“အင်္ဂလိပ်ခေတ် #ရန်ကုန်မြို့တည်ဆောက်ပုံသမိုင်းနှင့် #ရှေးဟောင်းစေတီပုထိုးများပျောက်ကွယ်သွားရခြင်း အကြောင်း”
ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင် ပါရှိသော
၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့်
အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၏ပုံပင် ဖြစ်ပါသည်။
ယနေ့ ရန်ကုန်ဟု ဖြစ်လာလတ္တံ့သော အရပ်ဒေသသည်ခိုင်မာသောသမိုင်းကြောင်းများအရ အေဒီ ၆ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျသည် ၁၇၅၅ခုနှစ်တွင်
မွန်လူမျိုးများအား အောင်မြင်ပြီးနောက်
ရန်အပေါင်း ကုန်စင်သည့်အဓိပ္ပါယ်ဖြင့်
ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပြီး
ယင်းမတိုင်မီအချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး၏အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်သည့်ဆိပ်ကမ်းကို
မူလနေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန်ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ
ကောက်ခံခြင်း၊ မြို့ရိုးတံတိုင်းများ၊ ခံတပ်များ
ဆောက်လုပ်ခြင်း၊ မြို့ရွာ စည်ကားအောင်
ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကိုဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။
အလောင်းမင်းတရားကြီးလက်ထက်
ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ
မြောက်ဘက်တွင် ဆူးလေဘုရား၊
တောင်ဘက်တွင် ရန်ကုန်မြစ်၊
အရှေ့ဘက်၌ ကုန်သည်လမ်း၀န်းကျင်၊
(သိမ်ဖြုလမ်းနား အထိ)
အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ်
စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့်
အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား
ကုန်သည်များ၊ မင်းမှူထမ်းများဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသ ဖြစ်သည်။
#ပထမ_အင်္ဂလိပ်_မြန်မာစစ်ပွဲ
၁၈၂၄ - ၁၈၂၆ ခုနှစ်တွင် အင်္ဂလိပ်တို့သည်
ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို
ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း
စစ်ပွဲအပြီးတွင် အုပ်ချုပ်ရေးအာဏာကို
မြန်မာမင်းများလက်သို့ ပြန်လည်အပ်နှင်းခဲ့လေသည်။
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့တလုံးအား သိမ်းယူ၍
ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ်
အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒြ္နားဖရေဇာ၏ ဒီဇိုင်းကို အခြေခံကာ ယနေ့ခေတ်
ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုခေတ်ကာလမှ ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်းတမ်းပြီး တောင်ကုန်း၊ စိမ့်စမ်း ရေထွက်များ ပေါများ၍ အချို့နေရာများတွင် ဒီရေ အတက်အကျနှင့် ပင်လယ်ရေ
ဝင်ရောက်ပင် ဝင်ရောက်နိုင်လေ၏။
ဆူးလေစေတီတော်၏ ပတ်ပတ်လည်သည်
အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်
ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင်
ရန်ကုန်မြစ်မှတဆင့် စေတီတော်သို့ လှေ၊ သင်္ဘောများဖြင့်ပင်တိုက်ရိုက် ဖူးမျှော်နိုင်လေသည်။
ဖရေဇာ Plan အရ တောင်ကုန်းများကိုဖြို၊
အင်းအိုင်များကို မြေဖို့ရာမှ ပျောက်ကွယ်သွားခဲ့ရာ
ယခု မဟာဗန္ဓုလပန်းခြံအတွင်းရှိ ရေကန်ကြီးမှာ
ထိုအင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော အစိတ်အပိုင်းဖြစ်ပြီး ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးသည်။
#ရွှေတိဂုံစေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်းအတိဖြစ်ကာ
သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့်
ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူးလာသူများသည်
လူအုပ်စုအများဖြင့်သာ လာရောက်လေ့ရှိကြပြီး
ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။
ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေ
ရွာတွင် ရေကန်ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က
အိုင်ကို ကန်တှောကလေးအိုင် (Kandawgalay Tank) လို့ ခေါ်ပြီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခေါ်ပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှောကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။
ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့်
မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များကို ရန်ကုန်မြစ်အတွင်းသို့ရောက်အောင် စနစ်တကျ သွယ်တန်းခြင်း၊ လမ်းများကို ဖောက်လုပ်ခြင်း အစရှိသဖြင့် မြို့တော်သစ်ကို တည်ဆောက်ခဲ့ကြလေသည်။
ထိုသို့ တည်ဆောက်ရာတွင် လမ်းနှင့် မလွတ်၍ ၊
စီမံကိန်းနှင့် မကိုက်ညီ၍ ဘုရားစေတီပုထိုးများ၊
ဗလီများကို ဖျက်ဆီးခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အများအပြားကို ရွှေ့ပြောင်းစေခဲ့လေသည်။
မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသားသည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။
“ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံနေရာတွင်
ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး
၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ
၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခေါ်များကြသည်။
"ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတော်လမ်း
ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတော်များ
ခြင်္သေ့ရုပ်များ ရှေးက ရှိခဲ့ဖူးသည်။
ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။”
“ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေးနေရာတွင်
ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ
အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်းကို သစ်သားဖြင့် ကာရံထားသည်။
၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။
ကျိုက်မဲသံကရော(ခ) #ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟနဿတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များ ရှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက်
ဘုရားကုန်းတော်ကို တက်ရန် ဘုရားအရှေ့စောင်းတန်းလမ်း
ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။
“”ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။
ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင်
ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီးဦးရွှန်း နေသည်။ ကျောင်းတှောတိုက် ခှောသည်။
“၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။
သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။”
မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ
ထိုခေတ်ကာလမှ ရန်ကုန်မြို့ရှိ သာသနိက အဆောက်အအုံများအကြောင်း တစွန်းတစ ဖြစ်ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်းအရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်းစေတီ ပုထိုး အတော်များများ ပါသွားကြောင်း သိသာ ထင်ရှားပါလေသည်။
ဆရာ သိန်းကြီးပြောသွားသည့် ကျိုက်မြတ်သံချို စေတီနှင့် သျှင်ပင်ရွှေကြိုး စေတီတို့မှာ အခြားမဟုတ်၊
လက်ရှိပုံထဲတွင် ဆူးလေ စေတီတော်၏ အနောက်နားခပ်ကျကျတွင် ဖူးတွေ့ရသော စေတီ နှစ်ဆူပင် ဖြစ်လေသည်။
ဒီနေရာမှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်း
တင်ပြပေးပါရစေ။ ကျွန်တော် ဟိုတလောက
ဖတ်လိုက်ရသည့်ပို့စ် အချို့တွင် ”သိမ်ကြီးဈေး” မရှိစဉ်က အဲဒီနေရာမှာ ”ကျိုက်မြတ်သံချို”ဆိုတဲ့ စေတီတော်ကြီး ရှိပြီး မွတ်စလင်တွေက စျေးဆောက်ဖို့ တောင်းလို့ပဲ
ဖြိုချဖျက်ဆီးလိုက်သလိုလို၊ ဗလီ ပဲ ကျန်ခဲ့သလိုလို၊
ဆူးလေ စေတီတော်၏ ဝတ္တက မြေနေရာ မှာ
ဗလီပဲ လာဆောက်လိုက် သယောင်ယောင် နှင့်
ဟိုလိုလို ဒီလိုလို မသေချာ မရေရာ သောအထောက်အထားများနှင့် လုပ်ကြံဖန်တီး ရေးသားထားသည်ကို
ဖတ်ရှူလိုက်ပါတယ်။ ဒါကြောင့် နှောင်းလူတို့
အမှတ် အမှား နိုင်ရန် အတွက် သမိုင်းအမှန်ကို
ဒီနေရာမှာ တခါတည်းရှင်းလင်းတင်ပြအပ်ပါသည်။
မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို
မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့်
သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်စီးခံလိုက်ရခြင်းမှာ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်သည်။ထိုအရင်က အနီးအနားတွင် ဘာဗလီ မှ မရှိပါချေ။မည်သည့် စူလတန်ကုမ္ပဏီမှလည်း အင်္ဂလိပ် အစိုးရထံ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။
သမိုင်း အမှန်မှာ ထိုသို့ ဖြိုချဖျက်စီးခံလိုက်ရပြီး
နှစ်နှစ် ကြာသောအခါတွင်မှ ၁၈၅၄ ခုနှစ်တွင်
ယခု သိမ်ကြီးစျေး ဟုဖြစ်ပေါ်လာမည့်နေရာကို
မော်လမြိုင် အခြေစိုက် “စူရတီဘရားဘဇားရ် ကုမ္ပဏီလီမိတက်”မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ
စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့်
ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးစျေးသာ ဖြစ်သည်။၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနောက် ပိုင်းမှ အေ၊ဘီ၊စီ ရုံများကို နာရီစင်နှင့် တကွ ပြန်လည်တည် ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။
သိမ်ကြီးစျေးရှိ ဗလီ ဆိုသည်မှာလည်း ၂၅လမ်းထဲရှိ
ဘီရုံနှင့် ကပ်ရပ်ရှိနေသော ဗလီကိုသာ မှားယွင်းဆိုလိုခြင်း
ဖြစ်ဟန်တူသည်။လထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို
ဖြိုပြီး ဗလီကို ချန်ကာ စျေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို
သက်သေပြအပ်ပါသည်။
အပြည့်အစုံကို ဖတ်ရှူလိုသူများ
ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက်
အထား နောက်တစ်ခုမှာ အင်္ဂလိပ်အစိုးရ၏ စီမံကိန်းနှင့်
မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်
သိမ်ကြီးစျေးနှင့် ကပ်လျက်ရှိသော ရဟန္တာသိမ်တော်ကြီးအား ပြန်လည်နေရာ ချထားပေးပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်၏ Chapter Nine, Planning of Modern city စာမျက်နှာ ၁၉၅ တွင်
ဤသို့ ဖော်ပြထားခြင်း ဖြစ်ပေသည်။
A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a “Mogul Mosque” was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the “Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the “Thaingee” on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the “Foken Chinese temple”on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between “Mg Taw Lay” and 31st Streets.
ဒါကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်အစိုးရဟာ
ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ
ပြန်လည် ရောင်းစားခဲ့သော်လည်း၊
ရဟန္တာ သိမ်တော်ကြီးနှင့်တကွ၊ ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊ တရုတ်ဘုံကျောင်းများ၊
ဟိန္နုဘုရားကျောင်းနှင့် ဂျူး ဘုရားကျောင်းတို့အား
အသီးသီး အခမဲ့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း ထင်ရှားစွာ သိနိုင်လေသည်။
ဆူးလေ စေတီတော်ကြီး၏ ဝတ္တကမြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။
ထိုစဉ်က ဆူးလေစေတီတော်သည်
ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီး ရေပတ်လည်ဝိုင်းရံလျှက် ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။
သာယာ၀တီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ်အဖြစ် သမုတ်ကာ
ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ
ဖြစ်ပေါ်၍ စေတီတော်၀န်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီး၀န်းကျင်ရှိ ဗွက်တောများ အလယ်၌ပင်
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ တည်ရှိခဲ့သည်ဟုဆို၏။
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည်
ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။
ထို့နောက် စီမံကိန်းနှင့် မလွတ်ဟု အကြောင်းပြကာ
စေတီ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား
သရက်ဥယျာဉ်(ယခု ဗိုလ်ချုပ်လမ်းပေါ်ရှိ သရက်တော ကျောင်းတိုက်များ)တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်တို့သည် ကျိုက်မြတ်သံချို စေတီအား
ဖြိုဖျက်ခဲ့ပြီးနောက် ဆူးလေစေတီကြီးအား
ဆက်လက် ဖြိုဖျက်ရန် ကြိုးပန်းကြ၏။
သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊
မဖျက်ဆီးရ ဆူးလေစေတီအား ကွေ့ပတ်သွားရမည်´ဟု
အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း
ဆူးလေစေတီတော် ၀တ္တကမြေဖြစ်သည့်
ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏
ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန်
ကုန်းတော်ငယ်ဖြစ်နေခြင်း ဖြစ်၏။
ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့်
သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။
တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေအနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင် ဖြစ်ပါသည်။
ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း
ရှေးဟောင်း သမိုင်းဝင် အဆောက်အဦဖြစ်ပြီး
၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပြီးနောက်
ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို
ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ်ကြသော ခေါင်းဦးရွှေမှိုင်းနှင့် ခေါင်းဦးရွှေသိုင်း တို့အား အစ္စလာမ် ဘာသာဝင်တို့၏
ထုံးစံ အတိုင်း ဝတ်ပြုရန် မြေနေရာ နှစ်နေရာအား
လှူဒါန်းပေးသနားတော် မူခဲ့လေသည်။
တနေရာမှာ ယခု အောင်ဆန်းကွင်းဟု ဖြစ်ပေါ်လာမည့်နေရာ အနီးရှိ တခြမ်းပဲ့ဗလီဖြစ်ပြီး နောက်တစ်နေရာမှာ
မင်္ဂလာ တောင်ညွန့် မြို့နယ်အတွင်းရှိ ပိန္နဲကုန်း ရခိုင်
ဂျာမေ ဗလီ တို့ဖြစ်ကြသည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် အင်္ဂလိပ်တို့မှ စီမံကိန်း အရ လမ်းဖောက်ခဲ့ရာ လမ်းနှင့်မလွတ်၍ ဖဲ့ချခဲ့ရပြီး
ဘီအေအေကွင်း (ယခု အောင်ဆန်းကွင်းဘေး)တွင်
နေရာ အစားပြန်ပေးကာ တစ်ခြမ်းပဲ့ ဗလီဟူသော
အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း
လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့်အထဲတင်
ပါသွားကြလေသည်။
အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊
အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော
အခြေခံ အဆောက်အအုံများဆောက်လုပ်ပေးခြင်း၊
ပန်းခြံများ၊ရေကန်များ ဖန်တီးခြင်း၊ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ရန်ကုန်မြို့တော်ကို အလှဆင်ကာ အရှေ့တိုင်း၏ လှပသော ဥယျာဉ်မြို့တော် အဖြစ်
နာမည်ကျော်ကြားခဲ့ဖူးလေသည်။
၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း
လမ်းအမည်၊ ပန်းခြံအမည်များကို ကိုလိုနီ အင်္ဂလိပ်
အမည်များမှ မြန်မာ အမည်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင်တော့ မြို့တော် ရန်ကုန် စာလုံးပေါင်းအား “Rangoon “မှ ” Yangon”သို့ ပြောင်းလဲ
သတ်မှတ်ကာ အခြားသော အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြလေသည်။
နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်
နယ်ချဲ့ဆိုသည်မှာ ကျူးကျော်ခံရသော နိုင်ငံ၏
သယံဇာတများကို အနည်းနဲ့ အများ ထုတ်ယူ
ဖျက်ဆီးသွားကြသည်သာ ဖြစ်သည်။
အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး
နှစ် တစ်ရာကျော် အုပ်ချုပ်သွားသလို
ကျွန်တော်တို့ မြန်မာလူမျိုးများသည်လည်း
အင်အားကောင်းစဉ်အချိန်က အိမ်နီးချင်း အယုဒ္ဓယမြို့ကို တိုက်ခိုက်ကာ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုရား ကျောင်းကန်များကို ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် ဖြစ်သော်ငြားလည်း
ဖျက်စီးပြီး တမြို့လုံးကို မီးတင်ရှို့ခဲ့ဖူးသည့်သမိုင်းလည်း
ရှိခဲ့ဖူးသည်။ ပဒေသရာဇ် စနစ်နှင့် ကိုလိုနီနယ်ချဲ့ စနစ်တို့၏ ဆိုးမွေများကို ခံစားလိုက်ရခြင်းပင် ဖြစ်သည်။
#နိဂုံးချုပ်အနေနဲ့ပြောရရင်ဖြင့်
နိုင်ငံတနိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အရှိတရားအတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။
ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက်ရမည်
ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင်
သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ
ပေါ်ထွက်လာအောင် ပညာပေးရမည်သာ ဖြစ်ပါတယ်။
သို့သော်လည်း မိမိလူမျိုး၏ အမျိုး၊ဘာသာ၊
သာသနာ ချစ်စိတ်ကို မဟုတ်၊ မမှန်သော နည်းလမ်းဖြင့်
မြင့်တက်လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော်တဲ့
နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ
ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လည်းဘကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ ရပါတယ်။
သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို
သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟောပြောပြီး
နားမလည်တဲ့ ပရိသတ်ကို ရမ်းရွှီးလိုက်ခြင်းမျိုးတော့
မဖြစ်သင့်သလို လက်လဲ လက်မခံနိုင်ပါ၊
နှောင်းလူများ အမှတ်မှားနိုင်ပြီး ရှက်ဖွယ်လိလိသာ
ဖြစ်ပါတော့သည်။
ကိုးကား
-Journal of the Burma Research Society (JBRS)http://igpweb.igpublish.com/…/journal-of-the-burma-research…
– B.R. PEARN ရေးသားသည့် History of Rangoon
-Megacity Yangon: Transformation Processes and Modern Developments
http://books.google.com.mm/books…
သမိုင်းအကြောင်း
https://www.facebook.com/pg/www.history/about/
Credit
#KHANTNYARTHU
Friendship Family World
မြန်မာ့သမိုင်းအကြောင်းအရာနှင့် မှတ်သားစရာများ
Thu Zar Aye April
ဆက်စပ်ပို့စ်
https://m.facebook.com/story.php?story_fbid=655570500085150&id=100068966187084&mibextid=9R9pXO
https://m.facebook.com/story.php?story_fbid=655412823434251&id=100068966187084&mibextid=9R9pXO
No comments:
Post a Comment