Tuesday, June 25, 2024

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?

 အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ? 

-----------------------------------------------------




အဝတ်ဗီရိုမှာ မှိုစွဲတာက ကြောက်ဖို့ ကောင်းတယ်နော်။ ဗီရိုမှာ မှိုစွဲတာကို မသိပဲ အဝတ်တွေ ဆက်ထားထားမယ်ဆိုရင် အဝတ်အစားတွေထိပါ မှိုတွေက ကူးသွားပြီး ပျက်စီးသွားနိုင်ပါတယ်။


ဗီရိုထဲမှာ မှိုစွဲရခြင်း အကြောင်းရင်းကတော့ နှစ်ချက်ရှိပါတယ်။


(၁) ပြင်ပက ရေငွေ့တွေကြောင့် ငွေ့ရည်ဖွဲ့ပြီး အစိုပြန်ခြင်း နဲ့ (၂) မခြောက်သေးပဲ စိုနေတဲ့ အဝတ်တွေကြောင့် မှိုစွဲတတ်ပါတယ်။ ကျွန်မတုန်းကလည်း ဖြစ်ဖူးတယ်၊ စောစောသိပြီး အမြန် ရှင်းထုတ်လိုက်နိုင်တော့ အဝတ်အစားတွေ ဘာမှ ဖြစ်မသွားခဲ့ဘူး။ မှိုက ထားထားရင် ထားထားသလို အပွားမြန်တော့၊ သိတာနဲ့ ချက်ချင်း ရှင်းထုတ်သင့်ပါတယ်။


မှိုစွဲတာကို ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ရေချိုးခန်း နံရံ၊ မီးဖိုချောင် နံရံတွေမှာ မှိုစွဲရင်တော့ ကြေးချွတ်ဆေးသုံးပြီး ဖြေရှင်းလိုက်ရုံပါပဲ။ ဒါပေမယ့် သစ်သားနဲ့ လုပ်ထားတဲ့ ဗီရိုလိုမျိုးမှာ ဆိုရင်တော့ ကြေးချွတ်ဆေးကို အသုံးမပြုသင့်ပါဘူးနော်။ ဗီရိုရဲ့ ပေါ်လစ် တင်ထားတာကို တိုက်စားသွားပြီး၊ ဆေးကွာတာ၊ အရောင်မှိန်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်၊ သစ်သားတွေမှာ မှိုစွဲရင် ကြေးချွတ်ဆေးကို အသုံးမပြုရပဲ အခြား နည်းလမ်းကို အသုံးပြုပေးရပါမယ်။ အခု၊ ကျွန်မက အဲဒီနည်လမ်းကို ပြောပြသွားမှာပါနော်။


#ဗီဒိုထဲမှာ မှိုစွဲခြင်းကို ရပ်တန့်စေမယ့် နည်းလမ်း


ကျွန်မ ပြောပြမှာကတော့၊ မှိုစွဲတဲ့ နေရာလောက်ကိုပဲ ရှင်းလင်းသွားအောင် လုပ်ရတာမျိုး မဟုတ်ပဲ၊ ဗီရိုထဲမှာ ရှိနေတဲ့ မှိုတွေ အားလုံးကို အရှင်းပျောက်သွားအောင် လုပ်ရမယ့် နည်းလမ်းပါ။ ကြေးချွတ်ဆေးသုံးလို့ မဖြစ်တဲ့အတွက်၊ အဲဒီအစား ဗီနီဂါကို အသုံးပြုပေးရပါမယ်။


၁။ မှိုစွဲခြင်းရဲ့ အပြင်ဆုံး အလွှာဖြစ်တဲ့ မှိုနဲ့ အမည်းကွက်က ရှင်းလင်းသွားဖို့အတွက် ရေနဲ့ ဗီနီဂါကို ခွက်တစ်ခုထဲမှာ ရောဖျော်ပြီး၊ မှိုစွဲနေရတွေကို ပက်ဖြန်းပေးပါ။


၂။ ပြီးရင် အဝတ်စ တစ်ခုကို ဗီနီဂါအရည်နဲ့ စိုစွတ်စေပြီး မှိုစွဲနေရာတွေကို သုတ်ပေးရပါမယ်။ သုတ်ပြီးသွားရင် အပေါ်ယံမှိုတွေ လုံးဝ ရှင်းသွားပါပြီ။ ဒါပေမယ့် မမြင်ရတဲ့ သစ်သားအတွင်းထဲမှာ မှိုတွေ ကျန်နေဦးမှာပါ။


၃။ မမြင်ရတဲ့ အတွင်းသားထဲက မှိုတွေပါ လုံးဝ အရှင်းပျောက်ဖို့အတွက် (ရေ မရောပဲ) ဗီနီဂါသီးသန့် ပက်ဖြန်းပေးပြီး၊ ဗီနီဂါ ခြောက်သွားအောင်ထိ ထားထားရပါမယ်။


၄။ ပြီးရင် ရိုးရိုး ရေအေးနဲ့ သစ်သား မျက်နှာပြင်တွေကို စင်အောင် ဆေးပြီး ခြောက်သွေ့တဲ့ အဝတ်နဲ့ ရေတွေ ပြောင်သွားအောင်ထိ သုတ်ပေးပါ။ ဒါဆိုရင်တော့ သစ်သားအတွင်းထဲ မှိုတွေပါ သေသွားပါပြီ။


ဒီ #အဆင့် (၄) ဆင့်ကတော့ ကျွန်မရဲ့ မှိုတွေကို သုတ်သင်ရှင်းလင်းတဲ့ နည်းလမ်းပါပဲနော် ... ။ မှိုတွေ ရှင်းလင်းသွားပြီဆိုရင်တော့၊ နောက်ထပ် မှိုတွေ ထပ်မဖြစ်လာအောင် သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါ့မယ်။


မှိုသန့်ရှင်းရေး စမလုပ်ခင်၊ အဝတ်ဗီရိုကို နံရံနဲ့ အနည်းငယ် ခွာပေးရပါ့မယ်။ ဒါမှ နံရံကနေ ငွေ့ရည်ပြန်ဖွဲ့ပြီး ဗီရိုတွေထဲကို ရေဓာတ် ပြန်မစိမ့်ဝင်မှာ ဖြစ်ပါတယ်။


အဝတ်ဗီရိုထဲမှာ ဘယ်တော့မှ စိုနေတဲ့ အဝတ်တွေကို မထားပါနဲ့။ အဝတ်တွေ ဗီရိုထဲ ထည့်မယ်ဆိုရင်လည်း၊ ခြောက်သွေ့တဲ့ အဝတ်တွေပဲ ဖြစ်ပါစေ။


အဝတ်တွေကို ပြွတ်သိပ်နေအောင် မထည့်ပါနဲ့။ အဝတ်တွေ အရမ်း ပြွတ်သိပ်နေတယ်ဆိုရင် အဝတ် အသားတွေကြားမှာ မှိုတွေ ပြန်ဖြစ်လာနိုင်ပြီး၊ ဗီရိုမှာ မှိုပြန်စွဲသွားနိုင်ပါတယ်။


 ကဲ.. ဒီနည်းလမ်းတွေကတော့ မှိုစွဲတာနဲ့ ပက်သက်ပြီး ကျွန်မ လက်စွဲပြုထားတဲ့ နည်းပါပဲ။ မေမေတို့လည်း ကိုယ့်အိမ်က ဗီရိုမှာ မှိုစွဲရင် ဖြေရှင်းလို့ ရအောင် မှတ်ထားသင့်တယ်နော်။ ဒါမှ အင်္ကျီ အဝတ်အစားတွေမှာ အထိအခိုက် မရှိမှာ။ ဒီလို မှိုစွဲတာက အစိုဓာတ်ကြောင့် အဓိက ဖြစ်တတ်တာမို့ အခုလို မိုးရာသီဆို ပိုပြီးသတိထားသင့်ပါတယ်နော်။ အခု မှိုရှင်တဲ့ နည်းလမ်းလည်း ရှိနေပြီဆိုတော့ မှိုစွဲတာကို သိတာနဲ့ ချက်ချင်း ရှင်းထုတ်ဖို့ ကျွန်မက အထူး တိုက်တွန်းပါတယ်။ ဒါဆို အဝတ်အစားတွေ ထိခိုက်ပျက်စီးမှာ စိုးရိမ်စရာ မလိုတော့ပါဘူးနော်။


*** မူလဘူတ ရေးသားမျှဝေသူ မသိသောကြောင့် Credit ဘယ်သူဆိုတာ မပြောပြနိုင်ပါ။

Friday, June 21, 2024

သခင်တင် (ခေါ်) ဝိုင်အမ်ဘီဆရာတင်

 "အချစ်ညှောင့်လေးတွယ်ခဲ့သော ဂီတအာဇာနည်

(သို့မဟုတ်)

သခင်တင် (ခေါ်) ဝိုင်အမ်ဘီဆရာတင်”




သခင်တင် (၁၈၉၄- ၁၉၅၀) သည် ဂီတစာဆို တစ်ဦး ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးတွင် အရေးပါသော တို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်သည့်အပြင်၊ တို့ဗမာ သီချင်း နှင့် ကမ္ဘာမကျေ မြန်မာနိုင်ငံတော်သီချင်း တို့ကို ရေးစပ်သီကုံး ခဲ့သူ ဖြစ်သည်။ သူသည် ဂျပန်တော်လှန်ရေးတွင်လည်း တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။


ငယ်စဉ်ဘဝနှင့်  ပညာရေး


မြန်မာ သက္ကရာဇ် ၁၂၅၅ ခုနှစ် တပို့တွဲလဆန်း ၇ ရက်နေ့၊ ခရစ်သက္ကရာဇ် (၁၈၉၄)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့၊ ရွှေဘုန်းရှိန်၊ မင်းသားစုရပ်၌ ဖွားမြင်သည်။ အဘမှာသီပေါမင်း လက်ထက် မင်းမှုထမ်းတစ်ဦး ဖြစ်သူ ဦးရန်အောင် ဖြစ်ပြီး မိခင်မှာရွှေဘုန်းရှန် မင်းသားစုရပ် ဒေါ်သိန်း ဖြစ်သည်။ မွေးချင်း သုံးယောက် အနက် မောင်တင်မှာ အလတ် ဖြစ်သည်။


မောင်တင်ခြောက်နှစ်သားအရွယ်တွင် ဘီ၊ တီ၊ အင် ခေါ် ဗုဒ္ဓသာသနနုဂ္ဂဟကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ထိုချိန်က ဘီ၊ တီ၊ အင် ကျောင်း၏ ကျောင်းအုပ် ဆရာကြီးမှာ ၁၉၁၉ ခုနှစ်တွင် ဘိလပ်သို့ မြန်မာ ကိုယ်စားလှယ် အဖြစ် သွားရောက်ခဲ့သော ဖေ၊ ပု၊ ရှိန် သုံးဦးတွင်တစ်ဦး အပါအဝင် ဖြစ်သော ဦးထွန်းရှိန်ပင် ဖြစ်သည်။ မောင်တင်သည် ငယ်စဉ်ကပင် ဂီတ ဝါသနာပါသည့် အလျောက် ကျောင်းအားချိန်များ၌ တေးကိုသာညည်း၍ အချိန်ကုန် စေတတ်သည်။ မောင်တင် ဤသို့နေသည်ကို အတန်းပိုင်က မကြိုက်၊ ပညာသင်မှု နည်းပါးမည်စိုး၍ တေးမညည်းရန် အခါမလပ် သတိပေး ဆုံးမခဲ့သည်။ မောင်တင်ကား သူ့အား မတရားချုပ်ချယ်သည်ဟု ယူဆကာ သတ္တမတန်း အောင်သည်နှင့် ကျောင်းမှ ထွက်လိုက်သည်။


မောင်တင်သည် ဖခင်ကြီး၏ တိုက်တွန်းချက်အရ ကျောင်းဆက်လက်နေခဲ့ရာ ၁၉၀၉ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်တွင် ကယ်လီကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။


ဝိုင်အမ်ဘီဆရာတင် ဘဝ


ဆယ်တန်း အောင်ပြီးနောက် အမ်ဘီတီ အလွတ် ပညာသင်ကျောင်း၌ ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုချိန်မှစ၍ ဆရာတင်ဟု ထင်ရှားစပြုလာသည်။ ဆရာတင်သည် ကျောင်းသားများကို စာပြပြီးလျှင် လက်ဆွဲဘာဂျာတစ်လုံးဖြင့် တေးညည်းလေ့ရှိသည်။ ယင်းသို့ ဝါသနာအလျောက် အားလပ်ချိန်တွင် တေးဆို၍ ဘာဂျာဆွဲနေသည်ကို ဆရာ၏ဂုဏ်သိက္ခာဖြင့် မညီ၊ သဘင်သည်ဆန်သည်ဟု စွပ်စွဲသံများ ကြားရသဖြင့် ဆရာ့သက်တမ်း သုံးနှစ်ခန့်အပြီးတွင် ယင်း အမ်၊ ဘီ၊ တီ ကျောင်းမှ အလုပ်ထွက်လိုက်သည်။


အလုပ်မှ ထွက်ပြီးသောအခါ ဆရာတင်သည် သူ့ဝါသနာ အလျောက် တေးဆို၍ ဘာဂျာဆွဲနေခဲ့သည်။ ဘာဂျာသံကိုလည်း လေးလေးနက်နက် သုတေသနပြုခဲ့သည်။ သီချင်းကြီးများကို ဆိုတီးရင်း ကာလပေါ် သီချင်းများ စတင်ရေးစပ်ခြင်း ပြုခဲ့သည်။


၁၂၇၆ ခုနှစ်ကစ၍ သီချင်းများ ရေးစပ်ခဲ့သည်။ ယင်းအပြင် သူစပ်သော သီချင်းများကို အသံစမ်းခြင်း၊ တေးသွားသွင်းခြင်း စသည်များ ပြုခဲ့သည်။ အောင်မြင်သော သီချင်းရေးဆရာ အဖြစ်လည်း မရောက်သေး၊ စိတ်ချ ယုံကြည်ချက်လည်း မရှိသေးဖြင့် ရေးစပ်ပြီး သီချင်းများကို ဂီတနယ်ထဲသို့ မသွင်းသေးချေ။


တပည့်ဟောင်းများ၏ တိုက်တွန်းချက်များကြောင့် ဆရာတင်သည် ၁၉၁၈ ခုနှစ်ခန့်တွင် ဗုဒ္ဓဘာသာ လူငယ်များ အင်္ဂလိပ်ပညာ သင်ကျောင်း ခေါ် 'ဝိုင်၊ အမ်၊ ဘီ' အလွတ်ပညာသင်ကျောင်းကို မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ဆရာတင်၏ကျောင်း၌ မန္တလေးမြို့ပေါ်မှ သာမက ရေနံချောင်း၊ ချောက်၊ မကွေး၊ စလေ စသော ရပ်ဝေးမြို့မှ ကျောင်းသားများ လာရောက်တက်ခဲ့သည်။ ကျောင်းဖွင့်စက ကျောင်းသား ၁၀ ယောက်မျှသာ ရှိသော်လည်း သုံးလေးလကြာသောအခါ ကျောင်းသား ၅၀ ကျော်မျှဖြစ်လာခဲ့သည်။ ဆရာတင်သည် ညဘက်တွင် စာသင်၍ နေ့ဘက်တွင် သီချင်းစပ်သည်။ သူ၏ ဂီတရိပ်မြုံ စာဆိုဘုံနန်းမှာ မန္တလေးမြို့၊ မင်းသားစုရပ် နှင့် ပြည်လုံးအံ့ လှေတန်းရပ် အကြား၊ ရွှေတချောင်းမြောင်းဘောင် အနောက်ဘက်၊ သဲပုံ စေတီကြီးနှင့် မျက်နှာချင်းဆိုင် ညောင်ပင်ကြီး အောက်ရှိ ကွပ်ပျစ်လေးပင် ဖြစ်သည်။ ဆရာတင် ပထမဆုံး စပ်ဆိုသော သီချင်းမှာ အာကာသဇိုး အမည်ရှိ သီချင်းဖြစ်သည်။ ထိုသီချင်းကို မြခြေချင်း မငွေမြိုင် အား သီဆိုစေရာ အတော်ပင် လူကြိုက်များခဲ့သည်ဟု ဆိုသည်။

 ထိုအခါမှ စ၍ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို အစွဲပြု၍ သီချင်းရေး ဆရာ 'ဝိုင်၊ အမ်၊ ဘီ ဆရာတင်' ဟု တွင်ကာ တမုဟုတ်ခြင်း ကျော်ကြား လာခဲ့သည်။ ဒုတိယ ရေးသော သီချင်းမှာ ပထမ ကမ္ဘာစစ်အောင် သီချင်း ဖြစ်သည်။ ပထမ ကမ္ဘာစစ်ပြီးဆုံး၍ စစ်အောင်ပွဲများ ကျင်းပသည်တွင် မန္တလေးမြို့ ဥပုသ်တော်ကုန်း၌ စစ်အောင်ပွဲ အထိမ်းအမှတ်ဖြင့် မငွေမြိုင် ပွဲကသော အခါ ဆိုရန် ရေးပေးထားသော သီချင်း ဖြစ်သည်။ ယင်းသီချင်း ဆိုအပြီးတွင် စစ်သားများ အားလုံး မတ်တတ်ရပ်၍ အလေးပြု ကြသည်ဟု ပြောစမှတ် ပြုခဲ့ကြသည်။


ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် ကျောင်းဆရာ လုပ်ရင်း ကာလပေါ် သံဆန်း သီချင်းများ ရေးသား၍ နာမည် ရလာသော အခါ ကျောင်းကပွဲများ ကျင်းပရာတွင် ဆရာတင်သည်ပင် သီချင်းများ ရေးပေးရသည်။ မြန်မာနိုင်ငံ ဦးချစ်မောင်နှင့် အလွန်ရင်းနှီးသည့် အလျောက် ယင်းအငြိမ့် အတွက် သီချင်းများကို ကူး၍ ရေးပေးခဲ့သည်။ ယင်းအငြိမ့်နှင့် အတူ ၁၉၂၅ ခုနှစ်က ရန်ကုန်သို့ လိုက်ပါဖူးသည်။ မန္တလေးမြို့၌လည်း ကိုယ်တိုင် ဦးစီး၍ ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ကို ဖွဲ့ပြီး စေတနာ့ ဝန်ထမ်း အဖိုးအခ မယူဘဲ ရပ်ရွာ ကိစ္စများတွင် ကူညီ တီးမှုတ် ပေးခဲ့သည်။ မန္တလေးမြို့၌ ငါးပွင့်ဆိုင် ကွန်ဖရင့်ကြီးပြီး ၁၂၈၃ ခုနှစ်တွင် ဂီတဖြင့်နိုင်ငံရေး စိတ်ဓာတ် လှုံ့ဆော်ရန် တူရိယာ အသင်းချုပ် ဖွဲ့စည်းခဲ့သည်။ နယ်ချဲ့တို့၏ အနှောင့်အယှက် သွေးခွဲမှုကြောင့် ဆရာတင် ရည်ရွယ်ချက် မအောင်မြင်ဘဲ ပျက်ပြားခဲ့သည်။ ဆရာတင်သည် မင်းသမီး ဥဩမယ်တင်၊ ဥက္ကလာ မအေးကြည်၊ တလိုင်းမလေးကျင်၊ နေရှင်နယ် ခင်ပု၊ မြသီ၊ မြရီတို့ အတွက် ဟေမန်တိင်း၊ ရွှေနွယ်ရိုး၊ ပချိုင့်ကလေး၊ သူကလေး၊ အုံ့ပုံးချစ်၊ လူ၊ အောင်တော်မူ၊ မယ့်ဖူးစာ၊ ပလုပ်တုတ်တုတ် စသော သီချင်းများကို ရေးစပ် ပေးကာ သီဆိုခဲ့သည်။


လူသား တစ်ယောက် ဖြစ်၍ ဆရာတင်သည် ငွေအသပြာ အတွက် အချစ် နှင့် သက်ဆိုင်သော သီချင်းများ ရေးစပ်ခဲ့သည်။ ရေးဖန် များလာသော အခါ သူငြီးငွေ့သွားပြီ ဖြစ်သည်။ ၁၉၂၇ ခုနှစ်တွင် နိုင်ငံခြားဖြစ် အင်္ကျီပါး ဝတ်စ ပြုလာသည်ကို သရော်သည့် အနေဖြင့် ဦးချစ်ဖွယ် သီဆိုရန် ဝံသာနု သီချင်း တပုဒ် ရေးစပ်ပေးခဲ့သည်။ ခေတ်ကို သရော်ရာတွင် ဆရာတင်သည် ထူးခြားသော အတွေးအခေါ် အယူအဆ ရှိသူ ဖြစ်သည်။ ခေတ်ပြောင်း တော်လှန်ရေးကို ထာဝစဉ် ရှေးရှုနေသော သူတစ်ယောက်လည်း ဖြစ်သည်။ ဇာတိမာန် ဆွပေးသည့် အလောင်းဘုရား ဦးအောင်ဇေယျ သီချင်းကိုလည်း တပ်လှန့်သည့် သဘောဖြင့် စပ်ဆိုခဲ့သည်။


ဝိုင်၊ အမ်၊ ဘီ တီးဝိုင်း အဖွဲ့ဝင် ဦးဘသိန်းသည့် ရုပ်ရှင်လုပ်ငန်းကို အားကျလာသဖြင့် မြန့်မာ့သွေး ဖလင် ရုပ်ရှင်ကုမ္ပဏီတစ်ခု တည်ထောင်ကာ "ဗိုလ်ဆင်တောင်" ဇာတ်ကားကို ရိုက်ကူးရန် စီစဉ်သော အခါ ဝိုင်၊အမ်၊ဘီ ဆရာတင်က ဒါရိုက်တာလုပ်၍ ကိုယ်တိုင် သီချင်းရေးသည်။ သို့ရာတွင် ဇာတ်ကား မပြီးမီ အိမ်ထောင်ရေး အဆင်မပြေသဖြင့် ရန်ကုန်သို့ ဆင်းလာခဲ့သည်။ ဦးအုံးမောင် တည်ထောင်သော လန်ဒန်အတ် ကုမ္ပဏီ အသံတိတ် ရုပ်ရှင်ကားများ အတွက် ရုပ်ရှင်တီးဝိုင်းတွင် သီဆို၍ သီချင်းများ ရေးပေးသည့် သီချင်းရေးဆရာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ယင်းနောက် မြန်မာအဆွေ နှင့် ဗြိတိသျှဘားမားရုပ်ရှင် ကုမ္ပဏီတို့မှ ဇာတ်ကားများအတွက် သီချင်းများ ရေးစပ်ရသည်။ ရုပ်ရှင် ကုမ္ပဏီများ အတွက် ဆရာတင် စပ်ဆို ပေးခဲ့သော သီချင်း အပုဒ်ပေါင်းမှာ သုံးထောင်ကျော် လေးထောင်နီးပါး ရှိခဲ့သည်။


လွတ်လပ်ရေးကြိုးပမ်းမှု


တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခြင်း


ဆရာတင် ရန်ကုန်သို့ ဒုတိယ အကြိမ် ရောက်ခဲ့ခြင်းသည် ဆရာတင် အဖို့ နိုင်ငံရေး နယ်ထဲသို့ တနည်းအားဖြင့် ခြေစုံပစ် ဝင်နိုင်ရန် ဖန်တီး သကဲ့သို့ ဖြစ်လာခဲ့သည်။ အကြောင်းမှာမူ သူ ၁၉၁၈-ခုခန့်က သိကျွမ်း ခင်မင်ခဲ့သော သခင် ဘသောင်းနှင့် ရန်ကုန်တွင် တွေ့ရသော ကြောင့်ပင် ဖြစ်သည်။ သခင် ဘသောင်းနှင့် ဆရာတင် စတင် တွေ့ဆုံရသော အချိန်မှာ မန္တလေးမြို့ ဗုဒ္ဓဘာသာ အထက်တန်းကျောင်း ကပွဲ လုပ်စဉ်က ဖြစ်ခဲ့သည်။ သခင် ဘသောင်းသည် မြန်မာပြည်တွင်း ကျွန်စိတ်ပေါက် သူမျာအား မြန်မာပြည်ကို ကျွန်တွင်းမှ နုတ်ယူရန် သခင်အမည်ကို ရှေးဦးဆုံး ခံယူ၍ တို့ဗမာ အစည်းအရုံး ဖွဲ့စည်း တည်ထောင်ရန် အကြံယူစိုင်းပြင်းနေဆဲ ပုဂ္ဂိုလ် ဖြစ်သည်။ သခင်ဘသောင်း၏ သိမ်းသွင်းမှုကြောင့် ဝိုင်၊ အမ်၊ ဘီ ဆရာတင်သည် သခင် အမည်ခံကာနိုင်ငံရေး ကြိုးပမ်းမှုများကို တဖက်တလမ်းမှ ထောက်ခံသည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုနောက် သခင်တင်သည် မန္တလေးမြို့သို့ ပြန်လာခဲ့သည်။ ငွေရှင်ကြေးရှင်နှင့် ဘဝတူ သီချင်းရေးဖော်ရေးဖက်များ၏ နှိမ်မှုကို နာကြည်းတပ်၍ ထည့်သွင်း စပ်ဆိုခဲ့သည်။ သခင်တင်သည် ရန်ကုန်မှ မန္တလေးမြို့သို့ ပြန်ရောက် လာပြီးနောက် သူ့ကျောင်းကို ပြန်ဖွင့်ပြန်သည်။ ရန်ကုန်သို့လည်း မကြာခဏ ဆင်း၍ ရုပ်ရှင် ကုမ္ပဏီများနှင့် ဓာတ်ပြား ကုမ္ပဏီများသို့ သီချင်းရေးပို့လေ့ရှိသည်။ သူ့ကျောင်း၌ စာသင်ရက် မမှန်တော့ဘဲ ဖြစ်ခဲ့ရာ ကျောင်းသားဦးရေ လျော့ပါးလာသည်။ ထိုကြောင့် သူ၏ ဝိုင်၊ အမ်၊ ဘီ ကျောင်းကို ဖွင့်လိုက်ပိတ်လိုက်နှင့် နောက်ဆုံး စတုတ္ထအကြိမ်တွင် လုံးဝပိတ်ကာ ရန်ကုန်သို့ အပြီးပြောင်းရွှေ့သွားခဲ့သည်။


ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် ရန်ကုန်၌ သခင် ဘသောင်း စသည်တို့နှင့် အမြဲ တွေ့ဆုံ ဆွေးနွေးကာ နိုင်ငံရေးသီချင်းများ ရေးရန် အကြံယူလျက် ရှိသည်။ သို့ဖြင့် ယခုနိုင်ငံတော် သီချင်းအဖြစ် ရောက်ရှိလာသော တို့ဗမာ သီချင်း အကောင်အထည်ပေါ်လာခဲ့သည်။ အစပထမတွင် တို့ဗမာ သီချင်းကို 'နောင်ဥဒါန်း ဘယ်မကျေစရာ' အပိုဒ်မှစ၍ ရေးခဲ့သည်။ နောက်မှ မိတ်ဆွေများနှင့် ထပ်မံဆွေးနွေးကာ 'တကောင်း အဘိရာဇာ' အစချီ ခြေဆင်း စာပိုဒ်ကို ထပ်မံ ဖြည့်သွင်းခဲ့သည်။


တို့ဗမာ သီချင်းကို ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်၊ (၁၂၉၂ ဝါဆို လပြည့်ကျော် ၁၁ ရက်) တနင်္ဂနွေနေ့ ညနေ ၅ နာရီ အချိန်တွင် ရွှေတိဂုံစေတီတော် ရာဟုထောင့် တန်ဆောင်းကြီး၌ အခမ်းအနားနှင့် သခင်တင်ကိုယ်တိုင် သီဆိုခဲ့သည်။


ထိုစဉ်က သခင်တင်မှာ ကိုယ်ပိုင်တူရိယာလည်း မရှိ၊ ငွေပေး၍လည်း မငှားနိုင်ဖြစ်နေရာ သန်းဘရားသား ကုမ္ပဏီမှ တူရိယာပစ္စည်းများကို အခမဲ့ကူညီသဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဆိုင်းတီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သီချင်းဆိုအပြီးတွင် ရွှေတောင်တန်းသူဌေး ဦးဘိုးညှင်းနှင့် ဇနီး ဒေါ်မြတင်တို့က လက်ဖက်ရည် မုန့်တို့ဖြင့် ဧည့်ခံလိုက်သေးသည်ဟု ဆိုသည်။


အစပထမ လူထုရှေ့မှောက်သို့ တင်ပြရန် ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ညဘက်တွင် သထုံဆောင် သဟာယနှင့် စာဖတ်ခန်း၌ တို့ဗမာ သီချင်းကို ပထမဆုံး သီဆို ပြခဲ့ကြသည်။ သီချင်းပါ စကားလုံးများကို သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်အုန်းဖေ၊ သခင်ကျော်စိန်ထွန်း၊ သခင်သာဒိုး၊ သခင်ဖိုးနီစသော သခင်များက စုပေါင်းရှာဖွေပေးခဲ့သည်။


၁၉၃၆ ခုနှစ် ဇူလိုင်လတွင် မြင်းခြံမြို့၌ ကျင်းပသော တို့ဗမာ အစည်းအရုံး၏ ဒုတိယအကြိမ် ညီလာခံတွင် အမျိုးသား သီချင်းအဖြစ် ထပ်မံ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် နိုင်ငံတော် သီချင်းအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသော တို့ဗမာ သီချင်းသာ မကာ အခြား နိုင်ငံရေး သီချင်းများကိုလည်း စပ်ဆိုခဲ့သေးသည်။ စစ်ကြိုခေတ်တွင် အမျိုးသားရေးနှင့် စပ်လျဉ်းသော တေးသီချင်းများကို အရေးသားနိုင်ခဲ့ဆုံး ဂီတစာဆို ပုဂ္ဂိုလ်လည်း ဖြစ်သည်။


ဖက်ဆစ် တော်လှန်ရေး


ဂျပန်တော်လှန်ရေးတွင်လည်း မြေအောက် ဂျပန်ဆန့်ကျင်ရေး အဖွဲ့နှင့် ဆက်သွယ်ကာ တော်လှန်ရေး သမားတစ်ယောက် အဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့သည်။

စစ်ကြီးပြီးသော အခါ ဆရာတင်သည် ပြဇာတ် အဖွဲ့များ အတွက် သီချင်းများကို စတင်ရေးခဲ့သည်။ မိတ်ဆွေဟောင်း ရန်နိုင်စိန် ဦးစီးသော ပြဇာတ် မန္တလေးသို့ ရောက်လာသော အခါ သီချင်းများ ရေးပေးပြီး ကိုယ်တိုင်လည်း သရုပ်ဆောင် အဖြစ် ပါဝင်ခဲ့သည်။ ထို့နောက် ရန်ကုန်သို့ ဆင်းကာ ဂီတ အနုပညာ နယ်အတွင်း လှည့်လည် ကျက်စားနေခဲ့သည်။


လွတ်လပ်ရေးရပြီးခေတ်


သခင်တင်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နေ့တွင် မြင်းခြံမြို့၌ ကျင်းပသော လွတ်လပ်ရေးအထိမ်းအမှတ် အောင်ပွဲဝင်အခမ်းအနားတွင် 'နိုးနိုးနာ' ပြဇာတ်နှင့် 'နှစ်ကိုယ့်တစ်စိတ်' အော်ပရာတို့ကို ကိုယ်တိုင် သရုပ်ဆောင်ကပြခဲ့သည်။ အခွင့်အရေးယူသည့် နိုင်ငံရေးသမားများအား သရော်လှောင်ပြောင် ထားသည့် ဇာတ်လမ်းဖြစ်သည်။ ခေတ်ကာလကို သရော်ထားသော ဇာတ်လမ်း ဟုလည်း ဆိုနိုင်သည်။ မြင်းခြံတခွင် ဂီတပညာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ပြီးနောက် ပုတီးစိပ်ဂိုဏ်းသို့ဝင်ကာ နဝင်္ဂ သီလ ဆောက်တည်ခြင်းဖြင့် လောကုတ္တရာ အကျိုးကို ကျင့်ကြံ အားထုတ်ခဲ့သည်။


ဆရာတင်၏မိသားစု


ဒေါ်သီတာ ဆိုသူ မိုးကုတ်သူဖြင့် အိမ်ထောင်ကျပြီး သားသမီးမထွန်းကားခဲ့ပေ။ ဝိုင်၊ အမ်၊ ဘီ သခင်တင်သည် အရပ်ပုသည်။ အသားညိုသည်။ ပါးစပ်ပြဲ၍ မျက်လုံး အရောင်တောက်သည်။ အသံမြည်၍ စူးရှသည်။ အဆိုပိုင်၍ မှင်နှင့်မောင်းနှင့် ဟန်ကောင်းသည်။ စကားပြောရာတွင် စိတ်ရောကိုယ်ပါ ပြောတတ်၍ နားထောင်ကောင်းသည်။ လက်ရေးလက်သားလှသည်။ မြန်သည်။ အင်္ဂလိပ် စကားပြောကောင်းသည်ဟု ဆိုသည်။ စာရေးရာတွင် မင်နက်ကို သုံးလေ့ မရှိ၊ ရဲရင့်သည် ဟူသော အနက်ကို ဆောင်သောမင်နီကို သုံးသည်။ အချို့က လူ့ကန့်လန့်ကြီးဟု ခေါ်ဆိုကြသည်။


ဘဝနိဂုံး


ဘက်စုံ နယ်စုံ ပညာရှင်ကြီး ဝိုင်အမ်ဘီ သခင်တင်သည် တီဘီ ရောဂါဖြင့် မြန်မာ သက္ကရာဇ် ၁၃၁၂ ခု၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၁၉၅၀ ဩဂုတ် ၈ ရက်) နေ့ အသက် ၅၇ နှစ် အရွယ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။


ဂုဏ်ပြုမှုခံရခြင်း


မကွယ်လွန်မီ (၁၉၅၀)ပြည့်နှစ် မြန်မာ့ လွတ်လပ်ရေး ဒုတိယ နှစ်ပတ်လည် (၁၉၅၀ပြည့် ဇန်နဝါရီ ၄ရက်) နေ့တွင် သခင်တင်အား နိုင်ငံတော် အစိုးရက "ဝဏ္ဏကျော်ထင်ဘွဲ့" ပေးအပ်ချီးမြင့်ခဲ့သည်။

Thursday, June 20, 2024

ယောဂဆိုတာ ဘာလဲ?

 ➡Yoga ဆိုတာ ဘာလဲ ?





Yoga ဆိုသောစကားသည် Sanskrit သက္ကတဘာသာ (Yog) (Yoke) မှလာပြီး

Union စုစည်းခြင်း ပေါင်းစပ်ခြင်း တစ်စည်းတစ်လုံးဖြစ်စေခြင်းဟု အဓိပ္ပါယ်ရသည်။

တနည်းအားဖြင့် #ခန္ဓာကိုယ် #စိတ် နှင့် #ဝိဉာဏ် တို့ကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြစ်သည်။


➡Yoga သည် အားကစားနည်း တစ်ရပ်လား ?

Yoga သည် အားကစားတစ်ရပ်မဟုတ်ပါ။

ကမ္ဘာပေါ်တွင် အားကစားနည်းပေါင်း ၁၅၀ ခန့်ရှိပြီး မြန်မာပြည်တွင် ၃၆ မျိုးခန့် ရှိသည်။

Yoga သည် ခန္ဓာကိုယ် စိတ် နှင့် အသက်ရူမူကို ပေါင်းစပ်လေ့ကျင့်သော ကျင့်စဉ်တစ်ရပ်သာဖြစ်သည်။


➡Yoga သမိုင်းကဘာလဲ ?

Yoga သည် အိန္ဒိယရိုးရာရှေးဟောင်းပညာရပ်တစ်ခု ဖြစ်သည်။

Yoga ကိုစတင်ခဲ့သူမှာ ဟိန္ဒူဘုရားရှင် Shiva သျှီဝ ဖြစ်သည်။ BC ၁ ရာစုခန့်တွင် ပတန်ဂျလီ ရသေ့သူမြတ်သည် Sankrit သက္ကတဘာသာဖြင့် #ယောဂသုတ္တကျမ်း ကို စနစ်တကျရေးသားပြုစုရေးခဲ့သည်။

၂၀ ရာစု အစပိုင်းတွင် အိန္ဒိယယောဂီ ဆွာမိများသည် အင်္ဂလန် အမေရိကန်တို့တွင် ပညာစတင်ဖြန့်ဖြူးရာမှ ပညာရှင်များ၏ သိပ္ပံနည်းကျလေ့လာမူဖြင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။


ယနေ့ခေါတ်တွင် တစ်ကမ္ဘာလုံးတွင် နေ့စဉ် ယောဂကျင့်ကြံနေသူပေါင်း သန်း ၃၀ ခန့် ရှိသည်ဟုသိရသည်။


➡Yoga ကျင့်စဉ် ဘယ်နှစ်မျိုးခန့် ရှိပါသလဲ ?

Yoga ကျင့်စဉ်တွင် အခြေခံလမ်းကြောင်းအဖြစ်

#ဉာဏယောဂ (အသိဉာဏ်ပညာ ယောဂ) #ဘတ္တိယောဂ(သဒ္ဒါကြည်ညိုခြင်း ယောဂ) #ကမ္မယောဂ( ပြုစုလုပ်ကျွေးခြင်းယောဂ) #ရာဇယောဂ (တော်ဝင် ယောဂ) 

#ဟဋ္ဌယောဂ (နည်းနိဿယ ယောဂ) တို့ ရှိသည်။

သို့သော် ယင်းတို့အပြင် အခြားမရေမတွက်နိုင်အောင် ရှိသေးသည်။ မျက်မှောက်ခေါတ် အသုံးများသော ယောဂကျင့်စဉ်များမှာ Hatha Yoga, Yin Yoga, Ashtanga Yoga, Power Yoga, Kundalini Yoga, Iyanger Yoga စသဖြင့် ဖြစ်သည်။ သို့သော် မည်သည်ယောဂကို ကျင့်ကျင့် ကျင့်စဉ်တိုင်းသည် ယောဂအင်္ဂါ ၈ ပါးနှင့် ကိုက်ညီရန်လိုအပ်သည်။

တနည်းအားဖြင့် စိတ်အာရုံစူးစိုက်စွာဖြင့် ကိုယ်ကာယလေ့ကျင့်ခန်း နှင့် အသက်ရူလေ့ကျင့်ခန်းတို့ကို ပေါင်းစပ်လေ့ကျင့်ခြင်းဖြင့် အမြင့်ဆုံးသော သမာဓိကို ရရှိနိုင်ရန်ဖြစ်ပါသည်။


➡Yoga သည် ဘာသာရေးကျင့်စဉ်လား ?

Yoga သည် ဘာသာရေးကျင့်စဉ်တစ်ခု မဟုတ်ပါ။ Yoga သည် အိန္ဒိယတွင်ပေါ်ပေါက်ခဲ့သော ဆဒဿန ခေါ် အတွေးအခေါ်ဂိုဏ်း ၆ ဂိုဏ်းအနက် ယောဂဒဿနဂိုဏ်းပညာဖြစ်ပြီး တည်ထောင်သူမှာ ပတန်ဂျလီ Patangali ရသေ့မြတ်ပင်ဖြစ်သည်။ သို့သော် Yoga ၏ အလေ့အကျင့် ဓလေ့ဘာဝ နှင့် နည်းစနစ်များသည် အိန္ဒိယကိုးကွယ်မူများဖြစ်သည့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ နှင် ဂျိန်းဘာသာ တို့တွင်ပါဝင်လျက် ရှိကြသည်။


➡Yoga ကျင့်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ ?

Yoga ၏ အန္တိမရည်မှန်းချက်မှာ Kundalini ကုဏ္ဍလိနီစွမ်းအင် နိုးကြားလာစေရန်ဖြစ်သည်။

လူသားတို့၏ ဦးနှောက်တွင် ၃ ပုံ ၁ ပုံ ခန့်သာ အလုပ်လုပ်ပီး ကျန် ၂ ပုံသည် အလုပ်မလုပ်ဘဲ ပိတ်ဆို့နေလေသည်။

ယောဂကျင့်စဉ့်ဖြင့် ကုဏ္ဍလိနိစွမ်းအင် နိုးကြားလာသောအခါ ဦးနှောက်၏ ကျန်အစိတ်အပိုင်းများပါ အလုပ်လုပ်လာပြီး အမြတ်ဆုံး အမြင့်ဆုံးသော အသိပညာ ဉာဏ်စဉ်များကို ရရှိလာပီး လူဘောင်လောက၏ ဆင့်ကဲဖွံဖြိုးမူကို အထောက်အကူပြုရန် ဖြစ်သည်။


➡Yoga ကျင့်စဉ်၏ ကောင်းကျိုးက ဘာတွေလဲ ?

Yoga ကျင့်စဉ်ကို အရေးပါသော အချက် ၅ ချက်ဖြင့် ဖွဲ့စည်းထားသည်။

- စနစ်ကျသော လေရှူ ရှိုက်မူ

- အာသနကိုယ်နေဟန်ထားများ

- အနားယူခြင်း

- မှန်ကန်သော စားသောက်မူပုံစံ နှင့်

- အကောင်းမြင်ဝါဒ နှင့် တရားထိုင်ခြင်း တို့ ဖြစ်သည်။ Yoga ကို မှန်မှန်လေ့ကျင့်ခြင်းဖြင့်

ကြွက်သားများ ပြေလျော့ခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာခြင်း၊ အဆစ်အမြစ်နှင့် အရွတ်များ ကွေးနိုင်ဆန့်နိုင် ပြောင်းလွယ် ပြင်လွယ်မူစွမ်းအားမြင့်လာကာ သက်ရှည် ကျန်းမာစေသည်။


Yoga ကျင့်စဉ်၏ ရည်ရွယ်ချက်မှာ မိမိတို့ နေ့စဉ်လူမူဘဝတွင် မိမိကိုယ်ကို ယုံကြည်စိတ်ချစွာ ကျန်းမာပျော်ရွှင်စွာဖြင့် မိမိတို့လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင်မြင်စေရန် ဖြစ်သည်။


➡ဘယ်သူတွေ Yoga ကျင့်လို့ရသလဲ ?

ကလေး လူကြီး ယောင်္ကျား မိန်းမ အသက်အရွယ် ဘာသာလူမျိုး မရွေး လွယ်လွယ်ကူကူလေ့ကျင့်နိုင်သည်။

ကလေးများ အသက် ၈ နှစ်မှ စတင်လေ့ကျင့်နိုင်ပီး အထူးသဖြင့် သက်ကြီးပိုင်းတွင်းလဲ ခန္ဓာကိုယ်ကို မပင်မပန်း သက်တောင့်သက်သာ လေ့ကျင့်နိုင်သည်။ အလုပ်မအားသူများလဲ မိမိတို့ နေ့စဉ် သွားရင်းလာရင်း အလုပ်လုပ်ရင်း TV ကြည့်ရင်း ချက်ပြုတ်ရင်း စားပွဲမှာထိုင်ရင်း အလုပ်မပျက်ဘဲ Yoga ကျင့်နိုင်သည်။


➡Yoga က ခန္ဓာကိုယ်ပျော့သူတွေပဲ လေ့ကျင့်နိုင်တာမဟုတ်လား ?

ခန္ဓာကိုယ်ပျော့ပြောင်းမူသည် Yoga ကျင့်ရာတွင် အရည်အချင်းတစ်ရပ်ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်အကြောတောင့်တင်းသူများလဲ မိမိတို့အနေအထားဖြင့် သက်တောင့်သက်သာလေ့ကျင့်နိုင်သည်။ ပုံမှန်လေ့ကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ပျော့ပြောင်းလာပီး စိတ်ဖိစီးမူကင်းစင်ကာ သက်ရှည်ကျန်းမာလာမည်။


➡Yoga မှာ ကင်းမြီးကောက်ထောင် ဦးခေါင်းစောက်ထိုးလုပ်တာတွေ တွေ့တယ်၊ ဘာအတွက်လဲ ?

Yoga တွင် အဓိကအားဖြင့် Asana အာသန ခေါ် ကိုယ်နေဟန်ထားပုံစံများ နှင့်

Paranayama ပရာနာယာမ ခေါ် အသက်ရူမူနည်းစနစ်များ ဆိုပြီး ၂ ပိုင်းရှိသည်။

အာသနများသည် သဘာဝရေမြေ တောတောင်နှင့် တောတိရိစ္ဆာန်တို့၏ ပုံစံများကို တုပထားခြင်းဖြစ်သည်။ အာသနတွင် အခြေခံအားဖြင်း ၈၄ ကွက်ရှိပြီး အကျယ်ချဲ့ပါက အကွက် ၈သိန်း၄သောင်း ရှိသည်။

ပရာနာယာမတွင်လဲ လေရူနည်များစွာရှိပီး စနစ်တကျ ဖွဲ့စည်းထားသည်။


➡အမျိုးသားတွေကော Yogaကျင့်လို့ရပါသလား ?

မျက်မှောက်ခေါတ်တွင် ယောဂကျင့်သူအများစုမှာ အမျိုးသမီးများသာ ဖြစ်နေသည်။ အမျိုးသမီးများသည် သဘာဝခန္ဓာတည်ဆောက်မူအရ အမျိုသားများထက် အားနည်းပီး စိတ်ခံစားမူတွင်လဲ ပိုမိုပြင်းထန်တတ်သည်။ သို့သော် အမျိုးသားများကဲ့သို့ စိတ်အပန်းဖြေစရာ လ္ဘက်ရည်ဆိုင် Bar Club Message စသဖြင့် သွားခွင့်မရကြဘဲ အိမ်တွင်းအောင်းသူများကြသည်။ ထို့ကြောင့် stress စိတ်ပြေလျော့စေရန်နှင့် အလှအပ ကျန်မားရေးအတွက် Yoga ကို ကျင့်ကြရာမှ အမျိုးသမီးအများစု ဖြစ်သွားခြင်းဖြစ်သည်။ စင်စစ် ယောဂကို ကျားမ မရွေးလေ့ကျင့်နိင်သည်။ အမှန်တွင် ၁၉ ရာစုအကုန်ထိ Yoga ကို အမျိုးသမီးများ ကျင့်ခွင့်မရရှိခဲ့ပဲ မျက်မှောက်ခေါတ်ရောက်မှ ပွင့်လင်းလာခြင်း ဖြစ်သည်။


(Mingala Yoga - မင်္ဂလယောဂ စာမျက်နှာမှကူးယူဖော်ပြသည်။) 

Wednesday, June 19, 2024

သင့်ခင်ပွန်းရဲ့ မာနကို မထိခိုက်စေပဲ ပြုပြင်ရန် နည်းလမ်း (14 )ခု

''သင့်ခင်ပွန်းရဲ့ မာနကို မထိခိုက်စေပဲ ပြုပြင်ရန် နည်းလမ်း (14 )ခု''

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪




1▪. သင့်အသံကို လျှော့ပါ။


သူ့ကို မအော်ပါနဲ့..သူက မင်းရဲ့ကလေးမဟုတ်ဘူး။ တခါတရံ သူက ကလေးလို ပြုမူသော်လည်း ၊ မင်း သူ့ကို အနိမ့်ဆုံး အသံနဲ့ ပြင်နိုင်တယ်။ 


2.▪ မေတ္တာဖြင့်ပြုပြင်ပါ။


သင့်ခွင်ပွန်းကို မေတ္တာဖြင့် ပြုပြင်သင့်သည် ။ သင့်ခင်ပွန်းသည်လည်း လူသားတစ်ဦးဖြစ်ကြောင်း သတိရပါ။ သူ အမှားလုပ်မိသလို  သင်လည်း အလားတူပင်ပဲ။


3.▪ သင့်ခင်ပွန်းကို အများသူရှေ့ သို့မဟုတ် သင့်သူငယ်ချင်းများရှေ့တွင် ဘယ်သောအခါမှ မဝေဖန်ပါနှင့်။ 


အထူးသဖြင့် သင့်သူငယ်ချင်းများ သို့မဟုတ် မိသားစုဝင်များရှေ့တွင် သူ့ကို ပြစ်တင်ဝေဖန်ခြင်းကို ရပ်တန့်လိုက်ပါ၊ဒါဟာ သင့်ခင်ပွန်းကို မလေးစားရာရောက်တယ်။

 ချစ်ခြင်းမေတ္တာနဲ့ ပြုပြင်သင့်သည်။

 အများစုက အပြုသဘောဆောင်တဲ့ ဝေဖန်မှုလို့ ပြောကြလိမ့်မယ်။ ဒါပေမယ့် မိန်းကလေး၊ ယောက်ျားတွေမှာ အတ္တလည်း ရှိတယ်.. အဲ့ဒီမှာ ကိုယ့်ကိုယ်ကို လေးစားမှု ပျက်ပြားဖို့ လွယ်တယ်။ 

အမှားပြင်ခြင်းသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှုများကို ပေးဆောင်သည့် လုပ်ရပ်ဖြစ်သည်။

ဆုံးမခြင်းနှင့် ဝေဖန်ခြင်းသည် ဘယ်တော့မှ မတူညီပါဘူး။


4.▪ "ငါ့မိန်းမ ဘာပဲပြောပြော" ဆိုတဲ့ စကားကို ဖြတ်လိုက်ရအောင်။

မိန်းကလေး၊ မင်းက သူဌေးမဟုတ်ဘူး။ သင့်ခင်ပွန်းလည်း ထိုနည်းလည်းကောင်းပဲ။


ဆုံးဖြတ်ချက်တိုင်းကို နှစ်ယောက်စလုံးနဲ့ ဆွေးနွေးပြီး စီစဉ်သင့်ပါတယ်။ 

မင်းရဲ့ ဟင်းချက်တာက နည်းနည်းငန်တယ်လို့ ပြောရင် စားပွဲပေါ်ကနေ ဘယ်တော့မှ မထွက်နဲ့… အဲဒီအစား တောင်းပန်ပြီး တခြားရွေးချယ်စရာတွေကို ပေးလိုက်ပါ။ သူ့ကို သကြား ပေးလိုက်ပါ။

ချက်နည်းပြုတ်နည်း ဗီဒီယိုတွေကို youtube မှာကြည့်ခြင်းအားဖြင့် သင့်ချက်ပြုတ်မှုကို မြှင့်တင်လိုက်ပါ။ 


5.▪ သူ၏အောင်မြင်မှုများအတွက် သူ့ကို ချီးမွမ်းပါ။


ကန့်လန့်ကာတံကို ဖြောင့်ဖြောင့်ထားရင် ဒါမှမဟုတ် မင်းရဲ့နံရံအလှဆင်တာကို ထောင့်စေ့အောင်ထားရင် အဲဒါကို တန်ဖိုးထားပါ.. နံရံအလှဆင်တဲ့အခါ သူတို့ဘယ်လောက် စေ့စပ်သေချာတယ်ဆိုတာ မင်းသိပါတယ်။ သူ့လုပ်ရပ်တွေကို  တန်ဖိုးထားခြင်းက သင့်ကိုပိုချစ်လာပါလိမ့်မယ်။ 


6.▪ သင့်ကလေးများရှေ့တွင် မဆုံးမနဲ့။


သားသမီးတွေရှေ့မှာ ခင်ပွန်းကို ဆုံးမတာကို ရှောင်ပါ။ သားသမီးများရှေ့တွင် သင့်ခင်ပွန်းကို ဆုံးမပြုပြင်ခြင်းက သူ့ကို ကလေးတွေက

 မလေးစားမှု ပေးမှာမဟုတ်ဘူး။ သူသည် သင့်အိမ်ထောင်စု၏ဦးခေါင်းဖြစ်ကြောင်း သတိရပါ။ 

ပြုပြင်ချင်ရင် နှစ်ယောက်သားနေတဲ့ချိန် အပြုသဘောဆောင်တဲ့နည်းနဲ့ ပြုပြင်နိုင်ပါတယ်။


7.▪ သူ့ကို အများသူရှေ့မှာ မပြင်ပါနှင့်


သင့်ခင်ပွန်းကို လူရှေ့သူရှေ့ ဆုံးမ

ခြင်းမှ ရှောင်ကြဉ်ပါ၊ ဒီလိုလုပ်ခြင်းအားဖြင့် သင်သည် သီလနှင့်ပြည့်စုံသော အမျိုးသမီးတစ်ဦးအဖြစ် မဖော်ပြဘဲ မိမိကိုယ်မိမိ လေးစားမှုကို ထိခိုက်စေမည်ဖြစ်သည်။ လူမြင်ကွင်းမှာ ဒီလိုလုပ်ရင် သင်ဟာ မျိုးမပွားတဲ့ ခွေးရူးတစ်ကောင်နဲ့ တူလိမ့်မည်။


၈။▪ ဒေါသနှင့် ဆုံးမခြင်းမှ ရှောင်ကြဉ်ပါ။


ဒေါသ၊ အော်ငေါက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ပြဿနာလုပ်ခြင်းတို့ဖြင့် သင့်ခင်ပွန်းကို ပြုပြင်ခြင်းကို ရပ်လိုက်ပါ။ မင်းရဲ့ ယုတ်မာတဲ့ အကျင့်ဆိုးတွေကနေ သူ့ကိုယ်သူ ကာကွယ်ဖို့ ဘယ်တော့မှ မတွန်းလှန်ပါနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် မီးလောင်နေတဲ့အိမ်မှာ ရေနံဆီထည့်သလိုပါပဲ။ အဲဒီအစား လမ်းလျှောက်ဖို့ ဖိတ်ခေါ်ပြီး သူ့လက်ကို ကိုင်ပြီး ပြဿနာအကြောင်း ပြောပါ။ တူတူဆွေးနွေးဖြေရှင်းကြပါ။


9▪. သူ့ကို တခြားလူနဲ့ မယှဉ်ပါနဲ့။ 

ဘယ်တော့မှမလုပ်သင့်အရာ။


အဲဒါက မနာလိုစိတ်က လာတာပါ။

သူ့ကို ပြင်ချင်တဲ့ စိတ်ဖြင့်၊ မင်း သူ့ကို တခြားယောက်ျားတွေနဲ့ နှိုင်းယှဥ်နေတာလဲ

ဖြစ်နိုင်တယ်။

"မင်းသူငယ်ချင်း ဘာလုပ်နေလဲ မင်းမမြင်ဘူးလား" ငါတို့အိမ်နီးနားချင်းခင်ပွန်းဆီက သင်ယူလို့ မရဘူးလား" "မင်းက ငါ့သူငယ်ချင်းခင်ပွန်းလို မဟုတ်ဘူး။ 

သူတို့ ခင်ပွန်းလို့ မလုပ်တတ်ဘူး?

မှတ်ထားပါ မင်းခင်ပွန်းသည် က တစ်ခြားလူနဲ့ မတူဘူး ။ သူ့ကို ဘာကြောင့် ရွေးချယ်ပြီး သူ့ကို ချစ်မြတ်နိုးသလဲဆိုတာကို သတိရလိုက်ပါ။ 


10.▪ ပြဿနာဟောင်းများကို ဘယ်တော့မှ ပြန်မဖော်လာနဲ့


ပြဿနာဟောင်းတွေကို  ပြန်ဖော်ဖို့ အကြောင်း

ပြချက်မရှိဘူး... "အရင်က လုပ်ခဲ့တာတွေကို မှတ်မိလား??  ငါဘယ်တော့မှ မေ့မှာ မဟုတ်ဘူး!!! ဘလာ ဘလာ ဘလာ!!!" အရင်က  ဖြေရှင်းပြီး သား ပြဿနာ များသည် သင်၏မှတ်ဉာဏ်ထဲတွင်လုံးဝဖျက်ပစ်သင့်သည်။

 သင်္ချိုင်းကိုဖွင့်ဖို့ဘယ်တော့မှမကြိုးစားပါ ... ယဉ်ကျေးသိမ်မွေ့သောမိန်းမသည် ထိုသို့ဘယ်တော့မှမလုပ်ပါ။ လက်ရှိပြဿနာကို အာရုံစိုက်ပါ။

 လူကြီးများကဲ့သို့ ဆွေးနွေးပြီး ရှေ့ဆက်ပါ။


11.▪ သူ့ယောက်ျားဖြစ်ခြင်း

ကို မတိုက်ခိုက်ပါနဲ့။


"မင်းက ကိုယ့်ကို ယောက်ျားလို့ ခေါ်တာလား၊ တကယ့် ယောက်ျားက ဒီလို အပြုအမူမျိုး မလုပ်ပါဘူး၊ ငါ မင်းကို  မပြောင်းလဲခင် မင်းကိုမင်း ပြောင်းလဲပါ" ဒါဟာ သိပ်မှားတာပဲ၊ မလုပ်ပါနဲ့… 

အမျိုးသမီးများ ငါတို့ ယောက်ျားကို မပြောင်းလဲဘူး! ပြောင်းလဲချင်ရင်တော့ အချစ်ကြောင့်ပဲ ပြောင်းလဲသွားလိမ့်မယ်။ 

ကျောက်ပန်းပုဆရာဖြစ်ဖို့ မကြိုးစားပါနဲ့။ သေချာတာကတော့ မင်းဒါကို မလုပ်နိုင်ဘူး။


12▪. သူ၏ဂုဏ်သိက္ခာကို မတိုက်ခိုက်ပါနဲ့


သင့်ခင်ပွန်းကို လေးစားမှုတစ်ခု ပေးလိုက်ပါ။!!! 

ဒါပဲ အရေးကြီးတယ်။ သင့်ခင်ပွန်းကို လေးစားမှု လုံလုံလောက်လောက်မရှိရင် သင့်သားသမီးတွေ သင့်ကို လေးစားဖို့ ပေးမှာမဟုတ်ဘူး။


13.▪ ငြိမ်းချမ်းသောအချိန်တွင် ပြုပြင်ပါ။


ဇနီးမယားအများစုသည် ဒေါသအရှိန်အဟုန်ဖြင့် ခေါင်မိုးပေါ်သို့ ကျရောက်နေပြီဖြစ်သော နားလည်မှုလွဲမှားမှု မြင့်မားသော ဒေါသကို ပြုပြင်လိုကြသည်။ 

ဒါက ပြုပြင်ရန် အကောင်းဆုံးအချိန်မဟုတ်ပါ၊ ရလဒ်အနည်းငယ် သို့မဟုတ် လုံးဝရလဒ်ကောင်း

ထွက်မည်မဟုတ်ပါ။ အမျိုးသားများသည် ရိုးရှင်းသည်...သူတို့တွင် ရွေးချယ်နိုင်သော အကြားအာရုံရှိသည်။ သူတို့သည် ချိုသာသော စကားလုံးများဖြင့် ပြုပြင်မှသာ  ကြားနိုင်မှာ ဖြစ်သည်။

ကိုယ့်ယောကျာ်းကို လေသံ မာမာနဲ့ မပြုပြင်နဲ့ လေသံလျော့ပါ။


14.▪ ကူညီလက်ကမ်းပေးပါ။


အတူတူအလုပ်လုပ်ပါ... တာယာကိုအတူတူပြောင်းပါ၊ မင်းရဲ့ဆွဲဆောင်မှုအရှိဆုံးနည်းလမ်းနဲ့ ကူညီဖို့ အကောင်းဆုံးကြိုးစားပါ။ ဒါမှ သူတို့ရဲ့ အလုပ်တွေကို လွယ်ကူမြန်ဆန်စေမှာပါ။ ကျိုးနေတဲ့ စားပွဲရဲ့ခြေထောက်ကို ပြင်နေတယ်ဆိုရင် သူလိုအပ်တဲ့အရာတွေကို ပေးလိုက်ပါ။

 မင်းဟာ ကျွန်တွေကို ခိုင်းစေနေတဲ့ အီဂျစ်ဖာရိုဘုရင်တစ်ယောက်လို မတ်တပ်ရပ်ပြီး 

 အမှားလုပ်မိတဲ့အခါ ကြိမ်လုံးနဲ့ထိုးဖို့ အသင့်ဖြစ်မနေနဲ့ ။ ယောကျာ်းဘာလုပ်လုပ် ကူညီ လက်တကမ်းပေးပါ။ 


ခင်ပွန်းသည် အများစုသည် ကောင်းမွန်သောအလုပ်များကို လုပ်ဆောင်ကြသည်၊ သင်သည် သူ့ကို တန်ဖိုးထားလေးမြတ်ပြီး ပိုမိုကောင်းမွန်သောခင်ပွန်းနှင့် ဖခင်ဖြစ်ရန် ပံ့ပိုးပေးဖို့လိုအပ်သည်။


စစ်မှန်သော အခွင့်အာဏာရှိသော အမျိုးသမီးသည် ယောက်ျားများကို ဘယ်လို

လေးစားရမလဲ ဆိုတာ  သိတဲ့သူဖြစ်သည်။


''မင်းရဲ့ခင်ပွန်းကို မင်းနန်းတော်မှာ ရိုသေလေးစားဖွယ်ဘုရင်တစ်ပါးဖြစ်ဖို့ မျှော်လင့်ထားတယ်ဆိုရင်၊ မင်းသူ့အတွက် ငြိမ်းချမ်းတဲ့နန်းတော်တစ်ခုကို အရင်ဖန်တီးသင့်တယ်။''


#စာပေ

Tuesday, June 18, 2024

ဗယ်လီရိုက်တိုင်း_ဗယ်လီပေါ်မလား ❓

ဗယ်လီရိုက်တိုင်း_ဗယ်လီပေါ်မလား ❓

••••••••••••••••••••••••••••••••••••••••••••



Gym ကစားသူများကြားမှာ အများဆုံးမေးတတ်ကြတာ ဗယ်လီ ၆ လုံးတွေ ၈ လုံးတွေဆိုတာပင်။

တစ်ယောက်နှင့်တစ်ယောက် ကြုံဆုံတိုင်း ကြွားဝါတတ်သည်မှာလည်း ထို  6packs 8packs အကြောင်းပင်။

ဘယ်နှစ်လုံး ပေါ်ပြီ၊
အပေါ် ပေါ်ပြီ၊
အောက် ပျောက်နေပြီ ဆိုတာတွေပင်ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက်လည်း အကြံဥာဏ်လေးတွေ ဝေမျှသံများ ကြားရသလို တစ်ချို့ကျတော့လည်း အဆင့်မြင့် ကစားနည်းတစ်ချို့ကို တက်လှမ်းပြီး လေ့ကျင့်ကြသည်။

ဗယ်လီဆိုသည်မှာလည်း
ဘဘဦးတင်မောင်ဆွေဆီ ကျွန်တော်ငယ်ငယ်တုန်းက သွားလည်ရင်း ပါးစပ်သရမ်းပြီး မေးတုန်းက ဗယ်လီကစားနည်း အမျိုး ၆၀ ကျော်ရှိကြောင်း ပြောတုန်းက မယုံချင်။ ပြီးတော့ တကယ်ထိထိရောက်ရောက် ကစားရင် ၈မျိုးလောက်နဲ့ ပြည့်စုံကြောင်းလည်း ပြောပြဖူးပါတယ်။ ကိုယ်ကလည်း ခပ်ငယ်ငယ် မေ့ပျောက်ပျောက်ဖြစ်ပြီး အင်တာနက်မှလေ့လာ၊ စာအုပ်စာပေတွေ လေ့လာမိတော့မှ ဗယ်လီကစားနည်းများ မြောက်များစွာရှိတာကို သတိထားမိလာသည်။ တကယ်တမ်းကျတော့ သေချာ စစ်ထုတ်လိုက်ရင် ဘဘပြောခဲ့တာ မှန်သည်ကို တွေ့ရသည်။

နောက်ထပ်မေ့နေသည်က ဗယ်လီတွေ ထောင့်စုံအောင် ထောင်သောင်းမက ရိုက်နေလည်း
Dietကို ပေါ့ပေါ့တွေး နေရင် ရွှေပြည်တော် မျှော်တိုင်းဝေးမှာ အသေအချာပါ။ ဒီကြားထဲ တစ်ချို့နည်းပြ ပေါက်စတွေက ဗယ်လီပေါ်အောင် ဗယ်လီမှ မရိုက်တာ ဆိုသည့်စကားပြောသေးသည်။ မှန်ပါသလား။ လီပရိစ် ဆိုသော ကာယဗလမောင်သည် နှစ်ပေါင်းများစွာ ဗယ်လီမရိုက်ခဲ့သည့် ကာယဗလမောင်ဖြစ်သည်။ ဟာ အဲဒီ့တော့ သူ့ဗယ်လီကောင်းနိုင်ပါ့မလား။ သူသည် ကြေးစားမောင်အိုလံပီယာ ပြိုင်ပွဲ၀င်ဖြစ်သည်အထိ တကိုယ်လုံး ကြွက်သားများ လှပနေသူဖြစ်၏။

(၁) အစားအသောက် ကောင်းကောင်းစားပါ။
--------------------------------------------------------

မှန်ပါသည်။ ဗယ်လီရိုက်ခြင်းသည် ဗယ်လီကြွက်သားကို ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေသည် ဆိုတာတော့ မငြင်းနိုင်ပါ။ သို့သော် ၄င်းသည် ဗယ်လီကိုသာ ရိုက်နေခြင်းဖြစ်၏။ ဗယ်လီဆိုသည့် ကြွက်သားကိုသာ။ အပေါ်ကဖုံးနေသည့် အဆီကိုတော့ မဟုတ်ပေ။

ထို့ကြောင့် ဆိုကြပါစို့။ ပုံးတစ်ပုံးထဲကို ရေထည့်သည်ကဲ့သို့ပင် ဥပမာပေးကြပါစို့။ ပုံးပြည့်နေသ၍တော့ ပုံးသည် ပြည့်ဖောင်းသပ်ရပ်နေမည်။ ပုံးမှ လျှံအောင်ထည့်လိုက်ပါက ဘေးမှာ အဖိတ်အစင်တွေဖြစ်ကာ ညစ်ညမ်းရှုပ်ပွသွားပေမည်။ ဤသည်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်နှင့် အစားအသောက်တို့၏ အလွန်သင့်တော်သော သာဓကပင်။ ကျွန်တော်တို့ကိုယ်ထဲကို အစားအသောက်တွေပိုထည့်လိုက်လျှင် ကိုယ်ထဲမှာ ပိုလျှံပြီး ဘေးမှာ ဖိတ်စင်သွားသော အဆီတွေဖြစ်လာလိမ့်မည်။ ထို့ကြောင့် အစားကသာ သင်ရိုက်ထားသော ဗယ်လီကို ပေါ်စေပါလိမ့်မည်။

အစားအသောက်နှင့်ပတ်သက်လို့ သင့်အနေနဲ့ အောက်ပါအချက်တွေကိုသတိထားမိပြီလား။

(၂) တစ်ပန်းကန် စနစ်
-------------------------------

ကျွန်တော်တို့ အများစုသည် သင်္ချာပါရဂူများ မဟုတ်သည်မှာ သေချာပါသည်။ အလေးချိန်တွေချိန်၊ စားသောက်တိုင်းကို ကယ်လိုရီတွေ တွက်ပြီး စားသောက်နေဖို့ အချိန်မရ။ လွယ်လည်း မလွယ်ကူ။ သင်သည် လွယ်ကူချင်၍ ဤစာတွေကို အင်တာနက်မှ ဖတ်နေခြင်းဖြစ်သည်။ လွယ်လွယ်နှင့် အသုံးကျမည့် နည်းလမ်း ရလို့ ရငြား ၀င်ဖတ်ခြင်းဖြစ်နိုင်သည်။

တစ်ပန်းကန်စနစ်။
ကျွန်တော်တို့ မြန်မာလူမျိုးများသည် များသောအားဖြင့် ထမင်းကို အရင်ထည့်၊ ပြီးတော့ ဟင်းရည်စမ်း၊ ထို့နောက် လိုသလောက်တစ်ခါစား ဟင်းတုံးထည့်။ ပြီးလျှင် ဟင်းများ ကျန်သေးလျှင် ထမင်းပါရောထည့်ပြီး နောက်တစ်ပန်းကန်။
ကျွန်တော်တွေ့ရှိခဲ့သော အလွန်အသုံး၀င်သည့် နည်းလမ်းမှာ ထမင်းတစ်ပန်းကန် ပုံမှန် ဆိုဒ် တစ်ချပ်ယူ။ ၄င်းပန်းကန် တခြမ်းဖက်ကိုသာ ထမင်းထည့်။ လိုလျှင်လိုသလောက်၊ ဗိုက်ဆာသလောက် မောက်မောက်ထည့်။ သို့သော် တခြမ်းတည်းမှာသာ ဖြစ်ပါစေ။ ကျန်လွတ်နေတဲ့ တ၀က်မှာ ကိုယ့်အတွက်ဝေစု ဟင်းတုံး၊ ဟင်းရည်၊ အရွက်၊ အသီးအနှံ အကုန် ပြုံထည့်ပါ။ ပြီးတော့ ဟင်းဝိုင်းကို တတ်နိုင်သမျှ ထပ်မတို့တော့ဘဲ ထိုပန်းကန်နှင့် စားပါလေ။ ထိုပန်းကန်ထဲက ဟင်းနှင့် ထမင်းကို ကိုယ့်ဘာသာကိုယ် ညှိပြီးသာ စားပါလေ။

(၃) ၄ နာရီခြားလောက် စားပါ။
-----------------------------------------

အိပ်ချိန်ဖယ်လိုက်လျှင် ကျန်တဲ့ ၁၆နာရီကို ၄နာရီခြားပြီး ထမင်းတစ်ပန်းကန်စီစားပါ။ ၄ ကြိမ်ပေါ့။ ၄င်းကဲ့သို့ အချိန်နှင့် စနစ်တကျ စားခြင်းသည် ကြားထဲမှာ ဗိုက်ဆာပြီး မုန့်ပဲသွားရေစာတွေ လျှောက်စားခြင်းကို ကာကွယ်နိုင်၏။

(၄) ဖြည်းဖြည်း ဝါးစားပါ။
------------------------------------

ကျွန်တော်တို့ ဦးနှောက်သည် (Satiety Centreသည်) ကျွန်တော်တို့ ဗိုက်ထဲ အစာရှိနေသည်ကို စားပြီး မိနစ်နှစ်ဆယ်လောက်နေမှ သိ၏။ ထို့ကြောင့် ထိုမိနစ် ၂၀အတွင်း ကျွန်တော်တို့ စားချင်သလောက်စားနိုင်၏။ အများကြီးစားလည်း အဲဒီလောက်ကြာမှ ဗိုက်ပြည့်မည်ကို သိမည်။ နည်းနည်းစားလည်း ငှင်းကျမှ သိမည်။ ထို့ကြောင့် မြန်မြန်စားခြင်းသည် များများ၀င်ခြင်းဖြစ်ပြီး ဗိုက်ကိုလည်း ချက်ချင်း မပြည့်စေနိုင်သောကြောင့် ထပ်စားပြီး ထပ်၀င်သွားစေပါသည်။ လူကြီးများပြောခဲ့သလို တစ်လုပ်ကို ၃၂ ချက် ဝါးစားပါလေ။

(၅) ရေသောက်ပါ။
---------------------------

သုတေသနများဖော်ပြလာသည်မှာ ရေကို သူများထက်ပိုသောက်သူများသည် သူများထက်ပို၍ အဆီချနိုင်ကြ၏ ဟူ၍။ ရေကို ၁၅မိနစ် ၁ခွက်လောက်သောက်ပါ။ ဆီးကို ကြည်နေသည်အထိ သောက်ပါ။ အဲဒီံ ထမင်း တစ်ပန်းကန်တည်းနှင့် ဖြည်းဖြည်းစားပြီး ဗိုက်ဝအောင် ရေကို ခဏခဏနည်းနည်းချင်းသောက်ပြီး စားပါ။ မစားခင်လည်းသောက်၊ စားပြီးလည်းသောက်ပါ။ ရေသောက်ခြင်းကြောင့် အဆီမတက်နိုင်သည့်အပြင် ကျတောင်ကျနိုင်ပါသည်။

မှန်ပါသည်။
ဗယ်လီကြွက်သားများကောင်းအောင် ဗယ်လီရိုက်သင့်ပါသည်။ သို့သော် အဲဒီ့ကောင်းနေတဲ့ ကြွက်သားတွေကို မီးခဲပြာဖုံး မဖြစ်ရအောင် ဖော်ပြပေးမည်ကတော့ သင်၏ စားသောက်နည်းပင်ဖြစ်သည်။ အထက်ပါနည်းများကို နေ့စဉ် ကျင့်သုံးစားသောက်လျှင် ကောင်းမွန်သော စားသောက်နည်းတစ်ခုရရှိလာလိမ့်မည်ဟု ကျွန်တော် မျှော်လင့်မိပါသည်။


(Ko Aung Aung)


*** Muscle Professor စာမျက်နှာမှကူးယူဖော်ပြသည်။