Saturday, March 9, 2019

ကျုပ်တို့ရုံးထဲက ပြဿနာကောင် .... 👹


ရေးသူ - Inspired by မြတ်​သု, SPHRi
01/03/19

အလုပ်​ထဲမှာ တချို့လူတွေက တခြားတခြားသော လူတွေထက် အများကြီးမဟုတ်ရင်တောင် နဲနဲလေးတော့ တော်နေ သာနေတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ဟာ အလုပ်​ထဲမှာ ပြဿနာရှာတတ်တဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုရင့်​တော့ ကိုယ်​ဟာ ဘယ်လိုလူဖြစ်​နေမလဲဆိုတာက​တော့ စိတ်ဝင်စားစရာပါ။

ပြဿနာကောင်ဆိုတာက ကိုယ်ဟာ​လူဆိုးတစ်ယောက် အလုပ် ကောင်းကောင်းမလုပ်ချင်တဲ့ လူပျင်းတစ်ယောက် သုံးစားမရတဲ့လူတစ်ယောက်လို့ ဆိုလိုလိုက်တာ​တော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ လုပ်ငန်းခွင်​ထဲမှာရှိပြီးသား မကောင်းတဲ့ အလေ့အကျင့် အကျင့်ဆိုးတွေ မ​ကောင်းတဲ့​ယဉ်ကျေးမှုတွေနဲ့ ကိုယ်ဟာ နေသားကျသွားတာလဲ ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့မွေးရာပါ အကျင့်ပါနေတဲ့ အကျင့်စရိုက်တွေ အမူအကျင့်တွေက ကိုယ့်ရဲ့ အထက်လူကြီးနဲ့ ဒါမှမဟုတ်လုပ်ငန်းနဲ့ မကိုက်ညီတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်ဟာ ရှိသင့်တဲ့နေရာ ရောက်သင့်တဲ့နေရာမှာ ရောက်မနေ ရှိမနေလို့​နေရာမှား​နေလို့လဲ   ဖြစ်နိုင်ပါသေးတယ်။

ကိုယ့်ကိုယ်ကို အလုပ်ကောင်ကောင်းမလုပ်နိုင်ဘူးလို့ ခံစားမိရင်၊ ယူဆရင် ဒီအချိန်မှာ ဘာကြောင့် ငါဒီလိုခံစားနေရလဲ၊ ဒီလိုတွေးနေမိတာလဲဆိုတာကို သေသေချာချာ စဉ်းစားဖို့ကောင်းတဲ့ အကောင်းဆုံးအချိန်ပါပဲ။ ဒါပြီးရင်တော့ ကိုယ်ထင်နေတာ ကိုယ်ခံစားနေရတာ ကိုယ်တွေးနေတာတွေဟာ အမှန်မှဟုတ်ရဲ့လားဆိုတာကို ပြန်လည်ဆင်ခြင်သုံးသပ်ဖို့ လုပ်ရတော့မှာပါ။ ဒါပေမယ့် ပထမဆုံး ကိုယ့်အနေနဲ့ ဒါတွေကိုမလုပ်ခင်မှာ ကိုဟာပြဿနာကောင်လား ကိုယ့်အနေအထားက ဘာလဲ ကိုယ်ဟာ လူဆိုးလား လူကောင်းလားဆိုတာကိုတော့ သေသေချာချာ စဉ်းစားဆင်ခြင်နိုင်ဖို့ လိုပါတယ်။တော်ကြာ ကုတော့ကုပါရဲ့ အနာတခြား ဆေးတခြားဖြစ်မှာလဲ ကြောက်ရသေးတယ်လေ။

ဒါပေမယ့် ဒီအောက်မှာဖေါ်ပြ​ပေးမယ့် ​အကြောင်းအရာတွေကတော့ ကိုယ်ဟာ ကိုယ့်ရုံးမှာ  စိတ်ပျက်ဖို့ကောင်းတဲ့ လူတစ်ယောက် ပြဿနာကောင် တစ်ယောက် ဟုတ်မဟုတ်ဆိုတာကို သေသေချာချာ ကွက်ကွက်ကွင်းကွင်း  မြင်လာစေဖို့အတွက် ကူညီပါလိမ့်မယ်။ ​​​ကဲဒီတော့ အောက်မှာဖေါ်ပြထားတဲ့ ကြောင်းအရာတွေကို သေသေချာချာ လေ့လာကြည့်ပါ။ ကိုယ်ဟာ ပြဿနာကောင် ဟုတ်မဟုတ်ဆိုတာ သိလာပါလိမ့်မယ်။

☑အမြဲတမ်း​နောက်​ကျတယ်​ အလုပ်ကို မချိန်မီမပြီးဘူး။

ကိုယ်ဟာ အရေးကြီးပြီး အချိန်မီပြီးရမယ့် အလုပ်တွေကို တစ်ခုမဟုတ် တစ်ခုတော့ အမြဲမေ့တတ်သူ၊ ချိန်းဆိုလျှင် အမြဲတမ်း နောက်ကျတတ်သူ၊ အလုပ်ကို စိတ်မပါ့တပါ၊​မလာချင်လာချင်ပုံစံမျိုးနဲ့ ​ရောက်​လာတတ်သူ၊ အလုပ်ကို အချိန်မှန်မှန်မရောက်တတ်သူ ဒီလို ပုံမှန်ဖြစ်နေတဲ့ အလုပ် ကိုမလေးစားမှု နောက်ကျမှု ပျက်ကွက်မှုတွေဟာ ကိုယ့် ကို ရုံးမှာ ပြဿနာကောင်ဖြစ်စေတဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။

☑️ ဆင်ခြေတွေ သိပ်​​ပေးလွန်းသူ။

ဒီလိုလူမျိုးတွေကတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် အလုပ်မလုပ်ပဲ တစ်ခုခုဆို အမြဲတမ်း ဆင်ခြေတွေပဲ ပေးလေ့ရှိတဲ့ လူမျိုးတွေပါ။ အလုပ်ဖြစ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပြီး အကောင်းဆုံးလုပ်ရမယ့်အစား တစ်ခုခုဖြစ်လာရင် တစ်ခုခုကြုံလာရင် ဒီအတွက် ဘယ်သူ့ကိုတော့ ဘယ်လိုဆင်ခြေပေးလိုက်မယ်၊ ဘယ်​သူ့ကို အပြစ်​ပုံချလိုက်​မယ်​ ဆိုတာအတွက်ပဲ အကြံထုတ်နေလေ့ရှိပါတယ်။အမှန်တော့  တခြားသူကိုဆင်ခြေပေး အပြစ်တင်တယ်ဆိုတာ ကိုယ်ရဲ့အောင်မြင်မှုအတွက် ကိုယ့်ကိုယ်ကို ဆင်ခြေပေး အပြစ်တင်နေတာနဲ့ တူတူပါပဲ။ တချို့ကြတော့လဲ ဆင်ခြေများများပေးနိုင်လေ ကိုယ်ပိုပြီး သက်သာလေ တခြားသူပိုလုပ်ရလေလို့ ထင်တဲ့သူတွေလဲ ရှိကြပါသေးတယ်။ ကိုယ်အနေနဲ့လည်း ဆင်ခြေများများပေးတတ်သူ သူတစ်ပါးကို အပြစ်ဖို့တတ်သူဆိုရင်တော့ ကိုယ့်ဆင်ခြေတွေက သူတပါးကို ပြဿနာဖြစ်စေဖို့ သေချာနေပါပြီ။ ပြီးတော့ ဒါဟာလည်း နေရာတိုင်းမှာ တွေ့ရတတ်တဲ့ ပြဿနာကောင်တွေရဲ့ လက္ခဏာတစ်ခုပါပဲ။

☑️ ၀တ်ေ​ကျတန်း​ကျေပဲ လုပ်​တတ်​သူ။

အလုပ်လုပ်တယ်ဆိုရုံလေးပဲ လုပ်တတ်ကြတဲ့သူတွေပါ။ မလုပ်ရင် မဖြစ်တဲ့အလုပ်တွေလောက်သာ လုပ်လေ့ရှိပြီး ၀တ်ကျေတန်းကျေ နေတတ် လုပ်တတ်ကြသူတွေပါ။ ငါလုပ်စရာရှိတာလောက်ပဲ ငါလုပ်မယ် ငါ့တာဝန်ကျေရင် ပြီးရောဆိုတဲ့ လူစားမျိုးတွေ တနည်းအား ရှင်းရှင်းပြောရရင် အလုပ်မပြုတ်ရုံတမယ် အလုပ် အထုတ်မခံရရုံတမယ် အလုပ်လုပ်နေကြသူတွေပါ။ ဒီလိုလူမျိုးတွေက ကိုယ့်အထက်လူကြီးက ကိုယ့်ကိုတခုခုကို တာဝန်ယူ လုပ်ကိုင်ဖို့ ညွှန်ကြားလာတဲ့အခါ လုပ်ချင်စိတ်မရှိတဲ့ပုံစံ၊ တက်တက်ကြွကြွမရှိတဲ့ပုံစံ ၊ မကျွမ်းကျင်တဲ့ပုံစံ ၊ အဖြစ်နိုင်တဲ့ပုံစံတွေနဲ့ အမြဲတမ်းတုန့်ပြန်လေ့ ရှိကြပါတယ်။ ကိုယ့်ရဲ့ဒီလိုအပြုအမူတွေက တခြားသူတွေကို အနှောက်အယှက် မဖြစ်စေဘူးဆိုရင်တောင် အနည်းဆုံးတော့ လုပ်ငန်းခွင်ထဲမှာ ကိုယ့်ရဲ့ ဂုဏ်သတင်းကိုတော့ ပျက်ပြား ထိခိုက်စေမှာတော့ အမှန်ပါ။ ပြီးတော့ ဒါဟာလည်း ပြဿနာကောင်တွေ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တွေထဲက တစ်ခုပါပဲ။

☑️ သူတပါးအတင်း ပြောတတ်သူ။

အတင်းစကားတိုင်းကတော့ မကောင်းတာချည်း မဟုတ်ပါဘူး။ ဒါပေမယ့် တပါးသူရဲ့ကွယ်ရာမှာပြောတာကတော့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတင်းဟာ အတင်းပါပဲ။ ဒီလိုလူမျိုးတွေက တူရာတူရာပဲစုတတ်ကြတဲ့ သဘောရှိပါတယ်။ ကိုယ့်ထမင်းကိုယ်စား ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကြီးတော်နွား အငှားကျောင်းချင်နေတဲ့ လူစားမျိုးတွေပါ။ ကိုယ့်အတွက်လဲ အကျိုးမရှိ သူတပါးအတွက်​လဲ အကျိုးမရှိတဲ့အလုပ်တွေကို အချိန် ကုန်ခံ အပင်ပန်းခံ လူမုန်းခံပြီး လုပ်နေတယ်ဆိုရင်တော့ ကိုယ်သည်လဲ ပြဿနာကောင်ဖြစ်ဖို့ သေချာနေပါပြီ။ ဘာလို့လဲဆိုတော့ လုပ်ငန်းတိုင်း လုပ်ငန်းတိုင်းမှာ တွေ့ရတတ်တဲ့ ပြဿနာတွေရဲ့ အဓိကတရားခံက မသေချာမရေရာတဲ့ အတင်းစကားတွေက စတတ်လို့ပါပဲ။ ဘာတွေဘယ်လိုပဲဖြစ်နေဖြစ်နေ အတင်းပြောတတ်တဲ့ အကျင့်ကတော့ ကိုယ့်ရဲ့ ဂုဏ်သတင်းကို ထိခိုက် စေမှာအမှန်​ပါပဲ။ ပြီး​တော့ ဒီလိုလူတွေကို လူတွေက သိပ်ပြီးအပေါင်းအသင်းလုပ်ချင်လေ့ မရှိကြပါဘူး။ တကယ်လို့ ကိုယ်သာဒီလိုလူဖြစ်နေရင် လူမုန်းများရုံသာမက  ပြဿနာကောင်အဖြစ်လဲ အထင်သေးခံရအုံးမှာပါ။

☑️ ငါသာလျှင် ​​အတော်ဆုံးလို့ သွေးနားထင်ရောက်တတ်သူ။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတာကတာ့ ကောင်းပါတယ်။ လူတိုင်းလူတိုင်းဟာ အချို့အချို့သောအရာတွေမှာ တခြားသူတွေထက် ထူးချွန်ကောင်း ထူးချွန်နေနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုအကြောင်းပြုပြီး ထောင်လွှားမောက်မာနေလို့တော့ မရပါဘူး။ ပြီးတော့ ကြွားဝါ မောက်မာတတ်တဲ့လူတွေနဲ့ ဘယ်သူမှ အလုပ်အတူတူလုပ်ချင်လေ့ မရှိကြပါဘူး။ ကိုယ်ဘာကောင်လဲ ဘယ်လောက်တော်လဲဆိုတာကို တခြားသူနဲ့ယှဉ်ပြီး လိုက်ပြီးကြွားနေဖို့ထက် မိမိကိုယ် ကိုယ်သာလျှင် မနေ့ထက် ဒီနေ့ပိုတော်အောင် မနေ့ကထက် ဒီနေ့ပိုကောင်းလာအောင် ကျိုးစားကြရမှာပါ။ ကိုယ်သာလျှင် ကိုယ့်ပြိုင်ဖက် မဟုတ်ပါလား။ ဒီလိုမှမဟုတ်ရင်တော့ သင်သည်လဲ ပြဿနာကောင်ပါပဲ။

☑️ လုပ်ငန်းအ​ပေါ် အယုံအကြည်မရှိသူ။

ကိုယ့်ကုမ္ပဏီဘာဖြစ်ချင်တာလဲ ဘယ်ကိုသွားချင်တာလဲ ဘာတွေလုပ်နေလဲဆိုတာကို သင်ဟာ မယုံကြည် သူဆိုလျှင်တော့ သင့်ကိုလဲ လုပ်ငန်းကပြန်ပြီး ယုံကြည် လိမ့်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေရတဲ့အလုပ် ကုမ္ပဏီကို မယုံမကြည်ဖြစ်ပြီး အချိန်ကုန်ခံ အလုပ်လုပ်နေမယ်အစား တခြားအလုပ်ပြောင်းလုပ်တာက ကိုယ့်အတွက်ပိုပြီး ကောင်းပါလိမ့်မယ်။ မလုပ်​ချင်​ရင်​ ထွက်​လိုက်​ပါ။ ဒီလိုမှမဟုတ်​ရင်​​တော့ အထုတ်​ခံရပါလိမ့်​မယ်​။

☑️ လုပ်ကောင်းကောင်းမပြီးကြောင်း သိသာလွန်းသူ။

သူများလုပ်သလောက် ကိုယ်လုပ်တယ် သူများပြီးသ
လောက် ကိုမပြီးဘူး ဘာဖြစ်လို့လဲ။ အဖြေကတော့ ရှင်းပါတယ်။ ကိုယ့်ညံ့လို့ပေါ့။ အမှန်က ကိုယ်ဘယ်လောက်လုပ်သလဲဆိုတာထက်  ဘယ်လောက်ပြီးသလဲ ဆိုတာကသာ ပိုပြီးအရေးကြီးတာပါ။ လူကြီးတွေကလည်း ဒါကိုပဲ စိတ်ဝင်စားကြတာပါ။ တချို့ရှိတယ်လေ  အလုပ်လုပ်နေတာတော့ ပြာနေတာပဲ။ တရုံးလုံး သူသာလျှင်အလုပ်အရှုတ်ဆုံး အလုပ်ကသာ ဘာမှမပြီးတာ။ ဒီလိုပဲ ရုံးထဲမှာ ကိုယ်ဟာ အလုပ်ကောင်းကောင်း မပြီးကြောင်း သိပ်ပြီးသိသာလွန်းလာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေကိ ဖိတ်ခေါ်ရာရောက်ပါတယ်။ ဒီလိုပဲ ကိုယ်လဲ လုပ်စရာရှိတာတွေကို ကောင်းကောင်းမလုပ်နိုင်ရင် လုပ်တော့လုပ်တယ် မပြီးနိုင်ရင်တော့ ပြဿနာကောင်ဖြစ်ဖို့ သေချာနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလူမျိုးတွေက တခါတလေမှာ ငါမပြီးရင် တခြားသူလဲမပြီးစေရဘူးဆိုပြီး လုပ်တတ်ကြလို့ပါ။

☑️ အမြဲတမ်း ရှောင်ထွက်ဖို့ပဲ ကြိုးစားနေသူ။

ဒီလိုလူမျိုးတွေကတော့ ရုံးရောက်ပီဆိုတာနဲ့ ဘယ်အချိန်ရုံးဆင်းမလဲ ဘယ်အချိန်အိမ်ပြန်ရမလဲဆိုပြီး နာရီကိုပဲ ကြည့်နေတော့တာပါပဲ။ ဘာတာဝန်ကိုမှမယူချင်ကြပါဘူး။ ဒါပေမယ့် အခွင့်အရေးဆိုရင်တော့ သူများထက် မသာချင်ရင်သာနေမယ် တန်းတူညီမျှတော့ သိပ်ပြီးလိုချင်ကြတာ။ ဒီလိုတွေရဖို့အတွက် ကိုယ်ဘာတွေလုပ်ရမလဲ ဘာတွေစိုက်ထုတ်ဖို့လိုလဲ ဒါတွေကို လုပ်ဖို့နေနေသာသာ ကိုယ်လုပ်စရာရှိတာတွေကိုတောင် မလုပ်ချင်လို့ တောင်ရှောင် မြောက်ရှောင် ရှောင်ချင်ကြတဲ့ လူမျိုးတွေပါ။ ကိုယ်သာဒီလိုလူမျိုးဖြစ်နေရင်တော့ ရုံးထဲမှာ အလုပ်ကောင်းကောင်း လုပ်တဲ့သူတွေကို ကိုယ်နဲ့လိုက်ပြီး တန်းညှိရင်းနဲ့ ပြဿနာကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်လာတော့မှာပါ။

☑️ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိသူ။

ဒီလိုလူတွေကတော့ သူတို့ကိုယ်သူတို့ စူပါဟီးရိုးလို့ထင်နေကြသူတွေပါ။ ဘာလာလာ တစ်ယောက်ထဲ အကုန်လုပ်နိုင်တယ်ဆိုတဲ့ ရုံးခန်းထဲက မဟာစွမ်းအားရှင်တွေပေါ့။ ဒီလူမျိုးတွေက သူများကိုလည်း မကူညီတတ် သလို သူများဆီကလည်း အကူအညီ မလိုအပ်ဘူးဆိုပြီး သွေးနားထင်ရောက်နေကြသူတွေပေါ့။ အမှန်တော့ အလုပ်ဆိုတာ အဖွဲ့အစည်း အသိုင်းအ၀ိုင်းနဲ့  လုပ်ရတဲ့ကိစ္စမဟုတ်လား။ စကားပုံတောင် ရှိသေးတယ်လေ။ ခရီးတစ်ခုကို မြန်မြန်သွားချင်ရင် တစ်ယောက်ထဲသွား။ ဝေးဝေးသွားချင်ရင် အသင်းအဖွဲ့နဲ့သွားဆိုတာလေ။ ဒီနေရာမှာ ကိုယ်တစ်ယောက်ထဲ အဆင်ပြေပါတယ်ဆိုပြီး  မြန်မြန်သွားပြီး ဝေးဝေးမရောက်နိုင်ရင်တော့ လူတွေကြားမှာ ကိုယ်ဟာ ပြဿနာကောင် ဖြစ်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော လူတွေက မြန်မြန်နဲ့ ဝေးဝေးရောက်ချင်ကြတာ မဟုတ်လား။

အားလုံးအဆင်ပြေကြပါစေ ....

Ref : Business Insider   
Credit : Concept Management Institute

No comments: