင့်ခန်းတွေလုပ်နိုင်သလို အလေးလွတ် ဒိုက်ထိုး၊ Planking၊ ဘားခို၊ HIIT (Page ထဲက Video) စတာတွေလဲ လုပ်နိုင်ပါတယ်။ ဒါတွေကို အချိန်ပိုပေးပြီးလုပ်ခြင်းဟာ အဆီမြန်မြန်ကျစေသလို့ ခန္ဓာကိုယ် ပင်မကြွက်သားတွေကို ပိုသန်မာလာစေတာမလို့ ကျစ်လျစ်တဲ့အသွင်ကိုလဲ ပေါ်စေအုန်းမှာပါ။

ဒါ့ကြောင့် Abs ရချင်ဇောနဲ့ တစ်နေ့ မိနစ်၄၀ လေ့ကျင့်ခန်းလုပ်ချိန်မှာ Abs လေ့ကျင့်ခန်းတွေချည်းပဲ မိနစ် ၃၀လောက်မလုပ်ပါနဲ့။ Abs လေ့ကျင့်ခန်းတွေဟာ တခြားလေ့ကျင့်ခန်းတွေ လုပ်အပြီးမှာ ၁၅မိနစ်လောက်လုပ်ရင် လုံလောက်ပါတယ်။ များသောအားဖြင့် တစ်ခါလုပ် ၁၅မိနစ်နဲ့ တစ်ပတ်မှာ နှစ်ခါမှ သုံးခါအထိလုပ်ရင်ကို လုံလောက်တာမလို့ Abs လေ့ကျင့်ခန်းတွေနဲ့ချည်း အချိန်မကုန်ပါစေနဲ့။

*****************************************************************

၆) Next level ရောက်ဖို့ မကြိုးစားခြင်း

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အရင်ဆောင်းပါးဖြစ်တဲ့ Progressive overload မှာ ပြောခဲ့ဖူးပါတယ်။ ပိုပြီး သန်မာလာဖို့၊ အခုရှိနေတဲ့ အခြေအနေထပ် ပိုကောင်းလာဖို့က အခုလုပ်နေထပ် ပိုခက်တာကို လုပ်ဖို့လိုပါတယ်။ ခန္ဓာကိုယ် နောက်တစ်ဆင့်ပိုလှလာဖို့ ကိုယ်လုပ်နေတာရဲ့ ခက်ခဲမှုနောက်တစ်ဆင့်ကို တက်ဖို့လိုပါတယ်။ ဒါဟာပဲ Bodybuilding ရဲ့ အလှတရားတစ်ခုပါပဲ။ No pain No gain ပေါ့။ ဘယ်သူမှ ဒီသဘောတရားကနေ လှည့်ဖျားလို့မရပါဘူး။

တစ်ချို့ မိန်းကလေးတွေ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ တစ်ခါလာလဲ ဒါပဲလုပ်၊ ဒီလောက်ပြင်းထန်မှုပဲလုပ်၊ အချိန်တန်ပြန်သွားပြီး နောက်တစ်ခေါက်ပြန်လာ၊ ဒါပဲလုပ်နဲ့ လည်နေလေ့ရှိပါတယ်။ ထပ်ခါတလဲလဲ တူတာလုပ်လေ ခန္ဓာကိုယ်က ပိုကျင့်သားရသွားလေ၊ အဆီချဖို့ ပိုခက်လေ၊ ဘာမှကို ပြောင်းလဲမှုမလုပ်တော့လေပါပဲ။ ကြွက်သားတက်ဖို့ ကြိုးစားသူဆိုလဲ ထပ်မတက်ပဲ တန့်နေတယ်ပေါ့။ ဒါ့ကြောင့်လဲ နှစ်ရှည်လများ Aerobics လုပ်နည်းပြလာတဲ့ Trainer တွေမှာ ၀သူတွေရှိတတ်တာပါပဲ။

Next level ရောက်ဖို့ ကြိုးစားရာမှာ 

- ပုံစံပြောင်းလုပ်ခြင်း

ဥပမာ ထိုင်ထကို နောက်ကျောအလေးထမ်း လုပ်နေရာကနေ နှစ်လအကြာမှာ ရှေ့မှာ အလေးထမ်းလုပ်ခြင်း။ ရင်ဘတ်အတွက် ခုံအလျားလိုက်တွန်းတင်နေရာကနေ ခုံတစ်စောင်းတွန်းတင်ခြင်း စသဖြင့် ပြောင်းလို့ရပါတယ်။

- ပမာဏ ထပ်တိုးခြင်း

ဒါကတော့ အလေးပမာဏတိုးတိုးပြီး မတာကို ဆိုလိုပါတယ်။

- ပြင်းထန်မှုတိုးခြင်း

ကြားထဲ့မှာ နားချိန် ၂မိနစ်ထားရာကနေ ၁မိနစ်ထားခြင်း

စသဖြင့် မြှင့်တင်လို့ရပါတယ်။ အသေးစိတ် သိချင်ရင် " ကြွက်သားတက်ဖို့ ဘာအရေးကြီးဆုံးလဲ (Progressive overload) " ဆောင်းပါးကို Page ထဲမှာ ၀င်ဖတ်ပါ။

******************************************************************

၇) အစာစားရမှာ ကြောက်ခြင်း

နိုး နိုး၊ အခုပြောတဲ့အစာက ကိတ်တွေ၊ ရေခဲမုန့်တွေ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီတဲ့ ပုံမှန် ထမင်း၊ အသားငါး၊ အရွက် စသဖြင့်ပါ။

" Weight ချနေလို့ သိပ်မစားရဲဘူးလေ "

ဆိုတာမျိုးက အကြားများပါတယ်။ သင်ရော ဒီလိုမျိုးပြောခဲ့ဖူးလားမသိ။

စွမ်းအင်ကုန်သွားဖို့ လေ့ကျင့်ခန်းလုပ်တယ်ဆိုပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့လဲ စွမ်းအင်ရှိဖို့လိုပါတယ်။ ဘာမှမစားထားပဲ ဗိုက်ဟောင်းလောင်းနဲ့ လုပ်ကြည့်ပါလား၊ အားမရှိတော့ သိပ်ပြင်းပြင်းထန်ထန်မလုပ်နိုင်ဘူးမဟုတ်လား။

နောက်တစ်ခုက အလေးလွတ်ဖြစ်ဖြစ်၊ အလေးနဲ့ပဲဖြစ်ဖြစ် ကြွက်သားလေ့ကျင့်အပြီးမှာ (ကြွက်သားလေ့ကျင့်ခန်းလို့ပြောထားတယ်နော်) ဘာစားစား အဆီဖြစ်သွားဖို့ နည်းပါတယ်။ အချိုတွေ ဆီကြွတ်ကြော်တွေတော့ မစားနဲ့ပေါ့။

ဒီအချိန်မှာစားလိုက်တဲ့ ကောင်းမွန်တဲ့ အစားအစာတွေဟာ ကြွက်သားပြန်လည်တည်ဆောက်ဖို့မှာ အမြန်အထောက်အကူပြုပါတယ်။ ဒီအချိန်မှာ Protein အသားနဲ့ Carbohydrate (ဆန် ဂျုံ  အရွက်) များများစားခြင်းဟာ ကြွက်သားဖွံ့ဖြိုးဖို့ အားပေးပါတယ်။ကြွက်သားတက်လာလေ တစ်နေ့တာ အစာခြေနှုန်းမြင့်လာလေဖြစ်ပြီး အစာများများစားနိုင်လေပါပဲ။ ဒါ့ကြောင့် ကြွက်သားများတဲ့သူဟာ ကြွက်သားနည်းတဲ့သူထပ် ပိုစားနေပေမယ့် ၀မလာတာပါပဲ။ အပေါ်မှာ ပြောခဲ့တဲ့ ကြွက်သားအသစ်တွေကို ချစ်ရမယ်ဆိုတာကို မိန်းကလေး မမေ့ပါနဲ့လို့။

********************************************************************

၈) သစ်သီးဖျော်ရည် သောက်လွန်းခြင်း

Juice Diet ဘယ်လောက်ကောင်းကြောင်း သင်ဟာကြားဖူးလို့ အပြစ်တင်ဖို့ စိတ်တွေမစောပါနဲ့အုန်း။ အရင်ဆုံးဖတ်ကြည့်ရအောင်။

မိန်းကလေးတွေအနေနဲ့ အဆီချဖို့ လေ့ကျင့်မယ်၊ အစားစားမယ်ဆိုတဲ့အခါမှာ သစ်သီးဖျော်ရည်သောက်ပြီး Diet လုပ်တာ အဆီကျစေတယ်၊ ကျန်းမာရေးကောင်းစေတယ်လို့ သိထားလေ့ရှိပါတယ်။ ဒါနဲ့ပဲ ဈေးထဲမှာ Discount လေးများတွေ့ရင် သီးစုံဝယ်၊ ဖျော်စက်ထဲ ရောထည့်ကျိတ်ပြီး သောက်လေ့ရှိကြတာပဲမလား။

သစ်သီးတွေမှာ Complex carbs နဲ့ Simple sugar တွေပါလို့ ကောင်းတယ်လို့ဆိုကြပါတယ်။ ဒါဟာ ပြသနာမဟုတ်ပါဘူး။ ပြသနာက ဒါတွေကို သစ်သီးပုံစံတိုင်းမစားပဲ အမှုန်အမွှားအရည်ဖြစ်သွားတဲ့ အထိ ဖြိုခွဲပြီးသောက်တဲ့အခါမှာပဲလို့ ဆိုပါတယ်။ ဒီလို အရည်ဖြစ်သွားတဲ့အတွက် အစာကြေသွားတဲ့ နှုန်းက မြန်လွန်းသွားပြီး Sugar level မြင့်သွားစေပါတယ်။ဒီနေရာမှာ Insulin resistance စသဖြင့် အကြောင်းတွေ အရှည်မရေးတော့ပါဘူး။ အတိုသိထားဖို့က သစ်သီးဖျော်ရည် များများသောက်ခြင်းဟာ အဆီကျဖို့ကို ပိုခက်လာစေနိုင်ပါတယ်။ အခန့်မသင့်ရင် ဆီးချိုတောင် ဖြစ်နိုင်ပါသေးတယ်လို့ ဆိုထားတာမို့ အလွန်အကျွံ Juice Diet မလုပ်မိပါစေနဲ့။

********************************************************************

ဒီအချက်တွေ တော်တော်များများဟာ မိန်းကလေးတွေ အလုပ်များဆုံးနဲ့ အမှားဆုံးအချက်တွေပါပဲ။ သင်ရော ဘယ်နချက်လောက် လုပ်ဖူးသလဲ၊ လုပ်နေပါသလဲ။


အကျဉ်းပြန်ချုပ်ရရင် 

- ကျစ်လျစ်သန်မာတဲ့ Toned body ရဖို့ ကြွက်သားရှိဖို့လိုပါတယ်။

- ကြွက်သားထွက်လာရင် ဗလကြီးဖြစ်သွားမှာ မကြောက်ပါနဲ့။ အခုရှိနေတဲ့ ခန္ဓာကိုယ်က ကြီးနေတာဟာ အဆီပမာဏကြောင့်ပါ။ အဆီကျသွားပြီး ကြွက်သားကျန်ခဲ့တဲ့ အချိန်မှာ သင်ဟာ အခုရှိတာထပ် ပိုကျစ်လျစ်ပြီး Toned ဖြစ်သွားပါလိမ့်မယ်။

- ကြွက်သားရှိလာလေ အဆီချဖို့ အရမ်းမြန်လာလေကို မမေ့ပါနဲ့။

- ကြွက်သားတွေကို ချစ်တတ်လာပြီး ရအောင် လုပ်ချင်လာပြီဆိုရင် အလေးလွတ်ဖြစ်ဖြစ်၊ အလေးနဲ့ဖြစ်ဖြစ်လုပ်ပါ။ အလေးလွတ်ဆိုတာက ဒိုက်ထိုးတာ၊ ထိုင်ထလုပ်တာ၊ Planking လုပ်တာဖြစ်ပြီး လွယ်ကူလာရင် လေးလံတာ တစ်ခုခုပေါင်းပြီးလုပ်ပါ။

- ရေရှည် ပြေးခြင်း၊ အေရိုးဗစ်လုပ်ခြင်းတွေကို တတ်နိုင်သလောက်ရှောင်ပြီး အချိန်တိုအတွင်း ပြင်းထန်မှုများများလေးနဲ့ လုပ်ပြီး အဆီချဖို့ ကြိုးစားပါ။

- လေ့ကျင့်ခန်းလုပ်ချိန်မှာ အပေါ်က ပြောခဲ့တာတွေကို အရင်ဦးစားပေးလုပ်ပါ။ ဗိုက်လှည့်ခြင်း၊ အိပ်ထမတင်လုပ်ခြင်းဟာ Abs ကို ပေါ်လာစေမှာမဟုတ်တာမလို့ Abs ပေါ်အောင် တစ်ကိုယ်လုံးအဆီချပါ။ Abs လေ့ကျင့်ခန်းကို အပိတ်မှာ ၁၀၊ ၁၅မိနစ်လောက်လုပ်ပြီး တစ်ပတ် ၂ခါမှ ၃ခါဆို လုံလောက်ပါတယ်။

- ကြွက်သားလေ့ကျင့်ခန်းပြီးပြီးချင်း ၂နာရီအတွင်းစားတဲ့ အစာဟာ အဆီမဖြစ်စေပါဘူး။ ဒီအချိန်မှာ စားပေးခြင်းက ချစ်စရာကောင်းတဲ့ ကြွက်သားဖွံ့ဖြိုးမှုကို အားပေးပါလိမ့်မယ်။

- နောက်ဆုံးအနေနဲ့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ရုပ်ရှင်ရိုက်ဖို့သွားတာ၊ ပွဲတက်တာမဟုတ်လို့ အားကုန်ပေးဆပ်ပါ။ အားကုန်ပေးဆပ်လို့ ကိုယ်လိုချင်တဲ့ Body ရလာရင် ပွဲတက်ဖို့ ရုပ်ရှင်ရိုက်ဖို့ လုပ်ဖို့ နောက်မကျသွားပါဘူး။ အဲကျမှ ကြော့ကြော့မော့မော့လေး နေပေါ့။
________________

မူရင်းတင်ဆက်သူ - Golden _Dreams  ❤️

No comments: