Tuesday, December 5, 2023

အပူကန်လည်ချောင်းနာအတွက် လွယ်ကူမြန်ဆန်အိမ်တွင်းဆေးနည်း

 ဆောင်းရာသီအပူကန်လည်ချောင်းနာအတွက် 

လွယ်ကူမြန်ဆန်အိမ်တွင်းဆေးနည်းတိုလေးများ 

================================




#ဆောင်းပါးရှင် ပေါက်ပေါက်

မြန်မာနိုင်ငံတွင် နွေး၊ မိုး၊ ဆောင်းရာသီ သုံမျိုးရှိရာ တပေါင်းလပြည့်ကျော် တစ်ရက်မှ ဝါဆိုလပြည့်နေ့ထိကို “နွေရာသီ”၊ ဝါဆိုလပြည့်ကျော် တစ်ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိကို “မိုးရာသီ”၊ တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်မှ တပေါင်းလ ပြည့်နေ့ထိကို “ဆောင်းရာသီ” ဟူ၍ ၁၂ လကို  လေးလစီ ပိုင်းခြား သတ်မှတ်ထားပါသည်။


ခန္ဓာကိုယ်တွင်း အပူလွန်ကဲသူများသည် မိုးအကုန် ဆောင်းအကူး ပွင့်လင်းရာသီရောက်သည်နှင့်  အပူအအေး မမျှတ တော့ဘဲ လည်ချောင်းနာလေ့  ရှိကြသည်။ လည်ချောင်းနာ ဝေဒနာသည် လည်ချောင်းထဲကို မီးစဖြင့် အထိုးခံရသကဲ့သို့ စူးရှ ပူ လောင်စွာခံစားရပြီး ရေနှင့် တံတွေးတို့ကိုပင် မျိုချရန် ခက်ခဲသည်။ ၀မ်းချုပ်ခြင်း၊ ရေသောက်နည်းခြင်း၊ ရေမချိုးခြင်းတို့ကလည်း ကိုယ်တွင်းအပူလွန်ကဲမှုကို တွန်းအားဖြစ်စေပါသည်။ ထို့ကြောင့် ဆောင်းရာသီ ရောက်လာပါက သာမန်အချိန်များထက် ရေကိုပို ၍ သောက်ပေးသင့်ပြီး ရေခဲနှင့် ရေခဲရေတို့ကို အထူး ရှောင်ရှားရပါမည်။


ပုံမှန်ရေချိုးနေကျအတိုင်း နေ့စဉ် ရေချိုးပေးရန် လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ လမ်းများများလျှောက်ခြင်း၊ ကောက်ညှင်းပေါင်း နှင့် ကောက်ညှင်းဖြင့် ပြုလုပ်ထားသောမုန့်များကို စားသုံးခြင်းမှ ရှောင်ရှားခြင်း၊ ဟင်းနုနယ်ရွက် သို့မဟုတ် မုန် ညင်းစိမ်းကဲ့သို့ အစိမ်းရောင်ရင့်ရင့် အမျှင်ဓာတ်များသော ဟင်းရွက်များကို စားသုံးခြင်း၊ သင်္ဘောသီးမှည့်၊ ဖီးကြမ်းဌက်ပျောသီး မှည်ကဲ့သို့ ၀မ်းပျော့စာများကို စားသုံးခြင်းဖြင့့် ၀မ်းမချုပ်အောင် ဆင်ခြင် နေထိုင်သင့်ပါသည်။


အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူလွန်ကဲကာ လည်ချောင်းနာလေ့ရှိသူများသည် အအေးပိုသည့်နေ့များတွင် ခန္ဓာကိုယ်ထဲ မှာ အပူခဲ၍၊ ခန္ဓာကိုယ် ပြင်ပ အသားအရေမှာ အေးစက်နေခြင်းကို အခြားကာလထက် ပိုမို ဖြစ်ပေါ်ခံစားရဖွယ် ရှိပါသည်။ ထိုအခါ အပူအအေး မျှတမှုမရှိတော့ဘဲ အပူကန်၍ လည်ချောင်းနာများအပြင် ကျီးကန်းပါးစပ်ဖြစ်ခြင်း၊ သွားဖုံးနာခြင်း၊ သွားကိုက်ခြင်း၊ လျှာ ကွဲခြင်း၊ နှုတ်ခမ်းသားများ ကွဲအက်အဖတ်လန်ခြင်း၊ အသားပပ် ယားယံခြင်းနှင့် ခြေဖနောင့်ကွဲအပ်ခြင်းတွေ ဖြစ်လာနိုင်ပါသည်။


လွယ်ကူမြန်ဆန် အိမ်တွင်းဆေးနည်းတိုလေးများ။


မြန်မာ့ရိုးရာ လွယ်ကူမြန်ဆန်ဆေးနည်းတိုလေးများက ဆောင်းရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသော အပူကန် လည်ချောင်း နာခြင်း အပါအ၀င် အထက်ဖော်ပြပါ အပူအအေး မမျှတခြင်းတို့ကြောင့် ဖြစ်ပေါ်ခံစားရလေ့ရှိသော ဝေဒနာအမျိုးမျိုးတို့ကို ဘေး ထွက်ဆိုးကျိုး လုံး၀မဖြစ်စေဘဲ အချိန်တိုတွင်းမှာပင် သက်သာ ပျောက်ကင်းစေနိုင်ပါသည်။ သို့ပါ၍ အောက်ဖော်ပြပါ ဆေးနည်း အမျိုးမျိုးတို့မှ မိမိနှစ်သက်ရာကို သုံးစွဲကြည့်စေလိုပါသည်။


·         ဂျင်းပါးပါး ခုနစ်လွှာကို ထန်းလျက်အညိုရောင် သုံးလုံးထည့်ကာ၊ ရေ သုံးခွက် တစ်ခွက်တင်ကျို သောက်ပါ။


·         ဟင်းလျာများတွင် ကြက်သွန်ဖြူ များများထဲ့ချက်ပါ သို့မဟုတ် ကြက်သွန်ဖြူ များများထဲ့၍ ဆန်ပြုတ်ကျို သောက်ပါ။


·         ကင်ပွန်းချဉ်ရွက်ကို ဟင်းချို၊ ချဉ်ဟင်းချက်၍စားပါ။


·         ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်ပေါ်သွေး၍ နာနေသော လည်ချောင်းတစ်လျှောက်လုံးကို လိမ်းကျံပေး ပါ။ (နောက်တစ်နည်း)  ကြက်ဟင်းခါးသီး ပြုတ်ရည်သောက်ပါ။


·         ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာခန့်ကို ရေစင်စင်ဆေးပြီး အိုးသန့်သန့်မှာ ရေ သုံးခွက်တစ်ခွက်တင်ပြုတ်ပါ။ ၄င်း ပြုတ်ရည် နွေးနွေးဖြင့် ပလုပ်(အာလုပ်)ကျင်းပေးပါ။ ချက်ချင်းထွေးမပစ်ဘဲ ငုံနိုင်သမျှငုံထားပါ။ (မျိုချရန်မလိုအပ်ပေ) ဤဆေးနည်းက အာသီးရောင်ခြင်းအတွက်ကို ပါ ကောင်းကျိုးပြုပါသည်။


·         ရေနွေးကို ပွက်ပွက်ဆူအောင်ကျိုချက်ပြီး ပင်စိမ်းရွက်ခပ်ကာ သောက်ပေးပါ သို့မဟုတ် ပလုတ်ကျင်းပေးပါ။


·         သံပုရာသီး တစ်လုံးကို အစေ့ဖယ် အရည်မညှစ်ဘဲ ခပ်ပါးပါး အချပ်လေးတွေ လှီးထားပါ။ ဂျင်း လက်နှစ်ဆစ်ခန့်ကို အခွံနွှာပြီးနောက် ခပ်ပါးပါး အချောင်းမျှင်မျှင် လေးတွေရအောင်လှီးဖြတ်ပါ။ စောစောက လှီးဖြတ်ထားသော သံပုရာ သီး အလွှာချပ်လေးများ နှင့် ဂျင်းအချောင်းလေးများကို ခြောက်သွေ့သန့်ရှင်းသည့် ဖန်ပုလင်းလွတ် တစ်လုံးထဲမှာထဲ့ ပြီး၊ ၄င်းတို့မြုပ်ရုံ ပျားရည်စစ်စစ်ကို အပေါ်ကလောင်းချပေးပါ။ ပြီးနောက် ဖန်ပုလင်းကို လေလုံအောင် အဖုံးကြပ်ကြပ် ပိတ်၍ ထိုအရောအနှော သုံးမျိုးအား ဂျယ်လီပုံစံ ပြောင်းသွားသည်အထိ ရေခဲသေတ္တာထဲမှာ သိမ်းထားရပါမည်။ ဂျယ်လီဖြစ်လာသောအခါ ၄င်းကိုဇွန်းဖြင့်ခပ်ကာ မတ်ခွက်တစ်ခွက်ထဲသို့ ပြောင်းထည့်ပြီး ရေနွေးဆူဆူလောင်းချပါ။ ခပ်နွေးနွေး အနေအထားမှာ စားနိုင်ပါသည်။ ပျားရည်ြဖင့် ဓာတ်ပြုထားသည့်အတွက် သံပုရာခွံကိုဝါးစားနိုင်ပါသည်။ ၄င်းအချိုးအစားအတိုင်း တစ်နေ့တစ်ကြိမ် သောက်ပေးခြင်းဖြင့် အချိန် သုံးရက်မျှကြာသောအခါ အပူကန်လည် ချောင်းနာ လုံး၀ ပျောက်ကင်းသွားပါလိမ့်မည်။ (ပုလင်းဖုံး လုံလုံပိတ်ပြီး  ရေခဲသေတ္တာထဲမှာ နှစ်လ သုံးလ ကြာသည် အထိ သိမ်းထားလည်း ဆေးဓာတ်မပြယ်နိုင်ပေ)


·         မန်ကျည်းသီးမှည့်ကို ဆား၊ အညိုရောင်ထန်းလျက်တို့ဖြင့် ဖျော်ရည်လုပ်သောက်ပြီး၊ ၄င်းမန်ကျည်သီး အဖတ်ကို ဝါး စားပါ။ (ရေခဲမထည့်ရ)


·         သံပုရာရည်ကိုအပူပေး၍၊ ပျားရည်ဖြင့် ရော၍ လျှက်ပေးပါ။


·         ဒန့်သလွန်ပင်မြစ်ကို ထုထောင်းကြိတ်ချေ၍ အရည်ကိုညှစ်ယူကာ၊ စားပွဲတင်ဇွန်း တစ်ဇွန်းခန့် နေ့စဉ်သောက်ပါ။ လည်ချောင်းနာ အတွက်သာမက အသံ၀င်၊ အသံပျက်ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။


·         ဆီးဖြူရွက်ကို ရေဖြင့် သုံးခွက်တစ်ခွက်တင်ကျို၍ အာလုပ်(ပလုပ်)ကျင်းပေးပါ။ လျှာကွဲ၊ ပါးစပ်ကွဲ(ကျီးကန်းပါးစပ်) တို့ကိုပါ ပျောက်ကင်းစေပါ သည်။


·         ဧကရာဇ်ပင်၏ အမြစ်ကို သွေး၍ ဆန်ဆေးရည်ဖြင့် သောက်ပါ။


·         စိမ်းစားဥ၊ ဖရဲသီးစားပါ။


·         စွန်ပလွန်သီးမှည့် သို့မဟုတ် စွန်ပလွန်သီးယိုစားပါ။


·         ခရမ်းကစော့သီးစားပါ သို့မဟုတ် ခရမ်းကစော့သီးပင်၏ အရွက်ပြုတ်ရည်သောက်ပါ။


·         ခံတက်ရွက်သုပ်စားပါ သို့မဟုတ် ခံတက်ရွက်ပြုတ်ရည်သောက်ပါ။


·         ကြောင်ပန်းရွက်သုပ်စားပါ သို့မဟုတ် ကြောင်ပန်းရွက် ပြုတ်ရည်သောက်ပါ။


·         ကန်စွန်းရိုးနီကို အညိုရောင်ထန်းလျက်ဖြင့် ပြုတ်သောက်ပါ။


·         ရေကျက်အေး ထည့်ထားသော ခွက်ထဲသို့ ဆားသန့်သန့် လ္ဘက်ရည်ဇွန်းဖြင့် လေးပုံတစ်ပုံခန့်ထည့်ပါ။ ထိုအရော အနှောထဲကို ပိုးသေစေနိုင်သော အာနိသင်ဖြစ်အောင် လစ်စထရင်း ခေါ် ပလုပ်ကျင်းဆေးရည် လ္ဘက်ရည်ဇွန်း တစ်ဇွန်းခန့်ထည့်၍ ပလုပ်(အာလုပ်) ကျင်းပါ။ (မျိုမချပါနှင့်)


စေတနာများစွာ

#ဆောင်းပါးရှင် ပေါက်ပေါက် Tin Htet Htet Zaw 

ရေးသားသည်။

No comments: