Thursday, October 11, 2018
Soyes 7s Review (Small Soldier)
ဒီတစ်ခါ Review က ခါတိုင်းလို Technical ဘက် သိပ်မသွားပဲ User Experience ကို အသားပေးတဲ့ Review တစ်ခု ဖြစ်ကောင်းဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ လက်တစ်ဖဝါးစာမပြည်တဲ့ ဒီဖုန်းကို Performance စံညွှန်းတွေနဲ့ ဘယ်လိုမှတိုင်းလို့အဆင်ပြေမှာမဟုတ်လို့ပါ။ တစ်ဖက်ကကြည့်ပြန်ရင်လည်း ဒီလိုပိစိကွေးဖုန်းမှာ ဒီလို Function တွေလုပ်နိုင်ပါလား ဆိုတဲ့အတွေးနဲ့ သုံးရတာ စိတ်ကျေနပ်စေပြန်တယ်။ ဒီတော့ လက်ရှိအချိန်မှာ အသေးဆုံး Smartphone လို့ ဆိုနိုင်တဲ့ Soyes 7s အပေါ် ခံစားချက်နဲ့ အမြင်လေးတွေကို Review နဲ့အတူ ပြောပြသွားပါ့မယ်။
Soyes 7s (8GB/1GB) ကို မြန်မာငွေ 90,000 (ကိုးသောင်းကျပ်) နဲ့
MMAS - Phone & Gadgets
09-794555888 , 09-974555888 မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
Unboxing
ဖုန်းသေးသေးမို့ ဗူးသေးသေးနဲ့ လာပါတယ်။ ဗူးထဲမှာတော့ ဖုန်းအပြင် Micro USB ကြိုးအသေးရယ်၊ Sim Card ထုတ်တဲ့ Pin ရယ်၊ Soyes ရဲ့ Member Card လို့ ထင်ရတဲ့ ကဒ်ပြားရယ်၊ User Manual ရယ်၊ ရှေ့မှန်အတွက် Screen Protector ရယ် ပါဝင်တယ်။ Adaptor မပါတဲ့အတွက် သပ်သပ်ဝယ်ရပါလိမ့်မယ်။
Design & Build Quality
လို၊ တို၊ ရှင်း ပြောရရင် သူ့ရဲ့ Design က iPhone 7 Plus ပုံစံပါပဲ။ Copy ဆိုပေမယ့် လူချစ်ခံရတဲ့ Copy ပေါ့ (အယ်လယ်) သူ့ရဲ့ Main Selling Point ကိုက "iPhone Mini" လို့ တင်စားရလောက်တဲ့ အချက်ပါပဲ။ ချီးကျူးမိတာက ဒီပေါက်စလေးကို Home Key, Dual Camera Design (Camera ကတော့ ၁လုံးထဲပေမယ့်), Antenna လိုင်း, Button နေရာအထားအသို၊ နောက်ဆုံး Headphone Jack မပါတာကအစ iPhone 7 Plus ပုံစံ အနီးစပ်ဆုံးဖန်တီးပေးထားတာပါ။
၁သိန်း မပြည့်တဲ့ဒီဖုန်းလေးမှာ Build Quality ကို Cheap ဖြစ်တယ်လို့ မခံစားရ။ Body က အစ Sim Tray အဆုံး Metal နဲ့လုပ်ပေးထားတယ်။ ကိုင်ရတဲ့ Feeling က သေးသေးကျစ်ကျစ်လေးနဲ့ ဘေးကကြည့်ရင် မီးခြစ်လေး ကိုင်ထားတယ်လို့တောင် ထင်ရလောက်တယ်။ လက်တစ်ဆုပ်စာတောင်မရှိတဲ့၊ Touch Screen ပါတဲ့ Android ဖုန်းကို ကိုင်နေရတယ်ဆိုတဲ့ အသိလေးက ကိုင်ရသူကိုစိတ်ကျေနပ်စေတယ်။
Display
Soyes 7s မှာ 2.54", 240P LCD Display ကို သုံးပေးထားတယ်။ 240P ဆိုပေမယ့် သူ့မှာပါတဲ့ MiraVision Engine ကြောင့် Icon တွေ၊ စာလုံးတွေကို ကြည့်တဲ့အခါ ပုံထွက်ဖွာမနေပဲ ကြည့်ရအဆင်ပြေတာတွေ့ရတယ်။ ဒါပေမယ့် သတိထားမိသလောက် အသစ်သွင်းတဲ့ 3rd Party App တစ်ချို့မှာတော့ Icon တွေက သူ့နဂို Icon တွေလောက် ရုပ်ထွက်မကောင်းတာတွေ့ရတယ်။ ဒီတစ်ချက်ကလွဲရင် ကျန်တာ အဆင်ပြေပြေပါပဲ။ ဒီလောက် ပိစိကွေး Display မှာ Standard, Vivid mode တွေထည့်ပေးထားတာ၊ Contrast, Saturation နဲ့ Color Tone တွေကို Manual Mode နဲ့ Adjust လုပ်နိုင်တာတွေကတော့ လိုတာထက်တောင် ပိုလန်းနေတယ်လို့ ခံစားမိတယ်။
Security
ဒီဖုန်းပေါက်စမှာ Fingerprint, Face Unlock စတာတွေ မျှော်လင့်မယ်ဆိုရင်တော့ မိုက်မဲရာကျလွန်းမယ်လို့ ထင်မိ။ Unlock Mode မှာ Voice Unlock ကိုထည့်ပေးထားပေမယ့် 5 sec ပြည့်အောင် အသံသွင်းခိုင်းတာဆိုတော့ ဖုန်းတစ်ခါဖွင့်ဖို့ Password အရှည်ကြီးရွတ်ရမှာတော့ သိပ်မနိပ်လှဘူးထင်တာပဲ 😅
Audio Quality
Soyes 7s မှာ Bottom Firing Speaker လေးတော့ ပါတယ်။ အသံတော့ အရမ်းမကျယ်ပေမယ့် တော်ရုံလုံလောက်တဲ့အသံကိုတော့ ထုတ်ပေးနိုင်စွမ်းရှိမယ်။
iPhone Design သူလေးက Audio ပိုင်းမှာ အချေတစ်လိုင်းပါ။ သူ့မှာ 3.5mm Audio Jack မပါ။ ဒါပေမယ့် Bluetooth နားကြပ်နဲ့တော့ သီချင်းနားထောင်နိုင်သဗျာ။ အံ့သြမိတဲ့အချက်က အသံထွက် အတော်လေးကောင်းတာပါ။ Bass သံတွေဆို အတော် Deep ဖြစ်တယ်။ Music App ထဲမှာ Equalizer Mode တောင် ပါလိုက်သေး။ ဆိုတော့ကာ အကောင်သေးပေမယ့် နားကြပ်ကောင်းရင် ကောင်းသလောက် အသံစွာမယ့်ကောင်လေးပေါ့။
Performance
Soyes 7s လို ဖုန်းပေါက်စမှာ ဒီ ခေါင်းစဉ်ကို ထည့်မရေးဖို့စဉ်းစားခဲ့ပေမယ့် လက်တွေ့စမ်းသပ်မိချိန်မှာတော့ အံ့အားသင့်ခဲ့ရတယ်။ သူ့မှာ Mediatek ရဲ့ MT6580 Quad Core Processor ကို သုံးပေးထားတယ်။ အစက ဒီဖုန်းလေးမှာ ဖုန်းဆက်၊ Message ပို့၊ Browser သုံးရုံလောက်ပဲ လုပ်နိုင်မယ်ထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာ Facebook, Messenger, Youtube တို့လို Social App တွေ ကောင်းကောင်း Run နိုင်တာတွေ့ရတယ်။ (သုံးဖို့ရည်ရွယ်ရင်တော့ Lite or Go Version တွေသုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။)
ပိုအံ့သြမိတာက Gaming ပိုင်းပါ။ ဂိမ်းအမြင့်ကြီးတွေ မစမ်းဖြစ်ပေမယ့် Temple Run 2, BRIM, Sonic Boom လို ပုံမှန် Game လေးတွေကို ကောင်းကောင်း Run နိုင်တာတွေ့ရတယ်။ (Storage နဲတဲ့အတွက် Mobile Legand ထည့်မစမ်းခဲ့သလို ဒီဖုန်းသေးသေးလေးမှာလည်း ဆော့ရအားရမယ်မထင်) ဒီတော့ Soyes 7s ဟာ အလှသုံးဖုန်းသက်သက်မဟုတ်ပဲ Social Media နဲ့ အပျင်းပြေ Game ဆော့နိုင်တဲ့ Multimedia Device အနေအထားမှာ ရှိနေပါတယ်။
Battery & Charging
ဒီဖုန်းကို Teaser စလုပ်တုန်းက "30min နဲ့ 0-100 ပြည့်အောင် အားသွင်းနိုင်တယ်" လို့ ပြောခဲ့တယ်။ တကယ်လည်းသွင်းနိုင်ပေမယ့် ချွင်းချက်တစ်ချို့ရှိပါတယ်။ ပထမအချက်က သူ့ Battery Size ပါ။ 600 mAh ပဲရှိတာမို့ လန်ပျံနေအောင် အားခံဖို့တော့ မမျှော်လင့်ပါနဲ့။ ဖုန်းဆက်တိုက်ပြောမယ်ဆိုရင် ၁နာရီခွဲ ဝန်းကျင်လောက် အားခံပါလိမ့်မယ်။ Stand by Time ကတော့ တကယ် Amazing ပါ။ ၈နာရီလောက် ထားတာတောင် 1% မလျော့ချင်ဘူး။ ဒါပေမယ့် လုံးဝပစ်ထားတာမျိုးမဟုတ်ပဲ ၃ရက်တစ်ခါလောက်တော့ Cycle တစ်ပတ်ပြည့်အောင် သုံးပေးသင့်တယ်ထင်မိတယ်။
ဒုတိယတစ်ချက်က Adaptor ပါ။ မိနစ် ၃၀ စွန်းစွန်း နဲ့အားအပြည့်သွင်းနိုင်တာက 5V 2A နဲ့မှပါ။ ဒီတော့ Battery ကိုညှာချင်တယ်ဘာညာဆိုရင်တော့ 5V 1A လောက်နဲ့သွင်းပါ။ (၁နာရီကျော်လောက်တော့ ကြာပါလိမ့်မယ်။) အားသိပ်မခံပေမယ့် အားအဝင်လည်းမြန်တာမို့ Power Bank ဆောင်ထားနေကျ iPhone User တွေအတွက်ဆိုရင် သိပ်အခက်တွေ့မှာ မဟုတ်လောက်ပါဘူး။ (Huawei ရဲ့ ဒီဇိုင်းကာလာအနေအထားအတိုင်း 😁)
Camera
တကယ်တော့ ဒီလောက်သေးတဲ့ဖုန်းမှာ Camera ပါတယ်ဆိုတာနဲ့တင် ကိုယ်တွေတော့ ကျေနပ်လှပါပြီ။ သူ့မှာ 6MP Back Camera နဲ့ 0.3MP Selfie Camera တို့ ပါဝင်တယ်။ ဒါပေမယ့် Camera ရိုက်ကြည့်တော့ ထင်ထားတာထက် ပိုကောင်းနေပြန်ရော။ သူ့ရဲ့ Camera UI က အလန်းဗျ။ Live Photo Mode, Beauty Mode, Multi Angle Mode တွေတောင် ပါလိုက်သေး။ Image Properties ထဲမှာလည်း Brightness, Contrast, Saturation စတာတွေ အတိုးအလျှော့လုပ်နိုင်သလို Daytime မှာ Landscape ကောင်းကောင်းရိုက်ဖို့ HDR Mode လည်း ပါတယ်။ Day, Night, Sunset.... စတဲ့ Scene Mode တွေလည်း ပါတယ်။ Video မှာဆိုရင် EIS ကို On, Off လုပ်ခွင့်ပါပေးထားသင့်တယ်။ ဒီတော့ အသုံးဝင်တာ၊ မဝင်တာ အသာထား၊ ပါတဲ့ Function တွေနဲ့တင် သူ့ Camera က တန်နေပြီလို့ ယူဆမိတယ်။
System & Others
OS ပိုင်းမှာတော့ Soyes7s က နောက်ကျတယ်ဆိုရမယ်။ Android 5.1 ကိုသုံးထားပြီး ဖုန်းနဲ့အဆင်ပြေအောင် Customization တစ်ချို့ လုပ်ပေးထားတယ်။ သူ့ Interface ကို iOS ဆန်ဆန်လုပ်ပေးထားပေမယ့် တခြား Setting တို့ Status Bar တို့က Pure Android ပုံစံပါပဲ။ သူ့မှာပါတဲ့ တစ်ခုတည်းသော Home Button နဲ့ တစ်ချက်နှိပ်ရင် Home, ဖိထားရင် Recent ခေါ်နိုင်သလို Back, Home, Recent Button တွေပါဝင်တဲ့ Assistive Touch ကိုပါ ထည့်ပေးထားတယ်။ Setting ကလည်း ရိုးရှင်းသလောက် Display, Sound, Battery စတာတွေမှာ အသုံးတည့်မယ့် Feature တစ်ချို့ထည့်ပေးထားတယ်။ အားနည်းချက်အနေနဲ့ Sim Card မှာ 3G ပဲ Maximum Support လုပ်တာပါ။ ဒါပေမယ့် Hybrid Slot ပါလာတာလေးကတော့ တကယ်သဘောကျမိတယ်။
ဒီလောက်ဆိုရင် Soyes 7s အပေါ် အပြစ်မမြင်ရတဲ့အကြောင်းအရင်းကို သိလောက်ပြီထင်ပါတယ်။ သာမန် Android ဖုန်းတစ်လုံးအနေနဲ့ကြည့်ရင် ဒီဖုန်းဟာ ပေမမှီဒေါက်မမှီ ဖုန်းလေးတစ်လုံးပါ။ ဒါပေမယ့် လက်တစ်ဖဝါးစာမပြည့်တဲ့ ဒီဖုန်းလေးဟာ အရွယ်နဲ့မလိုက်အောင် သုံးနိုင်နေပါလားဆိုတဲ့အတွေးက သုံးတဲ့သူကို ဖုန်းသုံးရင်း ပျော်ရွှင်စေ၊ ရယ်မောစေ၊ စိတ်ကျေနပ်စေတဲ့အချက်ပါ။
ဒီတော့ သင်က iPhone ကိုင်ထားလို့ နောက်ထပ် Sim Card တစ်ခုနဲ့ အရန်သုံးဖို့ ဖုန်းတစ်လုံးရှာနေတယ်ဆိုရင်၊ ဒါမှမဟုတ် Dual Sim သမားတွေအတွက် တတိယမြောက် Sim Card သုံးဖို့ သုံးရလွယ်၊ သယ်ရလွယ်မယ့်ဖုန်းတစ်လုံး လိုအပ်နေရင်တော့ သူများနဲ့မတူပဲ ခပ်ဆန်းဆန်းကိုင်နိုင်ဖို့ Soyes 7s ကို ညွှန်းချင်မိတယ်။ သေချာတာတစ်ခုကတော့ ဒီဖုန်းလေးသာ သင့်လက်ထဲရှိနေရင် မြင်တဲ့သူတိုင်းဆီကနေ "ဖုန်းလေးက ချစ်စရာလေး" ဆိုတဲ့စကားသံကို ကြားရမယ်ဆိုတာပါပဲ။    ။
"Observe here. Trust yourself."
#PlanetX #Soyes7s #Review
Wednesday, October 10, 2018
❆ အရိုးပွရောဂါအကြောင်းသိထားသင့်သည်များ ❆
ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.
National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။
အရိုးပွတယ်ဆိုတာဘာလဲ။
အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ နေရာ လို့အဓိပ္ပါယ်ရပါတယ်။ Osteoporosis ဟာ အရိုးရဲ့ အရည်အသွေးကျဆင်းခြင်းဖြစ်ပြီး အရိုးတစ်ရှူးတွေကျုံ့လာခြင်းဖြစ်တယ် လို့ Medilexicon’s medical dictionary က ပြောထားပါတယ်။
လူတွေဟာ ပိုအသက်ရှည်လာကြပြီးတော့ အထိုင်များတဲ့ အလုပ်တွေကို လုပ်လာကြတာကြောင့် အရိုးပွခြင်းဟာလည်း ပိုမိုများပြားလာပါတယ်။ လေ့လာမှုတစ်ခုက မူဝါဒ ပြုလုပ်သူတွေနဲ့ Funding agencies တွေဟာ သူတို့ရဲ့ အစီအစဉ်တွေထဲမှာ ဒီကိစ္စကို လုံလောက်အောင်ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ဆိုပါတယ်။
အရိုးပွခြင်းကို မကာကွယ်ဘူးဆိုရင် (သို့) မကုသဘူးဆိုရင် သူဟာ ဘယ်လိုနာကျင်မှုမျိုးကိုမှ ဖြစ်ခြင်းမရှိပဲ ပိုမိုဆိုးရွားလာကာ အရိုးကျိုးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အများဆုံးကတော့ တင်ပါးဆုံရိုး၊ ကြောရိုးမနဲ့ လက်ကောက်ဝတ်က အရိုးတွေ ကျိုးနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးခြင်းဟာ ဆေးရုံတက်ဖို့လိုအပ်ပြီး ခွဲစိတ်ကုသမှုလည်း လိုအပ်ပါတယ်။ သူဟာ မကုသရင် ယေဘုယျ အားဖြင့် လမ်းမလျှောက်နိုင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်းကို ပါ ဖြစ်စေနိုင်ပါတယ်။ ကျောရိုးမနဲ့ ကျောရိုးအဆစ်တွေကျိုးခြင်းကတော့ ခါးနာခြင်းနဲ့ ပုံပျက်ခြင်းတွေ ဖြစ်စေတတ်ပါတယ်။
အရိုးပွခြင်းရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ။
အရိုးပွခြင်းဟာ အချိန်များစွာ ကြာမြင့်တဲ့အထိ တဖြည်းဖြည်း ဆိုးဝါးလာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ စစချင်းမှာ ဘာလက္ခဏာမှ မပြပဲ သူ့ကို သတိထားမိဖို့ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ အရိုးပွခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့
မတ်တပ်ရပ်ရန် ခက်ခဲခြင်း
ထိုင်ရန် ခက်ခဲခြင်း။ ဒီလိုပုံစံမျိုးဟာ အရိုးပွရောဂါ ဖြစ်ပွားနိုင်တဲ့ အသက်ကြီးတဲ့ သူတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။
တကယ်လို့ အရိုးသိပ်သည်းဆ (သို့) အလေးချိန်ဟာ ပိုပြီး လျော့ကျလာမယ်ဆိုရင် တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးမထဲမှာ ရှိတဲ့ အရိုးကျိုးခြင်းတွေ ဖြစ်နိုင်ပါတယ်။ ချောင်းဆိုး၊ နှာချေခြင်းကတောင် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။
အသက်ကြီးတဲ့သူတွေမှာ အရိုးကျိုးတဲ့အခါ အရိုးဟာ သူကိုယ်တိုင် ပြန်ပြီး မပြုပြင်နိုင်တော့တာကြောင့် ပိုခံစားရပါတယ်။ ဒီလို မပြုပြင်နိုင်တော့တဲ့ အရိုးတွေဟာ အဆစ်ရောင်ခြင်းကိုဖြစ်စေပြီး နောက်ဆုံးမှာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပါတယ်။ အသက်ကြီးသူ များစုဟာ အရိုးကျိုးပြီးရင် နောက်ပိုင်းမှာ မမှီခိုပဲ နေနိုင်သူ ရှားပါးပါတယ်။
အရိုးပွခြင်းဟာ နာကျင်ခြင်းမရှိပေမယ့် ဒီအခြေအနေဟာ အရိုးတွေကို ပိုမိုလွယ်ကူစွာ ကျိုးစေနိုင်ပြီး အရိုးကျိုးခြင်းကတော့ အလွန်နာကျင်စေပါတယ်။ အရိုးပွခြင်းနဲ့ ဆက်စပ်နေတဲ့ အဖြစ်များတဲ့ နာတာရှည် နာကျင်မှုတစ်ခုကတော့ ကျောရိုးမ ကျိုးခြင်းပဲ ဖြစ်ပါတယ်။
ဘယ်အရာတွေက အရိုးပွခြင်းဖြစ်ပွားနှုန်းကို ပိုမိုမြင့်တက်စေသလဲ။ ဘယ်ရောဂါတွေက အရိုးပွခြင်းနဲ့ ဆက်စပ်နေပါသလဲ။
အရိုးပွခြင်းဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အရာတွေ အများအပြားရှိပါတယ်။ သူတို့တွေကတော့
လိင် (အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုးပွခြင်းနှစ်ဆ ပိုမိုဖြစ်နိုင်ပါတယ်။ ဒီအတွက် အကြောင်းရင်းနှစ်ခုရှိပြီး ပထမတစ်ခုကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘဝစစချင်းမှာ အရိုးနည်းပါးပါတယ်။ ဒုတိယတစ်ခုကတော့ အမျိုးသမီးတွေက အသက်ပိုရှည်ကြပါတယ်။ နောက်ဆုံးတစ်ခုကတော့ သွေးဆုံးခြင်းဟာ အရိုးဆုံးရှုံးမှုကို ဖြစ်စေတဲ့ estrogen ကျဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်)
အသက် – အသက်ကြီးလာတာနဲ့ အမျှ အရိုးအလေးချိန်လည်း ကျဆင်းလာတတ်ပါတယ်။ လူတစ်ယောက်သေဆုံးချိန်အထိ အရိုးအလေးချိန်ဟာ ဆက်တိုက်ကျဆင်းလာတာ ဖြစ်ပါတယ်။
ချာချာလည်အောင် မူးခြင်း – ကိုရီးယား သိပ္ပံပညာရှင်တွေက မူးခြင်းနဲ့ အရိုးပွခြင်းနဲ့ ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။
HIV – HIV ရှိသူတွေမှာ အရိုးပွနှုန်း ပိုများပါတယ်။
အစာအိမ်ကင်ဆာ – အစာအိမ်ကင်ဆာ အသက်ရှင်သူတွေဟာ အရိုးပွရောဂါခံစားကြရပြီး သူတို့ အသက်ကြီးလာရင် အရိုးကျိုးတာမျိုးတွေ ပိုဖြစ်တယ်လို့ ဆောင်းပါးတစ်ခုက ရှင်းပြပါတယ်။
လူမျိုးစု – အသားဖြူတဲ့သူတွေ (သို့) တောင်အာရှသူတွေဟာ အရိုးပွခြင်းကို အာဖရိက (သို့) တောင်၊ မြောက်အမေရိက အင်ဒီးယန်း ဆင်းသက်သူတွေနဲ့ ယှဉ်ရင် ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်နိုင်ခြေဟာ လူတိုင်းအတွက် သိသာပါတယ်။
မိသားစု ရာဇဝင် – နီးကပ်တဲ့ မိသားစုထဲမှာ အရိုးပွတာ ဖြစ်ဖူးသူရှိရင် သူတို့ကိုယ်တိုင်လည်း ဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။
ကိုယ်ခန္ဓာ သေးသူများ – ကိုယ်ခန္ဓာသေးသူတွေဟာ အသက်ကြီးလာချိန်မှာ ပိုအရိုးပွနိုင်ပါတယ်။ ဒါဟာ သူတို့အသက်ကြီးလာချိန်မှာ သူတို့အရိုးပမာဏက အခြားသူတွေထက် ပိုနည်းလို့ဖြစ်ပြီး အရိုးသိပ်သည်းဆ လျော့နည်းလာလို့ဖြစ်ပါတယ်။
ဆေးလိပ်သောက်ခြင်း – ဘာကြောင့်လဲ သေချာ မပြောနိုင်ပေမယ့် ဆေးလိပ်သောက်ခြင်းဟာ အရိုးပွခြင်းကို ပိုမိုဖြစ်စေပါတယ်။
Estrogen နဲ့ ထိတွေ့မှုရှိခြင်း – အသက်ကြီးမှ သွေးဆုံးသူတွေဟာ estrogen ပမာဏ ကျဆင်းသွားတာကြောင့် အသက်ငယ်ငယ် သွေးဆုံးသူတွေနဲ့ ယှဉ်ရင် ပိုပြီးတော့ အရိုးပွရောဂါ ဖြစ်နှုန်းနည်းပါတယ်။
အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါများ – အစာစားခြင်းနဲ့ ပတ်သက်တဲ့ရောဂါ ရှိသူတွေဟာ အရိုးပွခြင်း ပိုမိုဖြစ်နိုင်ပါတယ်။
နှလုံးရောဂါနဲ့ Alzheimer’s disease – Rice University က သုတေသနတစ်ခုက သုတေသီတွေက နှလုံးရောဂါ၊ Alzheimer’s ရောဂါနဲ့ အရိုးပွခြင်းဟာ ဆက်စပ်မှု ရှိနိုင်တယ်လို့ဆိုပါတယ်။
Tuesday, October 9, 2018
"ရှိနေနိုင်တယ်လို့ သတိရှိပေးပါ"
"ရှိနေနိုင်တယ်လို့ သတိရှိပေးပါ"
ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအ၀ိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။ ကိုယ့်ရဲ့ လိင်အင်္ဂါကို မသိမသာ ကိုင်သွားတာ၊ ပေါင်ပေါ်တင်ထိုင်ရင်း မဟုတ်မဟတ် လုပ်သွားတာ စသဖြင့် ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလိုကိစ္စတွေဟာ ငါတို့ သားသမီးတွေနဲ့ အဝေးကြီးပါဆိုပြီး ခပ်ပေါ့ပေါ့ မနေစေချင်ပါဘူး။ ရှိနေနိုင်တယ်ဆိုတာမျိုး အမြဲတွေးထားဖို့ လိုပါတယ်။
ကလေးကို ပို့ထားတဲ့ မူကြိုမှာ လုပ်ခံရတာ ရှိနိုင်တယ်။ ဒါမှမဟုတ် ကလေးကို ကိုယ်အလုပ်သွားလို့ မထိန်းနိုင်တော့ သူ့အဖွားဆီ သွားပို့ထားရင်း အဖွားအိမ်မှာရှိတဲ့ အလုပ်သမား၊ ဒါမှမဟုတ် အစ်ကိုဝမ်းကွဲက လုပ်တာမျိုး ရှိနိုင်တယ်။ ကျောင်းမှာ ဆရာကနေ တပည့်ကို လုပ်တာလည်း ရှိနိုင်တာပဲ။ ဒီလိုသတိထားမှုမျိုးက သိပ်အရေးကြီးပါတယ်။
အဲဒီလို သတိရှိနေမှပဲ ကိုယ့်ကလေးရဲ့ အခြေအနေ မူမမှန်တာ၊ ကိုယ့်ကလေးပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေရဲ့ မူမမှန်မှုတွေကို သတိမူမိမှာကိုး။ အမေရိကန်နိုင်ငံမှာ လုပ်ထားတဲ့ အချက်အလက်တွေအရ သက်ငယ်မုဒိမ်းမှုတွေရဲ့ ၉၃ ရာခိုင်နှုန်းက ရင်းနှီးတဲ့သူတွေက လုပ်တာပါ။ ဒါကြောင့် လူတိုင်းနဲ့ စိတ်ချထားတာမျိုး မလုပ်သင့်ပါဘူး။ လူတကာကို သံသယဖြစ်နေရမယ်လည်း မဆိုလိုပေမယ့် သတိလေးထားပြီး ကလေးပတ်ဝန်းကျင်က လူတွေရဲ့ မူမမှန်မှုတွေကို ကြည့်နေသင့်ပါတယ်။
ဒီဆောင်းပါးမှာတော့ ကိုယ့်ကလေးမှာ ဘယ်လိုမူမမှန်မှုတွေ ရှိနေသလဲဆိုတာကို သတိထားမိနိုင်ဖို့ အဲ့လို လိင်ပိုင်းဆိုင်ရာ စော်ကားခံလိုက်ရတဲ့၊ အဓမ္မပြုကျင့်ခံလိုက်ရတဲ့ ကလေးတစ်ယောက်မှာ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပေါ်လာတတ်သလဲ ဆိုတာကို ရေးပြချင်ပါတယ်။
အဓမ္မပြုကျင့်ခံလိုက်ရသော ကလေးများတွင် တွေ့ရတတ်သည့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
• မိဘကို အရင်ထက်ပိုတွယ်လာခြင်း
• အိပ်မက်ဆိုးများမက်ခြင်း၊ ညဘက်အိပ်မပျော်ခြင်း၊ အမှောင်ကြောက်ခြင်း
• အိပ်ရာထဲ ဆီးသွားခြင်း
• လှုပ်ရှားမှုနည်းသွားခြင်း
• ပြင်းပြင်းထန်ထန် ဆော့ကစားခြင်း
• အစားမစားတော့ခြင်း
• စကားနည်းသွားခြင်း
• စိတ်ဓါတ်ကျခြင်း
• ခေါင်းအမြဲကိုက်နေခြင်း
• လက်စားချေလိုခြင်း စတာတွေ ခံစားရနေနိုင်ပါတယ်။
ဒါတွေ ဖြစ်လာရင် မိဘတွေအနေနဲ့ ဘာလုပ်သင့်သလဲ။
ဒီလိုတွေဖြစ်တိုင်း လိင်အကြမ်းဖက်မှု ကြုံထားရတယ်လို့တော့ တစ်ထစ်ချ ပြောမရပေမယ့် သတိရှိပေးပါ။ ကလေးကို ပွင့်ပွင့်လင်းလင်း အေးအေးဆေးဆေး မေးကြည့်ပါ။ အထူးသဖြင့် ကိုယ့်ကလေးက ဘာအကြောင်းရင်းမှ ကြီးကြီးမားမား မရှိပါဘဲ ဒီလိုလက္ခဏာတွေ ဖြစ်နေရင် ပိုပြီးမှ သတိထားသင့်ပါတယ်။
အရေးကြီးဆုံး သတိပေးချင်တာကတော့ အဲ့လိုမေးတဲ့အခါ ကလေးကို မအော်ဖို့ မငေါက်ဖို့ မဆူမိဖို့ပါပဲ။ ကလေးရဲ့ကမ္ဘာဟာ မိဘပဲဖြစ်တာမို့ မိဘတွေရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးကြီးပါတယ်။ “ဒါ သမီးအမှားမဟုတ်ပါဘူး” “အမေတို့က သမီးလေးကို အရင်လိုချစ်တုန်းပဲ” အစရှိသဖြင့် ပြောပေး၊ အားပေးနှစ်သိမ့်ပေးပါ။ ဘာလို့ဆိုတော့ ဒီလိုကြုံတွေ့လိုက်ရတဲ့ ကလေးအများစုဟာ ငါဒီလိုဖြစ်သွားရင်တော့ ငါ့မိဘကတော့ ဆူတော့မှာပဲ၊ ငါ့အဖေ အမေက ချစ်တော့မှာမဟုတ်ဘူး ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေတတ်လို့ပါပဲ။ ကလေးတစ်ယောက်အတွက် သူ့အဖေ အမေက မချစ်တော့ဘူး ဆိုတဲ့ ခံစားချက်ဟာ ဘယ်လောက်ဆိုးတယ်ဆိုတာ ကလေးဘ၀ကို ဖြတ်သန်းဖူးသူတိုင်း သိကြမှာပါ။
နောက်ပြီး ကလေးရဲ့ ပြောင်းလဲလာတဲ့ စိတ်အခြေအနေကို နားလည်လက်ခံပေးဖို့လည်း လိုပါတယ်။ ကလေးက အစားမစားရင်၊ ပစ္စည်းတွေဖျက်ဆီးနေရင် စိတ်တွေတိုပြီး ဆူတာငေါက်တာ သွားမလုပ်ပါနဲ့၊ နားလည်ပေးလိုက်ပါ။
ကလေးအနေအထားကိုလည်း အမြဲဂရုစိုက်စောင့်ကြည့်နေဖို့ လိုပြီး၊ လိုအပ်ရင် စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှု လုပ်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ ချိတ်ဆက်ဆောင်ရွက်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကလေးအတွက် သီးခြားဆွေးနွေးပေးနိုင်တဲ့ စိတ်ပညာရှင်ကတော့ နည်းပါတယ်။ ဒါပေမယ့် ကိုယ့်ထက် တတ်ကျွမ်းတဲ့သူ၊ ကလေးနဲ့ ကောင်းကောင်းစကားပြောနိုင်သူ၊ အားပေးကူညီနိုင်သူနဲ့ အတတ်နိုင်ဆုံး ကြိုးစားချိတ်ဆက်ရမှာပါပဲ။
ဆောင်းပါးအစမှာ ပြောခဲ့သလို၊ သက်ငယ်မုဒိမ်းမှုတွေဟာ နိမ့်ကျတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ပိုတွေ့ရများတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမှာမဆို ကြုံတွေ့သွားနိုင်တာမို့ အမြဲသတိထားနေနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါကြောင့် ခြောက်လှန့်တာ မဟုတ်ပါဘူး၊ အမြဲစိတ်ပူနေဖို့လည်း မဟုတ်ပါဘူး၊ ဒါတွေ ရှိနေနိုင်တယ်၊ ဖြစ်သွားနိုင်တယ်လို့ သတိရှိပေးပါ။ ကိုယ့်ကလေးမှာ ထူးထူးခြားခြား အပြောင်းအလဲလေးတွေ ရှိလာသလား သတိထားကြည့်ပေးပါ။ သတိဆိုတာ ပိုတယ်လို့ မရှိပါဘူး။ ဘယ်အရာမဆို ကာကွယ်ခြင်းတွေအားလုံးရဲ့ အစဟာ သတိရှိမှုပဲ ဖြစ်တာမို့ မိဘအုပ်ထိန်းသူတွေကို ဒီလိုသတိလေး ရှိနေစေချင်တာပဲ ဖြစ်ပါတယ်။
(သူတို့ပတ်ဝန်းကျင်က ရင်းနှီးတဲ့သူတွေထဲမှာ ဘယ်လိုလူတွေဟာ သတိထားသင့်တယ်ဆိုတာကိုတော့ နောက်ထပ်တင်မဲ့ဆောင်းပါး တစ်ပုဒ်မှာ ဖတ်ရှုနိုင်ပါတယ်)
“သင့်ကလေးနားက လူတွေကို သတိထားပါ”
ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
ပြီးခဲ့တဲ့ ဆောင်းပါးမှာ သက်ငယ်မုဒိမ်းမှုတွေ၊
လိင်အကြမ်းဖက်စော်ကားမှုတွေနဲ့ ပတ်သက်လို့ သတိရှိထားဖို့ လိုကြောင်း၊ ကိုယ့်ကလေးမှာ ဘယ်လိုမူမမှန်မှုတွေ ရှိနေသလဲ သတိထားစောင့်ကြည့်ဖို့လိုကြောင်း ရေးခဲ့ပါတယ်။
မုဒိမ်းမှုလို့ ပြော လိုက်ရင် လိင်အင်္ဂါကို ထိုးသွင်းတော့မှ ဖြစ်တယ် မထင်ပါနဲ့၊ လက်ချောင်းဖြစ်ဖြစ်၊ အရာဝတ္ထုတစ်ခုဖြစ်ဖြစ် ထိုးသွင်းခဲ့မယ်ဆိုရင်လည်း အဲဒါ မုဒိမ်းမှုပါပဲ။ နောက်ပြီး အဲ့လောက်အဆင့်ထိ မဟုတ်ပေမယ့် ကိုယ့်ကလေးကို၊ အထူးသဖြင့် သမီးမိန်းကလေးကို ပေါင်ပေါ်တင်ထိုင်ထားတာ၊ ကိုယ့်ကလေးရဲ့ လိင်အင်္ဂါကို ကိုင်တွယ်ပွတ်သပ်နေတာ၊ ကလေးကို သူ့အရွယ်နဲ့ မကြည့်သင့်သေးတဲ့ ဇာတ်ကားတွေ၊ ဓါတ်ပုံတွေပြတာ၊ ဒါတွေဟာလည်း ကလေးတိုင်း ကြုံတွေ့သွားရနိုင်တဲ့ လိင်အကြမ်းဖက်မှုတွေပါပဲ။ ဒါကြောင့်မို့ လူနေမှုအဆင့်အတန်း မြင့်တဲ့မိဘတွေအနေနဲ့ ဒီလိုကိစ္စတွေဟာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေမှ ဖြစ်တယ်မထင်ပါနဲ့။ ကိုယ့်သားသမီးတွေလည်း ကြုံသွားရနိုင်တယ်ဆိုတာကို အမြဲသတိရှိထားစေချင်ပါတယ်။
နောက်တစ်ခု ပြော ချင်တာက အဲ့လိုမျိုး သတိထားမယ်ဆိုတဲ့အခါ များသောအားဖြင့်က သူစိမ်းတွေကို စိတ်ပူကြတယ်။ ကလေးတွေကိုလည်း သင်ပေးကြတယ်၊ သူစိမ်းက ခေါ်ရင် မလိုက်ဖို့ပေါ့။ သေချာစဉ်းစားကြည့်ပါ။ ဘယ်ကလေးမှ သူစိမ်းနောက်ကို အသာတကြည် မလိုက်ပါဘူး။ တကယ်သာ ခေါ်မယ်ဆို ကလေးက အတင်းရုန်းကန်အော်ဟစ်နေတာနဲ့ ပတ်ဝန်းကျင်ကလည်း သတိထားမှာပါ။ တကယ် စိတ်ပူရမှာက ကလေးနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့သူတွေပါပဲ။ အမေရိကန်နိုင်ငံမှာ လုပ်ထားတဲ့ အချက်အလက်တွေအရလည်း ဒီလိုအဖြစ်အပျက်တွေရဲ့ ၉၃ ရာခိုင်နှုန်းမှာ ရင်းနှီးသူတွေက ကျူးလွန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူစိမ်းတွေကို စိတ်မပူရဘူး မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အတွင်းစည်းထဲက လူတွေကိုလည်း ပေါ့လို့မရဘူးလို့ ပြော ချင်တာပါ။
ဒါဖြင့် ဟုတ်ပြီ၊ ခုဆို အဖေကတောင် ပြုလုပ်တာတွေ၊ ဦးလေးက၊ အစ်ကိုက လုပ်တာတွေ ရှိနေတော့ ကလေးကို ဘယ်သူနဲ့မှ မထားခဲ့ရတော့ဘူးလား၊ စိတ်မချရတော့ဘူးလား မေးစရာရှိလာပါတယ်။ ရင်းနှီးသူတိုင်းက ကလေးကို ဒီလိုလုပ်နေတာမှ မဟုတ်ဘဲ။ ဘယ်သူ့ကိုမှ မယုံရဲတော့ဘူး ဆိုတာကလည်း မကောင်းပြန်ပါဘူး။
ဒီအတွက် ကိုယ့်ကလေးနားမှာ ရှိနေတဲ့သူတွေမှာ ဒီလိုစရိုက်လက္ခဏာတွေ ရှိနေသလား စောင့်ကြည့်ဖို့ လိုပါမယ်။ ဘာလို့လဲဆိုတော့ ကလေးကို အဲဒီလိုပြုကျင့်မယ့်သူတွေအများစုမှာ ရှိနေတတ်တဲ့ အမူအကျင့်တွေ ဖြစ်လို့ပါပဲ။
၁။ သူတို့ဟာ ကလေးအပေါ် တအားသဘောကောင်းပြကြပါတယ်။
အထူးသဖြင့် မိဘက သိပ်အလိုမလိုက်ဘူး။ မိဘနဲ့ ကလေးက သိပ်မရင်းနှီးဘူးဆိုတဲ့ အခြေအနေမျိုးက သူတို့စိတ်ကြိုက် အခြေအနေတွေပါပဲ။ ကလေးက တခုခုလိုချင်တယ်။ မိဘက ၀ယ်မပေးဘူး။ သူက ၀ယ်ပေးတယ်။ ကလေးက တခုခုစားချင်တယ်၊ သွားလည်ချင်တယ်။ မိဘက ၀ယ်မကျွေးဘူး။ လိုက်မပို့ဘူး။ သူက လိုက်ကျွေးမယ်၊ လိုက်ပို့မယ်။ ဒီအခါ ကလေးက သူ့ကို သိပ်ခင်တွယ်လာမယ်။ အဲဒါက ကလေးကို ဒီလိုပြုလုပ်ဖို့အတွက် မဟာအခွင့်အရေးပါပဲ။ ဒါကြောင့် ကလေးကို အံ့သြစရာကောင်းလောက်အောင် အလိုလိုက်နေ၊ အချိန်ပေးနေ၊ လက်ဆောင်ပစ္စည်းတွေ ၀ယ်ပေးနေတယ်ဆို သတိထားပါ။
၂။ ကလေးရဲ့ လိင်အင်္ဂါကို မတော်တဆလိုလိုနဲ့ ထိမိအောင် လုပ်တတ်ကြတယ်။
ဆော့ရင်းပြုရင်းနဲ့ဖြစ်ဖြစ်ပေါ့။ နောက်သလိုလိုနဲ့ ကိုင်တတ်ကြတယ်။ ဒီနေရာမှာ မိဘတွေ သိထားဖို့လိုတာက ကလေးမှာလည်း ဒီလိုတွေ ကိုင်တွယ်မိရင် သာယာတတ်တဲ့သဘော ရှိတယ် ဆိုတာပါပဲ။ အဲဒါကို သူကနေ သွားသွားဆွတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ကလေးနဲ့ တအားကြီး လက်ပွန်းတတီး ဆော့နေတာမျိုး (ဥပမာ ကလေးကို ဂုတ်ပေါ်တင်တာ၊ သတ်ပုတ်နပန်းလုံးတာ) ကို သတိထားဖို့ လိုပါတယ်။
၃။ လိင်မှုကိစ္စတွေနဲ့ ပတ်သက်ပြီး ဟာသပြောလွန်းတာပါ။
ဒါက လူတချို့လည်း လုပ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကတော့ အမြဲတမ်းလိုလို ညစ်တီးညစ်ပတ် ဟာသတွေကို ပြော နေတတ်တယ်။ ကလေးကိုလည်း အဲဒီလိုဟာသမျိုးတွေ သွားသွားပြောပြီး စတတ်ကြပါတယ်။
၎။ ကလေးနဲ့ ဆက်ဆံနေတဲ့ Porn ဇာတ်ကားတွေ အကြည့်များတယ်။
ဒါကတော့ သိနိုင်ဖို့ခက်မယ်ပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ သူ့ဖုန်းကို ယူသုံးရင်း ဒါမျိုးတွေ့လိုက်တယ်ဆိုရင်တော့ အဲဒီလူဟာ ကိုယ်သတိကြီးကြီး ထားရတော့မယ့်လူဆိုတာ အသေအချာပါပဲ။
၅။ ကလေးနဲ့ နှစ်ယောက်တည်းရှိနေမယ့် အခြေအနေကို ရှာဖွေနေတတ်တယ်။
ဥပမာ ကိုယ်နဲ့ ကလေးနဲ့ ဈေးဝယ်စင်တာတစ်ခုကနေ ထွက်လာတယ်၊ သူနဲ့တွေ့တယ်ဆိုပါတော့။ အဲဒါဆိုရင် သူက ကိုယ့်ကို သွားစရာရှိတာ ဆက်သွား၊ ကလေးနဲ့ဆို မလွတ်မလပ် ဖြစ်မှာပေါ့၊ ကလေးကို သူကျူရှင်ဝင်ပို့ပေးလိုက်မယ်၊ အိမ်ပြန်ပို့ပေးလိုက်မယ်၊ လမ်းသင့်တယ် စသဖြင့် ပြောတာမျိုး၊ ကိုယ့်ကလေးကို မိဘအိမ်သွားထားမယ်။ အဲဒီအိမ်က သူ့အစ်ကိုဝမ်းကွဲက ကလေးနဲ့နှစ်ယောက်တည်း အမြဲတမ်းကစားနေတာမျိုးပေါ့။ ဒါကြောင့် အကောင်းဆုံးကတော့ ကလေးကို ဘယ်သူနဲ့မှ နှစ်ယောက်တည်းရှိနေမယ့် အခြေအနေမျိုး မဖြစ်အောင် သတိထားနိုင်ကြဖို့ပါပဲ။
ဒါကတော့ ကလေးကို အဲ့လိုပြုလုပ်တတ်တဲ့ သူတွေမှာ ရှိနေတတ်တဲ့ အပြုအမူတချို့ ဖြစ်ပါတယ်။ ဒါတွေလုပ်ရင် ဒီလိုမျိုးလို့ တစ်ထစ်ချ မယူဆနိုင်ရင်တောင် သတိထားလိုက်နိုင်တယ်ဆို မဆိုးဘူးပေါ့။ ဒါကြောင့်မို့ မိဘအုပ်ထိန်းသူတွေအနေနဲ့ သိထားစေချင်တာက သူစိမ်းမှမဟုတ်ဘဲ ကိုယ့်ကလေးနဲ့ ရင်းနှီးနေသူတွေကလည်း ဒါမျိုးလုပ်သွားနိုင်တယ် ဆိုတာ သတိရှိထားဖို့ရယ်၊ ကလေးပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေကို (အစ်ကိုဝမ်းကွဲ၊ ကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေ၊ ဘယ်လောက်ပဲ စိတ်ချယုံကြည်ရသူ ဖြစ်ပါစေ) အမြဲသတိထားကြည့်နေဖို့ရယ် အရေးကြီးတယ်ဆိုတာကို သိစေချင်ပါတယ်။
[ဒေါက်တာဖြိုးသီဟ]
Monday, October 8, 2018
စတန်နို (သို့မဟုတ်) Winstrol (Stanozolol)
Winstrol စတဲ့မာဆယ်ခွဲစတီးရွိုက်တွေကိုပြိုင်ပွဲနီးနဲ့အဆီကျစေရန်အသုံးပြုကြပါတယ်။တိရစ္ဆာန်တွေမှာလည်းအသုံးပြုကြပါတယ်။အဓိကကတော့မြင်းပြိုင်ပွဲတွေမှာသုံးကြတာပါ။ မြင်းလောင်းကစားပွဲတွေမှာပေါ့။ သူက Strength ရော Speed ပါတက်စေပါတယ်။ ဒါ့ကြောင့်ပြေးခုန်ပစ်၊ တာတိုအပြေးသမားများနဲ့ဟော်ကီကစားသမားများအသုံးပြုကြပါတယ်။ ခုချိန်အထိလည်း Bodybuilding မှာနာမည်ကြီးတဲ့စတီးရွိုက်တစ်ခုအဖြစ်ရပ်တည်နေဆဲပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Winstrol(Stanozolol)
Winstrol ဟာအဆီကျစတီးရွိုက်တွေထဲမှာအကြမ်းဆုံးပါပဲ။ သူ့ကိုစတန်နိုလို့ခေါ်ကြပါတယ်။ အရမ်းပြင်းပါတယ်။ စတီးရွိုက်ခုမှစသုံးတဲ့သူအဖို့ မသင့်တော်ပါဘူး။ ထုတင်တဲ့အချိန်မှာလည်းလုံးဝသုံးလို့မရပါဘူး။ ဆိုးကျိုးတွေလည်းအရမ်းများပါတယ်။ သူ့သုံးမယ်ဆိုရင်နောက်ထပ်ထပ်လိုက်သောက်ရမဲ့ဆေးတွေအများကြီးပြန်သောက်ပေးမှအဆင်ပြေမှာပါ။
အဆီချဖို့အတွက်ဆိုဆိုးကျိုးအရမ်းနည်းတဲ့ Clenbutrol ကိုပဲစသုံးပေးသင့်ပါတယ်။ ဒီStano ကတော့အမျိုးသမီးတွေအတွက်ပိုမိုသင့်တော်ပါတယ်။ အမျိုးသမီးတွေမှာစတီးရွိုက်သုံးရင် ယောကျာ်းသံပြောင်းလာမယ်၊ မိန်းမအစေ့ကြီးလာမယ်၊ ရင်သားသိမ်သွားမယ်၊ ၀က်ခြံပေါက်မယ်၊ ထိပ်ပြောင်လာမယ်၊ ဆံပင်ထွက်နိုင်ပါတယ်။ ဒီWinstrol ကတော့ဒီလိုယောကျာ်းအင်္ဂါရပ်တွေဖြစ်တာမရှိပါဘူး။
မိန်းမတွေသုံးလို့  သင့်တော်တဲ့စတီးရွိုက်တွေကတော့ Winstrol, Anavar နဲ့ Primobolan နဲ့  Clenbutrol ပါပဲ။ ဒီထဲမှာ Primobolan နဲ့  Clenbutrol ကတော့ဆိုးကျိုးအနည်းဆုံးပါပဲ။ Primobolan ကနာမည်ကြီးပါတယ်။ The Rock ရယ် အာနိုးရယ်သုံးတဲ့စတီးရွိုက်ပါ။ သူကဆိုးကျိုးအနည်းဆုံးစတီးရွိုက်တစ်ခုပါပဲ။ ဒီ Winstrol(Stano) နဲ့ယှဉ်ပြီးလိုက်တာကတော့ Anavar ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
History
စတန်နိုကို၁၉၅၆ ခုနှစ်မှာ ဗြိတိန်က Winthrop ဓာတ်ခွဲခန်းကစတင်ထုတ်လုပ်ခဲ့ပါတယ်။ အမေရိကန်ကိုတော့ ၁၉၆၀ပြည့်နှစ်အလွန်မှစရောက်ပါတယ်။ သူ့ ကိုအစားစားချင်စိတ်မရှိတဲ့ရောဂါများ၊ AIDS, HIV စသောကူးစက်ရောဂါများ၊ အရိုးပွရောဂါများနဲ့ကော်တီကိုစတီးရွိတ်ရေရှည်သောက်သုံးမိခြင်းစတဲ့နေရာတွေမှာဖြေဆေးအနေနဲ့အသုံးပြုကြပါတယ်။ ဒါ့အပြင်အရိုးကျိုးခြင်း၊ မီးလောင်ဒဏ်ရာတွေရရှိတဲ့နေရာမှာလည်းအသုံးပြုကြပါတယ်။ ရင်သားကင်ဆာကိုလည်းခုခံနိုင်စွမ်းရှိပါတယ်။ ခြေတွေလက်တွေဖောရောင်ခြင်းမှာလည်းအသုံးပြုကြပါသေးတယ်။
စတန်နိုကိုအဓိက သောက်ဆေးအနေနဲ့လာပါတယ်။သူ့ရဲ့အော်ရီဂျင်နယ်ကသောက်ဆေးပါ။ သူ့မှာကောင်းတဲ့အချက်တွေရှိသလို ဆိုးကျိုးတွေလည်းအများကြီးပါပဲ။ သူက Androgenic=30 ရယ် Anabolic= 320 ရှိပါတယ်။ Androgenic နည်းတဲ့အတွက်ကြောင့်မလို့ ဆံပင်ကျွတ်ထိပ်ပြောင်တာတွေမဖြစ်ပါဘူး။ စတီးရွိုက်မှာအပြင်းဆုံးက Trenbolone ပါ။ သူကတော့ Anabolic က 500 ရှိပါတယ်။ ကျွန်တော့တို့ဝှေးစေ့ကထုတ်တဲ့ရိုးရိုးတက်စတိုစတီရုန်းကတော့ တစ်ရာပဲရှိပါတယ်။ Trenbolone ကတော့ ၅ဆပိုပြင်းပါတယ်။ ဒီစတန်နိုကတော့ရိုးရိုးတက်စတိုစတီရုန်းထက်သုံးဆကျော်ပိုပြင်းပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Stano ၏ဆိုးကျိုးများ
သူ့မှာဆိုးတဲ့အချက်တွေလည်းရှိသလိုကောင်းတဲ့အချက်တွေလည်းရှိပါတယ်။ ကောင်းတဲ့အချက်တွေကတော့သူကဝက်ခြံပေါက်တာ၊ဆံပင်ကျွတ်တာမဖြစ်တဲ့အပြင် မဟော်မုန်းဖြစ်တဲ့ Estrogen ကိုလည်းမပြောင်းပေးပါဘူး။ ဒါကြောင့်ခန္ဓာကိုယ်မှာရေစုလာတာတွေ ရင်သားကြီးလာတာ ပုံစံပျက်လာတာတွေမဖြစ်စေနိုင်ပါဘူး။ သူ့ ကိုသုံးရင်တော့ဗိုက်အရမ်းဆာပါတယ်။ အချိန်တိုင်းနီးပါးအစားစားပေးမှအဆင်ပြေနိုင်မှာ။
သူ့ကိုခြောက်ပတ်ထက်ပိုမသုံးသင့်ပါဘူး။ ရေရှည်သုံးစွဲဖို့မသင့်တော်ပါဘူး။ ပြိုင်ပွဲနီးရေဖြတ်လိုက်ရင်ပိုဆိုးပါတယ်။ အခန့်မသင့်ရင်ကျောက်ကပ်ပါပျက်နိုင်ပါတယ်။ စတီးရွိုက်သုံးလို့ ကျောက်ကပ်ပျက်တယ်ဆိုတာသုံးပုံသုံးနည်းမှားလို့ပျက်ကြတာပါ။ အဓိကကတော့စတီးရွိုက်တွေကိုအဆင့်ကျော်သုံးတာရယ်။ သုံးရတဲ့ပမာဏနဲ့ အသုံးပြုတဲ့ကြာချိန်မှားယွင်းလို့ ပါ။
နောက်ထပ်တစ်ခုကတော့Stano ကလိင်စိတ်တအားတက်တယ်။ သာမာန်လူတစ်ယောက်အနေနဲ့ တစ်ယောက်ထဲနေဖို့ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အသုံးပြုတဲ့သူတွေအဆိုအရ လိင်အင်္ဂါဟာအမြဲတမ်းထောင်မတ်နေတယ်လို့ ဆိုပါတယ်။ သူ့ကိုသုံးရင်တော့အရေပြားတွေခြောက်ကပ်နေပါလိမ့်မယ်။ ပါးချောင်တွေကျမယ်။ တချို့စာအုပ်တွေမှာတော့ အရေပြားအဆီပြန်တယ်လို့ ဆိုထားပါတယ်။ သူရဲ့အဓိကအားနည်းတဲ့အချက်ကသူကတစ်ကိုယ်လုံးမှာရှိတဲ့ရေတွေအကုန်လုံးကိုဆွဲချသွားပါတယ်။ အရိုးအဆစ်တွေကြားမှာရှိတဲ့ချောဆီကိုပါနည်းစေတဲ့အတွက်ကြောင့်သူ့ကိုသုံးရင်အဆစ်အမြစ်တွေအရမ်းထိပါတယ်။ အရွတ်တွေရောင်နိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အသည်းအပေါ်ဆိုးကျိုးများကာကွယ်ခြင်း
Stano သောက်ဆေးကတော့ထိုးဆေးနဲ့ ယှဉ်ရင်အသည်းပိုထိပါတယ်။ အသည်းကိုထိတဲ့အတွက်ကြောင့်မလို့ အသည်းအင်ဇိုင်းတွေဖြစ်တဲ့ ALT,AST Level တွေတက်နိုင်ပါတယ်။ အဓိကကတော့သုံးတဲ့ပမာဏရယ်ကြာချိန်ပါပဲ။ ၆ပတ်ကနေ ၈ပတ်ကြားပဲသုံးစွဲသင့်ပါတယ်။ တခြား Anadrol , D bol စတဲ့သောက်ဆေးအပြင်းတွေနဲ့ ပေါင်းသုံးရင်တော့ပိုသတိထားရပါတယ်။ စတီးရွိုက်ဆိုတာ ဥပမာပေးရရင်အရက်လိုပါပဲ။ အရက်ကိုသောက်လိုက်နားလိုက်တဲ့သူဟာအသည်းဘယ်တော့မှရောဂါမရပါဘူး။ အသည်းကသူ့သာသူပြန်ပြီးတည်ဆောက်နိုင်ပါတယ်။ ကျောက်ကပ်တို့အဆုပ်တို့ ကတော့ပျက်စီးသွားရင်အကောင်းအတိုင်းပြန်မဖြစ်တော့ပါဘူး။ အသည်းကတော့ကင်ဆာမဖြစ်၊ အသည်းမခြောက်ခင်အထိ နဂိုအကောင်းပတိပြန်ဖြစ်နိုင်ပါတယ်။
ဒီလိုပါပဲ စတီးရွိုက်ကလည်း သုံးလိုက်နားလိုက်လုပ်ပေးရင်ဘာမှမစိုးရိမ်ရပါဘူး။ နောက်တစ်ခုက အရက်အကောင်းသောက်တဲ့သူလိုပဲ။ Gold Label ချည်းသောက်တဲ့သူကအသည်းထိတာတို့ မဖြစ်သလောက်ပဲ။ ဆေးရုံမှာအသည်းခြောက်လို့ ရှိရင် နယ်ကအရက်ပုန်းသောက်တဲ့သူကဖြစ်တာပါပဲ။ ဒီလို ပဲစတီးရွိုက်သုံးမယ်ဆိုလည်း တံဆိပ်အကောင်းပဲရွေးဝယ်သင့်ပါတယ်။ ဈေးပေါတဲ့တံဆိပ်တွေကသိပ်လည်းမထိရောက်သလို၊ သန့်လည်းမသန့်စင်ပါဘူး။ side effect လည်းပိုများပါတယ်။
သူကအသည်းထိတဲ့အတွက်ကြောင့်မလို့ အသည်း Supplement တစ်ခုခုနဲ့ တွဲသောက်ပေးရပါမယ်။ Liver Stabil ဆိုပြီး bodybuilding.com မှာဝယ်လို့ ရပါတယ်။ နောက်ထပ် Essential Forte စတဲ့အသည်းအားဆေးတစ်ခုခုနဲ့ဖြည့်စွက်သောက်ပေးမှရပါမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နှလုံးအပေါ်ဆိုးကျိုးများကာကွယ်ခြင်း
Stano ကနှလုံးအပေါ်မှာတော်တော်သက်ရောက်နိုင်ပါတယ်။ သွေးတွင်းမှာရှိတဲ့ကောင်းတဲ့ကိုလက်စတော HDL ကိုကျစေပြီးတော့ မကောင်းတဲ့ကိုလက်စတောဖြစ်တဲ့ LDL ကိုကျစေပါတယ်။ တစ်ရက်ကို ၆ မီလီဂရမ်ခြောက်ပတ်ပေးရင်တောင်မှာ HDL ကို ၃၃%နဲ့ LDL ကို ၂၉% တက်စေပါတယ်။ သွေးပေါင်ချိန်လည်းတက်စေနိုင်ပါတယ်။ နှလုံးရဲ့ဘယ်ဘက်အခန်းကိုကြီးစေနိုင်ပါတယ်။ အခန့်မသင့်ရင်အမောဖောက်နိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းစေနိုင်ပါတယ်။ ဒါကလည်းနှစ်ကိုအတော်အတန်ကြာမှပါ။ သုံးတဲ့သူတွေဆိုအသက်တောင်၆၀ ဝန်းကျင်တွေရောက်နေပြီ။ သုံးတဲ့သူတိုင်းဖြစ်တယ်လို့ တော့မဆိုလိုပါဘူး။
 ဒါ့ကြောင့် Stano သုံးမယ်ဆိုရင်တော့အဆီလုံးဝရှောင်နိုင်မှအဆင်ပြေနိုင်မှာပါ။ အသား၊ ငါးကအစကိုလက်စတောများတဲ့ ဆိတ်သားအမဲသားမစားရင်ပိုကောင်းပါတယ်။ ကိုလက်စတောအနည်းဆုံးဖြစ်တဲ့ကြက်ရင်အုပ်စားပေးနိုင်ပါတယ်။ ကြက်ဥအနှစ်ကကိုလက်စတောကိုတော့ရှောင်စရာမလိုပါဘူး။ နောက်ထပ်ကတော့ ငါးကြီးဆီတစ်ရက်ကို 3 လုံးကနေ ၅ လုံးလောက်သောက်ပေးနိုင်ပါတယ်။ ငါးကြီးဆီကအရွတ်တွေအဆစ်တွေအတွက်လည်းကောင်းပါတယ်။ ကိုလက်စတောကျစေတဲ့ Lipid Stabil စတဲ့ Supplement တွေသောက်ပေးနိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သဘာဝတက်စတိုစတီရုန်းပြန်ထွက်အောင်လုပ်နည်း
စတီးရွိုက်တွေအားလုံးက စသုံးတာနဲ့အမျှကျွန်တော်တို့ဝှေးစေ့ကနေသဘာဝတက်စတိုစတီရုန်းထုတ်လုပ်မှုကျဆင်းပါတယ်။  Stano ကို ၁၀မီလီဂရမ် ၁၄ရက်ပေးလိုက်ရင်ကိုသွေးထဲကသဘာဝတက်စတိုစတီရုန်း ထုတ်လုပ်မှု ၅၅% ကျဆင်းပါတယ်။ တခြားဘာဆေးဝါးမှမသုံးဘူးဆိုရင်တော့ ၁လကနေ ၄လကြာမှပုံမှန်ပြန်ဖြစ်ပါတယ်။ ဒါ့ကြောင့် Testosterone booster တွေဖြစ်တဲ့ Terribulus, D-Aspartic acid နဲ့  ZMA တို့ပြန်လိုက်ပေးရပါမယ်။ Stano သုံးမယ်ဆိုရင်တော့တခြားစတီးရွိုက်တွေလိုမဟော်မုန်းကိုမပြောင်းတဲ့အတွက် Tamoxifen တို့ Clomifene Citrate တို့ သောက်ပေးစရာမလိုပါဘူး။ တချို့စတီးရွိုက်တွေကတော့ဆံပင်ကျွတ်နိုင်တယ်။ ဒါကDihydrotestosterone လို့ ခေါ်တဲ့ဟော်မုန်းအထွက်များလာလို့ ပါ။ ဒီအတွက်ကြောင့်မလို့ဆံပင်မကျွတ်အောင် Finasteride သုံးလို့ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Stano ကိုဘယ်လောက်ပမာဏထိသုံးနိုင်သလည်း
ပုံမှန်ဝိတ်ကျချင်တဲ့သူ ဒါမှမဟုတ် အပျော်တန်းသုံးမယ်ဆိုရင်တော့အရင်ဆုံး 6mg စသုံးရပါမယ်။ တစ်ရက်ကို 2mg သုံးကြိမ်ပေါ့။ ပရော်ဖက်ရှင်နယ်အဆင့်ဆိုရင်တော့ 15mg ကနေ 25 mg နေ့စဉ်သုံးနိုင်တယ်။ ဒါက Stano သောက်ဆေးပါ။ ၆ပတ်ကနေ ၈ ပတ်ကြားသုံးနိုင်ပါတယ်။ ၈ပတ်ကျော်ဖို့မသင့်ပါဘူး။
ထိုးဆေးကတော့ပထမဆုံးသုံးမယ်ဆိုရင် 50mg ကို ၂ပတ်ခြားတစ်ခါထိုးရပါမယ်။ နောက်တစ်ဆင့်ထပ်မြှင့်မယ်ဆိုရင်တော့ တစ်ရက်ခြား 50mg သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ၃ရက် ခြားပြီး 75mg အသုံးပြုလို့ရပါတယ်။ အများဆုံး ၈ပတ်သုံးနိုင်တယ်။ အကောင်းဆုံးကတော့ ၆ပတ်ပါပဲ။ တချို့ကတော့မာဆယ်ကို Stanoရယ် Trenbolone နဲ့ခွဲကြတယ်။ တစ်ပတ်ကို Tren 150 mg နဲ့ တွဲသုံးကြတယ်။ ဒါမှမဟုတ် ရိုးရိုးတက်စတိုစတီရုန်းသုံးမျိုးဖြစ်တဲ့ (Testosterone ethanthate, Cypionate, Propionate) နဲ့တွဲသုံးကြပါတယ်။ Primobolan( Methenolone enanthate) , Decaduabolin နဲ့ Equipoise တို့နဲ့တွဲသုံးရင်လည်းပိုအဆင်ပြေပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ဆရာပါမောက္ခရန်လင်းမြင့်ပြောဘူးသလိုပဲ။ စတီးရွိုက်ဆိုတာနတ်ဆေးတွေပဲ။ ကိုယ်ကကောင်းကောင်းအသုံးချနိုင်ရင်တော့အမြင့်ကိုတင်ပေးနိုင်သလို။ သူကပြန်နိုင်သွားရင်တော့ဆိုးကျိုးတွေပေါ်နိုင်ပါတယ်။ တကယ်ဆို Trenbolone တို့  Stano ကခုမှစသုံးမယ်ဆိုရင်မသုံးသင့်ပါဘူး။တစ်ခုခုဖြစ်ရင်ဒီမှာကုနိုင်တဲ့ဆရာဝန်မရှိလည်းမရှိသလို။ အမေရိကန်လိုနိုင်ငံမျိုးမှာတောင်တိကျတဲ့ကုထုံးမရှိပါဘူး။
ကိုယ်ကစသုံးမယ်ဆိုရင်လည်းဆိုးကျိုးမရှိတဲ့စတီးရွိုက်တွေအများကြီးပါပဲ။ ဥပမာDecadurabolin,Sustanon , Equipose, Primobolan, Clenbutrol, Masteron တို့ ရိုးရိုးတက်စတိုစတီရုန်းတို့ ကြိုက်သလောက်နီးပါးသုံးလို့ ရပါတယ်။ အသက်အန္ဓာရယ်မစိုးရိမ်ရပါဘူး။ အပြင်းဆုံးစတီးရွိုက်တွေဖြစ်တဲ့ Trenbolone, Dbol, Anadrol,Anavar နဲ့  Winstrol (Stano) တို့သုံးရင်တော့နောက်ကနေသောက်ဆေးတွေအများကြီးလိုက်ရတော့မှာပါ။ ဆေးကလည်းဒီတိုင်းဖြတ်လို့မရပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စတီးရွိုက်တွေမှာလည်း Strength တက်စေတဲ့စတီးရွိုက်တွေရှိသလို၊ အမောခံနိုင်တဲ့စတီးရွိုက်တွေလည်းရှိပါတယ်။ ပြေးခုန်ပစ်မှာသုံးတဲ့စတီးရွိုက်တွေရယ်၊Bodybuilding မှာသုံးတဲ့စတီးရွိုက်တွေရယ်၊ နပမ်းကစားရာမှာသုံးတဲ့စတီးရွိုက်တွေရယ်တစ်ခုနဲ့တစ်ခုမတူကြပါဘူး။ ဒါ့အပြင် celibrities တွေသုံးတဲ့စတီးရွိုက်တွေရယ်၊ မင်းသားမင်းသမီးတွေသုံးတဲ့စတီးရွိုက်တွေလည်းရှိပါသေးတယ်။
ဥပမာ Clenbutrol ကိုဒေးပစ်ဘက်ခမ်းတို့ ၊ ဘရစ်တနီစပီးယားတို့ လင်ဆေးလိုဟန်တို့ တောင်သုံးတယ်ဆိုတော့ဆိုးကျိုးတော့သိပ်ရှိမယ်မထင်ဘူး။ တကယ်တော့Bodybuilding ဆိုတာမျိုးရိုးဗီဇပါပဲ။ တချို့ကတော့ကြက်သားကြက်ဥစားပြီးသဘာဝနဲ့ကြီးနိုင်သလိုတချို့ကျတော့လည်း စတီးရွိုက်တွေကူမှအဆင်ပြေနိုင်တာပါ။ ဒီဟာလေးကလည်းကျွန်တော်ကိုမေးတဲ့သူတော်တော်များလို့ရေးလိုက်တာပါ။အားလုံးပဲစတီးရွိုက်နဲ့ပတ်သတ်တဲ့ဗဟုသုတလေးတွေရကြပါစေဗျာ။
အောင်ကိုမင်း(ဆေးတက္ကသိုလ်)
Sunday, October 7, 2018
*** ခြေဖနောင့်ကွဲရောဂါ ***
~~~~~~~~~~~~~~~~~~~~
💥 MWD: ဆရာရှင့်.. ဆောင်းတွင်းကာလရောက်လာရင် အချို့လူတွေမှာ ခြေထောက်ကွဲတာမျိုး ဖြစ်လေ့ရှိပါတယ် ဆရာ.. အဲ့ဒါ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ အရင်ဆုံးပြောပြပေးပါ..
Dr.KML: Cracked heels လို့ခေါ်တဲ့ ခြေထောက်ကွဲတဲ့ရောဂါကတော့ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်.. ဒါပေမယ့် ဆောင်းတွင်းမှာ ပိုအဖြစ်များပါတယ်.. အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ အရေပြားခြောက်လို့ ဖြစ်ရတာပါ.. ခြေဖနောင့်ကိုကြည့်လိုက်ရင် အောက်မှာရှိတဲ့  Sole  ရဲ့အရေပြားနဲ့ ဘေးပတ်လည်မှာရှိတဲ့ အရေပြားတွေဟာ ဖွဲ့စည်းတည်ဆောက်ပုံ မတူကြပါဘူး.. ဒီနှစ်ခုဆုံတဲ့နေရာမှာ ခြောက်သွေ့နေရင် အပေါ်ကနေ body weight နဲ့ဖိလိုက်တဲ့အခါမှာ ကွဲထွက်သွားတာ ဖြစ်ပါတယ်.. အထူးသဖြင့် callus လို့ခေါ်တဲ့ အသားမာရှိရင် အရေပြားက ထူနေတော့ ပိုကွဲထွက်နိုင်ပါတယ်.. အရေပြားပါးနေရင်တော့ ကွဲခဲပါတယ်..
💥 MWD: ဒါဆိုရင် ဝတဲ့သူတွေမှာ ပိုဆိုးမှာပေါ့နော် ဆရာ..
Dr.KML: မှန်ပါတယ်.. ခြေဖနောင့်ကွဲရောဂါဟာ ခန္ဓာကိုယ်အလေးချိန်များလေလေ အပေါ်ကဖိအားများလေလေ ဖနောင့်ကွဲဖို့ပိုများလေလေ ဖြစ်ပါတယ်.. ဒါကြောင့် ဝတဲ့သူတွေမှာ ဖနောင့်ကွဲရင် ကိုယ်အလေးချိန်ပါ လျှော့ချပါမှ ရောဂါပျောက်မှာ ဖြစ်ပါတယ်..
💥 MWD: တခြား ဘယ်လိုအခြေအနေမျိုးတွေမှာ ဖနောင့်ကွဲရောဂါ ဖြစ်နိုင်ပါသလဲ ဆရာ..
Dr.KML: ဒီနေရာမှာ နှစ်ပိုင်း ခွဲနိုင်ပါတယ်.. ပထမပိုင်းအနေနဲ့ အနေအထိုင် အပြုအမူ မှားယွင်းလို့ ဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့ ဒုတိယပိုင်းအနေနဲ့ ခန္ဓာကိုယ်မှာ တခြားရောဂါတစ်ခုခုကြောင့် ဖနောင့်ကွဲရခြင်းတို့ပဲ ဖြစ်ပါတယ်..
ပထမပိုင်းဖြစ်တဲ့ အနေအထိုင်မှားယွင်းလို့ ဖြစ်ရတာနဲ့ ပတ်သက်လို့ကြည့်ရင်…
(၁) အများဆုံးတွေ့ရတာကတော့ ဖိနပ်မပါဘဲ လမ်းလျှောက်တာများတဲ့သူတွေမှာ အဖြစ်များပါတယ်.. ဥပမာ သံဃာတော်တွေဆိုရင် ဝိနည်းအရ ဆွမ်းခံထွက်တဲ့အခါ ဖိနပ်မစီးရတော့ ဖနောင့်ကွဲရောဂါ ပိုဖြစ်ပါတယ်.. အချို့လဲ လုပ်ငန်းခွင်အရ ဖိနပ်မစီးဘဲလုပ်ရတဲ့သူတွေ တောသူတောင်သားတွေမှာ ပိုဖြစ်လေ့ရှိပါတယ်..
(၂) ဖိနပ်စီးရင်တောင်မှ စီးတဲ့ဖိနပ်အမျိုးအစားအပေါ်မူတည်ပြီး ဖြစ်တဲ့နှုန်း ကွာခြားလေ့ရှိတော့ ဖနောင့်ကွဲရောဂါ ဖြစ်တဲ့နှုန်းဟာ ပိုများပါတယ်.. Shoe ဖိနပ် လုံလုံခြုံခြုံ ကိုယ်နဲ့ fitting ဖြစ်တဲ့ဖိနပ်စီးထားရင် ဖြစ်ဖို့အလားအလာ နည်းပါတယ်.. fitting မကျဘဲ ချောင်နေမယ်၊ တရားလွန်ကြပ်နေမယ်ဆိုရင်လဲ ဖြစ်နိုင်ပါတယ်.. ခြေဖနောင့်နောက်ကနေ ဖွင့်ထားတဲ့ shoe မှာဆိုရင်လည်း ပိုဖြစ်လေ့ရှိပါတယ်..
(၃) နောက်ကြာကြာရပ်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်.. အထူးသဖြင့် အမာခံကြမ်းပြင်ပေါ်မှာ ကြာကြာရပ်ပြီးလုပ်ရရင် ပိုဖြစ်ပါတယ်..
(၄) အသက်ကြီးလာလေလေ အရေပြားဟာ ပိုမိုခြောက်သွေ့လာပြီး ခိုင်ခံ့မှုနည်းလာလို့ ပိုဖြစ်လေ့ရှိပါတယ်..
💥 MWD: နောက် ရောဂါတွေနဲ့ပတ်သက်ပြီး ဖြစ်ရတဲ့ ဖနောင့်ကွဲရောဂါအကြောင်းလည်း ဆက်ပါဦး ဆရာ…
 Dr.KML:
(၁) ပထမဆုံးအနေနဲ့ အများဆုံးတွေ့ရတာက ခြေဖနောင့်တစ်ဝိုက်မှာ အရေပြားရောဂါတစ်မျိုးမျိုး စွဲကပ်နေမယ်ဆိုရင် နောက်ဆက်တွဲလက္ခဏာအနေနဲ့ ဖနောင့်ကွဲရောဂါပါ ရလာတတ်ပါတယ်.. ဥပမာ နှင်းခူရောဂါ (Eczema) တို့ Psoriasis လို့ခေါ်တဲ့ရောဂါတွေမှာ တွေ့ရလေ့ရှိပါတယ်.. ဒီလိုရောဂါတွေဖြစ်ရင် သက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသမှသာ ခြေဖနောင့်ကွဲရောဂါဟာ ပျောက်ကင်းမှာဖြစ်ပါတယ်..
(၂) ဒုတိယအနေနဲ့ ဆီးချိုရောဂါ (Diabetes mellitus) ဖြစ်ခဲ့ရင် ခြေထောက်ကိုသွားတဲ့အာရုံကြောလေးတွေ ထိခိုက်ပျက်စီးတတ်ပါတယ်.. Autonomic neurophathy လို့ခေါ်ပါတယ်.. အဲ့ဒီအခါမှာ ခြေထောက်ကနေ ချွေးလုံးဝမထွက်တော့တဲ့အတွက် ခြေထောက်ဟာ ခြောက်သွေ့နေပါတယ်.. အဲ့လိုအခါမျိုးမှာ လူကလည်းဝနေမယ်ဆိုရင် အလွယ်တကူပဲ ခြေဖနောင့်ကွဲရောဂါရနိုင်ပါတယ်.. ဒီလိုလူမျိုးကို ဆေးကုရင် ဆီးချိုရောဂါကိုသက်သာအောင် Control လုပ်ပေးဖို့က ပိုအရေးကြီးပါတယ်..
(၃) တတိယအနေနဲ့ ခန္ဓာကိုယ်ထဲကThyroid hormone ချို့တဲ့တဲ့ရောဂါ ဖြစ်ပါတယ်.. Hypothyroidism  လို့ခေါ်ပါတယ်.. လည်ပင်းမှာရှိတဲ့ Thyroid gland ကနေ ဟိုမုန်းမထုတ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်.. အဲ့ဒီဟိုမုန်းဟာ ခန္ဓာကိုယ်ကနေ ချွေးထွက်အောင်လုပ်ပေးပြီး ခန္ဓာကိုယ်အပူချိန်ကိုမျှတအောင် ပြုလုပ်ပေးတဲ့ဟိုမုန်း ဖြစ်ပါတယ်.. အဲဒီဟိုမုန်းချို့တဲ့နေရင် ခန္ဓာကိုယ်ဟာ ခြောက်သွေ့နေမယ်.. ပြီးတော့ ခန္ဓာကိုယ်အလေးချိန်ကလည်း သာမာန်ထက်ပိုလေ့ရှိတဲ့အတွက် ဖနောင့်ကွဲရောဂါ ပိုဖြစ်လေ့ရှိပါတယ်.. ဒီလိုလူမျိုးကို ဆေးကုရင်လည်း ဟိုမုန်းဖြည့်စွက် တိုက်ကျွေးပါမှ ရောဂါပျောက်မှာ ဖြစ်ပါတယ်..
(၄) နောက်ဆုံးလေ့လာတွေ့ရှိချက်အရ ခြေဖနောင့်ကွဲရောဂါဖြစ်သူတွေဟာ ခန္ဓာကိုယ်မှာ သွပ်ဓါတ် (Zinc) နဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ Omega-3 fatty acid ချို့တဲ့နေတာ တွေ့ရလေ့ရှိပါတယ်.. ဒါကြောင့် အဲ့ဒီအာဟာရဓာတ်နှစ်မျိုး ချို့တဲ့တဲ့ အခြားလက္ခဏာတွေပါ ရှိ/မရှိ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်..
💥 MWD: ခြေဖနောင့်ကွဲရောဂါဖြစ်ရင် ဘယ်လိုမျိုးကုသလို့ ပျောက်ကင်းနိုင်ပါသလဲ ဆရာ..
Dr.KML: ဒီနေရာမှာ ရောဂါကြောင့်ဖြစ်တဲ့ ဖနောင့်ကွဲရောဂါနဲ့ သာမာန်အနေအထိုင် အစားအသောက်မှားသွားလို့ ဖြစ်ရတဲ့ ခြေဖနောင့်ကွဲရောဂါရယ်လို့ နှစ်မျိုးအပေါ်မူတည်ပြီး ကုသပေးရပါတယ်..
ရောဂါကြောင့်ဖြစ်တဲ့ ခြေဖနောင့်ကွဲရောဂါကိုတော့ မူလရောဂါကို ပျောက်ကင်းအောင်ကုသဖို့ အရေးကြီးပါတယ်.. ဥပမာ ဆီးချိုရောဂါ၊ သိုင်းရွိုက်ဟိုမုန်းချို့တည့်တဲ့ရောဂါ၊ အရေပြားရောဂါစသည်ဖြင့်ပေါ့.. ဒါကတော့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီးကုသရမှာ ဖြစ်ပါတယ်..
အနေအထိုင် အစားအသောက်နဲ့ ပတ်သက်ပြီးပြောရရင် Local treatment နဲ့ Systemic treatment ဆိုပြီး နှစ်ပိုင်းထပ်ခွဲနိုင်ပါတယ်.. Local treatment ဆိုတာကတော့ ဖြစ်တဲ့နေရာ ခြေထောက်ကို ကုသပေးတာဖြစ်ပြီး Systemic treatment ဆိုတာကတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံပြီးကုသပေးတာဖြစ်ပါတယ်..
💥 MWD: ဒါဆိုရင် ခြေထောက်ကို ဘယ်နည်းဘယ်ပုံ ကုသပေးရမလဲဆိုတာ အရင်ဆုံးပြောပြပေးပါ ဆရာ..
Dr.KML: အရေးအကြီးဆုံးကတော့ Foot hygiene လို့ခေါ်တဲ့ ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ ဖြစ်ပါတယ်.. အပြင်ကနေ ပြန်ရောက်ပြီးတိုင်း ခြေထောက်ကို ရေနဲ့ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်.. အထူးသဖြင့် ညအိပ်ယာဝင်ခါနီးတိုင်း ရေနဲ့ဆေးကြောသန့်စင်ရပါမယ်.. ဆေးတဲ့အခါမှာ ရေအေးအေးကြီးနဲ့မဆေးဘဲ ရေနွေးနဲ့ဆေးရမှာ ဖြစ်ပါတယ်.. ခြေဖနောင့်ကွဲတာ သိပ်ဆိုးရင် အထူးသဖြင့် အသားမာတွေထူနေရင် ရေနွေးထဲမှာ ကိုယ်ခံနိုင်သလောက်ရှိတဲ့အပူချိန်မှာ ဆားလေးနည်းနည်း ဆပ်ပြာမှုန့်နည်းနည်းထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပြီး ခြေထောက်ချင်း ပွတ်ထားပေးနိုင်ပါတယ်.. အဲ့ဒီလိုလုပ်လိုက်ရင် ခြေဖနောင့်ကွဲထဲမှာရှိတဲ့ အညစ်အကြေးတွေဟာ အပြင်ကိုထွက်သွားမယ်.. အသားမာတွေလဲ ပျော့သွားမယ်.. အပေါ်ဆုံးအလွှာတွေလည်း တဖြည်းဖြည်းချင်းကွာကျသွားတဲ့အတွက် အမြန်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်..
💥 MWD: အချို့ခြေထောက်မှာ အသားမာတက်တာများတဲ့သူတွေမှာ ကျောက်တုံးလေးတွေနဲ့ပွတ်ပြီး တိုက်ကြလေ့ရှိပါတယ် ဆရာ.. အဲ့ဒါရော ကောင်း/မကောင်း၊ လုပ်သင့်/မသင့် သိပါရစေ..
Dr.KML: အသားမာတွေကို ပါးအောင်လုပ်ဖို့ကတော့ အရေးကြီးပါတယ်.. အဲ့ဒီလိုလုပ်တဲ့အခါမှာ ကျောက်တုံးအနု ဥပမာ သဲကျောက်အနုစား (sand stone) ဒါမှမဟုတ် မီးတောင်ကနေထွက်တဲ့ ချော်ရည်တွေခဲပြီးဖြစ်တဲ့ Pumice stone တွေနဲ့ပွတ်တိုက်ရင် အကောင်းဆုံး ဖြစ်ပါတယ်.. နိုင်ငံခြားမှာရှိတဲ့ Pharmacy တွေမှာဆိုရင် Pumice stone တွေကို သီးခြားရောင်းပါတယ်.. ရေချိုးခန်းမှာထားပြီး ရေချိုးတိုင်း ခြေထောက်ကိုပွတ်တိုက်ဖို့ ဖြစ်ပါတယ်.. အသားမာတွေကို ရေနဲ့နူးတဲ့အချိန်မှာ အလွယ်တကူ ပွတ်တိုက်ပေးခြင်းဖြင့် ခြေဖနောင့်ကွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်.. ဒါပေမယ့် ဓားတို့ ကတ်ကြေးတို့နဲ့ ကိုက်ဖြတ်တာတို့ လက်နဲ့ဆွဲဖဲ့တာမျိုးတော့ မလုပ်ရပါဘူး..
💥 MWD: ပြီးတော့ ဘာတွေလုပ်သင့်သလဲဆိုတာ ဆက်ပါဦး ဆရာ..
Dr.KML: ခြေထောက်ကို ရေဆေးသန့်စင်ပြီးပြီဆိုရင် ညအိပ်ခါနီးမှာ သင့်တော်မယ့် အဆီပါတဲ့ Cream တစ်ခုခုကို လိမ်းအိပ်ရပါမယ်.. ဘာမှမရှိတဲ့နေရာမှာဆို အုန်းဆီ (Coconut oil) ခြေထောက်မှာလိမ်းပြီး အိပ်ရပါမယ်.. cracked heels cream တစ်ခုခုကို လိမ်းနိုင်ရင်တော့ ပိုကောင်းပါတယ်.. ကျွန်တောတို့ FAME အနေနဲ့လည်း သဘာဝအပင် (၆) မျိုးကိုအခြေခံပြီး Aloeheal ဆိုတဲ့နာမည်နဲ့ လိမ်းဆေးထုတ်ထားပါတယ်.. တကယ်လို့ ခြေထောက်ကွဲတာပိုဆိုးရင်တော့ ဆေးလိမ်းပြီးမှ ခြေအိတ်ဝတ်ထားလို့ပဲဖြစ်ဖြစ် ပတ်တီးလေးပတ်ထားလို့ပဲဖြစ်ဖြစ် လုပ်ပေးရင်ပိုကောင်းပါတယ်..
💥 MWD: ခြေဖနောင့်ကွဲတဲ့သူတွေအနေနဲ့ ဘယ်လိုဖိနပ်မျိုးကို ရွေးချယ်အသုံးပြုသင့်ပါသလဲ..
Dr.KML: ခြေဖနောင့်ကွဲသူတွေဟာ ဖိနပ်ရွေးချယ်ဝတ်ဆင်မှု မှားယွင်းလို့လည်း ဖြစ်တတ်ပါတယ်.. အထူးသဖြင့် ခွာပါးတဲ့ဖိနပ်မျိုးကို မဝတ်သင့်ပါဘူး.. ခွာမညီတဲ့ဖိနပ်မျိုးကိုလည်း မဝတ်သင့်ပါဘူး.. ခွာနည်းနည်းထူတာဟာ ပိုသင့်တော်ပါတယ်.. အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်ဖိနပ် ဝတ်ချင်ရင် ဝတ်နိုင်ပါတယ်.. shoe စီးရင်လည်း ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ဖိနပ် size ကို ရွေးဖို့လိုပါတယ်.. ချောင်လွန်းရင်လည်း လမ်းလျှောက်တိုင်း ပွတ်တိုက်မှုဖြစ်ပြီး အသားမာ ပိုတက်တတ်ပါတယ်.. ကြပ်လွန်းရင်လည်း သွေးကောင်းကောင်းမလျှောက်လို့ အနာကျက် နှေးနိုင်ပါတယ်.. ခြေအိတ်နဲ့ shoe နဲ့စီးရင် ခြေထောက်ရေစိုကြီးနဲ့ မဝတ်ရပါဘူး.. ခြေအိတ်လည်း ရေစိုနေရင် သေသေချာချာမခြောက်ရင် မဝတ်သင့်ပါဘူး..
💥 MWD: ခြေထောက်ကွဲသူတွေအနေနဲ့ လေ့ကျင့်ခန်း လုပ်သင့်/မလုပ်သင့်လည်း သိပါရစေ..
Dr.KML: ခြေထောက်ပေါ်မှာ အားပြုတဲ့ တစ်နည်းအားဖြင့် ဖနောင့်နဲ့ဆောင့်ပြီးကျတဲ့ လေ့ကျင့်ခန်းမျိုးကို ရှောင်ရမှာ ဖြစ်ပါတယ်.. ပြေးတာလွှားတာတွေလည်း ခေတ္တလျှော့ရမှာ ဖြစ်ပါတယ်.. လမ်းလျှောက်တာမျိုးကျတော့ လုပ်လို့ရပါတယ်..
💥 MWD: ခြေထောက်နဲ့ပတ်သက်လို့တော့ သိရပါပြီ ဆရာ.. တစ်ကိုယ်လုံးအနေနဲ့ခြုံပြီး ဘာလုပ်သင့်သလဲဆိုတာလည်း ပြောပြပေးပါ..
Dr.KML:
(၁) အရေးအကြီးဆုံးကတော့ ရေများများသောက်ပေးဖို့ ဖြစ်ပါတယ်.. ခြေထောက်ကွဲရခြင်းရဲ့ အဓိကအကြောင်းက အရေပြားခြောက်သွေ့လို့ ဖြစ်ရတာဖြစ်တဲ့အတွက် ရေများများသောက်မှ အရေပြား ပြန်လည်စိုပြေလာမှာ ဖြစ်ပါတယ်.. ရေဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေထက်စာရင် သဘာဝ Fruit Juice တွေကို ပိုသောက်နိုင်လေ ကောင်းလေဖြစ်ပါတယ်.. ဥပမာ သံပုရာရည်၊ လိမ္မော်ရည်၊ နာနတ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည် စသည်ဖြင့်ပေါ့..
(၂) နောက်တစ်ခုကတော့ သွပ်ဓာတ်(Zinc) ပါဝင်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်.. ဥပမာ ဆန်လုံးညို (Brown rice)၊ ဒိန်ချဉ် (yogurt).. အဲ့ဒါတွေ မစားဖြစ်ရင် Zinc ပါတဲ့အားဆေးတစ်ခုခု မှီဝဲနိုင်ပါတယ်.. တစ်နေ့ကို 30 mg လောက် စားသင့်ပါတယ်..
(၃) Vitamin E ပါတဲ့အစားအစာတွေဖြစ်တဲ့ Vegetable oil တွေ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်.. မစားနိုင်ရင်လည်း သဘာဝဗီတာမင်အီး (Natural vitamin E )ပါတဲ့ ဆေးဝါးတွေ မှီဝဲနိုင်ပါတယ်.. တစ်နေ့ကို 400 iu လောက်လိုပါတယ်..
(၄) Omega-3 fatty acid ပါတဲ့အစားအစာတွေ ပိုစားပေးရပါမယ်.. အဲ့ဒါတွေကတော့ ငါးအဆီ (Fish oil)၊ ငါးမြင်းဗိုက်သားလိုဟာမျိုးပေါ့.. မစားနိုင်ရင်လည်း နေ့စဉ် ဆေးသောက်လို့ရပါတယ်..
(၅) Pectin ပါတဲ့အစားအစာတွေလည်း မကြာခဏ စားသင့်ပါတယ်.. ဥပမာ ပန်းသီးတို့ သစ်တော်သီးတို့လို အသီးမျိုးဖြစ်ပါတယ်..
💥 MWD: ခြေဖနောင့်ကွဲရောဂါကို မကုသဘဲထားရင် ဘာတွေများ ဖြစ်နိုင်ပါသလဲ ဆရာ..
Dr.KML: သာမန်အားဖြင့်တော့ ခြေဖနောင့်ကွဲရောဂါဟာ အမြင်မလှတာကလွဲလို့ သိပ်ဒုက္ခပေးလေ့မရှိပါဘူး.. ဒါပေမယ့် ပစ်စလက်ခတ်ထားမယ်.. ခြေထောက်သန့်ရှင်းရေးကိုလည်း ဂရုမစိုက်ဘူးဆိုရင် ပိုပြီးကွဲလာပြီးတော့ ရောင်လာတတ်ပါတယ်.. ရောင်တော့ နာလာမယ်.. ပိုဆိုးလာရင် သွေးထွက်လာမယ်.. အဲ့ဒီအခါမှာ လမ်းလျှောက်လို့မရဘူး ဖြစ်လာတတ်ပါတယ်.. အဲ့ဒီအခါမျိုးမှာ ကတ်ကြေးတို့ ဘလိတ်ဓားတို့နဲ့ ခြစ်ထုတ်တာတို့ ဖဲ့တာတို့လုပ်ခဲ့ရင် မေးခိုင်ပိုးဝင်တတ်လို့ လုံးဝမပြုလုပ်သင့်ပါဘူး.. ရိုးရိုးဘက်တီးရီးယားတွေ ဝင်သွားရင်ကို အနာပိုဆိုးလာနိုင်ပါတယ်.. ဒါကြောင့် ကုသလို့လည်းလွယ်ကူတဲ့ ဒီရောဂါကို ပေါ့ပေါ့ဆဆမနေဘဲ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကုသသင့်ပါတယ်..
~ ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)
#MWDHealthTalkProgramme