Monday, December 18, 2023

ယမကာနိဒါန်း (အပိုင်း နှစ်)

 ယမကာ နိဒါန်း (၂)




အရက် ဟူသော စကားလုံးသည် မြန်မာ စကားမဟုတ်၊ မူလ အာရေဗျ စကားဖြစ်ကြောင်း ပညာရှင်များရေးသားကြသည်ကို အရင် Post တွေမှာ ကြိမ်ဖန်များစွာ ဖော်ပြခဲ့ဖူးပါတယ်။


 မြန်မာစကားအရဆိုလျှင် သေ၊ သေရည် စသည်ဖြင့်ခေါ်ရမည်လားမပြောနိုင်ပါ။

အာရပ်ကမ္ဘာတွင် ယခင့်ယခင်ကာလများဆီက စမုံစပါးမှ ချက်လုပ်သော ယမကာကို Araq ဟုခေါ်ဆိုကြပါသည်။ မြန်မာသံဖြင့်ဖလှယ်သော် "အရက်" ဖြစ်ပါမည်။ ရကောက်အသံဖြစ်မည်။ အရှေ့အလယ်ပိုင်းဒေသတွင် Arak ဟု စာလုံးပေါင်းကြသည်။ လက်ဘနွန်၊ ဆီးရီးယား၊ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်း တို့သာမက အရှေ့တောင်အာရှ နိုင်များတွင်လည်း "အရက်" ဟုသာ အသံထွက်ခေါ်ဆိုကြပါသည်။ သီရိလင်္ကာ အုန်းရည်မှထုတ်လုပ်သော Arrack သည် အင်္ဂလန်၊ အမေရိကတို့ထိ ဈေးကွက်ဝင်ခဲ့သည်။ 


 သရေခေတ္တရာ ပျူ၊ ပုဂံ တို့မှစ၍ သေ စားပွဲကျင်းပသည် သေသောက်ကျူးသည် စသည်ဖြင့် ယမကာအသုံးအနှုန်းများစွာ တွေ့ရသော်လည်း ထန်းရည်၊ ပင်ကျရည်လား၊ သို့မဟုတ် နေကျော် ထန်းရည်မှ ပေါင်းခံသော ယနေ့ခေတ် တောအရက်လား သေချာမသိပါ။ သို့တည်းမဟုတ် နေကျော် ထန်းရည်အချဉ်ကဲ့သို့ပင် စိမ်ရည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မြန်မာတို့၏ အစောဆုံး လောကီကျမ်း သို့မဟုတ် အဂ္ဂိရတ်ကျမ်းစာ ကပ္ပါလင်္ကာရကျမ်းသည် သရေခေတ္တရာ ပျူခေတ်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုပါတယ်။ 


မြန်မာ့ပထမဆုံးလောကီကျမ်းအဖြစ်မှတ်ယူနိုင်သော "ကပ္ပါလက်ာရကျမ်း"အား ပျူခေတ် နောက်ဆုံးမင်း သုပညာနာဂရဆိန္ဒမင်းလက်ထက် သရေခေတ္တရာမြို့အရှေ့ဖက် နှစ်ယူဇနာအကွာ ဆင်ဦးကင်းသဏ္ဍန်တောင်တွင် ‌ဂူပြိုကျရာမှ တောရဆောက်တည်နေသော ဥတ္တမသီရိမထေရ်တွေ့ရှိခဲ့ပြီး ကူးယူခဲ့သည်ဟုဆိုပါသည်။ အက္ခရာတို့ကိုအခြေပြုသော အင်းအတတ်ပညာများ၊ အဂ္ဂိရတ်လုပ်ရပ်များပါဝင်ပါသည်။ နေထွက်၊မွန်းတည့်၊နေဝင် စာဖို စာမ အက္ခရာများခွဲခြားသတ်မှတ်ချက်နှင့် ပိဋကတ်သခ်ျာ၊ မြင့်မိုရ်သခ်ျာရေးနည်း အယူအကောက်များဖြင့်စတင်ခဲ့ပါသည်။ ၎င်းရေးသားနည်းများသည် ဂရိတွေးခေါ်ပညာရှင်များ၊ သခ်ျာ၊သိပ္ပံ လောကီပညာရှင်များဖြင့် သက်တမ်းအကြာဆုံးလျှို့ဝှက်  တည်ရှိခဲ့သည့် အနောက်တိုင်းလောကီပညာအသင်း ဖရီးမေဆင်ဂိုဏ်း၏ လျှို့ဝှက်စာရေးနည်း Freemason Cipher နှင့် သဘောသဘာဝ အတူတူပင်ဖြစ်ပါသည်။ တနည်းအားဖြင့် ယနေ့ခေတ်အိုင်တီနည်းပညာတွင်သုံးသော decrypt/encrypt ပင်ဖြစ်ပါသည်။ ကိုလိုနီခေတ် ခေတ္တမြန်မာပြည်ဘုရင်ခံ ဆာဂျေအေ မောင်ကြီး အဂ်လန်တွင်ပညာသင်ရင်း ဖရီးမေဆင်အသင်းဝင်ဖြစ်ခဲ့ဖူးသည်ဆိုပါတယ်။ ဦးဖိုးကျား ပြန်လည်ရေးသားသော ကပ္ပါလင်္ကာရ အဖွင့် စာအုပ်မှ တဆင့်သိရှိရခြင်းဖြစ်ပါသည်။ 




သရေခေတ္တရာခေတ်နှင့်ကာလတူ အနောက်ဖက်ဒေသတွင် အီဂျစ်ပြည်ဖွားဂရိလူမျိုး Alchemist (အဂ္ဂိရတ်ပညာရှင်) Zosimous ၏ Cheirokmeta ဟူသော အဂ္ဂိရတ်ကျမ်းစာတစောင်ပေါ်ထွက်ခဲ့ပါသည်။ အေဒီ (၃)ရာစုဖြစ်သဖြင့် မြန်မာပြည် သရေခေတ္တရာခေတ် တနည်းအားဖြင့် သံခေတ်နှောင်းပိုင်းကာလတွင်ဖြစ်ပါလိမ့်မည်။ Distillation Appratus (ပေါင်းခံကိရိယာ) ကိုဖော်ပြခဲ့ပြီး ထိုခေတ် အဂ္ဂိရတ် လုပ်ရပ် (ဖို)ရုံများတွင်အသုံးပြုခဲ့ဟန်တူပါသည်။ 


အဂ္ဂိရတ်လုပ်ငန်းတွင်အသုံးပြုသော ပေါင်းခံကိရိယာကို ယနေ့ခေတ် ကဏ္ဍနယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာအသုံးပြုနေကြသည်ကို အလွယ်တွေ့နိုင်ပါသည်။ နှင်းဆီပန်း၊သစ်မွှေး၊နံ့သာဖြူစသည်တို့မှ ဆီမွှေး (Essential Oil)ကို ပေါင်းခံထုတ်နိုင်သလို၊ ပူစီနံနံ၊စပါးလင်တို့မှလည်း ဆီမွှေးများပေါင်းခံထုတ်နိုင်ပါသည်။တနည်းအားဖြင့်ဆိုသော် အရက်ပေါင်းခံအိုးဖြင့် Essential Oil ရနံ့ဆီမွှေးကို သစ်ပင် ပန်းမန်များမှ ထုတ်ယူနိုင်ပါသည်။ တောအရက်ချက်သည်ဖြစ်စေ၊ ဝီစကီဘရန်ဒီချက်သည်ဖြစ်စေ ဤပေါင်းခံနည်းစနစ်တနည်းသာ တကမ္ဘာလုံးသုံးလေသည်။ တခြားနည်းမရှိ။ တောအရက်ကို သစ်စည်တွင်ထည့်၍ နှစ်ချို့သိုလှောင်သော် အနံ့အရသာပြောင်းလဲလျက် ၃နှစ်၊ ၈နှစ်၊  ၁၂ နှစ်၊ ၁၅ နှစ်၊ ၁၈ နှစ် ဝီစကီ စသည်ဖြင့်ဖြစ်လေသည်။ ရမ်၊ဝီစကီ၊ ဘရန်ဒီ အရက်အုပ်စုခွဲခြားမှုသည် စိမ်ရည်တည်မည့် ကုန်ကြမ်းပေါ် မူတည်၍သာ ခွဲခြားလေသည်။




ယနေ့ခေတ်တွင် ဓါတုဗေဒကို Chemistry ဟုခေါ်ဆိုပြီး အဂ္ဂိရတ်ကို Alchemy ဟု ဝေါဟာရပြုပါသည်။ မြန်မာအခေါ် မီးအတတ်ဟု အနက်ဖွင့်ရမည့် အဂ္ဂိရတ်သည် သိပ္ပံနည်းကျ ဓါတုဗေဒ Chemistry ၏ အစပင်ဖြစ်ပါသည်။ အေဒီ သုံးရာစု အီဂျစ်မှ အဂ္ဂိရတ်ဆရာ (Alchemist) Zosimous ၏ Cheirokmeta သည် ရှေးအကျဆုံး ဓါတုသိပ္ပံ ကျမ်းစာတစောင်မှ စတင်လျက် အနောက်တိုင်း အရက်ပေါင်းခံနည်း၏ မြစ်ဖျားခံရာကို တွေ့ရသည် ဆိုရပေမည်။ ခေတ်ပြိုင်ဖြစ်သည့် သရေခေတ္တရာပျူခေတ်၏ ကပ္ပါလင်္ကာရ ကျမ်းတွင် ပေါင်းခံနည်း ပါကြောင်းကိုတော့ မတွေ့ရပါ။ သို့သော် အရှင်နာဂသိန် ပြန်လည်ရေးသားသည် ဓါတ်သမုဒ္ဒရာကျမ်း (အဂ္ဂိရတ်ကျမ်းစာ) ပါ ဓါတ်ခွဲ ယန္တရားများတွင် ပေါင်းခံနည်းများချည်းသာ တွေ့ရသဖြင့် အိန္ဒိယနှင့် အဆက်အဆံရှိ၍ အဂ္ဂိရတ်ပညာထွန်းကားခဲ့သော  သရေခေတ္တရာ၊ ပုဂံအရပ်တို့တွင် Distillation ကို ကောင်းစွာနားလည်ခဲ့ပြီဟု ယူဆမိပါသည်။ 


သရေခေတ္တရာပျူခေတ်ကတည်းက ဗုဒ္ဓဘာသာထွန်းကားခဲ့သော မြန်မာပြည်တွင် လူအတော်များများ ဖတ်ဖူးကြလိမ့်မည့် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တွင် သလေးစပါး၊ ငရုတ်၊ သျှိသျား စသည့် အနီးအပါးသစ်သီးအစုံအား ငှက်တို့ချီယူ၍ စွန့်ခဲ့သည့် သစ်ခေါင်းတွင် မိုးရေ ဖြင့်ဖြည့်၍ နေအပူချိန်ဖြင့် ကဇော်ပေါက်စေလျက် သေရည် ဖြစ်ပေါ်လာပုံ၊ မုဆိုးနှင့် ရသေ့မှ ၎င်းနမူနာအတိုင်း သေရည်ချက်လုပ်လျက် အတိုင်းတိုင်းအပြည်ပြည်လှည့်လည်ကြပုံ ရေးသားထားသည်ကို ဖတ်ဖူးကြပါလိမ့်မည်။ မိုးရေသည် အများအားဖြင့် pH 5 မှ 5.5 ထိရှိတတ်သဖြင့် Acidic အနည်းငယ်ချဉ်ယုံမျှ ရှိသည်ဆိုရမည်။ 


 မြန်မာတို့ရင်းနှီးကျွမ်းဝင်ခဲ့သော သေရည်သည် စိမ်ရည်သာဖြစ်ဖို့များပါသည်။ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်လာ သစ်ပင်သည် ယမနေပင် ဟုတ်မဟုတ်တော့ မသိပါ။ :) သစ်ခေါင်းတွင် စိမ်အပ်သော သေရည်သည် အလွန်ကောင်းမွန်ကြောင်းကိုတော့ (၅၅၀) ဇာတကဝတ္ထုများမှ ဖတ်ရှုခဲ့ရဖူးပါသည်။ မျိုးကျော့မြိုင်ရဲ့ မှားတဲ့ဖက်မှာ သီချင်းလိုပါပဲ ဆရာပေးတဲ့ မက်ဆေ့ မယူမိခဲ့။ :) 




ယနေ့ခေတ်မှာတော့ ငှက်တို့ဖန်တီးအပ်တဲ့ ဟိမဝန္တာက သေရည် သစ်ခေါင်းကြီး ရှာနေစရာမလိုတော့ပါဘူးဗျာ။ ကျွန်တော်ဆီ ဖုန်းလေးတချက်လောက် ဆက်ယုံပါပဲ။ ယမနေသစ်စည်တွေ ၂ လီတာဆံ့၊ တစ်ဂါလံဆံ့၊ ၂ဂါလံဆံ့၊ ၃ဂါလံဆံ့၊ ၅ဂါလံဆံ့၊ ဂါလံ ၃၀ဆံ့၊ ဂါလံ၅၀ဆံ့၊ ဂါလံ၁၂၀၀ ဆံ့ထိ စိတ်ကြိုက် မှာယူနိုင်ပါတယ်။ 


Anyathian Cooperage

Myinmu

☎️ 09988936780


ပုံတွင် အဂ္ဂိရတ်ဆရာ (Alchemist) Zosimous ၏ Cheirokmeta ကျမ်းစာပါ ပေါင်းခံအိုးနှင့် ဓါတ်သမုဒ္ဒရာကျမ်းစာပါ ပေါင်းခံအိုးများကို ဖော်ပြထားပါသည်။


ယမကာနိဒါန်း (၁) ဖတ်လိုလျင်


https://m.facebook.com/story.php?story_fbid=348069644463876&id=100077825284133&mibextid=Nif5oz

No comments: