Thursday, December 14, 2023

ဦးနေဝင်း၊ ရှော်ဖီအာမက်နဲ့ မေနန်းနွယ်

 ဦးနေဝင်း၊ ရှော်ဖီအာမက်နဲ့ မေနန်းနွယ် 


ရှော်ဖီ (သို့) အက်စ်အာမက်

wwwwwwwwwwwwwwwwwwwwwwwwwww




အက်စ်အာမက်ဟာ မိတ္ထီလာဇာတိပါ။ 


ကိုလိုနီ ခေတ်ကတည်းက မိတ္ထီလာကို ရောက်ရှိအခြေချနေထိုင်တဲ့ ဘင်္ဂလားဇာတိဖြစ်တဲ့ မိသားစုဝင် ဖြစ်ပါတယ်။ လူအများက သူ့ကိုအတိုကောက် ရှော်ဖီလို့ ခေါ်ကြပါတယ်။ ကျွန်တော်မြို့ပေါ်မှာ ကျောင်းနေတော့ သူ့မိသားစုဟာ မိတ္ထီလာမြို့ရဲ့ အချမ်းသာဆုံး မိသားစုမှာ ပါခဲ့ပါတယ်။ ရှော်ဖီရဲ့ လုပ်ငန်းတွေကတော့ လမ်း၊ တံတားနဲ့ အ ဆောက်အအုံများ ဆောက်လုပ်တဲ့ ကန်ထရိုက်တာတစ်ဦးပါ။


မိတ္ထီလာမှာ ကျောင်းပိတ်ချိန်ရောက်ရင် ၁ဝ တန်း ကျောင်းသားတွေ အပါအဝင် လူငယ် ၄၀ ၅ဝ လောက်ကို ကုလားရွာ(သူ့ဇာတိ)က သူ့ရဲ့ ခြံဝင်းထဲမှာ ညအိပ်နေစေ ပြီး သင်္ကြန်သံချပ်နဲ့ သီချင်းတွေ တိုက်စေပါတယ်။ သင်္ကြန်ကျချိန်မှာတော့ ကုန်တင်ကားကြီးတစ်စီးကို အလှပြကားအဖြစ် ဖန်တီးကာ သူ့ခြံမှာ ခေါ်ထားတဲ့ လူငယ်လေးတွေနဲ့အတူ မန္တလေးကို သွားပြီး သင်္ကြန်ဆင်နွှဲ ကြပါတယ်။ သင်္ကြန်ပြီးမှ ပတ်စာခွာ ဖျာသိမ်းလုပ်ကြပြီး အိမ်ပြန်ကြတာပါ။ အဲဒီအဖွဲ့တွေရဲ့ ကုန်ကျစရိတ်အားလုံးကို ရှော်ဖီက အကုန်ခံခဲ့တာပါ။


သူတို့အဖွဲ့ရဲ့ နာမည်ကိုတော့ ''ထီလာမောင်''လို့ အမည်ပေးထားပါတယ်။ အဲဒီအဖွဲ့ထဲမှာ ကျွန်တော့် ဦးလေးများဖြစ်ကြတဲ့ ဦးငြိမ်းမောင်နဲ့ ဦးသန်းမောင်တို့ လည်း ပါပါတယ်။ ကျောင်းပိတ်ချိန်ကစပြီး သင်္ကြန်ပြီးတဲ့ အထိ လူ ၄၀ ၅ဝ ရဲ့ ကုန်ကျစရိတ်၊ ထီလာမောင်သင်္ကြန် အဖွဲ့ မန္တလေးသွားတဲ့ စရိတ်တွေကို သူ့မိသားစုက ကျခံ တယ်ဆိုတာ ငယ်ငယ်က ကျွန်တော့်ဥာဏ်နဲ့ လိုက်မမီခဲ့ပါ။ လူ ၄၀ ၅ဝ ကို နှစ်လခန့် ကျွေးမွေးထားရုံမက မန္တလေးသင်္ကြန်လည်ပတ်တဲ့ ကုန်ကျစရိတ်တွေကို ဘာဖြစ်လို့များ သူတို့ကျခံနိုင်လဲ ဆိုပြီးတော့ပေါ့။


ကျွန်တော်သိရသလောက် ကျွန်တော်တို့ လူမှန်းသိတဲ့အချိန်မှာ တပ်မတော်က ဆောက်လုပ်ရေး ကန်ထရိုက်တွေ ရခဲ့ပါသတဲ့။ မိတ္ထီလာမြို့ပေါ်က တပ်မတော်အဆောက်အအုံများ၊ တောင်ကြီးမှာရှိတဲ့ ရပခ အဆောက်အအုံများနဲ့ ဗထူးတပ်မြို့က အဆောက်အအုံတွေကို ကန်ထရိုက် ရခဲ့တယ်လို့ သိရပါတယ်။


ကျွန်တော် ကျောင်းသားဘဝကတည်းက ရှော်ဖီ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုအကြောင်းကို ကြားခဲ့ဖူးပါတယ်။ တစ်ခါမှာတော့ ရှမ်းပြည်ကနေ ရှော်ဖီ ဂျစ်ကားနဲ့ ပြန်လာပါသတဲ့။ သူ့တပည့် ၂၊ ၃ ယောက်နဲ့အတူပေါ့။


ကလောအလွန်ကတော့ လမ်းတစ်နေရာက လူတချို့ ထွက်လာပြီး ရှော်ဖီ့ကားကို တားပါသတဲ့။ တားတဲ့သူတွေ က ဓားပြတွေပါ။ အဲဒီခေတ်တုန်းက မိတ္ထီလာ-တောင် ကြီးလမ်းသွားတဲ့ ကားတွေကို ခဏခဏဓားပြတိုက်လေ့ ရှိပါတယ်။

ဓားပြတွေက ကားရပ်တော့ သေနတ်နဲ့ချိန်ပြီး ပါတာအကုန်ထုတ်ဖို့ ခြိမ်းခြောက်ပါတယ်တဲ့။


ရှော်ဖီက ဓားပြတွေကို ''ငါရှော်ဖီပါကွ'' လို့ဆိုတာနဲ့ ဓားပြတွေက ''ဟာ...ဆရာမှန်းမသိလို့ တားမိတာ ခွင့်လွှတ်ပါ''လို့ တောင်းပန်ပါသတဲ့။ အဲဒီတော့ ရှော်ဖီက ဓားပြတွေကို ပိုက်ဆံအိတ်ထဲက ပါလာတဲ့ ငွေတချို့ ထုတ်ပေးလိုက်ပါ သတဲ့။ ၅ဝဝဝိ/-လောက် ရှိတယ်လို့ ပြောကြတယ်။ ဒီသတင်းဟာ ရှမ်းပြည်နဲ့မိတ္ထီလာမှာ ချက်ချင်းပျံ့နှံ့သွား ပါတယ်။ အဲဒီအချိန်မှာ ရှော်ဖီရဲ့ အသက်က (၃၅) နှစ် လောက်ရှိပါပြီ။


မေနန်းနွယ်

wwwwwwwwwwwwwwwwwwwwww


၁၉၅၉ ခုနှစ်၊ ဧပြီလကုန်လောက်မှာ ကျွန်တော် DSA ဝင်ခွင့် စာမေးပွဲအောင်ပြီး ရန်ကုန်ကို လာရပါတယ်။ ဗိုလ်ရွေးအဖွဲ့ Officer Testing Team – OTT (ယခုပြည်သူ့ရင်ပြင်)မှာ လာဖြေရတာပါ။ OTT မှာ လေး ရက်လောက်ဖြေပြီးတဲ့အခါ အရွေးခံရလို့ သူနဲ့ တစ်ဆက်တည်း စစ်သားစုဆောင်းရေး တပ်ဝင်းမှာ မေမြို့ကိုသွားဖို့ စောင့်နေရပါတယ်။ 


ကျွန်တော်နဲ့အတူ အနယ်နယ်အရပ်ရပ်က အရွေးခံရတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ ကိုကျော်ခင်(ကွယ်လွန်) လည်း ပါပါတယ်။ သူ့မိဘက တပ်မတော်ထဲကပါ။ မိတ္ထီလာ တပ်မတော်ကျောင်းမှာ ကျောင်းအိပ် ကျောင်းစား နေရင်းနဲ့ ပါလာတာပါ။


စစ်သား စုဆောင်းရေးတပ်မှာ နေရင်း အားတဲ့ အချိန်တွေမှာ မြေနီကုန်းက ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်၊ တစ်ခါတစ်လေ လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရားပေါ် တက်ဖူး စတဲ့ လည်ပတ်မှုမျိုးပဲ လုပ်နိုင်ပါတယ်။ အသုံးစရိတ်ကလည်း အတောင့်ကြီး မဟုတ်ပါဘူး။ ကိုကျော်ခင်ကတော့ အပေါင်းအသင်း များပါတယ်။ နေ့တိုင်းလိုလို အပြင်ထွက်လည်လေ့ ရှိပါတယ်။ တစ်နေ့ကျတော့ သူက ကျွန်တော့်ကို ထူးဆန်းတဲ့မေးခွန်းတစ်ခု မေးပါတယ်။ ''ဟေ့ကောင် ... မင်းမိန်းမချောချော မြင်ဖူးလား''ပါတဲ့။ 


ကျွန်တော် ရုတ်တရက် ပြန်မဖြေနိုင်ပါ။


ကျောင်းသားဘဝ သူငယ်တန်းကနေ (၁ဝ)တန်းအထိ နေခဲ့ရာမှာ အတန်းဖော်မိန်းကလေး သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ သူတို့ဟာ လှလား၊ မလှလား ကျွန်တော် သတိမပြုမိပါ။ ဒါ့ကြောင့် ကျွန်တော်က ကိုကျော်ခင်ကို ''မပြောတတ်ဘူးဗျာ'' လို့ ပြန်ပြောလိုက်တော့ သူက ''ဒါဆိုညနေ ငါနဲ့လိုက်ခဲ့၊ မင်းကိုပြမယ်'' လို့ ပြောပါတယ်။ ညနေကျတော့ ကျွန်တော် သူခေါ်ရာကို လိုက်ခဲ့ပါတယ်။ ဘတ်စ်ကားနှစ်ဆင့် စီးရပါတယ်။ ကျောက်ကုန်းဆိုတဲ့ ရပ်ကွက်ကိုပါ။


လမ်းမကြီးကနေ အထဲဝင်တော့ ခြံနဲ့၊ ဝင်းနဲ့ လုံး ချင်းတိုက်အိမ်တစ်လုံးကို ရောက်ပါတယ်။ အိမ်ရှင်တွေက ကျွန်တော့်ကို ဖော်ဖော်ရွေရွေ ဧည့်ခံပါတယ်။ ကိုကျော်ခင်နဲ့ မူလကတည်းက သိကျွမ်းပြီးသားနဲ့ တူပါတယ်။ ဧည့်ခန်းက ဆက်တီကုလားထိုင်မှာ လူတစ်ယောက် ထိုင်နေပါတယ်။ အသက် သုံးဆယ်ကျော် လောက်ရှိမှာပါ။ အရပ်က ၅ပေ၊ ၃လက်မလောက်ပဲ ရှိ မယ်ထင်ပါတယ်။ သူ့ထူးခြားချက်က ထိပ်ကပြောင်နေပါပြီ။ အဲဒီအချိန်မှာ အိပ်ခန်းလို့ ထင်ရတဲ့ အခန်းတစ်ခန်းက အမျိုးသမီးတစ်ယောက် ထွက်လာပါတယ်။


အမျိုးသမီးက ကိုကျော်ခင်ကို နှုတ်ဆက်ပြီး ကျွန်တော့်အနားမှာ လာထိုင်ပါတယ်။ ကျွန်တော့်ကိုလည်း မိတ်ဆက်ပေးပါတယ်။ အမျိုးသမီး ကျွန်တော့်အနားမှာ လာထိုင်တာနဲ့ သင်းထုံနေတဲ့ ရေမွှေးနံ့ရပါတယ်။ သူ့အသက်က ကျွန်တော်တို့နဲ့ ရွယ်တူလောက်ရှိမှာပါ။ အရပ်ကတော့ သိသိသာသာ မြင့်ပါတယ်။ ၅ပေ၈လက်မလောက် ထင်ပါတယ်။ ဒါတင်မကဘူး။ ရုပ်ရည်အင်မတန် လှပတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော့်စိတ်ထဲမှာ ဖြစ်ပါတယ်။ သူ့နာမည်က 'မေနန်းနွယ်' ပါတဲ့။


သူ့နာမည်ကို ကျွန်တော်ကြားဖူးပါတယ်။ မယ်ဒဂုံလား၊ မယ်ဗမာလား အရွေးခံရပြီးသားပါ။ ကိုကျော်ခင် ကျွန်တော့်ကို ပြောတဲ့ မိန်းမချောဆိုတာ သူပဲပေါ့လို့ ကျွန်တော့်စိတ်မှာ ဖြစ်လာပါတယ်။ ကျွန်တော်တို့လည်း နာရီဝက်လောက်ကြာတော့ ပြောစရာစကား ကုန်တာနဲ့ နှုတ်ဆက်ပြီး ပြန်လာကြပါတယ်။


အပြန်ကျမှ ဘတ်စ်ကားပေါ်ရောက်တော့ ကိုကျော်ခင်က ဧည့်ခန်းမှာ တွေ့ခဲ့တဲ့ ထိပ်ပြောင်ပြောင်နဲ့လူဟာ မေနန်းနွယ်အရင် တစ်နှစ်(၁ဝ)တန်းဖြေစဉ်မှာ ကျူရှင်ပေးတဲ့ ဆရာပါတဲ့။ အင် ဂျင်နီယာဘွဲ့ရတစ်ယောက်ဖြစ်ပြီး မေနန်းနွယ်နဲ့ အိမ် ထောင်ကျနေပြီလို့ ပြောပါတယ်။


အဲဒီတော့မှာ ကျွန်တော်က ကိုကျော်ခင်ကို ''ခင် ဗျားဗျာ ... သူများမိန်းမဖြစ်နေတဲ့ သူ့ကိုများ ကျုပ်ကို ခေါ်ပြနေသေးတယ်။ ဘာမှအဓိပ္ပာယ်မရှိဘူး''လို့ ပြောတဲ့ အခါ ''ဘာပြောပြော၊ လှတာတော့ လှတယ်မို့လား''လို့ ကိုကျော်ခင်က စကားပိတ်လိုက်ပါတယ်။


နောက်ပိုင်း ကျွန်တော်တို့ DSA ရောက်တဲ့အခါ ကိုကျော်ခင့်ဆီကပဲ မေနန်းနွယ်ရဲ့ သတင်းကြားရပါတယ်။ သူ့ယောက်ျားကြီးနဲ့ကွဲပြီး မြန်မာ့လေကြောင်း Burma Airways Corporation - BAC မှာ လေယာဉ်မယ်လုပ်နေတဲ့ အကြောင်း သိရပါတယ်။




မေနန်းနွယ်၊ရှော်ဖီနဲ့ ဦးနေဝင်း

wwwwwwwwwwwwwwwwwwwwww


တစ်ရက်သောနေ့မှာတော့ ဦးနေဝင်းကလည်း မန္တလေးမှာ တပ်ကိစ္စလာရင်း အပြန်မှာ BAC နဲ့ပြန်ပါတယ်။ ရှော်ဖီကလည်း မန္တလေးကို လုပ်ငန်းအတွက်လာ ကြည့်ရင်းနဲ့ ရန်ကုန်ကို ပြန်မှာမို့လေယာဉ်စီးတော့ ဦးနေဝင်းနဲ့ လေယာဉ်ပျံပေါ်မှာ ဆုံကြပါတယ်။ သူတို့နှစ်ယောက်က မူလကတည်းက သိကျွမ်းပြီးသားပါ။ ဖြစ်ချင်တော့ အဲဒီလေယာဉ်ပျံပေါ်မှာ လိုက်လာတဲ့ လေယာဉ်မယ်က မေနန်းနွယ်ပါ။


အဲဒီအချိန်မှာ ရှော်ဖီက အိမ်ထောင်ကျနေပါပြီ။ ဦးနေဝင်းက ဒုတိယအိမ်ထောင်နဲ့ အဆင်မပြေလို့ ကင်းကွာနေပြီး တတိယအိမ်ထောင်ဖြစ်မယ့် ဒေါ်ခင်မေသန်းနဲ့ မဆုံရသေးပါ။ မေနန်းနွယ်ဟာ အင်မတန်ချောတဲ့ မိန်းကလေးဆိုတော့ လေယာဉ်ပျံပေါ်မှာ ဆုံတဲ့အခိုက် သူ့ကို ဦးနေဝင်းကရော၊ ရှော်ဖီကပါ သဘောကျကြပါသတဲ့။


ဦးနေဝင်းက ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ရှိတော့ မေနန်းနွယ်ကို နှုတ်ဆက်ရင်း နောက်လိုက်၊ ပြောင်လိုက်နဲ့ ဆက်ဆံပါသတဲ့။ သူစိတ်ဝင်စားပေမယ့် ''ရောက်ရောက်ခြင်း၊ ဆောက်နဲ့ထွင်း''သလို မလုပ်ဘဲ ရေရှည်ချဉ်းကပ်ရမယ့်နည်းကို သုံးမယ့်ဟန်တူပါတယ်။ သမာဓိပိုး ပိုးမယ့်သဘောပါ။


ဒါပေမဲ့ ရန်ကုန်ကိုရောက်လို့ မေနန်းနွယ် မိမိအိမ်ကို ရောက်ခါရှိသေးတယ် ရှော်ဖီက သူ့အိမ်ကို ကား နဲ့လိုက်လာပါသတဲ့။ သူနဲ့အတူ လက်ကိုင်အိတ်အကောင်း စား Attache Case တစ်ခုနဲ့အပြည့် ရာတန်စက္ကူတွေ ထည့်လာပါသတဲ့။ စုစုပေါင်း ကျပ်ငါးသိန်း ရှိပါသတဲ့။ ရှော်ဖီက အဲဒီပိုက်ဆံနဲ့ မေနန်းနွယ်ကို သူ့မိဘဆီက လာတောင်းတာပါ။ အဲဒီခေတ်က ငွေ ၅ဝဝဝိ/- ရှိရင် ဂျစ်ကားတစ်စီးဝယ်လို့ရတဲ့ ခေတ်ပါ။


''အဲဒီလောက်များတဲ့ငွေတွေဆိုတော့လည်း သူ့မိ ဘက ဘယ်လိုငြင်းနိုင်တော့မှာလဲ''လို့ နောက်တော့ မေနန်းနွယ်က သူ့အသိမိတ်ဆွေတွေကို ပြောပါသတဲ့။ ရှော်ဖီမှာ ပထမ မယားကြီးရှိသော်လည်း သူက ဗုဒ္ဓဘာသာမှမဟုတ်တာ၊ ပြဿနာမရှိဘူးပေါ့။ ရှော်ဖီကလည်း အိမ်တစ်ဆောင်၊ မီးတစ်ပြောင်နဲ့ သူ့ကို ထားပါတယ်။ ရွှေတောင်ကြားရပ်ကွက်က ရေကူးကန်ပါတဲ့ အိမ်တစ်လုံးကို သူ့နာမည်နဲ့ နေစေပါတယ်။


မေနန်းနွယ်ဟာ ရှော်ဖီနဲ့ရသွားပြီလို့ကြားတဲ့အခါ မှာ ဦးနေဝင်းက အကြီးအကျယ် ဒေါသထွက်ပါသတဲ့။ မေနန်းနွယ်ကို သူနဲ့ရှော်ဖီတို့ တစ်ပြိုင်နက်တည်း တွေ့ခဲ့ကြတာ သူမှတ်မိတာပေါ့။ ပြီးတော့ သူက ကြိမ်းဝါးပါ တယ်။ ''ခွေးကုလား ... ငါတို့တပ်က ကန်ထရိုက်တွေနဲ့ ကြီးပွားနေတဲ့ကောင်၊ သိမယ်''လို့ဆိုပြီး မကြာမီမှာ တပ်မတော်မှာ ဂျီအီး G.E လို့ အများက သိထားတဲ့ဆောက် လုပ်ရေးအင်ဂျင်နီယာတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။


ဒါ့ကြောင့် G.E တပ်ဖွဲ့ ပေါ်ပေါက်လာတာဟာ မေနန်းနွယ်ကျေးဇူးမကင်းဘူးလို့ ပြောနိုင်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ တပ်မတော်က လုပ်ငန်းကြီးမှန်သမျှ (လမ်း၊ တံတား၊ အဆောက်အအုံ)တွေ ဆောက်လုပ်ရာ မှာ G.E ကိုပဲ တာဝန်ပေးပါတော့တယ်။ အခုဆိုရင် လူအများက G.E က ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုပုံစံမျိုးဆိုတာ အားလုံးက သိကြပါတယ်။ အဲဒီတပ်မှာ ရဲဘော်ကစပြီး တပ်ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်အဆင့်အထိ သာမန်ချောင်လည်တယ်ဆိုတာထက်ပိုတဲ့ အနေအထား တွေရှိနေပါပြီ။


ရှော်ဖီ ထောင်နန်းစံရခြင်း

===============

မဆလခေတ်မှာ ဆိုရှယ်လစ်စီးပွားရေး စနစ်တည် ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရဲ့ စီးပွားရေးကို ဦးနေဝင်းက အကောင်အထည်ဖော်ဖို့ ကြိုး စားခဲ့ပါတယ်။ အောင်မြင်မှုမရဘဲ အခက်အခဲမျိုးစုံကြုံခဲ့ရပါတယ်။


ဒါကြောင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်ရမယ့် ဥပဒေတွေ ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီဥပဒေကို အကောင်အထည်ဖော်တဲ့အနေ နဲ့ ''စူဇကာ စစ်ဆင်ရေး''လို့ အမည်တပ်ပြီး တစ်နိုင်ငံလုံးက ခရိုင်အဆင့်ထိ မြို့အသီးသီးမှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့သူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။


ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ မေမြို့က ကျွန်တော့်အသိမိတ်ဆွေတွေလည်း ပါသွားခဲ့ပါတယ်။

ရှော်ဖီကတော့ ထိပ်ဆုံးကပေါ့။ သူ့ကို ဥပဒေအရလည်း ငြိလို့ဖမ်းတာအပြင် လူပုဂ္ဂိုလ်ချင်း အမြင်မကြည်လို့ဆိုတဲ့ အချက်လည်း ပါနိုင်ပါတယ်။


ရှော်ဖီအဖမ်းခံရတဲ့ အချိန်နဲ့ တစ်ပြိုင်နက်လောက်မှာ ဘိန်းဘုရင်လို့ နာမည်ကြီးတဲ့ လော်စစ်ဟန် (ကိုထွန်းမြင့်နိုင် - Steven Lao ရဲ့ အဖေ)လည်း အင်းစိန်ထောင်မှာ ရှိပါတယ်။ ထောင်ဝန်ထမ်းတွေကတော့ အဲဒီလို ပိုက်ဆံချမ်းသာတဲ့လူတွေ ထောင်ထဲရောက်လာတာ အရမ်းဝမ်းသာကြပါတယ်။ သူတို့ကို မှီပြီး လက်ဆောင်ပစ္စည်းတွေ ရတတ် ကြလို့လေ။


သူတို့ရှိစဉ်တုန်းက နွေရာသီဆိုရင် ရေခဲပေါင် ၂ဝဝ တုံးတွေကို ထောင်ထဲသွင်းပြီးတစ်ထောင်လုံး အအေးတိုက်တာတို့၊ တစ်ထောင်လုံး ဒံပေါက်ကျွေးတာတို့ လုပ်ခဲ့တယ်လို့ ထောင်ဝန်ထမ်းတွေ ပြောပြတာ ကြားခဲ့ရဖူးပါတယ်။ ရှော်ဖီထောင်ထဲရောက်တဲ့အချိန်မှာ မေနန်းနွယ်က ထောင်ဝင်စာ ပုံမှန်လာတွေ့တယ်လို့သိရတော့ သူတို့အိမ်ထောင်ရေးဟာ ကြာရှည်ခိုင်မြဲတယ်လို့ သိလိုက်ရပါတယ်။ ရှော်ဖီမှာ မေနန်းနွယ်အပြင် တခြားမိန်းမရှိတယ်လို့ မကြားမိခဲ့ပါဘူး။


အခုတော့ ဦးနေဝင်းရော၊ ရှော်ဖီရော ကွယ်လွန်သွားခဲ့ကြပါပြီ။ မေနန်းနွယ် ကွယ်လွန်တာကိုတော့ မကြားမိသေးပါဘူး။ ရှိသေးရင်တော့ ကျွန်တော်နဲ့ရွယ်တူမို့ အသက်(၈ဝ) မပြည့်တပြည့်တော့ ရှိနေပြီလို့ ဆိုရမှာပါ။


ဒီဆောင်းပါးရေးရခြင်းရဲ့ ရည်ရွယ်ချက်က တပ်မတော်မှာ နာမည်ကြီးတဲ့ G.E တပ်ဖွဲ့ဟာ ရှော်ဖီက ခြေသွက်၊ လက်သွက်နဲ့ မေနန်းနွယ်ကို ကောက်ယူလိုက်တာကို ထိုစဉ်က ဗိုလ်ချုပ်ကြီးနေဝင်းက မကျေနပ်တဲ့အတွက် ရှော်ဖီလုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ တပ်ဖွဲ့တစ်ခုဖွဲ့ရင်းနဲ့ G.E တပ် ပေါ်ပေါက်လာ ပုံကို တင်ပြချင်လို့ပါ။


crd# ဦးဝင်းထိန်

#winhlaingoo

No comments: