.........................................................
🥥 MWD: မင်္ဂလာပါ ဆရာ..ဒီကနေ့ ကျွန်မတို့မြန်မာလူမျိုးတွေ အမြဲစားသုံးလေ့ရှိတဲ့ မြန်မာ့ရိုးရာအစားအစာတွေမှာမပါမဖြစ်တဲ့ အုန်းသီးအကြောင်းကို ဆွေးနွေးချင်ပါတယ်.. ပထမဆုံးအနေနဲ့ အုန်းသီးနဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာ မိတ်ဆက်စကားလေး အရင်ဆုံးပြောပြပေးပါ ဆရာ..
Dr. KML: အုန်းပင်ကို ရုက္ခဗေဒအရ Cocos nucifera လို့ခေါ်ပါတယ်.. မျိုးစု (Genus) Cocos အောက်မှာ မျိုးစိတ်အနေနဲ့ အုန်းပင်တစ်မျိုးတည်းရှိတာမို့ Monospecies လို့ပြောနိုင်ပါတယ်.. ဆိုလိုတာကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ အုန်းပင်အားလုံးဟာ ပုတာနဲ့၊ ရှည်တာပဲ ကွာခြားပြီး မျိုးစိတ်အားလုံးမှာ တစ်ခုတည်းဖြစ်လို့ အုန်းသီးအားလုံးဟာလည်း တစ်မျိုးတည်းဖြစ်တယ်.. Coconut ဆိုတဲ့ ဝေါဟာရက ၁၆ ရာစုနှစ် ပေါ်တူဂီ (Portuguee) နဲ့ စပိန် (Spanish) ဝေါဟာရဖြစ်ပါတယ်.. "Coco" ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာခဲ့ပြီး "Coco" ရဲ့အဓိပ္ပာယ်ကတော့ အုန်းသီးအခွံဟာ လူဦးခေါင်းခွံ (Skull) နဲ့တူပြီး ထိပ်ကမျက်တွင်းပေါက်သုံးပေါက်မှာ လူရဲ့မျက်စိနှစ်လုံး၊ ပါးစပ်ပေါက်နဲ့ တူတာကို ဆိုလိုပါတယ်.. အတွင်းအခွံမာတာကြောင့် "nut" ဆိုတဲ့စကားလုံးကို တွဲဖက်သုံးစွဲရာကနေ Coconut ဆိုပြီး ဖြစ်လာတာပါ... လူဦးခေါင်းခွံနဲ့တူတဲ့ အခွံမာအသီးလို့ အဓိပ္ပါယ်ရပါတယ်..
အုန်းသီးတစ်ခုလုံးမှာ စားလို့သောက်လို့ကောင်းရုံမက လူ့အသုံးအဆောင်ပစ္စည်းတွေအတွက်ပါ အသုံးဝင်လှပါတယ်.. အုန်းသီးခွံကရရှိတဲ့ အုန်းဆံဖတ်တွေဟာလည်း အလွန်ခိုင်ခံ့တဲ့အမျှင်တွေဖြစ်လို့ ကြိုးအဖြစ်သုံးနိုင်သလို တခြားလူ့အသုံးအဆောင် ပစ္စည်းအမျိုးမျိုး ပြုလုပ်ရာမှာလည်း အသုံးပြုကြပါတယ်.. ဒါ့ပြင် အုန်းသီးအခွံကို ရေခပ်တဲ့ခွက်၊ သောက်ရေခွက်ကအစ အနုပညာပစ္စည်းမျိုးစုံအထိ ထုတ်လုပ်ရောင်းချလျက်ရှိကြပါတယ်.. အုန်းသီးအသားကို သူ့အတိုင်းသင့်တော်သလို အခြောက်ခံပြီး အုန်းဆီညှစ်ကာ လိုအပ်သလို အသုံးပြုနိုင်ပါတယ်.. အုန်းရည်ကတော့ လူတိုင်းကြိုက်တဲ့ သဘာဝသစ်သီးရည်အနေနဲ့ သောက်သုံးနေကြပါတယ်..ဒါ့ကြောင့် အုန်းသီးတစ်ခုလုံး ဘယ်အစိတ်အပိုင်းမှ လွှင့်ပစ်စရာမလိုလောက်အောင် အသုံးဝင်လှပါတယ်..
🥥 MWD: အုန်းသီးဟာ အသီးလား အစေ့လားဆိုတာလည်း ကွဲကွဲပြားပြား သိချင်ပါတယ်ဆရာ.. အချို့က အုန်းသီးဆိုတာ အသီးမဟုတ်ဘူး၊ အခွံမာတဲ့သစ်စေ့လို့ ပြောနေကြတာ ကြားဖူးလို့ပါ ဆရာ..
Dr. KML: အုန်းသီးကို အပြင်ကနေတစ်လွှာချင်းကြည့်ရင် အပြင်ဆုံးအလွှာပြောင်ချောချော၊ ပါးပါးအလွှာကို Exocarp လို့ခေါ်ပါတယ်.. နောက် အတွင်းမှာ အုန်းဆံဖတ်တွေ၊ အမျှင်တွေပါဝင်တဲ့ အလယ်လွှာ Mesocarp ရှိမယ်.. သူ့ကိုဖယ်လိုက်ရင် အတွင်းမှာ အခွံမာမာ လုံးလုံးချောချောကို ရရှိပါမယ်.. အဲ့ဒီအခွံလွှာကို Endocarp လို့ ခေါ်ပါတယ်.. ဒီလိုအလွှာသုံးခုရှိနေတာကြောင့် ရုက္ခဗေဒမှာဆိုရင် အစေ့တစ်ခုတည်းပါ သစ်သီးအုပ်စု (Drupe) ထဲကို ထည့်သွင်းထားပါတယ်..
🥥 MWD: အုန်းရည်ကရော ဆေးဖက်ဝင်/မဝင်သိပါရစေ ဆရာ.
Dr. KML: အုန်းသီးအခွံကိုခွဲလိုက်မယ်ရင် အတွင်းမှာ စားလို့ကောင်းသည့် အဖြူရောင် အုန်းသီးအသားတွေကို ရရှိပြီး အဲ့အတွင်းထဲမှာမှ အုန်းရည်ကို သိုလှောင်ထားပါတယ်.. အုန်းရည်ကတော့ အုန်းသီးအတွင်းမှာရှိတဲ့ သန္ဓေသားဖွံ့ဖြိုးဖို့နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေပေးဖို့၊ သန္ဓေသားမပျက်စီးအောင် ကာကွယ်ပေးဖို့ (as a shock absorber) သဘာဝတရားကြီးက ဖန်တီးပေးထားတာ ဖြစ်ပါတယ်.. အုန်းသီးနုစဉ်မှာ အုန်းရည်ပမာဏများပြီး တဖြည်းဖြည်းရင့်လာတာနဲ့အမျှ အုန်းသီးအသားတွေ ပိုများလာပြီး အရည်တဖြည်းဖြည်းနည်းလာပါတယ်.. အုန်းရည်ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ သဘာဝသစ်သီးရည်တစ်ခုလည်း ဖြစ်ပါတယ်.. ပင်လယ်ကမ်းစပ်မှာပေါက်နေတဲ့ အုန်းပင်အမြစ်ကနေ ပင်လယ်ရေတွေကိုစုပ်ယူကာ အဆင့်ဆင့်ပြုပြင်ပြောင်းလဲပြီး နောက်ဆုံး အုန်းသီးထဲမှာ အုန်းရည်အဖြစ် ဖွဲ့စည်းထုတ်လုပ်ထားပုံကတော့ လူတွေလိုက်မမီတဲ့ အုန်းပင်ရဲ့ စွမ်းဆောင်နိုင်မှုဖြစ်ပါတယ်.. တစ်နည်းပြောရမယ်ဆိုရင် လူတို့သောက်သုံးလို့မရတဲ့ ပင်လယ်ရေကိုသောက်သုံးလို့ရတဲ့ အုန်းရည်အဖြစ် ပြောင်းလဲပေးခြင်း ဖြစ်ပါတယ်..
အုန်းရည်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ပါက အုန်းရည်တစ်အောင်စမှာ ကယ်လိုရီ ၅.၄၅ ကယ်လိုရီ ၊ သကြားဓာတ် ၁.၃ ဂရမ်၊ ပိုတက်စီယမ် ၆၁.ဝ မီလီဂရမ်၊ ဆိုဒီယမ် ၅.၄၅ မီလီဂရမ် တို့အဓိကပါဝင်နေပါတယ်.. အုန်းရည်ဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်.. အနေတော်အုန်းသီးတစ်လုံးမှာပါတဲ့ ပိုတက်စီယမ်ပမာဏဟာ ငှက်ပျောသီး (၄) လုံးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှပါတယ်.. ဒါ့ကြောင့် အုန်းရည်ကို သောက်သုံးပေးရင် ရေငတ်ပြေရုံမက ကုန်ဆုံးသွားတဲ့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်များပါ ဖြည့်ပေးတာကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်.. နာမည်ကျော်အားကစားသမားတွေဟာ ကစားစဉ်အတွင်းမှာ အုန်းရည်ကို မကြာခဏသောက်ပေးခြင်းဖြင့် မောပန်းနွမ်းနယ်မှုလျော့နည်းစေတာကို တွေ့ရပါတယ်.. ဝမ်းပျက်ဝမ်းလျှောတဲ့သူတွေလည်း ဓာတ်ဆားရည် အလွယ်တကူ ဝယ်မရတဲ့ဒေသများမှာ အုန်းရည်သောက်ပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ပိုတက်စီယမ်ဓာတ်နဲ့ ရေဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်..
ဒုတိယကမ္ဘာစစ်ကာလက ရှေ့တန်းစစ်မြေပြင်မှာ သွေးကြောသွင်းဆေးရည်များ ပြတ်လပ်တဲ့အခါ သွေးပေါင်ချိန်ကျဆင်းပြီး ရှော့ခ်ရနေတဲ့လူနာတွေကို အုန်းရည်နဲ့ သွေးကြောထဲတိုက်ရိုက်ထိုးသွင်းပြီး ကုသခဲ့တဲ့ သမိုင်းအထောက်အထားများလည်း ရှိခဲ့ပါတယ်.. ဒါပေမဲ့ ကျောက်ကပ်မကောင်းတာကြောင့် ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်များပြီး ပြင်ပကိုမစွန့်ထုတ်နိုင်လို့ ပိုတက်စီယမ်များနေသူတွေ ဒါမှမဟုတ် အခြားအကြောင်းကြောင့် သွေးထဲမှာပိုတက်စီယမ်များနေသူတွေအုန်းရည်ကို မသောက်သင့်ပါဘူး.. ပိုတက်စီယမ် အလွန်အကျွံများလာရင် နှလုံးကိုထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်.. ဒါ့ကြောင့် သာမန်ကျန်းမာနေသူတွေလည်း အုန်းရည်ကို ရေသောက်သလို အများကြီးမသောက်သင့်ပါဘူး.. တစ်နေ့ကို အနေတော် အုန်းသီးနှစ်လုံးကရရှိတဲ့ ပမာဏထက် ပိုမသောက်သင့်ပါ.. ပုံမှန်တစ်နေ့တစ်လုံး သောက်ရင်တော့ ပြဿနာမရှိပါဘူး.. သွေးတိုးရောဂါရှိသူတွေ အုန်းရည်ကို ပုံမှန်သောက်ရင် သွေးပေါင်ကျစေရန် အထောက်အကူပြုပါတယ်.. အုန်းရည်မှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်အချိုးအစားဟာ သွေးတိုးသမားများအတွက်အထူးကောင်းမွန်လှပါတယ်.. သွေးတိုးသမားအများစုမှာ ဆိုဒီယမ်များနေလေ့ရှိပြီး ပိုတက်စီယမ်ချို့တဲ့နေလေ့ရှိပါတယ်.. ဒါ့ကြောင့် အုန်းရည်အပြင် တခြားသစ်သီးများစားခြင်းအားဖြင့် သွေးတိုးကျစေရန် အထောက်အကူပြုပါတယ်.. အရေးအကြီးဆုံးအချက်ကတော့ အုန်းရည်ကို ခွဲပြီးချက်ချင်းသောက်ရမှာဖြစ်ပါတယ်.. အုန်းရည်ကို ချက်ချင်းသောက်မယ်ဆိုရင် ရောဂါပိုးမွှားတွေမဝင်ဘဲ အလွန်သန့်ရှင်းစင်ကြယ်နေမှာဖြစ်ပြီး ခွဲပြီးနောက် အပြင်မှာတာရှည်ထားမယ်ဆိုရင် လေထဲကရောဂါပိုးတွေဝင်ရောက်ပေါက်ဖွားပြီး လူကိုအန္တရာယ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်..
🥥 MWD: အုန်းသီးထဲမှာပါတဲ့ အဖြူရောင်အသားအကြောင်းကိုလည်း ပြောပြပေးဦး ဆရာ..
Dr. KML: အုန်းသီးအသားကို အရသာရှိတာမို့ လူအများစု ကြိုက်နှစ်သက်လေ့ရှိကြပါတယ်.. အုန်းသီးနုမှာ အုန်းရည်များပြီး အသားပါးလွှာတာကြောင့် ဇွန်းနဲ့ခြစ်စားရတဲ့အတွက် ဇွန်းခြစ်လို့ ခေါ်လေ့ရှိကြပါတယ်.. ဇွန်းခြစ်အဆင့်မှာ အုန်းသီးအသားဟာ နူးညံ့ပျော့ပြောင်းပြီး လွန်စွာအရသာရှိလှပါတယ်.. ပင်လယ်ကမ်းစပ်မှာ အုန်းရည်သောက်ပြီးနောက် အုန်းသီးကိုထပ်ခြမ်းခွဲပြီး ဇွန်းခြစ်ကို ထန်းလျက်ခဲနှင့်စားရင် လွန်စွာလိုက်ဖက်လှပါတယ်.. အုန်းသီးရင့်မှည့်လာတာနဲ့အမျှ အသားတဖြည်းဖြည်းထူလာပြီး မာလာပါတယ်.. လုံးဝရင့်မှည့်သွားရင် အုန်းရည်မရှိတော့ပဲ အဖြူသားပဲ ကျန်ပါတော့တယ်.. အဲဒီအချိန်မှာခွဲပြီး အုန်းသီးအသားကို ထုတ်ယူကာ မျိုးစုံလုပ်စားကြပါတယ်.. ခွဲပြီးအစိမ်းအတိုင်း စားနိုင်သလို အုန်းဆံခြစ်နဲ့ခြစ်၊ အမျှင်ငယ်တွေ လုပ်ပြီး မြန်မာမုန့်အမျိုးမျိုးမှာ အပေါ်မှဖြူးစားကြပါတယ်.. မြန်မာရိုးရာမုန့်တွေဖြစ်တဲ့ မုန့်လုံးရေပေါ်၊ မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်း၊ မုန့်ကျွဲသဲ၊ မုန့်ဗိုင်းတောင့်၊ မုန့်လက်ဆောင်း၊ ဆီထမင်း အစရှိတဲ့ မုန့်တွေမှာ အုန်းသီးမျှင်မပါလျှင် မပြီးပါ.. ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ကတော့ အုန်းသီးအဖြူသားကိုစားရင် အမောခံနိုင်ခြင်း၊ အသားအရည်လှပခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်.. သာမန်အနည်းငယ်စားရုံနဲ့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး.. အုန်းသီးအဖြူသားကို အစိမ်းအတိုင်း အဖတ်သေးသေးလေးတွေလုပ်ကာ အုန်းနို့ညှစ်ပြီး အသုံးပြုနိုင်သလို အခြောက်ခံပြီးဆီကြိတ်ကာ အုန်းဆီအဖြစ်လည်း အသုံးပြုလေ့ရှိကြပါတယ်..
🥥 MWD: အုန်းနို့ကရော ကျန်းမာရေးကိုထိခိုက်မှု ရှိ/မရှိသိပါရစေ ဆရာ..
Dr. KML: အုန်းနို့ဆိုတာကတော့ အုန်းသီးအသားကို အုန်းခြစ်နဲ့ခြစ်ပြီး ရလာတဲ့ အဖတ်ကလေးတွေကို ရေနွေးအနည်းငယ်နဲ့စိမ်ပြီးတော့ ညှစ်ယူလို့ ရရှိလာတဲ့ နွားနို့လို အဖြူရောင်ရှိတဲ့အရည် ဖြစ်ပါတယ်.. အုန်းနို့မှာ အုန်းသီးအဆီတွေနဲ့ အခြားအနံ့အရသာရှိတဲ့ ဓာတ်ပစ္စည်း (Aromatic compounds) တွေ ပါဝင်ပါတယ်.. အဆီပါဝင်မှုအနေနဲ့ စုစုပေါင်းအဆီ ၂၄% ပါဝင်ပြီး ထိုထဲမှ ၈၉% မှာ ပြည့်ဝဆီများဖြစ်ပါတယ်.. အဆိုပါ ပြည့်ဝဆီထဲမှာ အများဆုံးပါဝင်သည့်အဆီကတော့ လောရစ်အက်ဆစ် (Lauric acid) ဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးပါတယ်.. အုန်းနို့ကို ရေခဲသေတ္တာထဲထည့်ထားရင် အပေါ်ယံမှာ မလိုင်လို အနှစ် (Coconut cream) တွေ တက်လာတာကို တွေ့ရပါမယ်.. အုန်းနို့ကို မုန့်မျိုးစုံလုပ်မှာပဲဖြစ်ဖြစ်၊ အုန်းနို့ခေါက်ဆွဲ၊ အုန်းထမင်း၊ ရေခဲမုန့်၊ ဖျော်ရည်မျိုးစုံပြုလုပ်ရာမှာပဲဖြစ်ဖြစ် အနံ့အရသာကောင်းစေဖို့ အသုံးပြုကြပါတယ်..
🥥 MWD: အုန်းဆီကို ဘယ်လိုထုတ်ယူနိုင်ပါသလဲ ဆရာ.. ကျန်းမာရေးအတွက် ကောင်းကျိုး၊ ဆိုးကျိုးရှိရင်လည်းသိပါရစေ ဆရာ..
Dr. KML: အုန်းဆီဆိုတာ အုန်းသီးဖတ်တွေကနေ ထုတ်ယူရရှိတဲ့အဆီဖြစ်ပြီး ပြည့်ဝဆီများစွာပါဝင်ပါတယ်.. သူ့ကိုစားလို့လည်းရပြီး အခြားအသုံးပြုတဲ့နေရာများလည်း များပြားလှပါတယ်.. ထုတ်ယူရာမှာ အခြောက်နည်းစဉ် (Dry process) နဲ့ အစိုနည်းစဉ် (Wet process) ဆိုပြီး နှစ်နည်းရှိပါတယ်..
အခြောက်နည်းစဉ်မှာ အုန်းသီးအသား (Kernel) ကို အခွံမှခွာယူပြီး နေပူလှန်း ဒါမှမဟုတ် အပူပေးပြီး အခြောက်ခံရပါတယ်.. အဲ့ဒီနောက် စက်နဲ့ညှစ်ကာ ဆီကြိတ်ပြီး ထုတ်ယူနိုင်သလို ဆီပျော်ဝင်သောအရည် (Solvent) တစ်ခုခုနဲ့လည်း ဖျော်ထုတ်ယူနိုင်ပါတယ်..
အစိုနည်းစဉ်နဲ့ ထုတ်ယူတဲ့အခါမှာ ရေနွေးနဲ့ပြုတ်၍ ရရှိလာတဲ့အရည်ကို ဆီနဲ့သီးခြားစီ ပြန်လည်ခွဲထုတ်ယူတာ ဖြစ်ပါတယ်.. ဒီနည်းစဉ်နဲ့ထုတ်ယူမယ်ဆိုရင် ရေနွေးပွက်ပွက်ဆူအောင် အချိန်ကြာကြာတည်ရခြင်း၊ ဆီနဲ့ရေကို ပြန်လည်ခွဲထုတ်ယူရခြင်းတို့ကြောင့် လုပ်သူနည်းပါတယ်..
အုန်းဆီမှာပါဝင်တဲ့အဆီတွေ (ဖက်တီးအက်ဆစ်) ကို ဓာတ်ခွဲကြည့်လျှင် အများစုမှာ ပြည့်ဝဆီ (Saturated fatty acid) တွေဖြစ်တာကို တွေ့ရပါမယ်.. အုန်းသီးအသား ၁၀ဝ ဂရမ်မှာ အုန်းဆီ ၃၁ ဂရမ်ကျော်ကျော်ပါဝင်တဲ့အနက် ၂၉.၆၉၈ ဂရမ်မှာ ပြည့်ဝဆီတွေဖြစ်ပြီး၊ ၁.၄၂၅ ဂရမ်မှာ မိုနိုမပြည့်ဝဆီတွေဖြစ်ကာ ဝ.၃၆၆ ဂရမ်သာ ပေါ်လီမပြည့်ဝဆီ (Poly unsaturated fatty acid) တွေဖြစ်တာ တွေ့ရပါတယ်..ပြည့်ဝဆီတွေ အဓိကပါဝင်တာကြောင့် လေထဲရှိအောက်ဆီဂျင်နဲ့ လွယ်ကူစွာပေါင်းစပ်ခြင်း (Oxidation) မဖြစ်တာကြောင့် အုန်းဆီကို ကြာရှည်ထားပေမယ့် ဆီချေးစော်နံတာမျိုး (Rancidification) မရှိပါဘူး..
သုတေသနပြုလုပ်ချက်များအရ ၂၄ ဒီဂရီစင်တီဂရိတ်ရှိတဲ့ ပတ်ဝန်းကျင်မှာ ၆ လကြာတဲ့အထိ ဆီချေးစော်နံပြီး ပျက်စီးတာမျိုးမဖြစ်နိုင်ပါ.. အုန်းဆီမှာအဓိကပါဝင်တဲ့ ဖက်တီးအက်ဆစ်ဖြစ်တဲ့ လောရစ်အက်ဆစ် (Lauric acid) အကြောင်းကို နည်းနည်းပြောပြလိုပါတယ်.. လောရစ်အက်ဆစ်ဟာ ကာဗွန်အက်တမ် ၁၂ ခုပါဝင်တဲ့ ပြည့်ဝဆီ ဖြစ်ပေမယ့်လည်း ၂၀ဝ၁ ခုနှစ်မှာ ပေါ်ထွက်ခဲ့တဲ့ သုတေသနစာတမ်းတစ်ခုအရ [Journal of Nutrition, 2001 Feb; 131 (2) : 242-5] ခန္ဓာကိုယ်အကျိုးပြုအဆီဖြစ်တဲ့ HDL-cholesterol ကို တက်စေနိုင်တာကြောင့် အခြားအဆီတွေစားခြင်းထက် အကျိုးရှိတယ်လို့ သိရပါတယ်.. နောက်ပိုင်းပေါ်ထွက်လာတဲ့ သုတေသနစာတမ်းတွေအရ အုန်းဆီမှာပါဝင်တဲ့ လောရစ်အက်ဆစ်ဟာ အသင့်အတင့်စားရင် အန္တရာယ်မရှိနိုင်ဘူးလို့ဆိုပါတယ်..
🥥 MWD: အုန်းဆီနဲ့ စားအုန်းဆီ ဘယ်လိုကွာခြားတယ်ဆိုတာကိုလည်း ရှင်းပြပေးပါ ဆရာ..
Dr. KML: အုန်းဆီနဲ့စားအုန်းဆီက လုံးဝမတူညီပါဘူး.. အုန်းဆီကို အင်္ဂလိပ်လို Coconut oil လို့ခေါ်ပြီး စားအုန်းဆီကို Palm oil လို့ခေါ်ပါတယ်.. အပင်မှာလည်း ရုက္ခဗေဒအရ သီးခြားစီဖြစ်ပါတယ်.. အုန်းပင်ကို Cocos nucifera လို့ခေါ်ပြီး စားအုန်းဆီပင်ကို ဒေသအလိုက် မျိုးစိတ်တွေကွဲပြားလို့ သီးခြားစီ အမည်ပေးထားပါတယ်.. ဥပမာ အာဖရိကက ဆီအုန်းပင်ကို Elaeis guineensis ၊ အမေရိကန်မျိုးကို Elaeis oleifera ဆိုပြီးခေါ်ပါတယ်..
အုန်းဆီနဲ့ စားအုန်းဆီနှစ်ခုစလုံးဟာ ပြည့်ဝဆီ (Saturated fatty acid) တွေဖြစ်ပေမဲ့ ပါဝင်တဲ့ ဖက်တီးအက်ဆစ်တွေ ကွာခြားကြပါတယ်.. ပြည့်ဝဆီပါဝင်မှုကို နှိုင်းယှဉ်ကြည့်ရင် အုန်းဆီမှာ ၈၈.၅% ပါဝင်ပြီး စားအုန်းဆီမှာ ၄၇.၈%သာ ပါဝင်တာကို တွေ့ရမှာဖြစ်ပါတယ်.. တစ်ခုသတိပြုရမှာက အုန်းဆီမှာပါဝင်တဲ့ ပြည့်ဝဆီများမှာ ကာဗွန်ပါဝင်မှုနည်းတဲ့ Short-chain နဲ့ Median-chain fatty acid များဖြစ်ပြီး စားအုန်းဆီမှာ ကာဗွန်ပါဝင်မှုများတဲ့ Long -chain fatty acid တွေပါဝင်ပါတယ်.. ကာဗွန်ပါဝင်မှုများလေလေ ပြည့်ဝဆီမှာ လူကိုဒုက္ခပေးလေလေဖြစ်တယ်.. အုန်းဆီမှာ အဓိကပြည့်ဝဆီအနေနဲ့ လောရစ်အက်ဆစ်ပါပြီး စားအုန်းဆီမှာတော့ ပါလ်မစ်တစ်အက်ဆစ်ပါတာဖြစ်ပါတယ်.. လောရစ်အက်ဆစ်က HDL ကိုမြင့်စေပြီး နှလုံးနဲ့သွေးကြောရောဂါတွေအတွက် ကောင်းပါတယ်.. ပါလ်မစ်တစ်အက်ဆစ်ကတော့ သူနဲ့ပြောင်းပြန် LDL ကို တင်းစေပြီး နှလုံးနဲ့သွေးကြောရောဂါများ ပိုဆိုးစေနိုင်ပါတယ်..
အုန်းဆီနှင့်ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ အများကြီးရှိသလို စားအုန်းဆီကိုလည်း သုတေသနစာတမ်းတွေ အများအပြားပြုလုပ်ခဲ့ကြပါတယ်.. နိုင်ငံပေါင်း၂၃ နိုင်ငံမှာ ပြုလုပ်ခဲ့ပြီးတဲ့ စာတမ်းတွေအရ စားအုန်းဆီစားသုံးမှုကြောင့် နှလုံးသွေးကြောပိတ်ပြီး သေဆုံးမှုနှုန်းမြင့်မားစေနိုင်ကြောင်း ခိုင်ခိုင်မာမာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်.. ပါလ်မစ်တစ်အက်ဆစ် တစ်နေ့ ၄၀ဝ မီလီဂရမ်သာစားရင် အဆိုပါအန္တရာယ်မရှိတာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ အသက်ရှူချောင်စရာရှိပါတယ်.. အဲ့ဒီပမာဏက အလွန်နည်းပါတယ်.. ပါလ်မက်တစ်အက်ဆစ် ၄၀ဝ မီလီဂရမ်ဆိုတဲ့ပမာဏက စားအုန်းဆီ ၁ ဂရမ်လောက်သာရှိပါတယ် ..၁၀ဝ ဂရမ်မှာ ဆီ ၆.၂၅ ကျပ်သားနဲ့ညီပြီး အဲ့ဒီပမာဏကို ရက်ပေါင်း ၁၀ဝ စားမှသာ အန္တရာယ်ကင်းမယ် ဆိုပါတယ်.. ပိုရှင်းရှင်းလင်းအောင် ပြောပြရရင် စားအုန်းဆီကို ကျန်းမာရေးမထိခိုက်အောင် စားရမယ့်ပမာဏမှာ တစ်လလုံးနေမှ ၂ ကျပ်သားခန့်သာရှိတာကြောင့် ဘယ်လိုမှမဖြစ်နိုင်တဲ့ ပမာဏဖြစ်ပါတယ်..မြန်မာပြည်မှာစားအုန်းဆီစားသုံးသူတွေအနေနဲ့ တစ်လကို သာမန်အားဖြင့် ၅၀ ကျပ်သားကနေ ၆၀ ကျပ်သားအထိ စားလေ့ရှိတာကြောင့် စားသင့်တဲ့ပမာဏထက် အဆပေါင်း ၃၀ ခန့် ပိုမိုနေရာ နှလုံးသွေးကြောရောဂါ မလွဲမသွေရမှာ ဖြစ်ပါတယ်..
🥥 MWD: နောက်ဆုံးအနေနဲ့ မြဝတီပရိသတ်ကြီးကို ဘာများပြောချင်ပါသေးလဲ ဆရာ..
Dr. KML: နှလုံးသွေးကြောကျဉ်းလူနာတွေ အုန်းသီးအသားကို ဒီတိုင်းစား၍ဖြစ်စေ၊ အုန်းရည်ကို သောက်၍ဖြစ်စေ၊ အုန်းဆီကိုချက်ပြုတ်စားသောက်ရာ၌ အသုံးပြုသည်ဖြစ်စေ၊ စိတ်ချလက်ချစားသုံးနိုင်ကြောင်းကို အသိပေးချင်ပါတယ်..
#MWDHealthTalkProgramme
#Dr_Khin_Maung_Lwin
#FAME_Pharmaceuticals
No comments:
Post a Comment