"သူငယ်ချင်းရေ
၆ နာရီတောင်ထိုးပြီးပါကကောလေ"
၁၉၇၉ မှာ နံမည်ကျော် ပလေးဘွိုင်အဖွဲ့ကွဲပါတယ်။ ပလေးဘွိုင်သန်းနိုင်၊ တက္ကသိုလ်အေးမောင်၊ ကျော်နိုင် ကျန်ခဲ့ပြီး သိန်းတန် မြန်မာပြည်၊ တော်မီကျော်နိုင်၊ ရော်နီကောင်း ထွက်သွားပါတယ်။ ဦးသိန်းတန်တို့ ၃ယောက်က ဗစ်တာခင်ညို၊ ဇော်ဇော်ဝင်း၊ ဇော်ဝင်းရှိန် တို့နဲ့ ငြိမ်းချမ်းချစ်ခင် ပျော်ပျော်ရွှင် Love Peace & Joy (LPJ) အဖွဲ့ကို သိပ်မကြာခင်ဖွဲ့လိုက်တယ်။ ပထမဆုံး စတိတ်ရှိုး ၂ပွဲကို ဗဟန်း ဟာမစ်တစ်ကွင်း (အခု ပုလဲကွန်ဒိုရှေ့) နဲ့ ကျုံးကြီးလမ်း မူလ ရွှေပုဇွန် ဆိုင်ရှေ့မှာလုပ်ခဲ့တယ်။ ကျနော့်အဖေရုံးကတပည့်တဦးက ရွှေပုဇွန်နဲ့ခင်ပြီး ကျနော်ကြည့်ချင်မှန်းသိတော့ ခေါ်သွားခဲ့ပါတယ်။ ကျုံးကြီး (မြောင်းကြီး) ရဲ့တဖက်တချက်မှာ ခေါက်ကုလားထိုင်တွေနဲ့ ထိုင်ကြည့်ရပါတယ်။ အေးချမ်းတဲ့ရာသီမို့ ဒီဇင်ဘာ ၇၉ (သို့) ၁၉၈၀ ဇန်နဝါရီ လို့ ထင်မိပါတယ်။ ၁၉၇၉-၈၆ စတိတ်ရှိုး ရွှေခေတ်တွေရဲ့အစပေါ့။ ကိုခိုင်ထူးတောင် သိပ်နံမည်မကြီးသေး။ လွှမ်းမိုး၊ ကံကော်တောမျိုးအောင်၊ ဘိုဘိုဟန်ခေတ် (ရန်ကုန်နေပူပူ နင်ထီးလေးဆောင်းတော့၊ အကြင်နာရင်မှာဖြစ် ငါဟာထီးလေးဖြစ်လိုက်ချင်။)
ကျနော်လည်း အရမ်းကိုပျော်ရွှင်စွာနဲ့ကြည့်နေပါတယ်။ ရှေ့ဆုံးတန်း အစိတ် ခေတ်ပေါ့။ ပွဲစပြီး သိပ်မကြာခင်မှာပဲ ကျနော်တခါမှ မမြင်ဖူးတဲ့ လူငယ်အဆိုတော်လေးတယောက်ထွက်လာပါတယ်။ E-Machine အလှည့်ဖြစ်ပါလိမ့်မယ်။ သူ့ကိုဘယ်သူမှသိပုံမရပါဘူး၊ အသက် ၁၉ နှစ်လောက် အရပ်ပုပု ၅ ပေ ၃ လက္မခန့်၊ အနောက်တိုင်းဝတ်စုံ Suit အပြည့်အစုံနဲ့။ အရောင်ကအသားရောင် အညိုနုပါ။ Suit က သူ့ရဲ့ကိုယ်ပေါ်မှာ ကပိုကရို ကြီးထွားနေသလို Fender ဂစ်တာကလည်း သူ့အတွက်အတော်ကြီးနေပါတယ်။ဆံပင်က ကပ္ပလီလေးလို ခွေကောက်နေပြီး မျက်မှန်လေးနဲ့။ ဘာပဲပြောပြော ပရိတ်သတ်ကတော့ ဘယ်သူလဲဆိုပြီး စူးစမ်းစွာနဲ့ ဝိုင်းကြည့်နေကြတယ်။
အင်ထရိုလေးအပြီး စဆိုလိုက်တော့
"သူငယ်ချင်းရေ ၆ နာရီတောင်ထိုးပြီးပါကကောလေ" အားလုံးပါးစပ်အဟောင်းသားဖြစ်သွားကြတယ်။အသံက စူးစူး ညှောင်နာနာလေး။ ကလေးသံ သိပ်မပျောက်ချင်သေး။
"လာကြလေ လက်ဘက်ရည်ဆိုင်ကိုသွားကြပါစို့လေ" လို့ အစပြုလာတဲ့ လူငယ် လက်ဘက်ရည်ဆိုင်ယဉ်ကျေးမှု့ရဲ့အစ၊ စတီရီယိုခေတ် စတင်အရှိန်ရလာချိန်၊ လက်ဘက်ရည်ဆိုင်မှာ လူငယ်တွေ သီချင်းနားထောင်၊စုပေါင်းထိုင်၊ လေပန်း၊ ရေနွေးကြမ်းသောက်ခြင်းကာလတွေရဲ့အစ ဘဝကို ဖော်ကြူးထားတဲ့ လူငယ်ကိုယ်စားပြုသီချင်းလေး။
စိန်လွင်၊ သန်းနိုင်၊ သိန်းတန် တို့ရဲ့ အသံတွေကိုနားယဉ်နေတဲ့ ကျနော့်အတွက်တော့ တကယ့်ကိုအထူးအဆန်းပါပဲ။ နောက်တပုဒ်က “တိုးတိုးတိတ်တိတ်လေး အကြင်နာ”ထင်ပါတယ်။ သူ့အသံက သိပ်မပြည့်ဝသေးပေမယ့် နားထောင်လို့ကောင်းတယ်။ ဆွဲဆောင်မှု့ရှိတယ်။ လန်းဆန်းသစ်လွင်တယ်။စာသားတွေက ရိုးစင်းပေမယ့် catchy ဖြစ်တယ်။ တခါတလေလည်း အရိုးဆုံးက အကောင်းဆုံးဖြစ်နေတတ်တယ်မဟုတ်လား။
အဆိုရှင်နံမည်တောင် သေသေချာချာ မသိလိုက်ပေမယ့် နားထဲစွဲကျန်ခဲ့တဲ့ "လက်ဘက်ရည်ဆိုင်ကို သွားကြပါစို့"။ သီချင်းရှင်ရဲ့ ရာဇဝင်အထုပ္ပတ္တိ အားလုံးရဲ့အစ။ (ကျနော် အဲဒီ့ညက ခံစားခဲ့တဲ့အတိုင်း မှတ်မိသလိုရေးသားထားခြင်းသာဖြစ်ပါတယ်။)
အဲဒီ့ညပြီးမှ “ဒီအချိန်မှာပြန်တွေ့တာဘာလုပ်ရမှာလဲ”၊ “အလွမ်း”၊ မေဆွိ နဲ့ “အနမ်းပန်း” စသည်ဖြင့် နားထောင်ဖြစ်ပြီး နံမည်အရမ်းကြီးလာပါတယ်။ မေဆွိတကယ်တမ်းပေါက်ခဲ့တာ အနမ်းပန်း နဲ့ပါ။ (မကြာခင်မှာကြင်နာမယ်၊ အနမ်းပန်း၊ ညှို့နိုင်လွန်းတဲ့ချစ်သူ။) ကိုင်ဇာ ၁၉၇၉ တနှစ်ထဲမှာ နှစ်ခွေထွက်ခဲ့တယ်။ “အလွမ်း” E-Machine နဲ့ “အနမ်းပန်း” ACES တကယ်က အနုပညာသက်တမ်းအရ ကိုင်ဇာက ခိုင်ထူးထက် တနှစ်(လပိုင်း) စောပါတယ်။ ကိုခိုင်ထူးပြောဖူးတာ “ကျနော်နဲ့ကိုင်ဇာ သိပ်ချစ်တယ်၊ LPJ နဲ့ နယ်ရှိုးသွားရင် စင်အောက်မှာပျင်းရင် တယောက်အင်္ကျီ တယောက်ဖြဲကြတယ်”တဲ့။ ကျနော်တို့ကြီးပြင်းခဲ့တာ ကိုင်ဇာ၊ ခိုင်ထူး ခေတ်ပါ။
ကျနော်တို့နား သွားထိုင်နေကြ လက်ဘက်ရည်ဆိုင်က ၂ဆိုင် ၃ဆိုင်ပါပဲ။ အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်က Smile။ တို့ဖူးကျော်လည်းရ။ မဟုတ်ရင်တော့ ကျောင်းထဲက ဦးချစ်နဲ့ လှည်းတန်းစျေးကဆိုင်။ လှည်းတန်းကဆိုင်က လူရှုပ် ကားရှုပ်မို့ သီချင်းနားထောင်လို့မကောင်း၊ ဒါပေမယ့် ညနက်တဲ့အထိဖွင့်တယ်။ အဲဒီ့ခေတ်က ဘယ်ဆိုင်က ဘာစက်၊ ဘာစပီကာသုံးလဲကအစ လိုက်ကြည့်ခဲ့တာ။ တကယ်တမ်း ကိုင်ဇာအကြောင်း ရေးရမယ်ဆိုရင် ရေးစရာတွေအများကြီးရှိပါတယ်။ “အလွမ်း” သီချင်းလေးက အခုအချိန်အထိ ကျနော် အရမ်းကြိုက်တဲ့ သီချင်းလေးတပုဒ်။
“သူ့အတွေး၊ သူ့အရေး၊ သူ့အဆွေး”
ကျနော်တို့အားလုံး သူ့ကိုခရက်ဒစ်ပေးဖို့မေ့နေကြတာ သူက စတီရီယိုခေတ်ရဲ့ဆယ်ကျော်သက်အမျိုးသားဆယ်လီပါပဲ။ “The Prince of Myanmar Stereo” ပေါ့နော်။ Princess ကတော့ အထူးပြောစရာမလိုတဲ့ မေဆွိပေါ့။ ၁၉၇၉ နိုဝင်ဘာ “အနမ်းပန်း”ထွက်တော့ သူတို့နှစ်ယောက် ၁၇နဲ့၁၈ နိုင်ငံကျော်တွေဖြစ်သွားကြပြီ။ အခုလို Internet ခေတ်မှာ ငယ်ငယ်နဲ့ နံမည်ကြီးဖို့လွယ်ပေမယ့် ဟိုခေတ်ကမလွယ်ပါ။ နွဲ့ယဉ်ဝင်း၊ တင်မိုးခိုင်၊ ပုလဲ တို့နောက် ဒုတိယမျိုးဆက်အစက မေဆွိပါပဲ။ ယောင်္ကျားလေးဖက်မှာ ဆယ်ကျော်သက်ဆိုလို့ ကိုင်ဇာတယောက်ထဲ။ ဒါကြောင့်လဲ သူတို့နှစ်ယောက် နံမည်ကြီး ကံစပ်သလို၊ ဘာလိုလိုသတင်းတွေလဲ ထွက်ခဲ့ကြတယ်။
ကျနော်တို့ ၉-၁၀တန်းနှစ်တွေမှာ တေးရေးတွေက လူလတ်၊လူကြီးတွေပါပဲ။ ကိုလေးလွင်၊ မောင်စိမ်းသူ၊ မောင်ဆွေနွယ်၊ သုခမိန်လှိုင်။ ကိုယ်ပိုင်သံစဉ်ဖက်မှာ ဆရာလိတ်၊ ကိုနေဝင်း၊ ကိုမောင်မောင် စသည်ဖြင့်။ သူတို့ရေးတဲ့သီချင်းတွေက ဘဝ၊အချစ် ဒဿနတွေ၊ အဲဒီတုန်းက ကြိုက်ပေမယ့် ရင်ထဲထိအောင် မခံစားခဲ့ရဘူး။ စိုင်းထီးဆိုင်သီချင်းတွေကို အသက်၂၀ကျော်မှ စခံစားလာမိခဲ့တာ။ ခင်ဝမ်းလည်းထိုနည်းလည်းကောင်း။ ပထမ ၂-၃ခွေထဲက ကိုင်ဇာရေးတဲ့သီချင်းတွေဆို သူ ရေးခဲ့တုန်းက ၁၅-၁၆ နှစ်ပေါ့။ အရမ်းရိုးသားတဲ့ခံစားချက်တွေ။ လူကြီးတယောက်ရဲ့ အတွေ့အကြုံနဲ့ ထိန်းချုပ်မှု့ အရောင်ဆိုးမှု့တွေမပါခဲ့ဘူး။ ဘိုလိုပြောရရင်တော့ Raw Emotions and lyrics တွေပေါ့။
“၁၅-၁၆နှစ်သားတယောက် ရေးထားတဲ့သီချင်းတွေကို ၁၅-၁၆နှစ်သားတွေ နားဆင်ခံစားစီးမျောခဲ့ရတာ စတီရီယိုလောကမှာ ဘယ်တုန်းက ရှိခဲ့ဖူးသလဲ?” ကျနော်တို့ကြုံခဲ့ကြရတယ်။ လူကြီးတွေက ကလေးကလား သီချင်းတွေလို့အမည်တတ်ခဲ့တာ မှန်တယ်လို့ပြောလဲရပါတယ်။ ဘာပဲခေါ်ခေါ် ရင်ကိုလာမှန်ဖို့အဓိကပါပဲ။
“စစ်တိုက်ဖို့ ဒါးခုတ်ဖို့ သေနတ်ပစ်ဖို့
ငါမကြောက်ဖူး တကယ်ပါ၊
မင်းကြမှ တွေ့လိုက်ရ၊ အသည်းထဲက
ရင်မှာ တဒုံးဒုံးဖြစ်နေ ….🎶”
အခုနေပြန်တွေးရင်းတောင် ပြုံးမိပါတယ်။
နောင်ကြိုက်တာမကြိုက်တာအပထား
အဲဒီ့တုန်းကတော့ ရင်ကို ဒိုင်းကနဲမှန်တာပဲ။
“အလွမ်း” သီချင်းရဲ့ စာသားတွေဆိုရင်
အဲဒီတုန်းက ရည်းစားမရှိသေး၊
အသည်းမကွဲဖူးသေးပေမယ့်
ကိုယ်ကြွေနေတဲ့သူလေးတွေ ရှိနေပြီဆိုတော့
ကိုယ့်ခံစားချက်တွေကိုပဲရေးထားသလိုလို။
“အိမ်ရှေ့မင်းသားလေး” ဆိုတာလဲ ကိုယ်ပဲပေါ့။
“ခရစ္စမတ်ည” ဆိုလည်း တည့်တည့်ကိုမှန်တာ။
နောက်ဆုံး
“လေယာဉ်ကြီး ပန်ကာလည်ပြီ” ဆိုလည်း ကိုယ်ပဲ။
ကျနော် ကိုင်ဇာ၊ခိုင်ထူး ခေတ်မှာ ၁၀တန်းရောက်တာပါ။
ကိုယ့်အသက် ၁၆နှစ်မှာ အရမ်းခံစားကြိုက်နှစ်သက်ခဲ့ရတဲ့ သီချင်းတွေက သေရာပါမှာပါပဲ။
ငြိမ်းချမ်းကြပါစေ။
🦁
Kyaw Lion
December 11, 2020
“သူ့အတွေး၊ သူ့အရေး” December 6, 2023
“လက်ဘက်ရည်ဆိုင်ကို သွားကြပါစို့"
https://my.pcloud.com/publink/show?code=XZjMI27ZK58yt894vgkCf1sD1a0JrQwjxMqV
“အလွမ်း”
https://u.pcloud.link/publink/show?code=XZXigs7Zs2hdzD3EccymSKcupaH2R7u6jslk
No comments:
Post a Comment