Tuesday, May 3, 2011

ဘာကြောင့် ကလေးမရကြ ။ သုက်ရည်ဓာတ်မတည့်

(၁) ဘာကြောင့် ကလေးမရကြရပါသလဲ?

ယေဘုယျအားဖြင့် ကလေးမရခြင်း သို့မဟုတ် သန္ဓေမအောင်ရခြင်း(infertility) ပြဿနာ၏သုံးပုံတစ်ပုံမှာ အမျိုးသမီးများကြောင့် (Female factors0 ဖြစ်ပြီး နောက်ထပ်သုံးပုံတစ်ပုံမှာ အမျိုးသားများကြောင့် (Male factors0 ဖြစ်ရပါတယ်။ ကျန်သုံးပုံတစ်ပုံမှာ အမျိုးသမီး အမျိုးသားနှစ်ဦးစလုံးကြောင့် ဒါမှမဟုတ် အခြားမသိရသေးတဲ့ အချက်များကြောင့်ပဲ ဖြစ်တယ်။

အဖြစ်အများဆုံးအကြောင်းရင်းတွေကတော့ -

အမျိုးသမီးများတွင်

ဥအိမ်တွင် အရည်အိတ်များရှိခြင်း (polycystic ovarian disease)

ယင်းရောဂါက မမျိုးဥထုတ်လုပ်ခြင်း (ovulation) ဒါမှမဟုတ် မမျိုးဥရဲ့ အရည်အသွေးကို ထိခိုက်မှု ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် တိုးစေပြီး ရာသီလာ မမှန်မကန် ဖြစ်စေပါတယ်။

ဟော်မုန်းထွက်ချို့ယွင်းခြင်း           - ယင်းကြောင့် မမျိုးဥအိတ် မဖွံ့ဖြိုးခြင်း သို့မဟုတ် မမျိုးဥထုတ်လုပ်ခြင်းကို ဟန့်တားမှု ဖြစ်စေ ပါတယ်။

သားအိမ်အတွင်းမြှေးနေရာလွဲခြင်း (Endometriosis)     - မျိုးပွားအင်္ဂါဆိုင်ရာ တစ်သျှူးများကို ထိခိုက်ပျက်စီးစေပါတယ်။

သက်တမ်းရင့်မမျိုးဥများ(Ageing eggs)       - ကိုယ်ဝန်ရရှိမှု အလားအလာကို နည်းပါးစေတယ်။

အဖျအကျိတ်(မြင်း)များ     - မမျိုးဥဆင်းရာလမ်းကြောင်းပြွန်များ (fallopian tubes) ကိုပိတ်ဆို့စေနိုင်ပါတယ်။

အမျိုးသားများတွင်

ပုံသဏ္ဌာန်မမှန်သုတ်ပိုး - ယင်းသုတ်ပိုးသဏ္ဌာန်ကြောင့် မမျိုးဥကို သန္ဓေအောင်ခြင်းဖြစ်အောင် မစွမ်းဆောင်နိုင်ဖြစ်တတ်တယ်။

သုတ်ပိုးရွေ့လျားမှုအားနည်းခြင်း - သန္ဓေတည်ရန် သားအိမ်ခေါင်းကို ဖြတ်သန်းပြီး မမျိုးဥဆီရောက်အောင်သွားရောက်ခြင်း မစွမ်းဆောင် နိုင်တာ ဖြစ်တယ်။

မျိုးအောင်သည့်သုတ်ပိုးအရေအတွက် နည်းပါးခြင်း  - သန္ဓေတည်ဖို့ အလားအလာကို သိသိသာသာ လျော့ကျစေတယ်။

သုတ်ပိုးမထုတ်လုပ်နိုင်ခြင်း - တစ်စုံတစ်ရာ ပိတ်ဆို့မှုကြောင့် ဝှေးစေ့များမှ သုတ်ပိုးမထုတ်လုပ်နိုင်ခြင်း(testicular failure) မျိုးဖြစ် ပါတယ်။

မအင်္ဂါ ကျားတန်ဆာထိုးသွင်းရန် အခက်အခဲ - သုတ်လွှတ်မှုမှာ ချို့ယွင်းချက်ရှိလို့ဖြစ်စေ၊ ပန်းသေပန်းညှိုး (impotence) ဖြစ်လို့ ဖြစ်စေ ဖြစ်နိုင်ပါတယ်။

ဦးလှမြင့် (ဂန္ဓမာ) Ref: Mother & Baby – July – 2008
 

(၂) သုက်ရည်ဓာတ်မတည့်မှုရောဂါလက္ခဏာစု

အမျိုးသားများ သုက်ရည်နှင့် ဓာတ်မတည့်မှုရောဂါလက္ခဏာစု Postorgasmic Illness Syndrome (POIS) ဆိုတာ အမျိုးသားများဟာ မိမိရဲ့ သုက်ရည်ကို ပြန်ပြီး ဓာတ်မတည့်မှုဖြစ်ပွားခြင်းဖြစ်ပြီး သုက်လွှတ်ပြီးတဲ့အခါ တုပ်ကွေးနဲ့ ဆင်တူတဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ အလွန်အမင်း ပင်ပန်းနုန်းခွေခြင်းနှင့် မျက်စိပူခြင်းတို့ကို ခံစားရခြင်းဖြစ်ပါတယ်။ အဲဒီရောဂါလက္ခဏာတွေ ဟာ သုက်လွှတ်ပြီးလျှင် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာပြီး ရက်သတ္တပတ်လုံး ကြာမြင့်နိုင်ပါတယ်။

Utretcht University မှ လိင်မှုစိတ်ပညာဆေးဝါးဗေဒပါမောက္ခတစ်ဦးဖြစ်သူ Marcel Waldinger ရဲ့ပြောကြားချက်အရ အဲဒီ POIS ရောဂါလက္ခဏာစုကို ကုသနိုင်ကြောင်း၊ ကုသနည်းမှာ Hyposensitisation ဟုခေါ်သည့် ကုသနည်းဖြစ်ပြီး ၄င်းနည်းမှာ ဓာတ်မတည့်မှု POIS ခံစားရသူကို ဓာတ်မတည့်မှုဖြစ်စေသည့် ပစ္စည်းနှင့် ပမာဏနည်းနည်းချင်းစီတိုး၍ထိတွေ့မှုပေးပြီး ခံနိုင်ရည်စွမ်းအား တိုးမြှင့် အောင်လုပ်ပေးခြင်းဖြင့် ဓာတ်တုံ့ပြန်မှု လျော့နည်းအောင် လုပ်ပေးသည့်နည်းဖြစ်ကြောင်း သိရပါတယ်။သုက်ရည်နှင့် ဓာတ်မတည့်မှု ခံစားနေရသည့်အမျိုးသားကို ၄င်း၏သုက်ရည်ကို ပထမအကြိမ်တွင် ကျဲသွားအောင် Dilute လုပ်ပြီး အရေပြားတွင် ထိုးပေးခြင်းဖြစ်ပြီး နောက်တဖြည်းဖြည်းချင်း ပမာဏကိုတိုးမြှင့်ပြီး ထိုးပေးရပါတယ်။ တစ်နှစ်မှ သုံးနှစ်ခန့်ကြာပြီးတဲ့နောက်မှာ POIS ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခံစားရမှု တဖြည်းဖြည်းနည်းပါးလာကြောင်း တွေ့ခဲ့ရပါတယ်။

POIS ရောဂါလက္ခဏာစုဟာ သုက်ရည်နှင့် ဓာတ်မတည့်မှုကြောင့် ဖြစ်ပွားခံစားရသော Allergic reaction ဖြစ်ကြောင်းနှင့် ၄င်းရောဂါကို ဓာတ်တုံ့ပြန်မှုလျော့နည်းစေသည့်နည်းလမ်းဖြစ်သည့် Hyposensitisation နည်းလမ်းဖြင့် ကုသနိုင်ကြောင်း လေ့လာမှုကို ဒတ်ခ်ျအမျိုး သား ၄၅ဦးတွင် စမ်းသပ်ခဲ့ခြင်းဖြစ်ပါတယ်။

ခိုင်မွန်ကျော်

Ref: Men Allergies to their own semen: Orgasmic Illness Syndrome (POIS) – SOCIALHYPE – The Journal of Sexual Medicine.

No comments: