Friday, May 20, 2011

အချိန်တန်ပြီလား

ဒီဆောင်းပါးမှာ တချို့ကိစ္စတွေကိုလုပ်ဖို့အချိန်ကျပြီဖြစ်ကြောင်း၊ အချိန်တန်ပြီဖြစ်ကြောင်းကို ဘယ်လိုသိနိုင်မလဲဆိုတာကို ဖော်ပြထား ပါတယ်။ ဒါမှလည်း တစ်ခုခုလုပ်ဖို့အချိန်တန်ချိန်မှာ အဲဒါကိုသတိမထားမိတာကြောင့် မလုပ်မိဘဲ နောင်တရတဲ့အဖြစ် အပျက်မျိုးတွေ ဖြစ်မလာတော့မှာပါ။

(၁) ဘယ်အချိန်မှာ ပါးစပ်ပိတ်လိုက်ရမလဲ

- မကောင်းတာပြောဖို့ သင့်မှာရှိနေခဲ့ရင်

- သူများအကြောင်း မကောင်းပြောမိနေရင်

- သင့်အနေနဲ့ ရယ်စရာကောင်းတယ်လို့ထင်တဲ့ဟာသကိုပြောနေပေမယ့် တကယ်တမ်း သင်တစ်ယောက်တည်းသာရယ်နေကြောင်း သတိထားမိရင်

- တိတ်ဆိတ်နေတာကို မနှစ်သက်လို့သာ ပြောနေရတယ်ပြောနေတဲ့စကားကတောင်ရောက်မြောက်ရောက်ဖြစ်နေရင်

- လူတွေက သင်ပြောတာကို ခေါင်းညိတ်နားထောင်နေပေမယ့်အလိုက်သင့်ပြန်မပြောရင်၊ သင့်ကိုကြည့်မနေရင်၊ သင်ပြောတာကို နားမထောင်ချင်မှန်းသိသာနေရင်

- စိတ်အရမ်းတိုနေပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောမိတော့မယ်ဆိုရင်

အကြံပေးချက်

သင်တစ်ယောက်တည်းသာ စကားတွေပြောနေသလို ခံစားရရင် နားထောင်နေသူ တစ်ယောက်ယောက်ကို မေးခွန်းတစ်ခုလောက်မေး လိုက်ပါ။ တချို့လူတွေက ငြိမ်ပြီးနားထောင်နေပေမယ့် သူတို့ရဲ့အမြင်တွေကို ပြောပြချင်နေတတ်ပါတယ်။ ပြီးတော့ တစ်ယောက် ယောက်က သင့်ကိုများတော်လောက်ပြီလို့ပြောရင် သင့်အနေနဲ့ စကားပြောနေတာကို တကယ်ရပ်ဖို့အချိန်တန်နေပါပြီ။ နောက်ပြီး စိတ်တိုဒေါသထွက်နေချိန်မှာ ပြောလိုက်တဲ့စကားကအမှားတွေပါနေနိုင်ပြီး၊ ဒေါသထွက်တာကြောင့် စကားလုံးကြမ်းနေကာ နောင်စိတ် ငြိမ်သွားချိန်မှာ နောင်တရစရာတွေ ဖြစ်နေနိုင်ပါတယ်။ သူများအကြောင်း မကောင်းသတင်းလွှင့်တာတို့၊ အရည်မရအဖတ်မရ အတင်း ပြောတာတို့ကလည်း ဘယ်သူ့အတွက်မှ အကျိုးမရှိသလို ပေါင်းသင်းဆက်ဆံရေးမှာလည်း ပြဿနာရှိလာနိုင်ပါတယ်။

 

(၂) ဘယ်အချိန်မှာ ဇာတ်လမ်းစရမလဲ

- သူက သင့်ကိုခိုးကြည့်နေရင်၊ စိုက်ကြည့်နေရင် (ပြုံးပြနေရင်တော့ အခြေအနေပိုကောင်းတာပေါ့။)

- သင်နဲ့စကားပြောနေစဉ် သင့်နှုတ်ခမ်းကိုကြည့်နေတာတို့၊သူ့နှုတ်ခမ်းကိုလက်နဲ့ထိနေတာတို့လုပ်မိနေရင်

- သင်နဲ့ နီးနီးကပ်ကပ်နေရဖို့အကြောင်းရှာနေရင်

- သင့်အကြောင်း သူ့သူငယ်ချင်းတွေကို ပြောပြကြောင်းပြန်ကြားရရင်

- သူ့သူငယ်ချင်းတွေက သင်နဲ့သူ့ကိုမကြားတကြားစနောက်နေရင်

အကြံပေးချက်

တကယ်ဆို ခုလိုပြောပြနေစရာတောင် မလိုပါဘူး။ ဒီလိုကိစ္စမျိုးတွေဆို ချက်ဆိုနားခွက်က မီးထတောက်ပြီးသားပဲမဟုတ်လား။ လူတိုင်း လိုလို အချစ်ရေးမှာ တစ်ဖက်ကလူအခြေအနေဘယ်လိုရှိသလဲဆိုတာ အလိုလိုရိပ်မိနေတတ်ကြတာပဲဆိုတော့လေ။ အပေါ်က လက္ခဏာ တွေ သူ့မှာအကုန်သိသာနေပြီဆိုရင်တော့ သင့်ဘက်ကလည်း စိတ်ဝင်စားတယ်ဆိုရင် စတင်လှုပ်ရှားလို့ရပါပြီ။

 

(၃) ဘယ်အချိန်မှာ သူငယ်ချင်းကို မပေါင်းသင့်တော့ဘူးလဲ

- သူက သင့်ကိုအမြဲနှိမ့်ချဆက်ဆံနေရင်

- သူတို့နဲ့ ပေါင်းရတာ ပျော်နေရတာထက် စိတ်ညစ်နေရတာက ပိုများနေရင်

- သင့်ကိုစိတ်တိုဒေါသထွက်အောင်လုပ်နေရင်

- သင့်ကို လူရှေ့သူရှေ့မှာ ဂရုမစိုက်ဥပေက္ခာပြုထားရင်

- သင့်ကိုမပေါင်းချင်ဘဲ ကြဉ်ထားရင်

- သင့်အကြောင်း သူများတွေကို ဟာသလုပ်ပြောကာ လှောင်ပြောင်နေရင်

အကြံပေးချက်

ကိုယ်ပေါင်းနေကျ သူငယ်ချင်းနဲ့မပေါင်းတော့ဘဲ မိတ်ဆွေသူငယ်ချင်းအဖြစ်က ရပ်စဲလိုက်ရမယ်ဆိုတဲ့ကိစ္စက ရင်နာစရာပါ။ ဒါပေမဲ့ သင့်ကို စိတ်ညစ်အောင်လုပ်နေသူနဲ့ သူငယ်ချင်းဖြစ်နေရတာထက် ဘာကပိုပြီး ရင်နာစရာကောင်းဦးမလဲ။ ကိုယ်နဲ့အသွင်မတူ၊ အမြင် မတူရင် မပေါင်းတာအကောင်းဆုံးပါ။ ကိုယ့်အပေါ်မကောင်းသူ၊ ကိုယ်နဲ့မပေါင်းချင်သူကို အတင်းကပ်ပေါင်းလို့ ဘာအကျိုးထူး မှာလဲ။ ကိုယ့်ကို တန်ဖိုးထားသူ၊ ခင်ချင်သူတွေနဲ့သာ ပျော်ပျော်ရွှင်ရွှင်နေလိုက်ပါ။

 

(၄) ဘယ်အချိန်မှာ တောင်းပန်ရမလဲ

- သင်ဝန်မခံချင်ပေမယ့် တကယ်တမ်း သင့်အမှားမှန်းသိနေရင်

- တစ်စုံတစ်ယောက်ကို ၀မ်းနည်းအောင် လုပ်ခဲ့မိရင် (တမင်ရည်ရွယ်ပြီးပဲလုပ်လုပ်၊ မတော်တဆပဲဖြစ်ဖြစ်ပေါ့)

- ဘာမဟုတ်တာလေးနဲ့ တစ်ယောက်နဲ့တစ်ယောက်မခေါ်နိုင်၊ မပြောနိုင်ဖြစ်နေကြရင်

- ကိုယ်ထိလက်ရောက်ကျူးလွန်မိခဲ့ရင်

- မိဘတွေကို ပြန်ခံပြောမိရင်

- တနုံ့နုံ့နဲ့နောင်တရခံစားနေရရင်

အကြံပေးချက်

တောင်းပန်ခြင်းက ရင့်ကျက်မှုကိုပြသလို ရန်သူလည်းနည်းစေနိုင်ပါတယ်။ သင့်ဘက်ကအလွန်ဖြစ်ပါက တောင်းပန်ဖို့ဝန်မလေးသင့်ပါ ဘူး။ တောင်းပန်တဲ့အခါ စိတ်ရှင်းရှင်းထားပြီး စိတ်ပါလက်ပါတောင်းပန်ပါ။ တစ်ဖက်လူကလည်း ခွင့်လွှတ်ဖို့အဆင်သင့်ဖြစ်နေမှာပါ။ တစ်ဖက်လူက မကျေနပ်သေးဘဲ စကားနာထိုးလာရင်လည်း နားထောင်ပေးဖို့ အသင့်ပြင်ထားလိုက်ပါ။ တချို့လူတွေက ဆောရီးဆိုတဲ့ စကားကို လွယ်လွယ်နဲ့ပြောထွက်ကြပေမယ့် တချို့ကျတော့လည်း ကိုယ်မှားမှန်းသိတာတောင် တောင်းပန်ဖို့အတော်ဝန်လေးကြ ပါတယ်။ ကိုယ့်အနေနဲ့ ဒီအစွန်းနှစ်ဖက်ကြားမှာရှိနေပြီး တကယ်တောင်းပန်ဖို့လိုရင်တော့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် တောင်းပန်လိုက်ပါ။

 

(၅) ဘယ်အချိန်မှာ လမ်းခွဲရမလဲ

- သင့်ကိုနှိပ်စက်ညှဉ်းပန်းရင်

- သင်စိတ်ဝင်စားတဲ့အရာ၊ သင့်ရုပ်ရည်သွင်ပြင်နဲ့ သင့်အပေါင်းအသင်းမိတ်ဆွေတွေကို သူကပြောင်းလဲပစ်ဖို့ ကြိုးစားနေရင်

- သူ့ကို သင်တကယ်မချစ်ရင် ( တစ်ဖက်သားကို စာနာပါ၊ တကယ်မချစ်ဘဲ မတွဲပါနဲ့။)

- သင့်အပေါင်းအသင်းနဲ့ မိဘတွေက သူ့ကို ဘယ်လိုမှမနှစ်သက်ရင် (သင့်ပတ်ဝန်းကျင်က လူတိုင်းလိုလို သူ့ကိုသဘောမကျရင် ဒါဟာ ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုခုရှိနေလို့ ဖြစ်နိုင်ပါတယ်။)

- သင့်အတွက်ဆို ဘယ်တော့မှ အချိန်မပေးနိုင်ကာ သင်ကချည်းပဲစတွေ့ဖို့တောင်းဆိုနေရရင်

- လက်တွဲဖို့ ဘယ်လိုမှမဖြစ်နိုင်ရင်၊ ညှိယူလို့လုံးဝမရရင်

အကြံပေးချက်

သင်နဲ့သူ ရှေ့လျောက်လက်တွဲဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သေချာရင် လမ်းခွဲလိုက်တာအကောင်းဆုံးပါ။ သူ့မှာချို့ယွင်းချက်ရှိနေတာ ပဲဖြစ်ဖြစ် အမှားတစ်ခုခုကျူးလွန်ခဲ့တာပဲဖြစ်ဖြစ်၊ သင့်အနေနဲ့ ခွင့်လွှတ်နိုင်မလားစဉ်းစားပါ။ ခွင့်မလွှတ်နိုင်ရင်တော့ ရှေ့ဆက်လက်တွဲဖို့ မသင့်တော်ပါဘူး။ သင့်အနေနဲ့စဖြတ်မယ်ဆိုရင် တစ်ဖက်သားအခံရသက်သာမယ့် စကားလုံးရွေးသုံးလိုက်ပါ။ ရိုင်းရိုင်းစိုင်းစိုင်းမပြောဆို ပါနဲ့။ သင်ဆိုရင်လည်း ရက်ရက်စက်စက်အသည်းခွဲတာ ခံချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြေပြေလည်လည်သာ ရှင်းပြပါ။

 

(၆) Facebook နဲ့ဝေးဝေးနေရမလဲ

- တစ်ယောက်ယောက်အပေါ်အလွန်ဒေါသထွက်နေရင်

- သင်ကပျင်းနေပြီး သင်ပျင်းနေတာကို လူတိုင်းကို သိစေချင်နေရင်

- သင့်အနေနဲ့ မပြောမိအောင် ထိန်းထားနိုင်မယ်လို့ မထင်တဲ့အတင်းအဖျင်းတစ်ခု ကြားလာခဲ့ရင်

- အိမ်စာလုပ်စရာတွေ ရှိနေသေးရင်

- ရယ်စရာတစ်ခုတွေ့ထားပေမယ့် အဲဒီရယ်စရာကြောင့် တစ်စုံတစ်ယောက်အရှက်ရစေနိုင်ကြောင်း သိထားရင်

- တစ်နေကုန် Facebook ဖွင့်ထားပြီး တခြားဘာကိုမှ စိတ်မ၀င်စားနေရင်

အကြံပေးချက်

Facebook က Social Network ဆိုတဲ့အတိုင်း Facebook ပေါ်တစ်ခုခုတင်လိုက်တာနဲ့လူအများကြီးကတွေ့ရှိသတိထားမိကြမှာပါ။ ဒါကြောင့် စိတ်တိုတုန်းမှာ Facebook ပေါ်ဘာမှမတင်မိပါစေနဲ့။ သူတစ်ပါးအတင်းကိုလည်း Facebook စာမျက်နှာပေါ် မရေးမိပါစေနဲ့။ ကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာ မပေးမိအောင်လည်း သတိထားပါ။ နောက်ပြီး Facebook က စွဲလွယ်တာကြောင့် တစ်နေကုန်အလုပ် မပြီးဘဲ အင်တာနက်ထိုင်သုံးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အချိန်ဘယ်လောက်သာသုံးမယ်ဆိုပြီး သတ်မှတ်ထား ကာ ထိုအချိန်ပြည့်တာနဲ့ ဆက်မသုံးတော့ဘဲ ပိတ်လိုက်ပါ။

No comments: