Thursday, May 19, 2011

အိမ်ရှင်မလက်ရာ (၁)

စာရေးဆရာမ လမင်းမိုမိုရဲ့ လက်စွမ်းပြဟင်းလျာများစွာထဲက ဒီတစ်ခါတော့ ကြက်သားကို ဘူးသီး၊ ဒန့်သလွန်သီးနဲ့ရောပြီး ဆီပြန်ရေကျန်လေးရယ်၊ သူနဲ့လိုက်ဖက်တဲ့ ရခိုင်ငါးပိသုပ် စပ်စပ်လေးရယ် တွဲဖက်ပြီးအရွက်ကြော်အရန်လေးကို ကန်စွန်းရွက်၊ဆူးပုပ်ရွက်နဲ့ ရုံးပတီသီးရောကြော်တာလေးရယ်ကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

ကြက်သား၊ဘူးသီး၊ဒန့်သလွန်သီးဟင်း
လိုအပ်သောပစ္စည်းများ
ကြက်သားနုနု - ၄၀သား၊ ဘူးသီး - တစ်စိတ်၊
ဒန့်သလွန်သီး - ငါးတောင့်၊ ဆီ - ၄ကျပ်သားခန့်၊
ကြက်သွန်နီ - သုံးဥ၊ ကြက်သွန်ဖြူ - သုံးမွှာ၊
ငရုတ်ပွခြောက် - သုံးတောင့်၊ အရောင်တင် ငရတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
မန်ကျည်းမှည့် - လက်တစ်ဆစ်ခန့်၊ စိမ်းစားငါးပိ - လက်တစ်ဆစ်ခန့်၊
ငရတ်သီးစိမ်း - ၁၀တောင့်၊ နံနံပင် - အနည်းငယ်၊
ပုစွန်ငံပြာရည် - အနည်းငယ်၊ ဆား၊နနွင်း - အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် - မိနစ် ၂၀ခန့်
- ကြက်သားကို အနေတော်အတုံးများတုံးပြီးပုစွန်ငံပြာရည် အနည်းငယ်၊ နနွင်းအနည်းငယ်နဲ့နယ်ထားပါ။ ဘူးသီးကို လေးထောင့်တုံးတုံးထားပါ။ ဒန့်သလွန်သီးကို အခွံဖြင့်အနေတော်ပိုင်းဖြတ် အမျှင်သပ်ပြီး အစိမ်းနံ့လျော့အောင် ရေနွေးပူပူနဲ့လောင်းပြီး ဆေးထားပါ။
- ငရုတ်ပွခြောက် ကြက်သွန်အဖြူ၊ အနီထောင်းထားတဲ့ အနှစ်ကိုဆီသတ်ပါ။ နနွင်းမှုန့်နဲ့ အရောင်တင်ငရုတ်မှုန့်ကို ဆီသတ်တဲ့ထဲထည့် ပါ။ ဆီကျက်ပြီးဖျစ်ဖျစ်မည်လာရင် မန်ကျည်းမှည့် ဖျော်ထားတဲ့ရေနဲ့ စိမ်းစားငါးပိဖျော်တဲ့ ရေကိုထည့်မွှေပါ။
- မွှေးလာရင် ကြက်သားထည့်လုံးပါ။ ရေကိုနည်းနည်းခြင်း နူးရုံထည့်ပါ။ ကြက်သားတစ်ဝက်နူးရင် ဒန့်သလွန်သီးနဲ့ ငရုတ်သီးစိမ်းထည့် ပါ။ ဒန့်သလွန်သီးနူးလာရင် ဘူးသီးစိတ်ကိုထည့်ပါ။ ပုစွန်ငံပြာရည်၊ ဆားတို့ထည့်ပြီး အပေါ့အငန်မြည်းပါ။
- မကြာခင် နံနံပင်လေးအုပ်ပြီး ချနိုင်ပါပြီ။ ဒီဟင်းမှာအရေးကြီးတာက သုံးမျိုးစလုံးအကျက်ညီညီမှာ ချနိုင်ဖို့ တစ်မျိုးချင်းထည့်ချိန်မှန်း နိုင်ဖို့ပဲဖြစ်ပါတယ်။
ရခိုင်ငါးပိသုပ်
လိုအပ်သောပစ္စည်းများ
ငါးပိစိမ်းစားအချို - စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပုစွန်ခြောက်မှုန့် - စားပွဲတင်ဇွန်း တစ်ဇွန်း၊
ကြက်သွန်နီ - နှစ်ဥ၊ ကြက်သွန်ဖြူ - နှစ်မြွှာ၊ ငရုတ်သီးစိမ်း - ခြောက်တောင့်၊
ငရုတ်သီးအကျက်မှုန့် - အနည်းငယ်၊ သံပရာသီး - တစ်လုံး၊
- ငါးပိစိမ်းစားကို မြန်မာ့နည်း၊ မြန်မာ့ဟန် ယောက်မလေးမှာကပ်ပြီး မီးကင်ပေးပါ၊ ခပ်ဖန့်ဖန့်လေးဆိုရပါပြီ၊ ကြွမ်းစရာမလိုပါ။
- ငါးပိကျက်လျှင် ပန်းကန်တစ်ခုတွင်ထည့်၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။
- စားခါနီးလျှင် ပုစွန်ခြောက်မှုန့် သံပရာရည်ညှစ်ပြီး နယ်ရုံပါပဲ။ အင်မတန် ထမင်းမြိန်စေသော မြန်မာ့ရိုးရာဟင်းရံတစ်ခွက်ပါရှင်။
ကန်စွန်းရွက်၊ ဆူးပုပ်ရွက်၊ ရုံးပတီသီးကြော်
လိုအပ်သောပစ္စည်းများ
သံပရာသီး- တစ်လုံး၊ ကန်စွန်းရွက် - တစ်စည်း၊ ဆူးပုပ်ရွက် - ခြွေပြီးလက်တစ်ဆုပ်ခန့်၊
ရုံးပတီသီးနုနု - ငါးတောင့်၊ခြောက်တောင့်၊ ဆီ - နှစ်ကျပ်သားခန့်၊ ကြက်သွန်ဖြူ - လေးမြွှာ၊
ဆား - အနည်းငယ်
ချက်ရန်ကြာမြင့်ချိန် - သုံးမိနစ်ခန့်
- ရေနွေးတစ်အိုးဆူပွက်အောင်တည်ထားပါ။
- သံပရာသီးတစ်လုံးကို ရေနွေးဆူဆူထဲ ညှစ်ထည့်လိုက်ပါ။ ကန်စွန်းရွက်အရိုးတွေကို ရေနွေးဆူပွက်နေတဲ့ထဲမှာ ခဏစိမ်ပြီး ပြန်ဆယ် ကာရေလောင်းထားပါ။ ဆူးပုပ်ရွက်ကို အဲဒီရေနွေးဆူဆူထဲပဲ ခဏစိမ်ပြန်ဆယ်ထားပါ။ ရုံးပတီသီးကိုလည်း အတောင့်လိုက် ခဏနူး အောင်စိမ်ပါ။ ရုံးပတီသီးကို ရေနွေးစိမ်ပြီးမှ ရေဆေးပြီး ပါးပါးစောင်းစောင်းလှီးပါ။
- ဆီကို အပူပေးပြီးဆူရင် ကြက်သွန်ဖြူကိုထုထည့်ပါ။ ကန်စွန်းရိုးနဲ့ ဆူးပုပ်ရွက်အရင်ထည့်ကြော်ပါ။ ခဏမွှေအပြီးမှာ ကန်စွန်းရွက်နဲ့ ရုံးပတီသီးထည့်နိုင်ပါပြီ။ ဆားကိုနှံ့အောင်ဖြူးပေးပြီး နှံ့အောင်မွှေကြော်ပါ။ အိုးချတာနဲ့ ပူပူကလေးသုံးဆောင်နိုင်ပါတယ်။

No comments: